← Chapters

အခန်း (၉၄၉-၉၅၁)

Vol. 64 Ch. 949-951

အခန်း (၉၄၉-၉၅၁)

Vol. 64 Ch. 949-951

အခန်း (၉၄၉) ဤကမ္ဘာမြေကို မြက်တစ်ပင်မျှ မကျန်အောင် သုတ်သင်ခြင်း

အန်ကယ်ရှဲ့နှင့် အန်တီပန်တို့သည် အရည်အချင်းအရ အကန့်အသတ်ရှိကြသော်လည်း ၎င်းတို့သည်လည်း ခြေလှမ်းတစ်ဝက် လွတ်မြောက်အင်မော်တယ်အဆင့်သို့ ရောက်ရှိလာကြသည်။ ဤကပ်ဆိုးကြီးအတွင်း ၎င်းတို့မိသားစုသည်လည်း သတင်းရရှိခဲ့သောကြောင့် ချက်ချင်း အပြေးနှင်လာခဲ့ကြသည်။ သို့သော် ရှဲ့ကျင်းကျင်းသည် ယခုကဲ့သို့ ရောက်ရှိခါစ၌ပင် သေရေးရှင်ရေး မသေချာသော အခြေအနေသို့ ကျရောက်သွားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ အန်တီပန်သည် သမီးဖြစ်သူ​၏ ဒဏ်ရာများကို စစ်ဆေးရန် ဆင်းလာခဲ့သည်။

အဘိုးကြီးရှဲ့​၏ မျက်လုံးများ နီရဲနေသည်။

"လူယုတ်မာကောင်တွေ၊ ငါ မင်းတို့ကို အဆုံးထိ တိုက်ခိုက်မယ်" ထိုစကားဖြင့် အဘိုးကြီးရှဲ့သည် မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်လျက် မိမိလုံခြုံရေးကို ဂရုမစိုက်ဘဲ အရှေ့သို့ ချီတက်လိုက်သည်။

လွတ်မြောက်အင်မော်တယ်အဆင့်ဟူသည် သူ့အတွက် အရေးမပါသောကြောင့် ယဲ့လျို့ယန်သည် အဘိုးကြီးရှဲ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ အဘိုးကြီးရှဲ့က ချီတက်နေစဉ် နတ်အစောင့်တစ်ဦးက အေးစက်စွာ လှောင်ရယ်လိုက်သည်။ ထိုအခါ အဘိုးကြီးရှဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းသည် လေထုထဲတွင် ပေါက်ကွဲထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့လက်ထဲရှိ မီးဖိုချောင်သုံးဓားသည်လည်း မြေပြင်ပေါ်တွင် ပြန့်ကျဲသွားလေသည်။

ထိုအချိန်တွင် လူတိုင်း အံ့သြသွားကြသည်။ သမီးဖြစ်သူကို ပွေ့ပိုက်ထားသော အန်တီပန်သည် ခန္ဓာကိုယ်ထက်ပိုင်း ကျိုးပျက်သွားသော အဘိုးကြီးရှဲ့ကို မြင်သောအခါ မူးလဲလုနီးပါး ခံစားလိုက်ရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထန်ရွှမ်အာသည် ထိတ်လန့်စွာ အော်ခေါ်လိုက်သည်။

"အန်ကယ်ရှဲ့"

အတူနေထိုင်ခဲ့သော ဤနှစ်များအတွင်း အဘိုးကြီးရှဲ့သည် ထန်ရွှမ်အာ​၏ မျက်လုံးများထဲတွင် လူကြီးသူမတစ်ဦးဖြစ်လာခဲ့သည်။ သို့သော် အဘိုးကြီးရှဲ့သည် ဤနေရာတွင် ထိုသို့သေဆုံးလိမ့်မည်ဟု သူမ မည်သည့်အချိန်မှ မမျှော်လင့်ထားခဲ့ပေ။ ဤမြင်ကွင်းကို မြင်တွေ့ရသူတိုင်း ဝမ်းနည်းပူဆွေးကာ သနားနေကြသည်။

ယဲ့လျို့ယန်က ထန်ရွှမ်အာကို လှောင်ရယ်လိုက်သည်။

"ရွှယ်အန်းက မင်းအတွက် ဖွဲ့စည်းပုံပါ တည်ဆောက်ထားခဲ့တာဆိုတော့ မင်းက သူ့အတွက် အရေးပါတဲ့လူဆိုတာ သိသာတယ်။ စိတ်မပူပါနဲ့၊ ကျုပ် မင်းကို အခုမသတ်သေးပါဘူး။ ဒါပေမယ့် မင်းမျက်စိရှေ့မှာ ကမ္ဘာပေါ်ကလူတိုင်းကို ကျုပ် ဖြည်းဖြည်းချင်း သတ်ပြမယ်၊ ဒါကို မင်း ကျင့်သားရလာမယ်လို့ ကျုပ် မျှော်လင့်ပါတယ် ဟားဟားဟားဟား"

တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သော အလင်းတန်းများသည် ကောင်းချီးနယ်မြေတစ်ဝှမ်းသို့ ဆင်းသက်လာကြသည်။

"ဒီပုရွက်ဆိတ်တွေအားလုံးကို သတ်ပစ်လိုက်" ယဲ့လျို့ယန်က ပြောလိုက်သည်။

သူ့အနောက်ရှိ နတ်ဘုရားများအားလုံး ချက်ချင်း ချီတက်လာကြသည်။ ဤဆင်းသက်လာသော နတ်ဘုရားများအနက် လီဟန်ကောင်းကင်ဘုံမှ ယဲ့လျို့ယန်၏နောက်လိုက်များဖြစ်သည့် တန်ခိုးကြီးသော နတ်အစောင့်များအပြင် မြောက်ဥရောပနတ်ဘုရားတို့​၏ဘုရင် အိုဒင်နှင့် သွေးနတ်ဘုရား ကယ့်အာတို့လည်း ပါဝင်ကြသည်။ ၎င်းတို့တစ်ဦးစီသည် ကြောက်မက်ဖွယ်ခွန်အားများ ပိုင်ဆိုင်ထားကြသည်။

ဟွာမျိုးနွယ်များသည် ယခုအခါ ဝိညာဉ်ရေးစွမ်းအင်နှင့် ပြီးပြည့်စုံသော နိယာမများဖြင့် မှော်ပညာများ ထွန်းကားမှုအောက်တွင် စည်ပင်သာယာနေကြသော်လည်း အချိန်ကာလသည် တိုတောင်းလွန်းသောကြောင့် ကိုယ်ပိုင်ဥတုရာသီ မပေါ်ပေါက်သေးပေ။ ကျင့်ကြံသူများအနက် အသန်မာဆုံးသည် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်မျှသာဖြစ်ကြရာ၊ ၎င်းတို့အနက် ရွှေအင်မော်တယ်အဆင့် အစစ်အမှန်ဟူ၍ မပါဝင်ကြပေ။

ထိုသို့သော စွမ်းအင်ကွာဟမှုအောက်တွင် ဤနတ်ဘုရားများသည် ကျင့်ကြံသူအများအပြားကို လက်ဖဝါးဖြင့်ပင် ရိုက်နှက်သုတ်သင်နိုင်ကြသည်။ ခဏအကြာတွင် ကောင်းကင်မှ သွေးမိုးများ ရွာသွန်းလာသည်။ ထိုကဲ့သို့သော သွေးထွက်သံယို ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းနှင့် ရင်ဆိုင်နေရသော်လည်း ကျင့်ကြံသူများအနက် မည်သူတစ်ဦးတစ်ယောက်ကမျှ ဆုတ်ခွာရန် မရွေးချယ်ဘဲ မကြောက်မရွံ့ ဆက်လက် ချီတက်နေခဲ့သည်။ ခဏအကြာတွင် ထိုမြင်ကွင်းကို ကြည့်နေသူတိုင်း တိတ်ဆိတ်သွားကြသည်။ ထန်ရွှမ်အာ​၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

သို့သော် ယဲ့လျို့ယန်​၏ မျက်နှာအမူအရာ နက်မှောင်သွားသည်။ ဤမြင်ကွင်းသည် သူ့အတွက် မနှစ်မြို့ဖွယ်ရာ မှတ်ဉာဏ်များစွာကို ပြန်လည်ပုံဖော်ပေးနေသည်။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်တိုင် ဟွာမျိုးနွယ်​၏ လူများသည် အဘယ်ကြောင့် ဤမျှခေါင်းမာစွာ စည်းလုံးနေကြသနည်း။ သူသည် ထိုအတွေးဖြင့် လှောင်ရယ်ပြီးနောက် လက်ဖဝါးဖြင့် တိုက်ရိုက်ရိုက်ချလိုက်သည်။ လက်ဖဝါးချက်၏ ပြင်းထန်သော ခွန်အားကြောင့် ရောက်ရှိလာသော ကျင့်ကြံသူအားလုံး ချက်ချင်း ပေါက်ကွဲသွားလေသည်။

ပြီးနောက် ယဲ့လျို့ယန်သည် လက်ညှိုးညွှန်၍ အေးစက်စွာ အမိန့်ပေးလိုက်သည်။

"တစ်ကမ္ဘာလုံးကို သုတ်သင်ပစ်လိုက်ကြ၊ မှတ်ထားကြ မြက်တစ်ပင်မှ မကျန်ခဲ့စေနဲ့"

ဤအမိန့်ဖြင့် ဘုရားပေါင်းများစွာတို့သည် နာခံစွာ ခေါင်းငုံ့လိုက်ကြ၏။

"ဟုတ်ကဲ့"

ထိုအခါ နတ်ဘုရားများသည် အရပ်ရပ်သို့ ပြန့်ကျဲသွား၏။ ဤသို့ဖြင့် ကမ္ဘာတစ်ခုလုံး မှောင်မိုက်သော အသူရာချောက်ထဲသို့ ကျရောက်သွားလေသည်။ သွေးနတ်ဘုရား ကယ့်အာသည် ဥရောပသို့ စိတ်လှုပ်ရှားစွာ ပျံသန်းသွားခဲ့သည်။ သူသည် ထိုနေရာတွင် ရင်းနှီးကျွမ်းဝင်သော ဖြစ်တည်မှုတစ်ခုကို ခံစားနေရသည်။ သို့သော် ဥရောပသို့ ရောက်ရှိသည်နှင့် တားမြစ်ထားသည့် အမှောင်ကျိန်စာများ သူ​၏ခန္ဓာကိုယ်ပေါ်သို့ အရူးအမူး စုပုံကျရောက်လာသည်။

အိုမင်းမှု၊ နှေးကွေးမှု၊ ကပ်ဆိုက်မှု။

တောင်များကို လွင်ပြင်အဖြစ်သို့ ပြောင်းလဲပေးနိုင်လောက်အောင် ပြင်းထန်သော တုန်လှုပ်ချောက်ချားဖွယ် ကျိန်စာလှိုင်းများနှင့် ဤအပျက်သဘောဆောင်မှုများသည် စိတ်လှုပ်ရှားနေသော ကယ့်အာကို လုံးလုံးလျားလျား သတိလက်လတ်ဖြစ်စေသည်။ ဤတိုက်ခိုက်မှုများသည် ပြင်းထန်သော်လည်း သူသည် ဘုရားကိုယ်ခန္ဓာတစ်ခုဖြစ်သည့်အတွက် သူ့အတွက် အပေါ်ယံပျက်စီးမှုမျှသာဖြစ်စေခဲ့သည်။

ကယ့်အာသည် မထိန်းချုပ်နိုင်ဘဲ ဟိန်းဟောက်လိုက်မိသည်။

"ချီးပဲ၊ အမှောင်သတ္တဝါတွေ။ သေဖို့ပြင်ကြ"

သို့သော် ဤစကားများ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားငယ်များကို ရူးသွပ်စေနိုင်သည့် သေခြင်းနိမိတ်ဆိုးသည် ကယ့်အာ​၏ အကြားအာရုံကို စူးရှစွာ ထိုးဖောက်လာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အော်သံသည် စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနေသောကြောင့် ကယ့်အာကဲ့သို့ နတ်ဘုရားတစ်ပါးပင် အနည်းငယ် မှင်သက်သွားလေသည်။ ထိုအခိုက်အတန့်၌ ဧရာမ မဟူရာနဂါးကြီးသည် ရင်ဘတ်ဗလာဖြင့် ကြောက်မယ်ဖွယ် ကြွက်သားများတွင် အင်းစာလုံးများ ထွင်းထုထားသော ဧရာမတိုက်တန်ကို သယ်ဆောင်လာသည်။ ဤအင်းစာလုံးများသည် အနည်းငယ် တုန်လှုပ်မှုဖြင့်ပင် တောက်ပစွာ လင်းလက်သွားစေသောကြောင့် ၎င်းအနက် ဆုပ်ကိုင်ထားသည့် ပြိုင်ဘက်ကင်း စွမ်းအင်ကို သိသာညွှန်ပြနေသည်။

နီးကပ်လာသောအခါ ဧရာမတိုက်တန်ကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လျက် လက်နှစ်ဖက်ဖြင့် သွေးနတ်ဘုရား ကယ့်အာကို အခိုင်အမာ ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် မရေတွက်နိုင်သော အလင်းတန်းများသည် သူ၏လက်မောင်းအပေါ်ပိုင်းသို့ စုစည်းနေစဉ် ဧရာမတိုက်တန်ကြီး​၏ ကြွက်သားများ ဖောင်းကားလာခဲ့သည်။ ရှေးဟောင်း တိုက်တန်များကိုပင် ဖြိုခွဲဖျက်ဆီးနိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအင်အောက်တွင် ကယ့်အာ​၏ နတ်ခန္ဓာကိုယ်ပင် ကွဲအက်စပြုလာသည်။ သို့သော် သွေးနတ်ဘုရား ကယ့်အာသည် ထိုအချိန်တွင် ငေးငိုင်မှုမှ နိုးထလာသောကြောင့် လှောင်ရယ်ကာပြောလိုက်သည်။

"အမှောင်သတ္တဝါတွေ၊ မင်းတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ပိုးမွှားလိုသတ္တဝါတွေက ပိုးမွှားအဆင့်ပဲကွ။ ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျုပ်က ဘုရားတစ်ပါးဖြစ်လို့ပဲ"

ထိုသို့ပြောပြီးနောက် ကယ့်အာ​၏ခန္ဓာကိုယ်သည် ရေကဲ့သို့ တွန့်လိမ်သွားကာ ဧရာမတိုက်တန်​၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်လိုက်သည်။ ပြီးနောက် ခန္ဓာကိုယ်ရှိ ဒဏ်ရာများ ပြန်လည်သက်သာသွားခဲ့သည်။

"စိတ်တော့မရှိနဲ့၊ ဒါပေမယ့် အခုက ကျုပ်ရဲ့ ညစာစားချိန်ပဲ" ကယ့်အာသည် ယဉ်ကျေးစွာ ပြောလိုက်သည်။ ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များတွင် အစွယ်များ တဖြည်းဖြည်း ပေါ်လွင်လာသည်။ ထိုအချိန်၌ မှောင်မိုက်သောညကောင်းကင်တွင် ပလ္လင်တစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာသည်။ ပြီးနောက် ကယ့်အာအပေါ် ပြင်းထန်သော အမှောင်ဖိအားတစ်ခု ကျဆင်းသွား​၏။

ကယ့်အာသည် အံ့အားသင့်သွားပြီးနောက် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"အမှောင်ပလ္လင်၊ ဒီနယ်မြေရဲ့ အမှောင်ထုကို ဘယ်သူကများ ထိန်းချုပ်ထားနိုင်ရတာလဲ"

ကယ့်အာ ဤသို့ထိတ်လန့်နေခြင်းသည် အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နယ်မြေတစ်ခု၏ အမှောင်ထုကို အုပ်စိုးသူသာလျှင် အမှောင်ပလ္လင်ပေါ်တွင် စိုးစံပိုင်ခွင့်ရှိသောကြောင့်ဖြစ်သည်။ အမှောင်ဘုရင်ဟု ခေါ်ဆိုခြင်းအရ ၎င်းတို့​၏ခွန်အား မည်မျှကြောက်မယ်ဖွယ်ကောင်းသည်ကို သိသာထင်ရှားစေသည်။ အမှောင်ပလ္လင်ပေါ်တွင် သားရေဖိနပ်ရှည်နှင့် အနက်ရောင်ဂါဝန်ကို ၀တ်ဆင်ထားသော ပုံရိပ်တစ်ခု စတင် ပေါ်ပေါက်လာသည်။

ဤအမျိုးသမီးသည် နက်မှောင်သော နတ်သမီးတစ်ပါး၏အသွင်အပြင်ရှိ၍ သူမ၏အလှသည် တိုက်ရိုက်စိုက်ကြည့်ရန်ပင် မဝံ့ရဲသည့် ကြောက်မက်ဖွယ် အမှောင်ဖိအားများပါရှိနေသည်။ ဧရာမတိုက်တန်၊ မဟူရာနဂါးနှင့် အမှောင်ထုကြားတွင် ရပ်တည်နေသော အခြားသော သတ္တဝါတိုင်းသည် ထိုအမျိုးသမီးကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။ မှန်သည်၊ ဤနေရာတွင် ပေါ်ပေါက်လာသည် ဖန်းမင်ရွှယ်မှလွဲ၍ အခြားလူမဟုတ်ပေ။

သူမသည် အေးစက်သော အမူအရာ သွေးနတ်ဘုရား ကယ့်အာကို စိုက်ကြည့်လိုက်သည်။

"ဒီနယ်မြေကနေ ထွက်သွား မဟုတ်ရင်... သေရမယ်"

သွေးနတ်ဘုရား ကယ့်အာ​၏အကြည့်များ မရေရာမှုများဖြင့် တဖျပ်ဖျပ် လှုပ်ခတ်သွားပြီးနောက် လှောင်ရယ်ကာ ပြောလိုက်သည်။

"မင်းရဲ့ ခွန်အားက မဆိုးပါဘူး၊ ကျုပ်လို အမှောင်ဖြစ်တည်မှုမျိုးပဲဆိုတော့ ကျုပ် လက်အောက်မှာ ခစားပါလား။ သခင်လေးဆီမှာ မင်းအတွက် ကျုပ် သေချာပြောပေးမယ်လို့ ကတိပေးတယ်။ မင်းရုပ်ရည်နဲ့ အရည်အချင်းအရဆိုရင် သခင်လေးရဲ့အာရုံကို ဖမ်းစားနိုင်တဲ့အပြင် ဝိညာဉ်အဆင့်အတန်းမြင့်မားလာပြီး ညနတ်ဘုရားတစ်ပါးတောင်ဖြစ်လာနိုင်တယ်"

ထိုစကားများမပြီးဆုံးမီတွင် ဖန်းမင်ရွှယ်က သူမ၏ ပြင်းထန်သော လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ ဖန်းမင်ရွှယ်သည် အကြောင်းမရှိဘဲ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာသော နတ်ဘုရားများကို လုံးလုံးလျားလျား ရွံရှာမုန်းတီးသည်။ ထို့ကြောင့် သူမ၏ တိုက်ခိုက်မှုသည် အပြင်းထန်ဆုံး သတ်ဖြတ်မှုဖြစ်သည်။

ကယ့်အာသည် ကနဦးတွင် တိုက်ခိုက်မှု အလေးအနက်မထားခဲ့သော်လည်း အနည်းငယ် ဖလှယ်ပြီးနောက် ထိတ်လန့်စပြုလာသည်။ သူ၏ နတ်ဘုရားအဆင့်အတန်း မပြည့်စုံသောကြောင်း သူ၏ ခွန်အားသည်လည်း အလွန်အားနည်းနေခဲ့သည်။ ယခုအခါ ဖန်းမင်ရွှယ်သည် အချိန်၊ တည်နေရာနှင့် ပံ့ပိုးမှုတို့၏ အားသာချက်များရှိနေသဖြင့် တိုက်ခိုက်လာသည်နှင့်အမျှ သူမသည် ကယ့်အာကို ရုန်းကန်နေရသည့်အခြေအနေထိ တွန်းပို့နိုင်ခဲ့သည်။

အခန်း (၉၅၀) နတ်သူငယ်တို့၏မိခင်၊ ခလိုရစ်

"ဒီသောက်ကျိုးနည်း ပုရွက်ဆိတ်လိုကောင်တွေတော့ မင်းတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်" ကယ့်အာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် သူ​၏ လက်ရှိခွန်အားသည် မလုံလောက်သည့်အတွက် ကူကယ်ရာမဲ့စွာသာ ရုန်းကန်နေရသည်။ ဤအတောအတွင်း ဖန်းမင်ရွှယ်​၏ တိုက်ခိုက်မှုများ ပိုမိုကျွမ်းကျင်လာကာ အမှောင်တားမြစ်ကျိန်စာအမျိုးမျိုးကို အသုံးပြုလျက် ဥရောပ​၏ ညကောင်းကင်တစ်ခုလုံးကို လင်းလက်တောက်ပအောင် ပြုလုပ်လိုက်သည်။ ဥရောပမှလူများသည် နိုင်ငံခြားနတ်ဘုရားများ၏ ဆင်းသက်လာမှုကို တားဆီးရန် ကြိုးပမ်းနေသော အမှောင်ကောင်စီဝင်များကို ကြည့်ရှု၍ စိတ်ခံစားမှုများ ရောနှောနေကြသည်။

ထိုကဲ့သို့ ဆိုးရွားလှသော အခြေအနေမျိုးတွင် မြောက်နှင့်တောင် ခြားနားချက်များ ပျောက်ကွယ်သွားကာ အသက်အရွယ်နှင့် မသက်ဆိုင်တော့သည့်အပြင် ဟွာမျိုးနွယ်နှင့် နိုင်ငံခြားသားများဟူသည့် ကွဲလွဲမှုများပင် မရှိတော့ပေ။ လူတိုင်းသည် ဤကျူးကျော်ဝင်ရောက်လာသော နတ်ဘုရားအုပ်စုကို မောင်းထုတ်မည်ဟူသည့် ပန်းတိုင်တစ်ခုကိုသာ မျှဝေခဲ့ကြသည်။ ထိုအချိန်တွင် ကယ့်အာသည် ကောင်းကင်ယံ၌ အော်ဟစ်လိုက်ရာ၊ သူ​၏လက်မောင်းသည် အမှောင်ထုများ ဖုံးလွှမ်းလျက် မိုင်ပေါင်းများစွာ နောက်ပြန်ဆုတ်ခွာသွားလေသည်။ ထိုသို့သော ဒဏ်ရာသည် အသက်မသေနိုင်သော်လည်း အမှောင်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကို ကုသရန် ကြီးမားသော သွေးစွမ်းအင်များ လိုအပ်ပေသည်။

"အိုဒင်၊ မင်း ဘယ်အချိန်ထိ ဒီအတိုင်း ရပ်ကြည့်နေမှာလဲ" ကယ့်အာသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူ့စကားအဆုံး၌ ဟင်းလင်းပြင်ထဲတွင် အေးစက်သော ရယ်မောသံများ ပဲ့တင်ထပ်လာသည်။

"ကယ့်အာ၊ မင်းကို အမှိုက်လို့ခေါ်ရင်လည်း မင်းက လက်မခံဘူး။ ဒီအမှောင်သတ္တဝါတွေကို မဖြေရှင်းနိုင်ရင် မင်းမှာ သွေးဘုရားဖြစ်ဖို့ ဘယ်လိုလုပ်အရည်အချင်းရှိမှာလဲ"

"မင်း... " ကယ့်အာသည် ဒေါသစိတ်ကြောင့် ဆွံ့အနေသည်။

သို့သော် သူ၏ လက်ရှိ မလုံလောက်သော ခွန်အားကြောင့် အိုဒင်​၏ သရော်လှောင်ပြောင်မှုကို တိတ်တဆိတ် ဒေါသထွက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ထိုအချိန်တွင် ဟင်းလင်းပြင်အတွင်းမှ ဥရောပမြောက်ပိုင်းနတ်မျိုးနွယ်စု၏ ပုံရိပ်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ၎င်းတို့ကို ဦးဆောင်လာသူသည် နတ်ဘုရားတို့​၏ဘုရင် အိုဒင်ဖြစ်သည်။ ညကောင်းကင်ယံကို ဖုံးလွှမ်းလုနီးပါး ပေတစ်သိန်းခန့်မြင့်မားသော သူ​၏ပုံသဏ္ဌာန်ဖြင့် ဖန်းမင်ရွှယ်နှင့် အမှောင်ကောင်စီဝင်အားလုံးကို ငုံ့ကြည့်လျက် လှောင်ရယ်လိုက်သည်။

"မင်းတို့သာ နောက်ထပ် ဆယ်နှစ်လောက် အချိန်ရခဲ့ရင် နတ်အပိုင်းအစကို ထွန်းတောက်နိုင်ပြီး အမှောင်နတ်ဘုရားဖြစ်လာဖို့ အလားအလာရှိကောင်းရှိနိုင်ပေမယ့် နှမြောစရာကောင်းတာက၊ မင်းတို့ အခု ကျဆုံးရလိမ့်မယ်"

အိုဒင်​၏ နတ်တန်ခိုးအောက်တွင် အမှောင်ကောင်စီဝင်များအားလုံး ပေရာနှင့်ချီ၍ ဆုတ်ခွာသွားခဲ့ရသည်။ ဖန်းမင်ရွှယ်သာလျှင် မဆုတ်ခွာဘဲ အိုဒင်ကို အေးစက်စွာ လှောင်ရယ်လိုက်သည်။

"မြောက်ဥရောပရဲ့ နတ်ဘုရင်ဟုတ်လား၊ ရှင်က ဒီဒေသရဲ့ နတ်ဘုရားဖြစ်ရမယ် ဒါတောင် နိုင်ငံခြားနတ်ဘုရားတစ်ပါးအတွက် ခွေးခြေအဖြစ်နေပြီး ကမ္ဘာမြေကို ဆန့်ကျင်ဖို့ လုပ်ရတယ်လို့"

ဖန်းမင်ရွှယ်​၏ မေးခွန်းသည် အိုဒင်​၏ မျက်လုံးများတွင် အရိပ်သန်းသွားစေသည်။ သူ​၏ အရှက်ရဖွယ် သမိုင်းကြောင်းသည် မည်သူ့ကိုမျှ မသိစေချင်သော အကြောင်းအရာဖြစ်သည့်အတွက် အိုဒင်သည် အေးစက်စွာ အော်ဟစ်လိုက်သည်။

"သေချင်နေတာပဲ"

ဤသို့ဖြင့် သူ​၏လက်ဖဝါးကို ဖိချလိုက်သည်။ သူသည် အဆင့်နိမ့် နတ်ဘုရားတစ်ပါးပင် မဟုတ်သော ဖန်းမင်ရွှယ်ကဲ့သို့ နတ်တစ်ပါးကို ကိုင်တွယ်ရာတွင် လက်နက်အသုံးပြုရန်ပင် မလိုအပ်ပေ။ သို့သော် သူ​၏လက်ဖဝါး လမ်းတစ်ဝက်သို့ရောက်သောအခါ ဖန်းမင်ရွှယ်သည် အမှောင်နတ်ဧကရာဇ်သိုင်းပညာကို ကန့်သတ်ချက်သို့ တွန်းပို့လိုက်သည့်အတွက် သူမ၏ မျက်လုံးများသည် မည်းနက်သွားကာ သူမ၏လက်ထဲတွင် ပေတစ်သောင်းကျော်ရှည်သော အနက်ရောင်ဓားတစ်ချောင်း ပေါ်ပေါက်လာသည်။ ပြီးနောက် ဖန်းမင်ရွှယ်သည် ဓါးကို အထက်သို့လွှဲကာ အိုဒင်ကို ခုတ်ဖြတ်လိုက်သည်။ သူမ၏ စွမ်းအင်များ ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ ဟင်းလင်းပြင်ပင် အက်ကြောင်းများ ပြသလာသည်။

"ဒီအရောင်အဝါ..." အိုဒင်သည် ထိတ်လန့်သွားသည်။

ပြီးနောက် သူ​၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။ သူသည် ဤအမှောင်အရောင်အဝါ၏ ကြီးမားသော စွမ်းအင်ကို ခံစားလိုက်ရသည်။ အိုဒင်သည် ၎င်းစွမ်းအင်အနက် အမှောင်ထုကို ချုပ်ကိုင်၍ အပြိုင်စကြဝဠာကို အုပ်စိုးသည့် ဘုရင်တစ်ပါးကို တွေ့လိုက်ရဟန်ရှိသည်။ ထိုသို့သော နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရာတွင် နတ်ဘုရားတို့​၏ ဘုရင်ဟူသော အမည်သည် မပြောပါ့လောက်ပေ။ သို့သော် လက်ရှိ ဖန်းမင်ရွှယ်သည် ထိုစွမ်းအင်​၏ တစ်သိန်းအနက် တစ်ပုံကိုပင် ထိန်းချုပ်နိုင်စွမ်းမရှိသေးပေ။

ထိုကြောင့် အိုဒင်က လှောင်ရယ်လိုက်သည်။

"မင်းက ကျုပ်ကို ပိုပိုပြီး အံ့ဩအောင်လုပ်နေတာပဲ ဒါပေမယ့် ဒီနေ့တော့ မင်း ဒီနေရာမှာ သေရလိမ့်မယ်"

သူသည် ထိုသို့ပြောနေစဉ် ဖန်းမင်ရွှယ်​၏ အမှောင်ဓါးကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ကာ အခြားလက်တစ်ဖက်ဖြင့် ထာဝရလှံကို မြှောက်တင်၍ တိုက်ရိုက်ထိုးစိုက်လိုက်သည်။ သူသည် ဖန်းမင်ရွှယ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် နတ်အဆင့် ထာဝရလှံကို အသုံးပြုရန် မတွန့်ဆုတ်ခဲ့ပေ။ ထာဝရလှံ ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ အချိန်သည် ရပ်တန့်သွားပုံပေါ်သည်။

ဖန်းမင်ရွှယ်သည် သူမအား တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသည့် စွမ်းအင်ကို ခံစားလိုက်ရသောကြောင့် သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အမြွက်များပြသလာသည်။ ထိုအချိန်တွင် ထာဝရလှံသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ သူမ၏မျက်ခုံးတည့်တည့်တွင် တိုက်ရိုက်ပေါ်ပေါက်လာသည်။ အနည်းငယ်မျှသာ အရှေ့တိုးရုံဖြင့် ဖန်းမင်ရွှယ်သည် ထိုနေရာတွင် အဆုံးသတ်သွားနိုင်သည်။ သို့သော် ထိုအချိန်တွင် အနက်ရောင် နွယ်ပင်အများအပြား ရုတ်တရက် ပုံဖော်ဖွဲ့စည်းလာ၍ ထာဝရလှံကို ပိတ်ဆို့လျက် ရှေ့မတိုးနိုင်အောင် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလေသည်။

"ဟမ်" အိုဒင်​၏အမူအရာ နက်မှောက်သွားသည်။

မြင့်မားသော နတ်အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားမှလွဲ၍ မည်သူမျှ သူ၏ ထာဝရလှံကို ပိတ်ဆို့နိုင်မည် မဟုတ်ပေ။

"ဘယ်နတ်ဘုရားက စွက်ဖက်ရဲတာလဲ ကွ" အိုဒင်သည် လေးနက်သော အသံဖြင့် အော်လိုက်သည်။

ထိုအချိန်တွင် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ပြီးနောက် ဖန်းမင်ရွှယ်အရှေ့တွင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူမ၏မျက်နှာကို အပြည့်အဝ မြင်လိုက်ရသောအခါ အိုဒင်သည် တုန်ယင်လျက် မယုံကြည်နိုင်စွာ အော်ဟစ်လာသည်။

"ခလိုရစ်၊ မင်းက သစ်တောနတ်ဘုရားမ ခလိုရစ်ပဲ"

အမျိုးသမီးသည် ခေါင်းခါလျက် မချိပြုံးပြုံးကာ ပြောလိုက်သည်။

"နတ်တို့ရဲ့ဘုရင်၊ သစ်တောနတ်ဘုရားမဆိုပြီး မရှိတော့ပါဘူး။ နတ်သူငယ်တို့ရဲ့ မိခင်နတ်ဘုရားပဲရှိပါတော့တယ်"

အမှန်တကယ်ပင် ရောက်ရှိလာသူသည် တစ်ချိန်က သစ်တောနတ်ဘုရား ခလိုရစ်ဖြစ်ခဲ့သည့် လန်ဒန်မြို့ရှိ အမှောင်နတ်သူငယ်တို့၏မိခင်နတ်ဘုရားမမှလွဲ၍ အခြားမဟုတ်ပေ။ နတ်သူငယ်တို့​၏ မိခင်နတ်ဘုရားမကို စိုက်ကြည့်နေသည့် အိုဒင်​၏ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။ သူသည် ဥရောပမြောက်ပိုင်းရှိ နတ်ဘုရားတို့​၏ ဘုရင်ဖြစ်ခဲ့စဥ်ချိန်က ခလိုရစ်သည် သူ၏ကွပ်ကဲမှုအောက်တွင် သစ်တောများနှင့် သဘာဝတရားကို အုပ်စိုးသော နတ်ဘုရားမဖြစ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဟင်းလင်းပြင်​၏ အချက်အချာမျိုးနွယ်စုများ ဆင်းသက်လာသောအခါ ဤကမ္ဘာကြီးသည် ကြီးစွာသောင်းကနင်းဖြစ်ခဲ့သည်။ အိုဒင်သည် သူ​၏အသက်ကို ကယ်တင်ရန်အတွက် အပြင်နတ်ဘုရားများထံတွင် ခစားခဲ့သည့် ထိုသို့ဖြင့် သူ​၏ဇာတိနတ်ဘုရားများနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ခလိုရစ်သည် သူ​၏အပြုအမူကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီးနောက် အဆုံးတွင် သူနှင် ဆန့်ကျင်ဘက်ဖြစ်သွားခဲ့သည်။

အိုဒင်သည် ဒေါသကြီးစွာဖြင့် ထာဝရလှံကို အသုံးပြုကာ ခလိုရစ်​၏ နတ်အဆင့်အတန်းကို ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် သူသည် ခလိုရစ်ကို နတ်သတ်ကြွေသွားပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် ကံကြမ္မာအလှည့်အပြောင်းတွင် ခလိုရစ်​၏ နတ်အပိုင်းအစသည် အချိန်ဟင်းလင်းပြင်သစ်ပင်ကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့နှစ်ခု​၏ပေါင်းစပ်မှုသည် သူမ​၏အသက်ကို ကယ်တင်ရုံသာမကဘဲ အမှောင်နတ်သူငယ်များကိုလည်း မွေးဖွားလာစေသည်။ ဤမှတ်ဉာဏ်များသည် အိုဒင်​၏ အာရုံတွင် ပေါ်ပေါက်လာသည်။

"ခလိုရစ်၊ ဘာပဲပြောပြော မင်းက သစ်တောနတ်ဘုရားမဖြစ်နေတုန်းပဲ။ အဲဒီအချိန်က မြောက်ဥရောပရဲ့ နတ်ရုံးတော်ကို ကာကွယ်ဖို့ ပြင်ပနတ်ဘုရားတွေ ပူးပေါင်းရုံကလွဲပြီး ကျုပ်မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ ပြီးတော့ သူတို့ရဲ့အကျပ်ကိုင်မှုကြောင့်ပဲ မင်းရဲ့ နတ်အဆင့်အတန်းကို လှံနဲ့ ဖျက်ဆီးခဲ့ရတာ" အဆုံးတွင် အိုဒင်သည် လေးနက်စွာ သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် ကျုပ်ပြောတာကို ယုံပါ၊ ကျုပ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အမြဲတမ်း အပြစ်တင်နေခဲ့တာပါ။ အခု မင်းသာ သဘောတူရင် မင်းကို ပိုမြင့်မားတဲ့ နတ်အဆင့်အတန်းတစ်ခု ချက်ချင်းပေးပြီး နတ်ရုံးတော်ကို ပြန်လာခွင့်ပေးမယ်လေ ဘယ်လိုလဲ" အိုဒင်က ပြောလိုက်သည်။

"ရှင့် ကမ်းလှမ်းမှုက တော်တော်လေးစွဲမက်စရာပါ၊ အရင်ကထက်စာရင် ရှင့်ရဲ့ နတ်တန်ခိုးကလည်း အဆတစ်ထောင်ကျော်လောက် တိုးလာတာဆိုတော့ ရှင့်ရဲ့ရွေးချယ်မှုက တကယ်လည်း ကျေနပ်စရာကောင်းပါတယ်" နတ်သူငယ်တို့၏မိခင်နတ်ဘုရားမ အိုဒင်ကို ကြည့်၍ ညင်သာစွာ ပြောလိုက်သည်။

အိုဒင်၏ အမူအရာ ပျော့ပျောင်းလာ၍ စကားပြောရန် ဟန်ပြင်လိုက်ချိန်တွင် နတ်သူငယ်တို့၏မိခင်နတ်ဘုရားမသည် မြေပြင်ပေါ်ရှိ စိုးရိမ်စိတ်ဖြင့် ငေးကြည့်နေသော အမှောင်နတ်သူငယ်များကို ငုံ့ကြည့်လျက် ညင်သာစွာ ပြောလိုက်သည်။

"ဒါပေမယ့် ကိုယ့်နောက်လိုက်တွေကို စွန့်ပစ်ပြီး ထွက်ပြေးသွားတဲ့ နတ်ဘုရားက နတ်ဘုရားလို့ ခေါ်ထိုက်ရဲ့လားလို့ ကျွန်မ အမြဲတွေးနေမိတယ်"

"မင်း... " အိုဒင်က အံ့အားသင့်သွားသည်။

"ခလိုရစ်၊ ဝိုင်ကို ငြင်းဆန်လို့ ပြစ်ဒဏ်ကို သောက်ရတဲ့အခြေအနေ မဖြစ်စေနဲ့။ အခု လက်နက်ချလိုက် ဒါဆိုရင် ကျုပ်တို့ဖခင်က အတိတ်ကဆက်ဆံရေးကြောင့် ခင်ဗျားကို နတ်အဆင့်အတန်းတစ်ခု ပေးအပ်လိမ့်မယ်။ မဟုတ်ရင် ခင်ဗျားရဲ့ နတ်တိုင်းပြည်လည်း ပျက်သုဉ်းရလိမ့်မယ်" အိုဒင်အနောက်ရှိ နတ်သားတော် ဗီဒါသည် အရှေ့တိုးလာ၍ စိတ်မရှည်စွာ ပြောလိုက်သည်။

နတ်သူငယ်တို့​၏မိခင်နတ်ဘုရားမက ရယ်လိုက်သည်။

"အရင်ကတောင် ကျွန်မကိုသတ်နိုင်တဲ့ စွမ်းအင်ရှိတာ အခုဆိုရင် ပိုလို့တောင်လွယ်ကူမှာပါ၊ ကျွန်မ ရှင့်ကို မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်"

"သိထားတာ ကောင်းပါတယ်" ဗီဒါက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် နတ်သူငယ်တို့၏မိခင်နတ်ဘုရားမသည် ဖန်းမင်ရွှယ်ကို လှည့်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလျက် ပြောလိုက်သည်။

"မင်းတို့အရှင် ပြန်လာတဲ့အခါ ကျွန်မ သွားနှင့်ပြီမို့လို့ ကျေးဇူးပြုပြီး ကျွန်မကလေးတွေကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ပြောပေးပါ"

ဤသို့ဖြင့် နတ်သူငယ်တို့၏မိခင်နတ်ဘုရားမသည် မြေပြင်ရှိ နတ်သူငယ်များကို မထားရက်နိုင်စွာ လှည့်ကြည့်လိုက်သည်။

"မိခင်နတ်ဘုရား၊ ရှင် ဘာလုပ်မလို့လဲ" ဖန်းမင်ရွှယ်က ထိတ်လန့်သွားသည်။

မိခင်နတ်ဘုရားမ​သည် တီးတိုးပြောနေစဉ် သူမ အနီးတစ်ဝိုက်ရှိ အရောင်အဝါများ ပိုပို၍တောက်ပလာသည်။

"မင်ရွှယ်၊ ကျွန်မ ရှင့်ကို ကူညီမလို့ပါ... နတ်အပိုင်းအစ ထွန်းညှိစေ"

အခန်း (၉၅၁) နတ်အဆင့်အတန်း တိုးမြင့်ခြင်း၊ အမှောင်အုပ်စိုးရှင်

သူမ စကားလုံးများ တိုးဖျော့လာသည်နှင့်အမျှ မရေတွက်နိုင်သော အလင်းတန်းများ ခလိုရစ်​၏ခန္ဓာကိုယ်မှ လွင့်ပျံလာ၍ ဖန်းမင်ရွှယ်​၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ပျံသန်းသွားလေသည်။ ဖန်းမင်ရွှယ်သည် ပြင်းထန်စွာ တုန်လှုပ်ပြီးနောက် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မလှုပ်ရှားနိုင်တော့ပေ။

အိုဒင်​၏ မျက်လုံးအကြည့်များ အေးခဲသွားသည်။

"သူ နတ်အဆင့်အတန်းကို လောင်မြိုက်နေတာ၊ သူ့ကို သတ်ပစ်ကြ"

ဗီဒါသည် အေးစက်စွာ သရော်တိုက်ပြီးနောက် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရင်၏သားတော် ဗီဒါသည် သူ​၏ခွန်အားဖြင့် နတ်သူငယ်အမျိုးသမီးတစ်ယောက်ကို သတ်ခြင်းသည် အလွန်လွယ်ကူလှသည်။ သို့သော် သူ​၏ဓားသွားသည် နတ်သူငယ်အမျိုးသမီးကို ထိခါနီးတွင် မဟူရာနဂါးတစ်ကောင်က ထိုနေရာတွင် ရုတ်တရက် ပေါ်ပေါက်လာ၍ သူမအစား ဝင်ခံလိုက်သည်။

ဘန်း

ဗလုံးဗထွေး အသံထွက်ပေါ်လာပြီးနောက် မဟူရာနဂါးသည် အလွန်ကျယ်လောင်စွာ အော်ဟစ်မြည်တမ်း၍ သူ၏အရိုးများသည်လည်း တစ်စ တစ်စ ကွဲအက်ကာ ဖုန်မှုန့်အဖြစ် လွင့်ပြယ်သွားလေသည်။ အရိုးနဂါးကို ဆင့်ခေါ်ခဲ့သော အောက်လမ်းဆရာ ခါရာဆက်သည် သွေးများ အန်ထုတ်လာ၍ လျင်မြန်စွာ အသက်ကြီးရင်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုဓားချက်ကို ရပ်တန့်နိုင်ခဲ့သည်။

"စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ပုရွက်ဆိတ်တွေ၊ ကျုပ်ကို တားရဲတယ်ပေါ့လေ။ ကျုပ် မင်းတို့ကို စိတ်ဝိညာဉ်ရုပ်သေးတွေအဖြစ် ပြောင်းလဲပစ်မယ်" ဗီဒါ​၏မျက်နှာသည် ဒေါသစိတ်ကြောင့် နက်မှောင်သွားသည်။

ဟိန်းဟောက်သံကြားတွင် ဗီဒါသည် ဓားကို မြှောက်ကာ ထပ်မံထိုးနှက်လိုက်သည်။ ဧရာမတိုက်တန်ကြီးသည် ပိတ်ဆို့ရန် အရှေ့သို့ ချီတက်ရန် ဟန်ပြင်လိုက်သောအခါ နတ်ဆိုးအမျိုးသမီးတစ်ဦးက ဧရာမတိုက်တန်ကြီးကို လှမ်းဆွဲလိုက်သည်။

"မဖြစ်ဘူး၊ ရှင် သေသွားလိမ့်မယ်"

"တိုက်တန်မျိုးနွယ်ထဲမှာ ကျုပ် တစ်ယောက်ပဲ ကျန်တော့တာ၊ အခုသေသွားတာက ကျုပ်ကို သက်သာရာရစေမှာပါ" ဧရာမတိုက်တန်ကြီးက တည်ငြိမ်စွာ ပြုံးလိုက်သည်။

"မဟုတ်ဘူး၊ ရှင် သေသွားရင် ကျွန်မ ဘာလုပ်

မလဲ" နတ်ဆိုးအမျိုးသမီးသည် ဧရာမ တိုက်တန်ကြီးကို နောက်ကျောမှ ဖမ်းဆုပ်ထားလိုက်သည်။

"ကျွန်မ တစ်ကိုယ်ကောင်းဆန်နေတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်မ ရှင့်ကို ချစ်လို့ အခုတော့ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ပဲဖြစ်ချင်တယ်"

ဧရာမတိုက်တန်ကြီးသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူ၏ ကျားကဲ့သို့ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ဤမြင်ကွင်းကိုမြင်လိုက်ရသော အမှောင်ကောင်စီဝင်များအားလုံး တိတ်ဆိတ်သွားကြသည်။ ဥရောပရှိ လူတိုင်းနီးပါးသည်လည်း နှုတ်ဆိတ်သွားလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဗီဒါက အေးစက်စွာ လှောင်ရယ်လိုက်သည်။

"ကံဆိုးတဲ့ချစ်သူစုံတွဲတစ်တွဲပါလား။ ဒါပေမယ့် ရန်ဖြစ်မနေကြပါနဲ့၊ မင်းတို့အားလုံး မကြာခင်သေရမှာပါ" ဗီဒါသည် ပြောနေစဉ် ဓားဖြင့် ခုတ်ချလိုက်သည်။

နတ်ဆိုးအမျိုးသမီးက အံကြိတ်လျက် သူမ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ မှိန်ဖျော့သွားခဲ့ရာ၊ နောက်အခိုက်အတန့်တွင် ဖန်းမင်ရွှယ်အရှေ့တွင် ပေါ်ပေါက်လာသည်။

"မဖြစ်ဘူး" ဧရာမတိုက်တန်ကြီးသည် ဟိန်းဟောက်ပြီးနောက် သူမအနောက်သို့ လိုက်ရန် ကြိုးစားလိုက်သည်။

နတ်ဆိုးအမျိုးသမီးသည် တောက်ပစွာ ပြုံးနေစဉ် ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် ဗီဒါကို စိုက်ကြည့်လျက် ပြောလိုက်သည်။

"ရှင် မှားတယ်။ ကျွန်မတို့က ရွံစရာကောင်းတဲ့ ပုရွက်ဆိတ်တွေမဟုတ်ဘူး။ ရှင်ကမှ ရွံစရာကောင်းတဲ့ ပုရွက်ဆိတ်ပဲ"

ဤသို့ဖြင့် နတ်ဆိုးအမျိုးသမီးက စူးရှစွာ အော်ဟစ်လိုက်သည်။ ဤစူးရှသော အော်သံဖြင့် သူမကိုယ်ကို လောင်မြိုက်လျက် ဝိညာဉ်များကို တိုက်ရိုက် တိုက်ခိုက်စေမည့် သေခြင်းအနမ်းတစ်ပွင့် ဖန်တီးလိုက်သည်။ ကြမ်းတမ်းသော အသံလှိုင်းများသည် ဗီဒါဆီ ဦးတည်လာသည်၊ ၎င်းတို့၏ ပြင်းထန်မှုသည် အလွန်ကြီးမားသောကြောင့် ဗီဒါလျှင်ပင် ဖြူဖျော့လာ၍ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သို့သော် ဤမျှသာဖြစ်ပွားခဲ့သည်။ ဗီဒါသည် အဆင့်အတန်းမြင့်မားသော နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် ထိုသို့သော စွမ်းအင်ဖြင့် သူ့ကို အမှန်တကယ် မထိခိုက်နိုင်ပေ။

ထို့ကြောင့် တခဏချင်းပင် အသိပြန်ကပ်လာသည်။ ထိုအခါ ဗီဒါသည် အလွန်ဒေါသထွက်သွားသည်။ တော်ဝင်နတ်ဘုရားတစ်ပါးဖြစ်သည့် သူသည် နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးကြောင့် နောက်ဆုတ်ရခြင်းသည် သူ့ကို လက်မခံနိုင်ဖြစ်စေသည်။ ထိုကြောင့် ဗီဒါသည် ဓားကို ဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။

"သေပေတော့"

ထိုအချိန်တွင် နတ်ဆိုးအမျိုးသမီးခန္ဓာကိုယ်သည် ဝိညာဉ်ကို အလွန်အကျွံ လောင်မြိုက်ခဲ့သောကြောင့် ထိုးဖောက်မြင်ရလုနီးပါးပင်ဖြစ်နေသည်။ ဤမလွှဲမရှောင်နိုင်သော သေခြင်းတရားကို ရင်ဆိုင်ရသောအခါ နတ်ဆိုးအမျိုးသမီးသည် သူမဆီသို့ အပြင်းအထန် ပြေးလာသော ဧရာမတိုက်တန်ကြီးကို လှည့်ကြည့်၍ ပြုံးလိုက်သည်။

"နှုတ်ဆက်ပါတယ် အချစ်ရေ"

"မဖြစ်ဘူး" ဧရာမတိုက်တန်ကြီး​၏ မျက်လုံးများ ပေါက်ကွဲလုနီးပါး ပြူးကျယ်နေသည်။

ပြတ်သားသော အသံနှင့်အတူ နတ်ဆိုးအမျိုးသမီး၏ ခန္ဓာကိုယ် အပိုင်းပိုင်းကွဲထွက်သွားကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားလေသည်။

"ဟား။ အဆင့်အတန်းနိမ့်တဲ့ သတ္တဝါတွေ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ" ဗီဒါက မထီမဲ့မြင်ပြုလိုက်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင်ထဲမှ အကိုင်းအခက်များ ထွက်ပေါ်လာ၍ နတ်သူငယ်အမျိုးသမီးနှင့် ဖန်းမင်ရွှယ်တို့ကို လုံခြုံစွာ ကာရံထားလိုက်သည်။

အိုဒင်က အေးစက်စွာ သရော်တိုက်လိုက်သည်။

"အချိန်သစ်ပင်။ ခလိုရစ်၊ မင်း အခုအချိန်အထိ ရှင်သန်နေတာ ဒါကြောင့်ပေါ့လေ ဟုတ်လား။ ခုတ်လိုက်စမ်း"

"ဟုတ်ကဲ့" ဗီဒါက ပြန်ဖြေပြီးနောက် ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။

ဓားချက်တိုင်းဖြင့် မရေတွက်နိုင်သော အကိုင်းအခက်များ ပြတ်တောက်သွားသော်လည်း နောက်စက္ကန့်တွင် ပို၍များပြားသော အကိုင်းအခက်များ ပေါက်ရောက်လာလေသည်။ နတ်ဘုရားအဆင့်အတန်း လောင်ကျွမ်းလုနီးပါးဖြစ်နေသည့် မိခင်နတ်ဘုရားမသည် သူမ​၏ ပျောက်ကွယ်လုနီးပါးသော လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ အကိုင်းအခက်တစ်ခု ဆန့်ထုတ်လာကာ မိခင်နတ်ဘုရားမ၏လက်ချောင်းထိပ်ကို ညင်သာစွာ ထိရှပ်လာသည်။

မိခင်နတ်ဘုရားမက ပြုံးလိုက်သည်။

"မိတ်ဆွေဟောင်းရေ ကျွန်မရဲ့နောက်ဆုံးခရီးကို လိုက်ပို့ဖို့ လာခဲ့တာလား"

နှစ်ထောင်ပေါင်းများစွာ အဖော်ပြုပြီးနောက် သူမနှင့် အချိန်သစ်ပင်သည် စိတ်ဝိညာဉ်ချင်း ချိတ်ဆက်သွားခဲ့သည်။ သူမ စကားကိုကြားသောအခါ သစ်ကိုင်းသည် ညင်သာစွာ တုန်လှုပ်လာသည်။ ထိုအချိန်တွင် မိခင်နတ်ဘုရားမ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေ၍ သူမသည် တီးတိုး ပြောလိုက်သည်။

"မိတ်ဆွေဟောင်းရေ၊ အသင့်ရဲ့ အကိုင်းအခက်တွေမှာ အစိမ်းရောင်ငှက်ကလေးတစ်ကောင် ဝဲပျံနေတာတွေ့ရင် ကျွန်မ အသင့်ကို လာတွေ့တယ်ဆိုတာကို အသင် သိလိုက်ပါ"

ဤသို့ဖြင့် မိခင်နတ်ဘုရားမသည် နောက်ဆုံးခွန်အားကို အသုံးပြု၍ ဖန်းမင်ရွှယ်ကို တိုက်ရိုက် ပွေ့ပိုက်လိုက်သည်။ အကိုင်းအခက်သည် အနည်းငယ် တုန်လှုပ်သွားခဲ့ရာ၊ ၎င်း၏အသံသည် လူသားတစ်ယောက်​၏ ငိုကြွေးသံကဲ့သို့ ထင်မှတ်ရစေသည်။ ထိုအချိန်တွင် အိုဒင်သည် စိတ်မရှည်တော့ပေ။ ယခုအချိန်တွင် ကမ္ဘာမြေကြီးတစ်ခုလုံး စစ်မီးတောက်ထဲတွင် နစ်မြုပ်နေကြောင်း သူ ခံစားနိုင်သည်။ လူသားများသည် အင်အားကြီးမားသော နတ်ဘုရားများအရှေ့တွင် မွေးကင်းစကလေးများကဲ့သို့ အားနည်းလှသည်။ ဤသို့ဆိုလျှင်ပင် ၎င်းနတ်ဘုရားများအနက် သူ​၏တိုက်ပွဲသည် အနှေးဆုံးဖြစ်နေသည်။

အိုဒင်က အေးစက်စွာ သရော်တိုက်ပြီးနောက် ပြောလိုက်သည်။

"ငါ့သား၊ ဘေးဖယ်"

အိုဒင်သည် ထာဝရလှံကို မြှောက်၍ အောက်သို့ ပစ်ချလိုက်လေ၏။ ထိုအခါ ဗီဒါသည် ဘေးဘက်သို့ အလျင်အမြန် ဖယ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထာဝရလှံသည် ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်ပြီးနောက် အချိန်နှင့်ဟင်းလင်းပြင်သစ်ပင်၏ အကိုင်းအခက်များကို တိုက်ရိုက်ထိမှန်သွားသည်။

ဘန်း

ထာဝရလှံ ဖြတ်သွားရာနေရာရှိ အကိုင်းအခက်များ ဖုန်မှုန့်များအဖြစ် ပျက်စီးပျောက်ကွယ်သွား​၏။ ကျန်အကိုင်းအခက်များသည် ဝေဒနာကို တွန်းလှန်ရန်အတွက် တွန့်လိမ်နေကြသည်။ သို့သော် နတ်လက်နက်​၏ အရှေ့တွင် အချိန်နှင့်ဟင်းလင်းပြင်သစ်ပင်သည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိတော့ပေ။ နောက်ဆုံးတွင် ကျယ်လောင်သော အက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အကိုင်းအခက်များ ကွဲအက်ကြေမွသွားလေသည်။ ထာဝရလှံ၏အရှိန်အဟုန်သည် အနည်းငယ်မျှ မလျော့နည်းသွားဘဲ ထိုနေရာတွင် ငေးငိုင်နေဆဲဖြစ်သော ဖန်းမင်ရွှယ်ကို တိုက်ရိုက်ထိမှန်တော့မည်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် မြေပြင်တစ်ခုလုံး အနည်းငယ်တုန်လာသည်။ အမှောင်ထုသည် ၎င်းတို့နတ်ဘုရားကို ပြန်လည်ကြိုဆိုသကဲ့သို့ တစ်ဟုန်ထိုး မြင့်တက်လာ၍ မြူးပျော်နေကြသည်။ ပြီးနောက် အလွန်ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုများ ထိုနေရာသို့ ဆင်းသက်လာကာ ညကောင်းကင်ယံကို မိုင်ထောင်ပေါင်းများစွာချီသည်အထိ ဖုံးလွှမ်းသွားလေသည်။

"နတ်တိုင်းပြည်" အမှောင်စုန်းမ အန်နာစတေရှာသည် ညင်သာစွာ တီးတိုးပြောလိုက်သည်။

"မင်ရွှယ် နတ်ဘုရားတစ်ပါးဖြစ်သွားပြီ"

သူမ စကားများ မပြီးဆုံးမီ ဖန်းမင်ရွှယ်​၏ မျက်လုံးများတွင် အမှောင်မီးတောက်များ ရုတ်တရက် လင်းလက်လာသည်။ ပြီးနောက် သူမသည် ရောက်လာသော ထာဝရလှံကို လက်မြှောက်၍ ဆုပ်ကိုင်လိုက်သည်။

အိုဒင်​၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။

"ခလိုရစ်၊ မင်းရဲ့ နတ်အဆင့်အတန်းကို လောင်မြိုက်ရင်တောင် မင်းက ကျုပ်ရှေ့မှာ အဆင့်နိမ့်ကျတဲ့ နတ်ဘုရားတစ်ပါးထက် မပိုနိုင်ဘူးကွ"

အိုဒင်သည် စကားပြောနေစဉ် နတ်တန်ခိုးများ တစ်ဟုန်ထိုးမြင့်တက်လာ၍ ထာဝရလှံကို တစ်ဖန်ထိုးနှက်လိုက်ပြန်သည်။ သို့သော် ဤတိုက်ခိုက်မှုသည် ဖန်းမင်ရွှယ်ကို ထိုနေရာမှပင် ရွေ့လျားအောင် မပြုလုပ်နိုင်ခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ" အိုဒင်က ထိတ်လန့်သွားသည်။

ထိုအချိန်တွင် ဟင်းလင်းပြင်ထဲရှိ အမှောင်ပလ္လင်သည် ပြင်းထန်စွာ ပြောင်းလဲလာပြီးနောက် ချက်ချင်းပင် ယခင်ကထက် အဆတစ်ရာ ပို၍ကြောက်မက်ဖွယ်ကောင်းသော ရာဇပလ္လင်အသစ်တစ်ခုဖြစ်လာသည်။

"အမှောင်နတ်ပလ္လင်" ခါရာဆက်သည် သွေးများ အန်ထုတ်လျက် ပြုံးလိုက်မိသည်။

ဖန်းမင်ရွှယ်သည် ထိုပလ္လင်ဖြင့် ဤနယ်ပယ်၏ အမှောင်အာဏာရှင်ဖြစ်လာကြောင်း သက်သေပြနေသည်။ အိုဒင်​၏ နှလုံးသား တုန်လှုပ်သွားသည်။ နတ်အဆင့်အတန်းကို ထွန်းညှိခါစသာရှိသေးသော ဖန်းမင်ရွှယ်သည် အဆင့်အတန်းမြင့် နတ်ဝိညာဉ်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားမည်ဟု အိုဒင် မမျှော်လင့်ထားခဲ့ပေ။ ထိုအချိန်တွင် ဖန်းမင်ရွှယ်က လက်ညှိုးညွှန်၍ ပြောလိုက်သည်။

"သတ်"

ထိုနေ့တွင် ဖန်းမင်ရွှယ်သည် အမှောင်ကောင်စီဝင်များကို ဦးဆောင်၍ အိုဒင်နှင့်အတူ ဆင်းသက်လာသော နတ်ဘုရားများကို အပြင်းအထန် တိုက်ခိုက်ခဲ့လေသည်။ သူသည် မရေတွက်နိုင်သော နတ်စစ်သည်တော်များကို သုတ်သင်ပြီးနောက် နတ်သားတော် ဗီဒါကို အပြင်းအထန် ဒဏ်ရာရရှိသည်အထိ တိုက်ခိုက်ခဲ့သည့်အပြင် အိုဒင်​၏ ထာဝရလှံသည်လည်း ပျက်စီးခဲ့ရသည်။ အမှောင်ကောင်စီဝင် နတ်သူငယ်အမျိုးသမီး နတ်သက်ကြွေသွားခဲ့၍ မကြာသေးမီကမှ နတ်ရာထူးသို့ တက်လှမ်းခဲ့သော ဖန်းမင်ရွှယ်သည် ဒဏ်ရာအပြင်းအထန်ရရှိကာ သတိလစ်မေ့မြောနေလေသည်။

All Chapters