မေ့မေ့၏ တောင်းဆိုမှု
Vol. 131 Ch. 1830
မေ့မေ့၏ ဘဝတွင် ဝေ့ဝူယင်နှင့် မတွေ့ဆုံမီကပင် လက်တွဲဖော် အမြောက်အမြား ရှိခဲ့ဖူးသည်။ အချို့ကို သူမ၏ ကိုယ်ပိုင် အဆင့်အတန်း မြင့်မားစေရန် အတွက် ဖြစ်စေ အကျိုးအမြတ် ရရှိရန်အတွက် ဖြစ်စေ... ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး၊ အချို့ကိုမူ ခဏတာ သာယာမှု သို့မဟုတ် ဖိစီးမှုများကို ဖြေဖျောက်ရန်အတွက်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မေ့မေ့မှာ လိင်မှုကိစ္စများနှင့် ပတ်သက်လျှင် အလွန်ပင် ပေါ့ပေါ့ပါးပါး သဘောထားသူ ဖြစ်ပြီး၊ ထိုသဘောထားကပင် ဝေ့ဝူယင်၏ လိင်မှုရေးရာ အမြင်များကို များစွာ လွှမ်းမိုးခဲ့သည်။ ပြောရလျှင် ဝေ့ဝူယင်မှာ နယ်ပယ်ပေါင်းစုံတွင် မေ့မေ့၏ လွှမ်းမိုးမှုကို ခံခဲ့ရသူ ဖြစ်ပြီး၊ မိမိ၏ တိုက်ရိုက် လက်အောက်ငယ်သားများနှင့် ဘယ်တော့မှ အတူမအိပ်ရဟူသော မူဝါဒမှာလည်း သူမထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
အနန္တ ဧကရာဇ်ဂိုဏ်း၏ တစ်ခေတ်တွင် ဝူယုမှာ ကြီးမြတ်သည့် အင်ပါယာ ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း မူဝါဒအရ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးခဲ့သည်။ ယနေ့တိုင်အောင်ပင် သူက အမျိုးသမီးကို ချစ်နေဆဲ ဖြစ်ပြီး သေသည်အထိလည်း ထိုသို့ပင် ရှိနေပေလိမ့်မည်။
ဝေ့ဝူယင်ကတော့ ထိုသို့ မဟုတ်ချေ။ သို့သော်လည်း... သူသည် သစ္စာတရားကို တန်ဖိုးထားသူ ဖြစ်သည်။ အရင်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဂရုမစိုက်သော်လည်း... တရားဝင် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ထားပြီးသား ချစ်သူ တစ်ယောက်ကသာ သူ့ကို ဖောက်ပြန်ခဲ့ပါက ထိုဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ပစ်လိမ့်မည် ဖြစ်သည်။ တစ်ဖက်သတ် ဆန်သည်ပဲ ဆိုဆို၊ အတ္တသမားပဲ ပြောပြော ထိုအရာက သူ့ ခံယူချက် ဖြစ်သည်။
ထို့အပြင်... သူက ‘ဇနီးမယား’ ရွေးချယ်ရာတွင် ‘စင်ကြယ်မှု’ ကို တန်ဖိုးထားသည်။ ချစ်သူ ဆိုသည်က သိပ်အရေးမကြီးလှသော်လည်း ‘ဇနီးမယား’ ဆိုသည်က ကိုယ့် ဂုဏ်သိက္ခာကို ယှဉ်တွဲ တည်ဆောက်ရမည့် ပုဂ္ဂိုလ် ဖြစ်သည်။ ခင်ပွန်း၏ အတိတ်က ဇနီးသည် အပေါ် လွှမ်းမှုမှု ရှိမည် ဖြစ်သလို ဇနီး ဖြစ်သူ၏ အတိတ်ကလည်း ခင်ပွန်းသည်၏ သိက္ခာ အပေါ် များစွာ သက်ရောက်မှု ရှိပေသည်။
အကယ်၍ ရွှယ်ရီဖေးသာ ယွမ်လုံရှီနှင့် ဖောက်ပြားခဲ့ဖူးပါက ဝေ့ဝူယင် သူမကို ဘယ်တော့မှ ဇနီးလောင်း အဖြစ် ကြေညာခဲ့လိမ့်မည် မဟုတ်ချေ။ အလားတူပင် နာ့ရှင်းရီသာ သူမ၏ ကျန်ရှိနေသေးသည့် မူလယင် နှစ်ခုကို လုံချန်အား ပေးခဲ့ပါက သူမကို လက်ထပ်မည်ဟု ဘယ်တော့မှ ကတိပေးခဲ့လိမ့်မည် မဟုတ်ချေ။
မေ့မေ့က ဆက်ပြောလိုက်၏။
"ကောင်လေး... ငါက နင့်ရဲ့ မယားငယ်လည်း မဖြစ်ချင်သလို တရားဝင် လျှို့ဝှက်ချစ်သူလည်း မဖြစ်ချင်ဘူး... လူတွေကြားမှာ ကြေညာခံရပြီး ကိုးကွယ်ခံနေရတာမျိုးလည်း ငါ မလိုချင်ဘူး... အင်ပါယာကို ဦးဆောင်တာ ဒါမှမဟုတ် ဘေးနားကနေ ကူညီပေးတာမျိုးတွေလည်း ငါ မလုပ်ချင်ဘူး... ငါ အဲဒီလောက် ဦးနှောက် အခြောက် မခံနိုင်တော့ဘူး... ငါ ဒီအတိုင်းလေးပဲ နေရတာ အဆင်ပြေတယ်... အမြဲတမ်းလည်း အဆင်ပြေခဲ့တာပဲ... ဒါက လွတ်လပ်တယ်... ပြီးတော့ ငါ လိုချင်ရင် ချစ်ခြင်းမေတ္တာကို ထပ်ပြီး ရှာဖွေလို့လည်း ရသေးတယ်"
မေ့မေ့၏ စကားလုံးများမှာ သူမ နှလုံးသားထဲက အစစ်မှန်ဆုံး ယုံကြည်ချက်များကို ထင်ဟပ်နေသည်။ သူမ၏ ဘဝတစ်လျှောက်လုံး အကွက်ဆင်မှုများ၊ အသက်လုတိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ရမ္မက်ဇောထန်သည့် လူမိုက်များနှင့် သူမကို နစ်မွန်းအောင် လုပ်လိုသည့် မိန်းမဆိုးများကြားတွင် သူမ ရုန်းကန်ခဲ့ရသည်။
သူမ ဝေ့ဝူယင်ကို မချစ်၍ မဟုတ်ပါ။ အမှန်တကယ်ပင် ချစ်ပါသည်။ သို့သော်လည်း... ချစ်ခြင်းမေတ္တာတွင် ပုံစံအမျိုးမျိုး ရှိပြီး၊ သူမတွင် ရှိသော ချစ်ခြင်းမှာ ဝေ့ဝူယင်ထံမှ မျက်နှာသာပေးမှုများ မလိုအပ်ချေ။
အကယ်၍ ဝေ့ဝူယင် အနေဖြင့် မနက်ဖြန်တွင် အရာအားလုံး ဆုံးရှုံးသွားလျှင်ပင်... သူမ သူ့ကို ဆက်လက် ချစ်နေမည်ဖြစ်ပြီး သူ့ နံဘေးတွင် မားမားမတ်မတ် ရပ်တည်နေမည်သာ ဖြစ်သည်။ ဝေ့ဝူယင်၏ မိန်းကလေးများထဲတွင် ထိုကဲ့သို့ ပြောဝံ့သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
ဥပမာအားဖြင့်... စုမေ့...
၎င်းမှာ အကျိုးအမြတ် မရှိသည့် အကြွင်းမဲ့ ချစ်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်ဝန်းများက အနည်းငယ် မှေးမှိန်သွားသည်။
တိတ်ဆိတ်မှုက နောက်တစ်ဖန် ပြန်လည် စိုးမိုးလာပြန်၏။ ဤတစ်ကြိမ်တွင်မူ ခံစားချက်များက ပို၍ လေးလံကာ မှိုင်ညို့နေ၏။
နောက်ဆုံး၌ မေ့မေ့က ပြုံးလိုက်၏။
"နင် ဒါကို ငါ့အတွက် တည်ဆောက်ပေးခဲ့တာ မဟုတ်လား"
သူမက မျက်နှာကြက်ကို ပြန်ကြည့်လိုက်သည်။ တစ်ခါတုန်းက လောက၌ ဘေးကင်းဇုန်များ ရှိလျှင် ကောင်းမည် အိပ်ရာထက်တွင် ကျီစယ်ရင်း သူမ ပြောပြခဲ့ဖူးသည်။ ထိုအရာက လိင်ဆက်ဆံပြီးနောက် စိတ်ကူးယဉ်မှုလေး တစ်ခုမျှသာ ဖြစ်သော်လည်း သူမ အမှန်တကယ် လိုလားခဲ့သည့် အကြံဉာဏ် တစ်ခု၊ ဆန္ဒတစ်ခု ဖြစ်သည်။
ကျင့်ကြံခြင်း စစ်ပွဲများနှင့် အာဏာမက် အရူးများ၏ ဖျက်ဆီးမှုများ မရှိသည့် ထာဝရ သုခဘုံ တစ်ခု...
ခွဲခြားဆက်ဆံမှုကို အပြစ်ပေးသော်လည်း လွတ်လပ်မှုကိုမူ ကန့်သတ်မထားသည့် သီးခြားကမ္ဘာငယ်...
အခြားသူတစ်ဦး၏ ဂုဏ်သိက္ခာရှိရှိ နေထိုင်ပိုင်ခွင့်ကို မထိပါးသရွေ့ မိမိ အလိုရှိရာကို လုပ်ဆောင်နိုင်သည့် နေရာ...
၎င်းမှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုဟု မေ့မေ့ ထင်ခဲ့ဖူးသည်။
ပြောရလျှင်... သူမ၏ စိတ်ကူးမှာ ယေဘုယျ ပုံကြမ်းမျှသာ ရှိသော စံပြဆန်သော အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။ ထိုအိပ်မက်မှာ သူမနှင့် ဝေ့ဝူယင်တို့၏ ရုန်းကန်မှုများအပေါ် အခြေခံ၍ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ငွေရောင်မျက်ဝန်းများနှင့် ကောင်လေး တစ်ဦးသည် မိစ္ဆာမလေး တစ်ဦးကို ချစ်မိခဲ့ခြင်းကြောင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး၊ ရန်သူများကလည်း ထိုအကြောင်းပြချက်ကို သုံးကာ သူတန်ဖိုးထားသမျှကို ဖျက်ဆီးခဲ့ကြသည်။
၎င်းမှာ အကြောင်းရင်း တစ်ခုမျှသာ ဖြစ်သော်လည်း ဝေ့ဝူယင်ကို သူ့ မိသားစု တစ်စုလုံး ပျက်စီးရခြင်း၏ အဓိက တရားခံ ဖြစ်သွားစေခဲ့သည်။ သူ့ ပျော်ရွှင်မှုများ အဆုံးသတ်သွားခဲ့သည်။ သူ၏ ဇနီး၊ မွေးဖွားခြင်း မရှိသေးသည့် ရင်သွေး၊ သူ၏ အစ်ကိုကြီး... အားလုံး သေဆုံးခဲ့ရသည်။
အာရုဏ်ဦး ဘေးကင်းဇုန်များ စတင် တည်ထောင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးပြီး ပိုမိုကောင်းမွန်စေဖို့ အတွက် ပြင်ဆင်စရာ အချို့ ရှိနေသေးသော်လည်း... လောက၌ သက်ရှိများ ဘေးကင်းစွာ ရှင်သန်နိုင်ပြီး အခြေခံ အခွင့်အရေးတိုင်းကို ကာကွယ်ပေးနိုင်သည့် နေရာမျိုး ရှိခဲ့လျှင် ဤနေရာမှာ အတိအကျပင် ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်၏ အယုံကြည်ရဆုံး လူရင်းများမှအပ အခြား မည်သူကမျှ သူ ဘေးကင်းဇုန်များ တည်ထောင်ခဲ့သည့် အကြောင်းရင်းကို မသိခဲ့ကြချေ။ သို့သော်လည်း... ဝေ့ဝူယင်မှာ ဘေးကင်းဇုန်များမှ အပ အခြားသော နေရာများတွင် ကျင့်ကြံသူများ၏ တိုက်ပွဲများကို တားဆီးထားခြင်း မရှိချေ။ ထျန်းကလန် ကဲ့သို့သော အခြား အဖွဲ့အစည်းများနှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာ နယ်မြေတစ်ခုလုံးကို ဥပဒေများဖြင့် ထိန်းချုပ်ခြင်း သို့မဟုတ် ပြင်းထန်သော စည်းကမ်းများဖြင့် အကြွင်းမဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်းမျိုး မပြုလုပ်ပဲ အလယ်အလတ် လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။
“ကျေးဇူးပဲ...”
မေ့မေ့က စောင်ကို တင်းတင်းဆုပ်ကိုင်ရင်း ခပ်တိုးတိုးလေး ပြောလိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံလာကာ ဝေ့ကျလာတော့မည့်အလား ရှိနေခဲ့သည်။
"ဒါက ကျွန်တော် ကိုယ်တိုင်လည်း လိုချင်ခဲ့တဲ့ အရာပါ"
ဝေ့ဝူယင်က ဆိုလိုက်သည်။
မေ့မေ့က ပြုံးလိုက်၏။
"ငါ သိပါတယ်..."
"သိတယ်မလား... ကျွန်တော်က နည်းနည်းတော့ အတ္တကြီးတယ်လေ"
ဝေ့ဝူယင်က ပြုံးလိုက်ရင်း မေ့မေ့၏ မျက်နှာကို လှည့်ကြည့်လိုက်သည်။ မျက်နှာပေါ်က မှဲ့ခြောက်လေးများက မေ့မေ့၏ အလှကို ပို၍ သဘာဝဆန်စေသည်။
“ငါတို့အားလုံးက အတ္တကြီးကြတာပဲ မဟုတ်လား"
မေ့မေ့က ရယ်မောလိုက်၏။ နောက်ဆုံး၌ သူမသည် မျက်လုံးများကို ဖွင့်လိုက်ကာ နှုတ်ခမ်းကို ဆူလိုက်သည်။
"ကောင်းပြီ... အဲ့ဒါဆိုရင် ငါလည်း နည်းနည်းလောက် အတ္တကြီးလိုက်မယ်"
ဝေ့ဝူယင်၏ မှေးမှိန်နေသည့် ငွေရောင် မျက်ဝန်းများမှာ အနည်းငယ် ပြန်လည် တောက်ပလာ၏။
"အထင်မလွဲနဲ့... ငါ နင်နဲ့ လိုက်မှာ မဟုတ်ဘူး... ငါ ကိုယ်တိုင် ဒါကို တည်ဆောက်ဖို့ အကြံပေးခဲ့တာ ဆိုတော့ အနည်းဆုံးတော့ ငါ စိတ်ကျေနပ်တဲ့အထိ ဒီမှာ နေသွားဦးမယ်... ငါ လူတွေရဲ့ ကိုးကွယ် ခံရတာမျိုး ဒါမှမဟုတ် ပဋိပက္ခတွေကြားထဲ ပြန်ပြီး ရုန်းကန်ရတာမျိုးကို မလုပ်ချင်တော့ဘူး... ငါ အဲ့ဒါတွေကို ပင်ပန်းနေပြီ...”
ဝေ့ဝူယင်၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခြင်း မရှိချေ။ သူမက ဆက်ပြောလိုက်၏။
"နင် လိုအပ်တာ မှန်သမျှအတွက် ငါ ဒီမှာ ရှိနေပေးမယ်... နောက်ပြီး နင်က ကြယ်တာရာတွေရဲ့ ဟိုးအဝေးမှာ ဒီလို နေရာမျိုးတွေ ထပ်ပြီး တည်ဆောက်နိုင်တဲ့ အခါကျရင်တော့ ငါ နင်နဲ့အတူ လိုက်လာခဲ့ပေးမယ်... အခုကစပြီး ငါ ချစ်သူအသစ် ထပ်ရှာမှာ မဟုတ်သလို နောက်ထပ် လူတစ်ယောက်လည်း ရှာမှာ မဟုတ်ဘူး... ငါ့ရဲ့ စိတ်ထဲမှာ နင်နဲ့ ယှဉ်နိုင်တဲ့ ယောက်ျား ဒီလောကမှာ ရှိလိမ့်မယ်လို့ မထင်သလို ငါ့ရဲ့ ခန္ဓာကိုယ်ကို နင်ထက် ပိုသိတဲ့သူလည်း ရှိမှာ မဟုတ်ဘူး... အဲ့ဒါက ငါ တည်ဆောက်မယ့် ဘယ်လို ဆက်ဆံရေးမျိုးမှာမဆို အက်ကြောင်းတွေပဲ ဖြစ်လာစေမှာ... အဲ့တော့ ဘာလို့ အားထုတ်နေတော့မှာလဲ...”
“အလဲအလှယ် အနေနဲ့ ငါ တစ်ခု လိုချင်တယ်... နင် ငါ့ကို တစ်ခု ကတိပေးစေချင်တယ်"
"..."
ဝေ့ဝူယင်ထံတွင် မေ့မေ့အပေါ် အကြွေးများ များလွန်းလှသည်။ သူမသာ မရှိခဲ့လျှင် သူ ယနေ့ ဤနေရာသို့ သူ ရောက်ရှိလာမည် မဟုတ်ချေ။
လှံနှင့် တံကျင်လျှိုထားသော ခေါင်းပြတ်များနှင့် သွေးချောင်းစီးနေသည့် စစ်တလင်းပြင်ရှေ့တွင် ရပ်နေရင်း ရှေ့ဆက်ရမည့် လမ်းကို မမြင်နိုင်တော့သော ထိုနေ့...
ထိုနေ့မှာ သူ့ နောက်ဆုံးနေ့ ဖြစ်သွားပေလိမ့်မည်။ မေ့မေ့သာ မရှိခဲ့လျှင် ဤအရာအားလုံး ဖြစ်လာလိမ့်မည် မဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ် ပြောပါ..."
ဝေ့ဝူယင်က ပြောလိုက်၏။ မေ့မေ့က ဝမ်းဗိုက်အောက်ပိုင်းကို ခပ်ဖွဖွ ထိလိုက်၏။
"ငါ ဒီဘဝမှာ အတွေ့အကြုံ မျိုးစုံ ရခဲ့ဖူးပေမဲ့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် အမြဲတမ်း လိုချင်ခဲ့သလို ရဖို့ ကြောက်နေခဲ့တဲ့ ဟာတစ်ခု ရှိတယ်"
"..."
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ ထို့နောက် ကြည်လင် ပြတ်သားသည့် အကြည့်များဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။
"ငါ ကလေးတစ်ယောက် လိုချင်တယ်... နင့်ရဲ့ ကလေးကို ငါ ရချင်တယ်"
***