← Chapters

အခန်း (၉၄၆-၉၄၈)

Vol. 64 Ch. 946-948

အခန်း (၉၄၆-၉၄၈)

Vol. 64 Ch. 946-948

အခန်း (၉၄၆) လှပသော်လည်း ပျက်စီးလွယ်သောဂြိုဟ်

ကမ္ဘာမြေ၊ ပေကျင်းမြို့ရှိ ယွင်မင်ရေကန်နံဘေး။ ယခုအချိန်တွင် ယွင်မင်ရေကန်သည် ကမ္ဘာကျော်သည့် ကောင်းချီးနယ်မြေဖြစ်လာသည်။ ဤနေရာ၌ ဝိညာဉ်ရေးစွမ်းအင်များ အလွန်ပေါများလှ၍ အစိုင်အခဲအဖြစ်သို့ပင် ပေါင်းစည်းသွားသည့်အပြင် ဝိညာဉ်မိုးများအဖြစ် ပြောင်းလဲကာ နေ့စဉ်ရွာသွန်းနေခဲ့ရာ၊ ထူးခြားဆန်းပြားသော ပန်းများနှင့် အပင်များပေါက်ရောက်လာသည်အထိ မြေပြင်ကို အာဟာရဖြစ်နေလေသည်။

ယွင်မင်ရေကန်၏ ကျယ်ပြောလှသော ရေပြင်တွင် ရေနေမျိုးနွယ်စု၏ မရေတွက်နိုင်သည့် ဝိညာဉ်သတ္တဝါများ ပေါ်ထွက်လာခဲ့သည်။ သို့သော် ဆွဲဆောင်မှုအရှိဆုံးနေရာသည် ယွင်မင်ရေကန်ဘေးရှိ တောင်ကုန်းငယ်ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်သည် ကျောက်စိမ်းကဲ့သို့ တောက်ပနေ၍ တိမ်များထဲသို့ မြင့်မားလျက်ရှိကာ အံ့ဖွယ် အမိန့်အာဏာများ ဖြာထွက်နေသောကြောင့် တောင်ကုန်းငယ်ဟု ခေါ်ဝေါ်ခြင်းသည် အထင်အမြင်လွဲမှားစေနိုင်သည်။

လူများစွာသည် ဤတောင်ကုန်းကိုမြင်သည်နှင့် ရိုသေလေးစားသော အမူအရာများ ပြသလာသည်။ ၎င်း၏ ပထဝီဝင် ထင်ရှားမှုကြောင့်သာမကဘဲ တစ်ချိန်က အင်မော်တယ်အရှင် လူကြီးမင်းရွှယ်၏ နေအိမ်လည်းဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် တောင်ထိပ်ရှိ ဗီလာတွင် လူကြီးမင်းရွှယ်၏ သူငယ်ချင်းများ နေထိုင်ဆဲဟု ဆိုကြသည်။ ဤဖြစ်စဉ်ကြောင့် ထိုနေရာကို လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါများဖြင့် ဖုံးလွှမ်းနေစေသည်။

ထိုအချိန်တွင် တောင်ပေါ်ရှိ နံပါတ်တစ် ရှန်ဗီလာအတွင်း ရှောင်ရှသည် ဆိုဖာပေါ်တွင် လဲလျောင်း၍ ရုပ်မြင်သံကြားကြည့်လျက် ပျင်းရိစွာ အတွေးရွက်လွှင့်နေသည်။ ရှောင်ယွီသည် သူမ၏ လက်ခုနစ်ချောင်း ရှစ်ချောင်းခန့်ကို ဝှေ့ယမ်း၍ ရှောင်ရှကို နှိပ်နယ်ပေးနေသည်။

"အရမ်းပျင်းစရာကောင်းတာပဲ" ရှောင်ရှက ကျယ်လောင်စွာ သမ်းလိုက်သည်။

"ဘော့စ်၊ ကျွန်မတို့ အပြင်မထွက်တာကြာပြီ၊ အပြင်ထွက်ပြီး ပျော်ကြရင် ဘယ်လိုလဲ" ရှောင်ယွီက မေးလိုက်သည်။

ရှောင်ယွီ​၏ စကားများ မပြီးဆုံးမီတွင် ရှောင်ရှက သူမ​၏ခေါင်းကို ခေါက်လိုက်သည်။

"အပျော်၊ အပျော်၊ အပျော်၊ နင် ဒါပဲ စဉ်းစားနေတာ။ ငါတို့ နောက်ဆုံးတစ်ခေါက် ထွက်သွားတုန်းက ပြည်ကြီးငါးကင်ရောင်းသူနဲ့ ရန်ဖြစ်ရင်း လူတစ်ယောက်ကိုတောင် သတ်မိတော့မလို့လေ။ ရလဒ်အနေနဲ့ အစ်မရွှမ်အာက နင့်ကို တစ်လခွဲကျော်ကြာအောင် အပြင်မထွက်ရဆိုပြီး အပြစ်ပေးထားတာတောင် အခု အပြင်ထွက်ဖို့ သတ္တိရှိသေးတယ်ပေါ့လေ"

ရှောင်ယွီသည် ဝမ်းနည်းပူဆွေးစွာ ခေါင်းငုံ့လျက် တီးတိုးရေရွတ်လိုက်သည်။

"ဒါပေမယ့် အဲဒီလူက ဝိညာဉ်စွမ်းအင်ရှိတဲ့ ရေနေမျိုးနွယ်ဝင်တွေကို ဖမ်းပြီး တာခိုရာကီလုပ်နေတာကြောင့် ကျွန်မလည်း စိတ်တိုပြီး ရိုက်နှက်မိသွားတာကို"

"အဓိကအချက်က နင် ရှုံးသွားတာပဲ" ရှောင်ရှ​၏ မျက်ခွံများ တွန့်လိမ်သွားသည်။

"ဘာဖြစ်တာမို့လို့လဲ၊ ကျွန်မမှာ ဘော့စ်ရှိနေတာကို ဘော့စ်နောက်လိုက်ရင် ကောင်းကောင်းစားရဖို့ အာမခံတယ်။ အငယ်တစ်ယောက်ဆိုတော့ ကျွန်မက သန်မာဖို့ သိပ်မလိုပါဘူး" ရှောင်ယွီက ကိုးရိုးကားရား ရယ်မောပြီးနောက် မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။

"ဟွန်း" ရှောင်ရှသည် ဤအရှက်မဲ့သော ရှောင်ယွီကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။

'ရွှယ်အန်းက ထွက်သွားတာ သုံးနှစ်ရှိပြီ'

ဤသုံးနှစ်အတွင်း ကမ္ဘာမြေသည် အလွန်ကြီးမားသော ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ပိုမိုသိပ်သည်းသော ဝိညာဉ်ရေးစွမ်းအင်နှင့်အတူ၊ လူတို့၏ ကျင့်ကြံမှုအဆင့်သည် သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခင်က ကောင်းကင်လူသားအဆင့်သည် ကမ္ဘာပေါ်တွင် ခေါင်းမော့ရင်ကော့နိုင်သော်လည်း ယခုအခါ အနည်းဆုံးလျှင် လွတ်မြောက်အင်မော်တယ်အဆင့်မဟုတ်ပါက အခြားလူကို နှုတ်ဆက်ရန်ပင် ရှက်ရွံ့နေရပေလိမ့်မည်။ ဝိညာဉ်စွမ်းအင်၏ အာဟာရဓာတ်ကြောင့် ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်သတ္တဝါအရေအတွက်သည် လျင်မြန်စွာ တိုးပွားလာသည်။

ဥပမာအားဖြင့်၊ ယခု သင်သည် သမုဒ္ဒရာတွင် ပိုက်ကွန်ချ၍ ပြန်သိမ်းယူမည်ဆိုပါက အနည်းဆုံးလျှင် ၎င်းအနက် ထက်ဝက်ကျော်သည် စကားပြောနိုင်ကြသည်။ ထိုနေ့တွင် ထန်ရွှမ်အာသည် ရှောင်ယွီနှင့်အတူ အပြင်ထွက်လည်သောအခါ ရှောင်ယွီက ဒေါသတကြီး သောင်းကျန်းခဲ့သောကြောင့် ထန်ရွှမ်အာ ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦး လမ်းဘေးဆိုင်တစ်ဆိုင်အနားမှ ဖြတ်သွားစဉ် တစ်စုံတစ်ဦးသည် အသက်ရှင်နေသော ရေဘဝဲကလေးကို ဒယ်အိုးထဲသို့ တိုက်ရိုက်ပစ်ချရန် သတ္တိရှိသောကြောင့်ဖြစ်သည်။

ဤရေဘဝဲငယ်လေးသည် စကားပြောနိုင်စွမ်းရှိနေသောကြောင့် ဆီနှင့်ထိလိုက်သည်နှင့် နာကျင်စွာ အော်ဟစ်နေခဲ့သည်။ ထို့ကြောင့် ရှောင်ယွီသည် လုံးလုံးလျားလျား ဒေါသထွက်သွားခဲ့သည်။ ထိုအချိန်တွင် ထန်ရွှမ်အာသည် လက်ထဲတွင် အိတ်နှစ်လုံးကို ကိုင်ဆောင်ကာ တံခါးဝမှ ဝင်လာခဲ့သည်။ ထန်ရွှမ်အာသည် လွတ်မြောက်အင်မော်တယ်အဆင့်ကို ဖြတ်ကျော်လာ ခြေလှမ်းတစ်ဝက် အင်မော်တယ်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

သူမသည် လွတ်လပ်ခြင်းကျောက်စိမ်းကျမ်းစာ၏ ကျင့်စဉ်ကြောင့် အရောင်အဝါများ ပို၍စင်ကြယ်လာကာ လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ ပြုမူလှုပ်ရှားနေသည်။ ထန်ရွှမ်အာ ပြန်ရောက်လာသည်ကိုမြင်သောအခါ ရှောင်ရှနှင့် ရှောင်ယွီတို့သည် သူမထံ ချက်ချင်းပင် ပြေးသွားလေသည်။ ရှောင်ရှသည် ထန်ရွှမ်အာလက်ထဲရှိ စျေးဝယ်အိတ်များကို ယူလိုက်သည်။ ရှောင်ယွီသည် တာဝန်ကျေစွာဖြင့် သူမကို ဖိနပ်အပါးတစ်ရံ ယူဆောင်သွားခဲ့သည်။

ထန်ရွှမ်အာသည် ရယ်ချင်စိတ်ကို ထိန်းချုပ်၍ ပြုံးလိုက်သည်။

"ဒီလောက်မျက်နှာလုပ်နေရအောင် မင်းတို့နှစ်ယောက် တစ်ခုခု ကြံစည်နေကြတာလား"

ရှောင်ရှက တခစ်ခစ်ရယ်ပြီးနောက် ထန်ရွှမ်အာယူလာသည့် ကြက်ကင်ကို ကိုက်စား၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"မဟုတ်တာ၊ အစ်မရွှမ်အာက ကျွန်မတို့ရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်လေ၊ အထွတ်အမြတ်ပုဂ္ဂိုလ်အတွက် တစ်ခုခုလုပ်ရတာက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါ"

"ဟားဟား၊ မင်းတို့နှစ်ယောက်စလုံးမှာလေ တခြားအရည်အချင်းတွေ မရှိပေမယ့် မြှောက်ပင့်တဲ့အရည်အချင်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီးမြင့်မြင့်လာတာပဲ" ထန်ရွှမ်အာက ပြောလိုက်သည်။

"ဟီးဟီး၊ အစ်မရွှမ်အာက ကျွန်မတို့အပေါ် အကြင်နာဆုံးလူလေ။ ဟာ... ဒီကြက်ကင်ကို ဘာဖြစ်လို့ အခုအချိန်ထိ မငြီးငွေ့နိုင်ရတာလဲနော်" ရှောင်ရှသည် ကြက်ကင်စားလျက် အပြစ်ကင်းစင်ယောင်ဆောင်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ စကားချိုချိုတွေ ပြောမနေနဲ့တော့။ ငါ မနက်ဖြန် အိမ်မှာပဲ အိမ်စောင့်နေမယ် မင်းတို့နှစ်ယောက်လုံး အပြင်ထွက်ပျော်ကြ။ ဒါပေမယ့် ပြဿနာတော့ ရှာမလာကြနဲ့နော်၊ နားလည်ကြလား" ထန်ရွှမ်အာက လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်မတို့နှစ်ယောက်လုံး လိမ်လိမ်မာမာနေမယ်လို့ ကတိပေးပါတယ်။ ပြဿနာလည်း မရှာသလို့ အစ်မရွှမ်အာကိုလည်း အရှက်ရအောင် မလုပ်ပါဘူး" ရှောင်ယွီသည် ဆုံးဖြတ်ချက်ကို ပြသရန် သူမ​၏ ရေဘဝဲလက်များကို အားသွန်ခွန်စိုက် ဝှေ့ယမ်း၍ လေထဲတွင် ချည်နှောင်ပြလိုက်သည်။

ထန်ရွှမ်အာသည် ရယ်ရမဲ့မဲ့ ငိုရမဲ့မဲ့ဖြစ်နေကာ ပစ္စည်းများကို အောက်ချပြီးနောက် အတွင်းခန်းထဲသို့ ဝင်သွားခဲ့သည်။ ဤအခန်းအတွင်းတွင် ဖွဲ့စည်းပုံတစ်ခုကို အထူးတလည် တပ်ဆင်ထားသည်။ ဖွဲ့စည်းပုံ၏ စုစည်းမှုသည် ဝိညာဉ်ရေးစွမ်းအင်ကို အလွန်သိပ်သည်းစေကာ မျက်နှာကျက်နှင့် နံရံလေးခုစလုံးတွင် ဝိညာဉ်ရေးစွမ်းအင်များဖြင့် နှင်းခဲများဖြစ်ပေါ်လာသည်အထိ အံ့ဩဖွယ်ကောင်းလှသည်။ အခန်းအလယ်တွင် ဖြည်းညှင်းစွာ ရှူရှိုက်နေသည် ပိုးအိမ်ကဲ့သို့ အလင်းရောင်တစ်ခုရှိနေသည်။

"ရှောင်အန်းချင်ရေ၊ နင် အိပ်နေတာ သုံးနှစ်ရှိပြီ။ ဘယ်တော့မှ နိုးလာမှာလဲ" ထန်ရွှမ်အာသည် မူမမှန်သည့် မည်သည့်လက္ခဏာမျှမပြသသော အန်းချင်ကိုကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။

အပြင်ဘက်တွင် နောက်တစ်နေ့၌ လျှောက်လည်မည့်နေရာကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေသော ရှောင်ရှက ရုတ်တရက် ပဟေဠိဖြစ်စွာ မော့ကြည့်လိုက်သည်။

"ဘော့စ်၊ ဘာဖြစ်လို့လဲ"

ရှောင်ရှ၏ အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

"တစ်ခုခုတော့ မူမမှန်ဘူး"

"ဘာကိုဆိုလိုတာလဲ၊ ဘာက မူမမှန်တာလဲ" ရှောင်ယွီသည် ရှောင်ရှကဲ့သို့ အပြင်သို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်ကိုမျှ မမြင်လိုက်ရသောကြောင့် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ရှောင်ရှက ခေါင်းခါလိုက်ပြီးနောက် သူမ​၏အမူအရာလေးနက်လာသည်။

"ဘာလဲဆိုတာတော့ ငါလည်း မပြောတတ်ပေမယ့် ပြဿနာကြီးတစ်ခုဖြစ်တော့မယ်ထင်တယ်"

"မဟုတ်မှလွဲရော အကြီးအကဲ ပြန်လာတာများလား" ရှောင်ယွီ၏ ရေဘဝဲလက်များ စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းနေသည်။

ထိုအခိုက်အတန့်တွင် ရှောင်ရှက ရုတ်တရက် မတ်တတ်ထရပ်၍ စူးရှစွာ ပြောလိုက်သည်။

"ကြောက်စရာအရောင်အဝါတွေ တော်တော်လေး မြန်မြန်ဆန်ဆန် ချဉ်းကပ်လာတယ်၊ အဆင်သင့်ပြင်ထား"

ရှောင်ယွီက အလွန်ထိတ်လန့်သွားပြီးနောက် ပို၍ပင် ကြောင်အမ်းအမ်းဖြစ်လာသည်။

"ဘော့စ်၊ နောက်နေတာတော့ မဟုတ်ပါဘူးနော်"

ဝေးလံသော ဟင်းလင်းပြင်မှ အေးစက်သော ရယ်သံများ ထွက်ပေါ်လာသည်။

"ဒါဆိုရင် ဒါက ကမ္ဘာမြေပေါ်က ဟွာမျိုးနွယ်စုရဲ့ မွေးရပ်မြေပေါ့လေ"

ထိုစကားများဖြင့် တုနှိုင်းမဲ့သော ဖြစ်တည်မှု စတင်ဆင်းသက်လာသည်။ ကမ္ဘာမြေကြီးတစ်ခုလုံး အနည်းငယ်တုန်လှုပ်သွားလေသည်။ ကောင်းကင်အထက်တွင် ကြီးမားသော လွန်းပျံယာဉ်တစ်စင်း တဖြည်းဖြည်း ထွက်ပေါ်လာသည်။ လွန်းပျံယာဉ်ပေါ်ရှိ ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ဦးသည် ပြတင်းပေါက် အပြင်ဘက်ရှိ အပြာရောင်ဂြိုလ်ကြီးကို ခပ်ဖျော့ဖျော့ ပြုံး၍ ကြည့်နေသည်။

"လှပပေမယ့် ပျက်စီးလွယ်တဲ့ ဂြိုဟ်တစ်ခုပါလား"

ဤလွန်းပျံယာဉ်သည် သဘာဝအတိုင်း တစ်ကမ္ဘာလုံး​၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လွန်းပျံယာဉ်သည် အလွန်ကြီးမားသောကြောင့်ဖြစ်သည်။ ၎င်းသည် ကောင်းကင်တစ်လျှောက် ပြည့်နှက်နေ၍ ၎င်း၏ဆွဲငင်အားကြောင့် သမုဒ္ဒရာများ မငြိမ်မသက်ဖြစ်လာခဲ့သည်။ ထန်ရွှမ်အာသည် အပြင်ဘက်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ရသောကြောင့် ချက်ချင်း ပြေးထွက်လာခဲ့သည်။

သို့သော် ရှောင်ရှသည် အသက်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အစ်မရွှမ်အာ၊ ဘယ်မှမသွားနဲ့။ အကြီးအကဲ ထားခဲ့သော ဖွဲ့စည်းပုံတွေနဲ့ ဒီနေရာက အလုံခြုံဆုံးပဲ။ ကျွန်မ သွားကြည့်လိုက်မယ်"

"ဒါပေမယ့်..."

ထန်ရွှမ်အာ​၏ စကားမပြီးဆုံးမီ ရှောင်ရှသည် ကောင်းကင်ယံသို့ ပျံသန်းသွား၍ အေးစက်စွာ အော်ပြောလိုက်သည်။

"မင်းက ဘယ်သူလဲ ငါတို့ကမ္ဘာမြေကို ဘာလို့လာတာလဲ"

အခန်း (၉၄၇) ဘယ်တော့မှ အရှုံးမပေးဘူး

ထိုသို့သော အင်အားပြသမှုသည် ပေကျင်းမြို့တစ်ခုလုံး၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်သွားလေသည်။ သုံးနှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ပေကျင်းမြို့တွင် တာအိုပညာများ ထွန်းကားလာ၍ အင်အားကြီးမားသော သတ္တဝါများစွာ ပေါ်ထွက်လာသည်။ ထို့ကြောင့် လွန်းပျံယာဉ်ရောက်လာသောအခါ ပေကျင်းမြို့၏ စွမ်းအားရှင်များအားလုံးက ၎င်းဖြစ်တည်မှုကို ခံစားလိုက်ရသောကြောင့် ကောင်းကင်ယံသို့ ပျံသန်း၍ လေးနက်သော အမူအရာများဖြင့် မော့ကြည့်လိုက်ကြသည်။

အကြောင်းမူကား လွန်းပျံယာဉ်သည် ကြီးမားလှသည့်အပြင် ၎င်းသယ်ဆောင်လာသော အရောင်အဝါသည် စိတ်နှလုံးကို မငြိမ်မသက်ဖြစ်စေသည်။ သို့သော် ရှောင်ရှသည် ကောင်းကင်တွင် ပေါ်ပေါက်လာ၍ ထိုသို့စစ်ဆေးမေးမြန်းလိုက်သောအခါ လူအုပ်ကြီး အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်သွားကာ ၎င်းတို့​၏မျက်နှာများစွာ ရွှင်လန်းလာသည်။

"အရှင်ရှောင်ရှ ပေါ်လာပြီ"

"အခု ကျုပ်တို့မှာ ကျောရိုးရှိပြီ"

ရှောင်ရှ​၏ ခွန်အားသည် ဤသုံးနှစ်အတွင်း ပေကျင်းမြို့တွင် နံပါတ်တစ်အဖြစ် အသိအမှတ်ပြုထားကြသည်။ ရာထူးအဆင့်အတန်း မြင့်မားသော ထန်ရွှမ်အာလျှင်ပင် ရှောင်ရှ​၏ ခွန်အားနှင့် ဝေးကွာလှသည်။ ထို့ကြောင့် လူအများအပြားသည် သူမကို မြင်လိုက်ရသောအခါ သက်သာရာရသော ဆေးလုံး မျိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ၎င်းတို့၏ စိတ်အာရုံများ သိသိသာသာ တည်ငြိမ်သွားကြသည်။

ထိုအချိန်တွင် လွန်းပျံယာဉ်အတွင်းရှိ အမျိုးသားသည် ထိုင်ခုံလက်တန်းကို စိမ်ပြေနပြေ ခေါက်ကာ ခမ်းနား၍ ရက်စက်ကြမ်းကြုတ်သော သူ​၏မျက်နှာတွင် အထင်အမြင်သေးမှု အရိပ်အမြွက်များ ပြသလာသည်။

"အသွင်ပြောင်းထဲတဲ့ စပါးအုံးမြွေနဂါးတစ်ကောင်ကများ ကျုပ်ရှေ့မှာ ဆူဆူညံညံလုပ်ရဲတယ်ပေါ့လေ"

ဤသို့ဖြင့် ထိုအမျိုးသားသည် သူ​၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်မှ လက်ဖဝါးချက်တစ်ခု ပေါ်ပေါက်လာကာ ရှောင်ရှ​၏ ဦးခေါင်းအထက်သို့ ပြုတ်ကျလာသည်။

"သတိထား" လူအများအပြားက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

ရှောင်ရှသည်လည်း အလွန်မြန်ဆန်စွာ ရောက်ရှိလာသော ရိုက်ချက်ကြောင့် လန့်ဖျပ်သွားလေသည်။ သို့သော် ရှောင်ရှသည် ချက်ချင်းဆိုသလိုပင် အာရုံပြန်ကပ်လာ၍ နှာမှုတ်ပြီးနောက် သူမ​၏လက်ကို မြှောက်တင်ကာ တုံ့ပြန်တိုက်ခိုက်လိုက်သည်။ သို့သော် ရှောင်ရှနှင့် ထိတွေ့တော့မည့်အခိုက်အတန့်တွင် သာမန်အင်အားမျှသာဖြစ်သော ထိုလက်ဖဝါးချက်သည် ရုတ်တရက် ဖိအားပြင်းထန်လာသည်။ ရှောင်ရှသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဆန့်ကျင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်ရှသည် ၎င်းကိုတစ်စက္ကန့်မျှ ထိန်းချုပ်ပြီးနောက် သွေးများ အန်ထွက်လာကာ ကောင်းကင်မှ ရိုက်ချခံလိုက်ရသည်။

ဘန်း

ရှောင်ရှသည် ယွင်မင်ရေကန်ထဲသို့ ထိုးကျသွားသည်။ အရှိန်မသေသော လက်ဖဝါးချက်သည် ယွင်မင်ရေကန်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ ပြီးနောက် အသံများ တိတ်ဆိတ်သွားလေသည်။ မိုင်တစ်ရာအတွင်းရှိ ယွင်မင်ရေကန်ကြီး၏ လှိုင်းဂယက်များသည် ဤတိုက်ခိုက်မှုအောက်တွင် လုံးလုံးလျားလျား အငွေ့ပျံသွားခဲ့သည်။ ရေကန်ထဲရှိ သတ္တဝါများအားလုံးသည် ငိုကြွေးချိန်ပင် မရလိုက်ဘဲ လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။ ရှောင်ရှသည် ခန်းခြောက်နေသော ရေကန်​၏ အောက်ခြေသို့ နစ်ဝင်သွားသောကြောင့် သူမ ခန္ဓာကိုယ်​၏ သဲလွန်စကိုပင် မမြင်တွေ့ရပေ။ ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၍ လူတိုင်း အံ့အားသင့်နေကြသည်။ ရိုက်ချက်တစ်ချက်တည်းဖြင့် ပေကျင်းမြို့၏ ထိပ်တန်းစွမ်းအားရှင် ရှောင်ရှသည် မြေကြီးထဲသို့ နစ်ဝင်သွားခဲ့သော်လည်း တစ်ဖက်လူသည် သူ​၏မျက်နှာကိုပင် ထုတ်ဖော်မပြခဲ့ပေ။ ၎င်းတို့​၏ခွန်အားကွာဟမှု မည်မျှ ကြီးမားခြင်းဖြစ်သနည်း။

မကြာမီတွင် ရှောင်ယွီ​၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။

"အစ်ကိုကြီး၊ ငါတို့ ယွင်မင်ရေကန်... ချီးပဲ။ နင်တို့ကို သေတဲ့အထိ တိုက်ခိုက်မယ်"

ဤသို့ဖြင့် ရှောင်ယွီသည် ကောင်းကင်သို့ ခုန်တက်တော့မည့်အချိန်တွင် ထန်ရွှမ်အာက သူမကို တားဆီး၍ လေးနက်စွာ ပြောလိုက်သည်။

"မင်း အခုထွက်သွားရင် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့အတူတူပဲ။ ရှောင်ရှ မသေပါဘူး ငါ သူ့ကို ခံစားလို့ရသေးတယ်"

၎င်းတို့၏ နေ့ရောညပါ ရင်းနှီးကျွမ်းဝင်မှုမှုကြောင့် ထန်ရွှမ်အာနှင့် ရှောင်ရှတို့သည် တင်းကျပ်သော ဝိညာဉ်ရေးနှောင်ကြိုးရှိနေသည့်အတွက် ရှောင်ရှ အသက်ရှိနေသေးကြောင်း သူမ ခံစားနိုင်သည်။ ရှောင်ယွီက တုန်လှုပ်စွာ ရပ်တန့်သွားသည်။ ဤအတောအတွင်း လွန်းပျံယာဉ်အတွင်းရှိ အမျိုးသားသည်လည်း မြေပြင်ပေါ်ရှိ လူများကို သတိထားမိသွားခဲ့ရာ၊ အထူးသဖြင့် ထန်ရွှမ်အာကို မြင်သောအခါ အံ့အားသင့်သွားသောကြောင့် စိတ်ဝင်တစား ပြောလိုက်သည်။

"ဒီလိုမျိုး ထူးခြားတဲ့အရည်အချင်းမျိုးနဲ့ အမျိုးသမီးကို ဒီနေရာမျိုးမှာ ရှာတွေ့ရတယ်လို့ စိတ်ဝင်စားဖို့ကောင်းသားပဲ"

သို့သော် ထိုအချိန်တွင် ယွင်မင်ရေကန်သည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပြီးနောက် ဒေါသထွက်နေသော နဂါးဟိန်းဟောက်သံသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။ အလျားတစ်ထောင်ကျော်ရှည်လျားသည့် လက်သည်းငါးချောင်းရှိ ရွှေနဂါးတစ်ကောင်သည် ကောင်းကင်သို့ ခုန်ထွက်လာ၍ ဝေဟင်တွင် ကွေးကောက်စွာ ပျံသန်းနေသည်။

"အစ်ကိုကြီးက ကြီးမြတ်လွန်းတယ်" ရှောင်ယွီက ပျော်ရွှင်စွာ အော်လိုက်သည်။

ပေကျင်းမြို့၏ ကျင့်ကြံသူ အများအပြားသည်လည်း ရွှင်လန်းလာကြသည်။ ရှောင်ရှ၏ပုံသဏ္ဌာန်အမှန်ကို တစ်ခါမှမမြင်ဖူးသူများသည် ယခုအချိန်တွင် လေးစားမှုဖြင့် စုတ်သပ်နေကြသည်။

"ရှောင်ရှက တကယ်တော့ လက်သည်းငါးချောင်းနဲ့ ရွှေနဂါးကို"

"အခုတော့ အခြေအနေတွေ ပြန်ကောင်းလာပြီ"

ထိုအချိန်တွင် ရှောင်ရှသည် သူ၏ကြီးမားသောနဂါးခေါင်းကိုမော့၍ လွန်းပျံယာဉ်ကို ဟိန်းဟောက်လိုက်သည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့သေရလိမ့်မယ်"

ထိုအချိန်တွင် လွန်းပျံယာဉ်အတွင်းမှ အမျိုးသားသည် အနည်းငယ် အံ့အားသင့်သွားမိသည်။

"ဪ၊ လက်သည်းငါးချောင်းနဲ့ ရွှေနဂါးပါလား။ ကျုပ် မင်းကို လျှော့တွက်ခဲ့မိတာပဲ၊ ဒါပေမယ့် ဒီလောက်နဲ့ ဘာမဆိုပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား"

ဤသို့ဖြင့် ထိုအမျိုးသားသည် ကုလားထိုင်ကို ပြန်မှီချ၍ ဘာသိဘာသာ ပြောလိုက်သည်။

"ဝူကျန်း၊ ဒီပုရွက်ဆိတ်တွေကို မင်း ဖြေရှင်းလိုက်"

အမျိုးသား၏နောက်ကွယ်ရှိ အရိပ်ထဲမှ လှပသောပုံရိပ်တစ်ခု ထွက်ပေါ်လာ၍ ၎င်းပုံရိပ်က လေးစားစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး"

စကားပြောပြီးနောက် ထိုအမျိုးသမီး၏ ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် လွန်းပျံယာဉ်အရှေ့တွင် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရှောင်ရှသည် ဒေါသတကြီး မှုတ်ထုတ်လိုက်သည်။ သို့သော် ကနဦး အမျိုးသမီးသည် သူမ​၏ လက်ချောင်းများကို ဖိလိုက်သောအခါ တစ်ချိန်က ပြင်းထန်စွာ လောင်ကျွမ်းနေသော နဂါးမီးတောက်သည် မီးတောက်ငယ်တစ်ခုကဲ့သို့ မှိန်ဖျော့သွားသည်။

ပြီးနောက်တွင် ကုန်းဝူကျန်းသည် ကောင်းကင်၌ ဝံ့ကြွားစွာ ရပ်တန့်လျက် လူတိုင်းကို မျက်နှာသေဖြင့် ငုံ့ကြည့်ကာ ပြောလိုက်သည်။

"သခင်လေး အမိန့်ပဲ၊ ဒူးထောက်ပြီး လက်နက်ချကြ။ မင်းတို့အသက်ကို ငဲ့ညှာပေးမယ်"

"သွားသေလိုက်" ရှောင်ရှသည် ဒေါသထွက်လာသဖြင့် သူမ​၏ နဂါးအမြီးဖြင့် ထိုအမျိုးသမီးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

သူမသည် ချင်မန်းတောင်တွင် စတင်ကျင့်ကြံချိန်မှစ၍ ထိုကဲ့သို့ရှုံးနိမ့်မှုမျိုးကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ အထူးသဖြင့် လူများစွာ​၏အရှေ့တွင်ဖြစ်သောကြောင့် မာနကြီးသော ရှောင်ရှသည် ပုံသဏ္ဌာန်အမှန်ကို ထုတ်ဖော်ပြသ၍ ဤရန်လိုသော လူယုတ်မာများကို ချေမှုန်းရန် ရည်ရွယ်ထားသည်။

သို့သော် ရှောင်ရှ၏နဂါးအမြီးဖြင့် ရှပ်ထိတော့မည့်အချိန်တွင် ကုန်းဝူကျန်း၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"သေချင်နေတာပဲ"

ဤသို့ဖြင့် သူမသည် လက်ကိုဝှေ့ယမ်း၍ ခက်ထန်စွာ အော်ပြောလိုက်သည်။

"ချိပ်ပိတ်"

ထိုအမျိုးသမီး၏အသံ ပဲ့တင်ထပ်လာခဲ့ရာ၊ ရှောင်ရှ၏ ဦးခေါင်းထက်တွင် ရှေးဟောင်းမန္တန်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီးနောက် သူမ မတုံ့ပြန်နိုင်မီ ပြုတ်ကျလာလေသည်။ ရှောင်ရှ၏ ခန္ဓာကိုယ် တောင့်တင်းသွားကာ သူမ၏ ပုံသဏ္ဌာန်သည်လည်း လျင်မြန်စွာ ကျုံ့သွား၍ လူသားပုံသဏ္ဍာန်သို့ ပြန်ပြောင်းသွားပြီးနောက် ကောင်းကင်ယံမှ လျင်မြန်စွာ ပြုတ်ကျသွားသည်။ စကားလုံးများသည် နိယာမဖြစ်လာခဲ့သည်။ လူအုပ်ကြီးတစ်ခုလုံး ပင့်သက်ရှိုက်လိုက်ကြသည်။

ရှောင်ယွီသည် မဆိုင်းမတွ အရှေ့သို့ ပြေးထွက်သွားကာ နောက်ဆုံးအခိုက်အတန့်တွင် သူ​၏ရေဘဝဲလက်များဖြင့် ရှောင်ရှကို ဖမ်းယူနိုင်ခဲ့သည်။ သို့သော် ယခုအခါ ရှောင်ရှသည် အလွန် ဖြူဖျော့၍ မျက်လုံးများ တင်းတင်းမှိတ်ထားသည့်အပြင် အသက်ရှူနှုန်းမရှိတော့ပေ။

ရှောင်ယွီက တုန်လှုပ်သွားပြီးနောက် ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။

"ဘော့စ်"

တစ်ချိန်တည်းမှာပင် ကုန်းဝူကျန်းသည် လက်များကို နောက်ကျောသို့ ပစ်ကာ လေထုထဲတွင် မတ်တတ်ရပ်လျက် အေးစက်စွာ ပြောလာသည်။

"သခင်လေးရဲ့ ရှေ့မှောက်မှာ မင်းတို့အားလုံး ရွေးချယ်စရာတစ်ခုပဲရှိတယ်၊ ဒူးထောက်မလား အသေခံမလား"

သူမ​၏အသံ ပဲ့တင်ထပ်နေ၍ သူမ၏နောက်ကွယ်တွင် အိုဒင်၊ ကယ့်အာ၊ သွေးနတ်ဘုရားနှင့် အခြားသောနတ်ဘုရားများစွာတို့ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ နတ်ဘုရားများစွာသည် ကောင်းကင်ယံတွင် ပြည့်နှက်လာ၍ မြေပြင်ရှိ လူသားများကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေသည်။ ၎င်းတို့​၏ လွှမ်းမိုးသော အရောင်အဝါများသည် ဒီရေလှိုင်းများကဲ့သို့ မြင့်တက်လာသည်။ ပေကျင်းမြို့၏ ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြ၍ သာမန်ပြည်သူများလည်း နှုတ်ဆိတ်နေကြသည်။

ဤမြင်ကွင်းကို အရေးပေါ် တီဗီ ထုတ်လွှင့်မှုများမှတစ်ဆင့် ကြည့်ရှုသူများသည်လည်း တိတ်ဆိတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူအများအပြားသည် ဤအရောင်အဝါကို ခံစားလိုက်ရသည်နှင့် ဖြူဖျော့နေသော မျက်နှာဖြင့် အော်ပြောလိုက်ကြသည်။

'အင်မော်တယ်သခင်အဆင့်၊ သေချာပေါက်ပဲ'

သူမ၏လက်နှစ်ဖက်ကို နောက်ကျောတွင် ပစ်၍ ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကောင်းကင်တွင် မောက်မာစွာ ရပ်တန့်နေသော ဤ ကုန်းဝူကျန်းသည် အင်မော်တယ်သခင်အဆင့်ဖြစ်သည်။ ထိုကဲ့သို့ ကြီးမားခွန်အားကို ရင်ဆိုင်ရသောအခါ လူအများအပြားသည် မည်သို့မျှ မထိတ်လန့်ဘဲ နေမည်နည်း။ ကုန်းဝူကျန်းသည် ဤအကျိုးသက်ရောက်မှုဖြင့် စိတ်ကျေနပ်သွားသောကြောင့် စကားပြောတော့မည့်အချိန်တွင် အေးစက်သော အမျိုးသမီးတစ်ဦး​၏အသံ ထွက်ပေါ်လာသည်။

"ဟွာမျိုးနွယ်တွေက ဘယ်တော့မှ အရှုံးမပေးဘူး။ သေရင်တောင် တိုက်ခိုက်ရင်း သေမယ်၊ သူရဲဘောကြောင်ပြီး မသေနိုင်ဘူး"

ထိုအသံကိုကြားသောအခါ လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ နံပါတ်တစ် ရှန်ဗီလာအရှေ့တွင် မတ်တတ်ရပ်နေသော ထန်ရွှမ်အာကို လူတိုင်း မြင်တွေ့လိုက်ရ၍ သူမ၏အဝတ်အစားများသည် ကောင်းကင်ဘုံ​၏ အင်မော်တယ်တစ်ဦးကဲ့သို့ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။

အခန်း (၉၄၈) ကြီးကျယ်ခမ်းနားတဲ့ ဟွာမျိုးနွယ်တွေက ဘယ်လိုလုပ် ဦးညွှတ်ကြမှာလဲ

"ဒါမိန်းကလေးရွှမ်အာပဲ"

"မိန်းကလေးရွှမ်အာပြောတာ မှန်တယ်၊ ဂုဏ်ယူရတဲ့ ကျုပ်တို့ ဟွာမျိုးနွယ်တွေက ဒီနိုင်ငံခြားမျိုးနွယ်စုတွေကို ဘာလို့ဦးညွှတ်ရမှာလဲ"

"လူကြီးမင်းရွှယ်သာ ဒီမှာရှိနေရင် ဒီလူယုတ်မာတွေ ဒီလောက် သောင်းကျန်းနေမှာ မဟုတ်ဘူး"

ထန်ရွှမ်အာ၏စကားများသည် လူတိုင်း၏နှလုံးသားအတွင်းရှိ သွေးများကို ချက်ချင်းလောင်ကျွမ်းစေသည့် မီးပွားတစ်ခုကဲ့သိုဖြစ်ခဲ့ရာ၊ ပေကျင်းမြို့၏ကျင့်ကြံသူများသည် ယွင်မင်ရေကန်ဆီသို့ စတင်စုရုံးလာကြသည်။ ထို့အပြင် သူမ၏ စကားလုံးများကို ရုပ်မြင်သံကြားနှင့် အင်တာနက်မှတစ်ဆင့် နိုင်ငံတစ်ဝှမ်းလုံးသို့ ထုတ်လွှင့်နေခဲ့သည်။ ချက်ခြင်းပင်၊ ကောင်းချီးနယ်မြေ​တစ်လျှောက်တွင် အလင်းရောင်များ လင်းလက်လာသည်။ မရေတွက်နိုင်သော ကျင့်ကြံသူများသည် ပေကျင်းမြို့ဆီသို့ စတင်ပျံသန်းလာကြသည်။ ဤဖြစ်စဉ်အားလုံးကို ရင်ဆိုင်ရသောအခါ နတ်ဘုရားများကို ဦးဆောင်နေသည့် ကုန်းဝူကျန်းသည် လေထဲတွင် ရပ်တန့်နေစဉ် ထန်ရွှမ်အာကို လှောင်ပြောင်လျက် ငုံ့ကြည့်လိုက်သည်။

"နှစ်တွေကြာနေတာတောင် မင်းတို့ဟွာမျိုးနွယ်တွေက ခေါင်းမာမာနဲ့ ထင်ယောင်ထင်မှားဖြစ်နေတုန်းကို။ အညံ့ခံဖို့ ငြင်းဆိုနေမှတော့ မင်းတို့အားလုံး သွားသေလိုက်တော့"

ထိုစကားများဖြင့် ကုန်းဝူကျန်းသည် သူမ​၏ လက်ဖဝါးကို မြှောက်တင်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုက်တောင်ကဲ့သို့ ကြီးမားသော လက်ဖဝါးချက်သည် နံပါတ်တစ်ရှန်ဗီလာဆီ ကျရောက်သွားသည်။

"မကောင်းတော့ဘူး"

ဤမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းက ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။ လူအများအပြားသည် ဆက်မကြည့်ဝံ့သောကြောင့် မျက်လုံးများမှိတ်ထားကြသည်။ သို့သော် လက်ဖဝါးချက်သည် လမ်းတစ်ဝက်သို့ ရောက်သည်နှင့် ဟင်းလင်းပြင်တွင် အလင်းလွှာတစ်ခု ပေါ်ပေါက်လာ၍ လက်ဖဝါးချက်သည်လည်း ဖုန်မှုန့်အဖြစ်သို့ တိုက်ရိုက်လွင့်ပြယ်သွားလေသည်။

"ဘာ" ကုန်းဝူကျန်းသည်လည်း ထိတ်လန့်သွားသည်။

သူမသည် ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့သော်လည်း ဤသည်မှာ သာမန်သေမျိုးများ​၏ ခွန်အားဖြင့် ခုခံနိုင်သော လက်ဖဝါးချက် မဟုတ်ပေ။ သို့တိုင်၊ ဤရုတ်တရက်ပေါ်ပေါက်လာသော အလင်းလွှာဖြင့် ရင်ဆိုင်ရသောအခါ လက်ဖဝါးချက်သည် လှိုင်းဂယက်တစ်ခုမျှသာဖြစ်ပေါ်ပြီးနောက် လုံးလုံးလျားလျား လွင့်စဉ်ပျောက်ကွယ်သွားသည်။ ဤဖြစ်စဉ်သည် အမြဲတစေ ဂုဏ်ယူဝံ့ကြွားခဲ့သော ကုန်းဝူကျန်းကို တုန်လှုပ်သွားစေသည်။ ထိုသို့မြင်သောအခါ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။

"ဒါက လူကြီးမင်းရွှယ် ချန်ထားခဲ့တဲ့ ဖွဲ့စည်းပုံပဲ"

"ဒီမောက်မာတဲ့ လူယုတ်မာတွေလည်း လူကြီးမင်းရွှယ် ကိုယ်တိုင် ချမှတ်ထားတဲ့ ဖွဲ့စည်းပုံနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှတတ်နိုင်ကြမှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"

ဤဖြစ်စဉ်သည် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသော ကျင့်ကြံသူအများအပြားကို လှုံ့ဆော်မှုမျိုးဖြစ်စေခဲ့သည်။ သို့သော် ထိုအချိန်တွင် ကုန်းဝူကျန်း​၏ မျက်နှာအမူအရာ ပြာနှမ်းလာ၍ အေးစက်စွာ အော်ပြောလိုက်သည်။

"မင်း အဲဒီမှာပုန်းနေရုံနဲ့ လုံခြုံမယ်လို့ ထင်နေတာလား။ အားလုံးပဲ အတူတူ တိုက်ခိုက်ကြရအောင်"

သူမ​၏ စကားဖြင့် အနောက်တွင် ရပ်နေသော နတ်ဘုရားများအားလုံး တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ သူမ​၏ လက်ဖဝါးထဲတွင် အလင်းတန်းများ စုစည်းလာ၍ ၎င်းသည် အလွန်လင်းလက်တောက်ပနေခဲ့ရာ၊ ကြယ်များကို ဆုပ်ကိုင်ထားသကဲ့သို့ ထင်မှတ်ရစေသည်။ ပြီးနောက် သူမသည် လက်ဖဝါးကို မြှောက်တင်၍ ဒေါသတကြီး ရိုက်ချလိုက်သည်။

ဘုံး

ဤရိုက်ချက်​၏စွမ်းအင်သည် ယခင်ကထက် အဆပေါင်း တစ်ထောင်ချီ၍ သန်မာလှသည်။ ထို့ကြောင့် ဟင်းလင်းပြင်ရှိ အလင်းလွှာ အနည်းငယ် သိမ့်ဝင်သွားသည်။ သို့သော် ကုန်းဝူကျန်း​၏ ဘဝင်ခိုက်သော အမူအရာ မပျောက်ကွယ်မီတွင် အင်အားကြီးမာသောဓားချီများ လေထဲတွင် ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာ၍ မိုးခြိမ်းသံနှင့်အတူ နတ်ဘုရားများကို ခုတ်ထစ်လာခဲ့သည်။

ကုန်းဝူကျန်းသည် ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်ပြီးနောက် နဖူးတွင် သွေးစအနည်းငယ် စိမ့်ထွက်လာ၍ မကြာခင်မီတွင် သွေးများ ပြင်းထန်စွာ စီးကျလာသည်။ ကုန်းဝူကျန်းက ဒဏ်ရာရရှိသွားမှန်း သိလိုက်သောကြောင့် နဖူးကို လက်ဖြင့် သုတ်လိုက်သည်။ သူမသည် ကနဦး မှင်သက်သွား၍ ခဏအကြာ၌ သူမ​၏ မျက်လုံးများတွင် အံ့အားသင့်သွားဖြင့် ပြည့်နှက်သွားသည်။ သူမသည် အင်မော်တယ်သခင်အဆင့်​ ခန္ဓာကိုယ်ရှိသော်လည်း ဤဓားချီကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။ ဤဓားချီသည် မည်မျှ စူးရှထက်မြက်နေခြင်းဖြစ်သနည်း။ ကုန်းဝူကျန်းဒဏ်ရာရရှိသွားကြောင်း မြင်လိုက်ရသောအခါ လူတိုင်း ဝမ်းသာသွားကြသည်။

"ဒါလူကြီးမင်းရွှယ် ထားခဲ့တဲ့ ဓားရည်ရွယ်ချက်လား"

"သေချာတာပေါ့၊ ဟားဟား၊ နည်းတောင်နည်းသေးတယ်"

ဤအော်သံများကြားတွင် ကုန်းဝူကျန်း၏မျက်နှာသည် ပြာနှမ်းသွားကာ ဒေါသစိတ်ဖြင့် ပေါက်ကွဲထွက်တော့မည့်အချိန်တွင် ပုံရိပ်တစ်ခုသည် သူမအရှေ့တွင် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ကုန်းဝူကျန်းသည် ကမန်းကတန်း ခေါင်းငုံ့၍ အရိုအသေပေးလိုက်သည်။

"သခင်လေး"

လွန်းပျံယာဉ်ကို အမိန့်ပေးနေသည့် အမျိုးသားသည် ယခုအခါ အပြင်သို့ ထွက်လာခဲ့သည်။ ထိုအချိန်တွင် သူသည် လေထုအလယ်တွင် ရပ်တန့်ကာ အထက်စီးဆန်သော အမူအရာဖြင့် လူအုပ်ကို စူးစမ်းလေ့လာပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ။ ကျုပ် ထင်တာမမှားဘူးဆိုရင် ဒီဖွဲ့စည်းပုံနဲ့ ဓားရည်ရွယ်ချက်ကို ရွှယ်အန်းဆိုတဲ့လူက ချန်ထားခဲ့တာပဲဖြစ်ရမယ်"

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထန်ရွှမ်အာက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်၊ ပြီးတော့ ရှင်က ဘယ်သူလဲ"

"ကျုပ်ကလား" ထိုအမျိုးသားသည် ရယ်မောပြီးနောက် ဂုဏ်ယူစွာ ကြေငြာလိုက်သည်။

"ကျုပ်က လီဟန်ကောင်းကင်ဘုံက ကောင်းကင်အရှင်သခင်ရဲ့သားတော် ယဲ့လျို့ယန်ပဲ။ မင်းတို့ ကျုပ်ကို သခင်လေးလို့ ခေါ်လို့တော့ရပါတယ်"

'ကောင်းကင်ဘုံရှင်သခင်ရဲ့ သားတော်'

လူအများအပြား မငြိမ်မသက်ဖြစ်သွားလေသည်။ ကျင့်ကြံသူအများအပြားသည် လေးနက်သော အမူအရာမျိုး ပြသလာသည်။ အဘယ်ကြောင့်ဆိုသော် ဤယဲ့လျို့ယန်၏ ကျင့်ကြံမှုအဆင့် သို့မဟုတ် သူ​၏နောက်ခံကို မမြင်နိုင်သောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ဗေဒင်ပညာ ကျွမ်းကျင်သော ကျင့်ကြံသူများပင် သူနှင့်ပတ်သက်သည့် သဲလွန်စများကို ကောက်နုတ်ရန် အရူးအမူး ကြိုးစားနေကြသည်။ သို့သော် ၎င်းတို့အားလုံး စတင်ခန့်မှန်းလိုက်သည်နှင့် ၎င်းတို့​၏ခန္ဓာကိုယ်နှင့် ၎င်းတို့၏ မှော်ရတနာများအားလုံး အပိုင်းအစများဖြစ်သည်အထိ ပေါက်ကွဲသွားလေသည်။ ယင်းဖြစ်စဉ်ကြောင့် သူ၏ အထောက်အထားနှင့် ဇစ်မြစ်ကို အလွန်အားကောင်းသော အင်အားဖြင့် ကာကွယ်ထားကြောင်း သိသာထင်ရှားသည်။

ထန်ရွှမ်အာသည် နှင်းခဲများကဲ့သို့ အေးစက်နေသည်။

"ကောင်းကင်ဘုံရှင်သခင်ပဲဖြစ်ဖြစ် တခြားသူဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်မတို့ကမ္ဘာမြေကို ဘာကိစ္စနဲ့ ကျူးကျော်တာလဲ"

"ကျူးကျော်တယ်တဲ့လား" ယဲ့လျို့ယန်က ပေါ့ပေါ့တန်တန် ရယ်မောပြီးနောက် ထန်ရွှမ်အာကို ရွှတ်နောက်နောက်အကြည့်ဖြင့် ဆန်းစစ်လိုက်သည်။

"ကျုပ်ရှေ့မှာတောင် ဒီလိုတည်ငြိမ်နိုင်နေတဲ့ အမျိုးသမီး၊ တကယ့်ကို အံ့ဩစရာပဲ"

"ဘာလို့ ကျူးကျော်လာတာလဲဆိုတော့။ ဒီနယ်မြေကို ကျုပ် လုံးလုံးလျားလျား ချေမှုန်းပစ်ချင်လို့ပဲ" ယဲ့လျို့ယန်က အေးစက်စွာ ပြောလိုက်သည်။

သူ​၏စကားများသည် လူတိုင်းကို အလွန်ဒေါသထွက်စေသည်။

"အရှက်မရှိလိုက်တာ"

"ကျုပ်တို့ကမ္ဘာက ခင်ဗျားတို့နဲ့ ခိုက်ရန်ဖြစ်ပွားတာ မရှိခဲ့ဘဲနဲ့၊ ဘာလို ဒီလိုရက်ရက်စက်စက် ပြုမူရတာလဲ"

ထန်ရွှမ်အာ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ကျန်ရှောင်ယွီသည် သတိလစ်နေသော ရှောင်ရှကို အောက်သို့ဂရုတစိုက်ချပြီးနောက် ဝေဟင်ထဲရှိ ယဲ့လျို့ယန်ကို လက်ညှိုးထိုး၍ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

"အမျိုးယုတ်ကောင်တွေ...." ဆိုးရွားစွာ ဆဲရေးတိုင်းထွာပြီးနောက် ကျန်ရှောင်ယွီက ဟိန်းဟောက်လိုက်သည်။

"စောင့်နေလိုက်၊ ငါတို့အရှင် ပြန်လာတာနဲ့ မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် အရေခွံဆုတ်ပြီး မင်းတို့အရိုးတွေကို မီးရှို့ပြာချပစ်လိမ့်မယ်"

ယဲ့လျို့ယန်၏မျက်နှာအမူအရာ အေးစက်သွားသည်။

"မင်းတို့ရဲ့အရှင်တဲ့လား။ ဟား၊ ဒီဖွဲ့စည်းပုံကို တည်ဆောက်ခဲ့တဲ့ ရွှယ်အန်းကို ပြောနေတာမဟုတ်လား"

"ဟုတ်တယ်"

ယဲ့လျို့ယန်က ခေါင်းခါလိုက်သည်။

"ကံဆိုးတာက၊ မင်းတို့ သူ့ကိုစောင့်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူသေသွားလို့ပဲ"

"ဘာ"

ယဲ့လျို့ယန်၏ စကားများသည် မိုးခြိမ်းသံများကဲ့သို့ လူတိုင်းကို ထိတ်လန့်တုန်လှုပ်၍ ငေးငိုင်သွားစေသည်။

'ရွှယ်အန်း သေသွားပြီတဲ့လား'

ကမ္ဘာတွင် ပြိုင်ဆန်ရှားသည့်အပြင် ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲခဲ့သည့် လူကြီးမင်းရွှယ်သည် အမှန်တကယ် သေဆုံးသွားခြင်းဖြစ်လေသလော။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ပုံမှန်အားဖြင့် တသီးတခြား ပြုမူလေ့ရှိသော ထန်ရွှမ်အာပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရှင် လိမ်နေတာ"

"လိမ်နေတာတဲ့လား" ယဲ့လျို့ယန်က အေးစက်စွာ လှောင်ရယ်လိုက်သည်။

"ကောင်းကင်ဘုံအရှင်သခင်ရဲ့ ဂုဏ်သိက္ခာရှိသားတော်ဖြစ်တဲ့ ကျုပ်က မင်းတို့ကို လိမ်နေတာတဲ့လား။ ဘာပဲဖြစ်ဖြစ်ပါ၊ မင်းတို့ ယုံယုံ မယုံယုံ အရေးမကြီးတော့ပါဘူး"

"ဘာလို့လဲဆိုတော့... မင်းတို့အားလုံး သေရတော့မှာမို့လို့ပဲ"

ယဲ့လျို့ယန်သည် ထိုသို့ပြောပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်မောသံသည် စကြဝဠာတစ်ခွင်သို့ ပဲ့တင်ထပ်ကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။ လူတိုင်း​၏ မျက်နှာများ ဖြူဖျော့လာကြသည်။

"ရှင် လိမ်နေတာ၊ အစ်ကိုအန်းက ဘယ်တော့မှ သေမှာမဟုတ်ဘူး" ထိုအော်သံနှင့်အတူ ပေကျင်းမြို့မှ အရူးအမူး ပျံသန်းလာသော ပုံရိပ်သည် လက်မြှောက်လျက် မတွန့်မဆုတ်ဘဲ ချီတက်တိုက်ခိုက်လာသည်။ ဤလက်ဖဝါးချက်သည် အရိုးထဲထိ အေးခဲစေသောကြောင့် ဖြတ်သွားရာနေရာတိုင်းရှိ လေထုကိုပင် အေးခဲသွားစေပုံပေါ်သည်။

သို့သော် ယဲ့လျို့ယန်သည် အနည်းငယ်မျှ မတုန်လှုပ်ဘဲ အေးစက်စွာ အော်ဟစ်လိုက်သည်။

"ပိုးမွှားတစ်ကောင်ရဲ့ လှည့်ကွက်၊ ချိပ်ပိတ်စမ်း"

ထိုအမိန့်ဖြင့် အရှေ့သို့ မကြောက်မရွံ့ ချီတက်လာသော အမျိုးသမီးသည် အနည်းငယ်မျှပင် မရုန်းကန်နိုင်ဘဲ သွေးများအန်ထွက်လျက် နောက်ပြန်လွင့်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားဘေသည်။

"ကျင်းကျင်း" ပြီးနောက် ပုံရိပ်နှစ်ခုသည်လည်း အလျင်အမြန် အပြေးနှင်လာသည်။

ဤသည်မှာ အန်တီပန်နှင့် အန်ကယ်ရှဲ့တို့ဖြစ်ကြသည်။ အရှေ့သို့ မဆင်မခြင် ပြေးထွက်လာသူသည် ရှဲ့ကျင်းကျင်းမှလွဲ၍ အခြားလူမဟုတ်ပေ။ ၎င်းတို့၏မိသားစုသည် ရွှယ်အန်း မထွက်ခွာမီတွင် ပေးအပ်ခဲ့သော ကျင့်ကြံနည်းစနစ်ကို လက်ခံရရှိခဲ့ကြ၍ ယင်းသုံးနှစ်အတွင်း ရှဲ့ကျင်းကျင်းသည် အလွန်တိုးတက်ခဲ့ရာ၊ ထန်ရွှမ်အာထက် တစ်လစောစွာဖြင့် ခြေလှမ်းတစ်ဝက် အင်မော်တယ်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။

All Chapters