← Chapters

အခန်း (၉၅၅-၉၅၇)

Vol. 64 Ch. 955-957

အခန်း (၉၅၅-၉၅၇)

Vol. 64 Ch. 955-957

အခန်း (၉၅၅) စည်းတံဆိပ်အဖြစ် ကောင်းကင်နှင့်မြေကြီး၊ တံဆိပ်တုံးအဖြစ် နေနှင့်လ

"နည်းပြဆရာ"

"လူကြီးမင်းရွှယ်"

"အရှင်"

ထိုအော်ဟစ်သံများကြားတွင် ရွှယ်အန်းသည် စွမ်းအင်ချိပ်ပိတ်ခံရသူများကို မြင်လိုက်ရသည်နှင့် မျက်လုံးများတွင် သတ်ဖြတ်စိတ်များ တဖြည်းဖြည်း ပြင်းထန်စွာ ထုတ်ဖော်ပြသလာပြီးနောက် ယဲ့လျို့ယန်နှင့် သူ့အနောက်ရှိ နတ်ဘုရားများကို လှည့်ကြည့်လိုက်သည်။

"ဒါကို ဘယ်သူလုပ်တာလဲ"

သူ၏လေသံသည် ခံစားချက်ကင်းမဲ့နေသော်လည်း ထိုနတ်ဘုရားများ၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။ ထိုအချိန်တွင် အရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော ယဲ့လျို့ယန်က ရယ်မောလိုက်သည်။

"မဟာချိပ်ပိတ်ခြင်းနည်းပညာကို ချိုးဖျက်ပြီး မျှော်လင့်ချက်မဲ့တဲ့ ကမ္ဘာကနေ ခင်ဗျား တကယ် လွတ်မြောက်လာနိုင်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ခဲ့ဘူး။ ကျုပ် ခင်ဗျားကို လျှော့တွက်မိခဲ့ပုံပဲ"

"ဒါကို ဘယ်သူလုပ်တာလဲ" ရွှယ်အန်းသည် ယဲ့လျို့ယန်​၏စကားများကို လျစ်လျူရှုပြီးနောက် ထပ်မေးလိုက်သည်။

ယဲ့လျို့ယန် မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း အေးခဲသွား၍ သူသည် ကြောက်မက်ဖွယ်ကောင်းစွာ ပြောလိုက်သည်။

"ရွှယ်အန်း၊ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်တာနဲ့ ဘာမဆို လုပ်နိုင်မယ်လို့ မထင်နဲ့။ ကျုပ် ရှေ့မှာ ခင်ဗျားတို့အားလုံးက ပုရွက်ဆိတ်သာသာပဲ"

ရွှယ်အန်းသည် ထိုစကားများကို မကြားဟန်ဖြင့် ယဲ့လျို့ယန်နံဘေးတွင် ရပ်နေသော ကုန်းဝူကျန်းကို လှည့်ကြည့်လိုက်သည်။

"ဒါ ခင်ဗျားလုပ်ခဲ့တာလား"

ရွှယ်အန်း၏ စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်သောအခါ ကုန်းဝူကျန်းသည် နှလုံးသားတစ်ခုလုံး တုန်လှုပ်လာ၍ မသိစိတ်က အလိုလိုဆုတ်ခွာရန် တွေးမိသွားသော်လည်း မကြာမီတွင် အသိပြန်ကပ်လာသောကြောင့် အနည်းငယ် ဒေါသထွက်သွားသည်။ ကြီးမြတ်သော အင်မော်တယ်သခင်အဆင့်ဖြစ်သည့် သူမသည် စစ်မှန်အင်မော်တယ်အဆင့်နှင့်ပင် မထိုက်တန်သော အင်းစက်တစ်ကောင်​၏ မေးခွန်းထုတ်မှုကြောင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ဤသည်မှာ သူမ လုံးလုံးလျားလျား လက်မခံနိုင်သည့် အရာတစ်ခုဖြစ်သည့်အတွက် အေးစက်စွာ လှောင်ရယ်လျက် ခေါင်းမော့ကာ ပြောလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မ လုပ်ခဲ့တာပဲ။ ရွှယ်အန်း၊ ကျွန်မရဲ့ချိပ်ပိတ်မှုကို ချိုးဖျက်တဲ့နေရာမှာ ရှင် အထင်ကြီးစရာကောင်းတဲ့ ခွန်အားတွေ ပြသခဲ့တာမှန်ပေမယ့် အဲဒါနဲ့ တစ်ခုခု ပြောင်းလဲသွားမယ်လို့ ထင်နေတာလား"

စကားပြောနေစဉ်တွင် ကုန်းဝူကျန်း၏မျက်နှာတွင် လှောင်ပြုံးတချို့ ပေါ်ပေါက်လာသည်။

"ရှင် အရမ်းနုံအလွန်းတယ် ရွှယ်အန်း။ ကျွန်မသာ ရှင်ဆိုရင် နေရာတစ်ခုရှာပြီး ပုန်းနေလောပြီ၊ သေဖို့အတွက်... ဒီနေရာကို အလျင်စလို ပြန်ပြေးလာမှာ မဟုတ်ဘူး"

ပြောပြီးသည်နှင့် ကုန်းဝူကျန်းသည် ရွှယ်အန်းကို ညွှန်ပြ၍ အေးစက်စွာ အော်ငေါက်လိုက်သည်။

"သူ့ကို သတ်ပစ်လိုက်"

ထိုအမိန့်ဖြင့် ကောင်းကင်တစ်ခုလုံးတွင် ပြည့်နှက်နေသည့် နတ်ဘုရားများ တညီတညွတ်တည်း ရွေ့လျားလာကာ ရွှယ်အန်းကို ဝန်းရံလိုက်ကြသည်။ ဂြိုလ်တုမှတစ်ဆင့် ကြည့်ရှုနေသည့် ဘီလီယံနှင့်ချီသော လူများသည် ဤမြင်ကွင်းကို မြင်သောအခါ တိတ်ဆိတ်ငြိမ်သက်သွားကြကာ ၎င်းတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လာသည်။ မှန်သည်၊ လူကြီးမင်းရွှယ်သည် ယခင်က ဤကမ္ဘာကို လွှမ်းမိုးထားခဲ့၍ ပြိုင်ဘက်ကင်းသူဟု သတ်မှတ်ခံခဲ့ရသည်။

ယခုမူ၊ သူသည် ဤကမ္ဘာသို့ ဆင်းသက်လာသည့် ကြောက်မက်ဖွယ် နတ်ဘုရားများနှင့် ရင်ဆိုင်နေရ၍ ၎င်းတို့အနက် ကုန်းဝူကျန်းကဲ့သို့သော အင်အားကြီး ဖြစ်တည်မှုမျိုးပါရှိနေသည်။ ကောင်းကင်ဘုံ​၏အရှင်သခင်အဖြစ် လေးစားခံရသော ယဲ့လျို့ယန်၏ တန်ခိုးသည်လည်း အလွန်နားမလည်နိုင်ဖွယ် နက်နဲလှသည်။ သို့သော် လူကြီးမင်းရွှယ်သည် တစ်ယောက်တည်းဖြစ်​၏။ ဤမျှကွာဟနေသော အရေအတွက်ကြားတွင် လူကြီးမင်းရွှယ်သည် အခြေအနေကို အမှန်တကယ် ပြောင်းလဲ၍ ကမ္ဘာကြီးကို အန္တရာယ်မှ ကယ်တင်နိုင်မည်သလော။

မရေတွက်နိုင်သော လူအများ​၏ စိတ်ထဲတွင် ကြီးမားသော မေးခွန်းအမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် ရွှယ်အန်းသည် သူ၏ ထူးချွန်မှုကို ဆက်လက်ထိန်းသိမ်းလျက် ဆင်းသက်လာသော နတ်ဘုရားအားလုံးကို ချေမှုန်းနိုင်မည်ဟူသော မျှော်လင့်ချက်ကိုသာ လူတိုင်းမျှဝေခံစားနေကြသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ကောင်းကင်တွင် အမူအရာကင်းမဲ့စွာ ရပ်တန့်လျက် အနီးနားရှိ နတ်ဘုရားများကို ဘာသိဘာသာ ပြောလိုက်သည်။

"တစ်ခါတည်း အကုန်လာကြ၊ ကျုပ်မှာ အချိန်မရှိဘူး"

ဘုံး

ထိုစကားသည် လူတိုင်းကို မိုးကြိုးပစ်သံကဲ့သို့ ထိတ်လန့်သွားစေသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားများဖြစ်ကြသည်။ သို့သော် လူကြီးမင်းရွှယ်၏ ပါးစပ်တွင် ၎င်းတို့သည် ကြက်များနှင့် ခွေးများထက် ထူးခြားပုံမပေါ်ဘဲ ရိုးရှင်းနေသည်။ လူများစွာသည် ခါးသီးစွာ ပြုံးလိုက်ကြရာ၊ ၎င်းတို့သည် လူကြီးမင်းရွှယ်၏ရဲရင့်မှုကို လျှော့တွက်ထားပုံရသည်။

ထိုကဲ့သို့ အင်အားကြီးမားသော ရန်သူများနှင့် ရင်ဆိုင်ရသောအခါ သူသည် ယခုကဲ့သို့ အေးဆေးတည်ငြိမ်စွာ ပြုမူနေဆဲဖြစ်သည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသူတစ်ဦး​၏ စစ်မှန်သော အပြုအမူသာဖြစ်သလော။ အများအပြားသည် အလွန်တုန်လှုပ်သွားကြသည်။ သို့သော် ရွှယ်အန်း​၏ စကားလုံးများသည် ကောင်းကင်နတ်ဘုရားများအားလုံးကို ဒေါသထွက်သွားစေသည်။

"အသိဉာဏ်မဲ့တဲ့ ငမိုက်သား"

"အင်းဆက်လိုအကောင်၊ သေပေတော့"

ကောင်းကင်တွင် ပြည့်နှက်နေသည့် နတ်ဘုရားများသည် အော်ငေါက်လျက် ရွှယ်အန်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ဤနတ်ဘုရားအများစုသည် လီဟန်ကောင်းကင်ဘုံ​၏ တန်ခိုးကြီး နတ်အစောင့်များဖြစ်၍ အချို့သည် မြောက်ဥရောပနတ်ရုံတော်၏ နတ်ဘုရားများဖြစ်ကြသည်။ အိုဒင်သည် ၎င်းတို့အနက် ပါဝင်ပေသည်။ ကမ္ဘာမြေသို့ ပြန်ရောက်ကတည်းက နတ်ဘုရားများ​၏ ယခင် ဘုရင်များသည် အတော်လေး မှေးမှိန်ခဲ့ရသည်။

သူသည် မွေးရပ်မြေသို့ ပြန်ရောက်သောအခါ အာဏာပြရန် ရည်ရွယ်ထားသော်လည်း မမျှော်လင့်ဘဲ နတ်ရာထူးသို့ တက်ခါစဖြစ်သည့် ဤနယ်မြေ၏ အမှောင်သခင် ဖန်းမင်ရွှယ်နှင့် ကြုံတွေ့ခဲ့ရသည်။ ပြင်းထန်သောတိုက်ပွဲအပြီးတွင်၊ သူ၏နတ်သားတော် ဗီဒါ​၏ နတ်အဆင့်အတန်း ကွဲအက်လုနီးပါးဖြစ်ခဲ့ရသည့်အပြင် မရေတွက်နိုင်သည့် ရဲရင့်သောစစ်သည်များလည်း ဆုံးရှုံးသွားခဲ့သည်။ သူ၏ နတ်လက်နက်ဖြစ်သည့် ထာဝရလှံလျှင်ပင် အပြင်းအထန် ထိခိုက်ကာ သုံးပိုင်းပြတ်သွားခဲ့သည်။

ဖန်းမင်ရွှယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် သတိမေ့မြောသွားခဲ့သည်။ အိုဒင်သည်လည်း ထိတ်လန့်၍ ဥရောပကို မနှောင့်ယှက်ရဲတော့သည့်အတွက် ဟွာမျိုနွယ်ဆီ အရှက်တကွဲ အကျိုးနည်း ပြန်လာရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ ဤဆုတ်ယုတ်မှုများသည် သက်သေပြရန် အခွင့်အရေးရှာလိုသော နတ်ဘုရင်ကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။ အချိန်အခါသင့်စွာဖြင့် ယနေ့တွင် ရွှယ်အန်း ပြန်ရောက်လာခဲ့သည်။

အကယ်၍ တစ်ဦးချင်း ရန်ပွဲဖြစ်ခဲ့ပါက အိုဒင်သည် လှုပ်ရှားဝံ့မည်မဟုတ်ပေ။ ရွှယ်အန်းနှင့် ယခင်တိုက်ပွဲတွင် သူ သေလုမျောပါးဖြစ်ခဲ့ရသည့်မြင်ကွင်းကို မှတ်မိနေဆဲဖြစ်သည်။ ယခုမူ၊ နတ်ဘုရားများအားလုံး အတူတကွ လှုပ်ရှားဆောင်ရွက်မည်ဖြစ်သည့်အတွက် လက်သီးချက်အနည်းငယ်ဖြင့် တိုက်ခိုက်ခြင်းသည် ပြဿနာရှိမည်မဟုတ်ပေ။ သွေးဘုရားနှင့် ဗီဒါသည်လည်း တူညီသော အတွေးအမြင်များရှိနေသည်။

သူသည် ရွှယ်အန်းကို အရိုးထဲထိ မထီမဲ့မြင်ပြုနေသော်လည်း တစ်ချိန်တည်းမှာပင် အလွန်သတိထားနေခဲ့သည်။ ထို့ကြောင့် သူသည် လှည့်ပတ်၍သာ ရွှယ်အန်းကို ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေဝံ့ခဲ့သည်။ ထိုအချိန်တွင် ဤနတ်ဘုရားရာပေါင်းများစွာတို့အားလုံး လှုပ်ရှားလိုက်ကြသည်။ ဤသည်မှာ ကြောက်မက်ဖွယ် မြင်ကွင်းဖြစ်ပေသည်။ မိုင်တစ်ထောင်ပတ်လည်အတွင်း သဘာဝတရား၏ ဝိညာဉ်စွမ်းအင်သည် ချက်ချင်းကုန်ခန်းသွားကာ မရေတွက်နိုင်သည့် အင်အားကြီး စွမ်းအင်များသည် မြေပြင်မှ ကောင်းကင်သို့ မြင့်တက်လာသည့် ဧရာမအလင်းတိုင်တစ်ခုအဖြစ် ပေါင်းစည်းကာ အဆုံးမဲ့သော ပျက်စီးမှု စွမ်းအင်ကို သယ်ဆောင်လျက် ရွှယ်အန်းကို တိုက်ရိုက် တိုက်ခိုက်လာသည်။

ဤကမ္ဘာပျက်လုနီးပါး ရိုက်ချက်ကို ရင်ဆိုင်နေရချိန် တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ လူတိုင်း​၏ နှလုံးသားများ လည်ချောင်းဝသို့ ရောက်ရှိလာသည်။ ရွှယ်အန်းနှင့် ရင်းနှီးသူများသည် ဆက်ကြည့်ရန်ပင် မဝံ့ရဲကြပေ။ ၎င်းတို့သည် မျက်လုံးမှိတ်လျက် ဟွာမျိုးနွယ်ဘိုးဘေးများ​၏ ကာကွယ်မှုကို တိတ်တဆိတ် ဆုတောင်း၍ လူကြီးမင်းရွှယ်​၏ ဘေးကင်းရေးအတွက် မျှော်လင့်နေကြသည်။ ၎င်းတို့၏ဆုတောင်းချက်များသည် ထိရောက်သွားပုံရသည်။

ရွှယ်အန်းသည် အလင်းတန်းကြီးကို မျက်နှာမူနေစဉ် နောက်ကျောတွင် လက်နှစ်ဖက်ကိုပစ်လျက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အခုမှပဲ သင့်တင့်လျောက်ပတ်တော့တယ်၊ ဒါပေမယ့်လည်း ဒီလောက်ပါပဲ"

ဤသို့ဖြင့် ရွှယ်အန်းသည် ကောင်းကင်သို့ လက်ကို ညွှန်ပြလျက် အေးစက်စွာ အော်လိုက်သည်။

"စည်းတံဆိပ်အဖြစ် ကောင်းကင်နှင့် မြေကြီး၊ တံဆိပ်တုံးအဖြစ် နေနှင့်လ"

ဘုံး

ရွှယ်အန်း​၏ လက်ဖဝါးထဲမှ စူးရှသော အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ပြီးနောက် သူသည် နေမင်းနှင့်လမင်းကို ကိုင်ထားသကဲ့သို့ ရက်စက်စွာ ဖိချပစ်လိုက်သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် နတ်ဘုရားများ၏ ပေါင်းစပ်တိုက်ခိုက်မှုကို တိုက်ရိုက်တန်ပြန်လာသည်။ ကျယ်လောင်သော ဆူညံသံများ မရှိသည့်အပြင် အလွန်အကျွံ တောက်ပနေသော အရောင်အဝါများလည်း မရှိခဲ့ပေ။

ရိုက်ခတ်လာသည့်အချိန်၌သာ စက္ကူကဲ့သို့ ဟင်းလင်းပြင်အပိုင်းအစနှင့် တွင်းနက်ကြီး ပေါ်ပေါက်လာကာ ၎င်း၏ ပြင်းထန်သော စုပ်ယူမှုစွမ်းအင်သည် နတ်ဘုရားများ ပေါင်းစပ်တိုက်ခိုက်မှုကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ ထိုအချိန်တွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားကြသည်။ များပြားလှသော နတ်ဘုရားများအားလုံး အံ့အားသင့်သွားကြသည်။ သာမန်လူငယ်တစ်ဦးကဲ့သို့သော အမျိုးသားသည် ဤကဲ့သို့ကြောက်မက်ဖွယ် နတ်တန်ခိုးကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ဗီဒါနှင့် နတ်ဘုရင် အိုဒင်တို့ကို ပြုံးပြလိုက်သည်။

"ထပ်တွေ့ပြန်ပြီ"

ရွှယ်အန်း​၏ အပြုံးကိုမြင်သောအခါ ဗီဒါနှင့် အိုဒင်တို့​၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ နက်ရှိုင်းလာသည်။ အထူးသဖြင့် ဗီဒါသည် ရွှယ်အန်း​၏မျက်လုံးများအနက် ပျော်ရွှင်မှုအရိပ်အမြွက်များပင် ခံစားလိုက်ရသည်။ ၎င်းသည် သားကောင်ကို ရှာတွေ့လိုက်သည့် မုဆိုးတစ်ယောက်​၏ အကြည့်မျိုးဖြစ်သည်။ ဤခံစားချက်သည် သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေသောကြောင့် အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားလေသည်။

ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီကိုရောက်နေမှတော့ ထွက်ပြေးဖို့ ဘာလို့စဉ်းစားနေတာလဲ"

ရွှယ်အန်းသည် စကားပြောနေစဉ် ၎င်းတို့အနောက်လိုက်ရန် အရှေ့သို့ တိုးလာသည်။ သို့သော် ထိုအချိန်၌ ကနဦးတွင် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့သည့် ကုန်းဝူကျန်းသည် ခဏအတွင်းမှာပင် ရွှယ်အန်းအနားတွင် ပေါ်ပေါက်လာသည်။ ပြီးနောက် ရင်နှင့် ယန်ဟု ခွဲခြားထားသော လက်ဖဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

"သတိထား" လူအများအပြားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

သို့သော် အင်မော်တယ်သခင်အဆင့်ဟုလူသိများသော ကုန်းဝူကျန်းသည် လူသားတို့၏စိတ်ကူးစိတ်သန်းကိုကျော်လွန်သည့် အရှိန်အဟုန်နှင့် ရက်စက်ကြမ်းကြုတ်စွာ ရိုက်ခတ်လာသည်။ ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုသာ ကြားလိုက်ရသည်။ ရွှယ်အန်းသည် ခြေလှမ်းမှားယွင်းသွားသည့်အတွက် ပေတစ်ထောင်အကွာသို့ လွင်ထွက်သွားခဲ့သည်။ နောက်ဆုံး အခြေတည်စွာ ရပ်တန့်နိုင်သောအခါ သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တစ်လျှောက်တွင် ကြောက်မက်ဖွယ် အက်ကွဲကြောင်းများစွာ ပေါ်ပေါက်လာလေ​၏။

အခန်း (၉၅၆) ပင်မဖြစ်ရပ်စတင်ခြင်း

ဤသည်မှာ လက်ရာမြောက်သောကြွေထည်တစ်ခု ကွဲအက်သွားသကဲ့သို့ ထင်မှတ်ရစေသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။

ထိုအချိန်တွင် ကုန်းဝူကျန်းသည် မောက်မာစွာ ရယ်မောလိုက်သည်။

“ထင်တဲ့အတိုင်းပဲ။ ရွှယ်အန်း၊ ရှင် ကျွန်မရဲ့ မဟာချိပ်ပိတ်ခြင်းနည်းပညာအောက်မှာ ကျရှုံးသွားတယ် မဟုတ်လား။ ရှင် လွတ်မြောက်နိုင်ခဲ့ပေမယ့် ပေးဆပ်ခဲ့တာလည်း နည်းမှာမဟုတ်ဘူး”

“ဒါ့အပြင် ဒီလောက်အပြေးအလွှား ပြန်လာပုံအရ၊ ဒဏ်ရာလည်း ပြင်းပြင်းထန်ထန် ရထားလောက်တယ်။ ကျွန်မ ပြောတာ မှန်တယ်မဟုတ်လား”

ရွှယ်အန်းသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုအပြုအမူသည် ဝန်ခံနေခြင်းနှင့် ဆင်တူပေသည်။ တစ်ချိန်တည်းမှာပင် ကုန်းဝူကျန်းက ပြောလိုက်သည်။

“အတူတိုက်ခိုက်ပြီး ဒီကောင် လုံးဝအပြတ်ရှင်းရအောင်”

ရွှယ်အန်း​၏ ဒဏ်ရာအပြင်းအထန်ရရှိထားသော အခြေအနေကို မြင်သောအခါ ဤနတ်ဘုရားများသည် ကြိုးစားရန် စိတ်အားထက်သန်နေကြသည်၊ ထို့ကြောင့် ကုန်းဝူကျန်း​၏အမိန့်ကိုကြားသည်နှင့် ၎င်းတို့​၏ သတ်ဖြတ်ချင်စိတ်များ စိတ်အားထက်သန်သည့်အတွက် အရှေ့သို့ တိုးလာကြသည်။ ပြီးနောက် စိတ်ပူပန်နေသော အိုဒင်နှင့် သွေးနတ်ဘုရားကယ့်အာတို့သည် ယခုအခါ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

“ရွှယ်အန်း၊ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ခင်ဗျား မထင်ခဲ့ဘူး မဟုတ်လား။ ကျုပ် အမြဲပြောခဲ့တယ်၊ လူသားတွေက... နတ်ဘုရားတွေကို မဆန့်ကျင်သင့်ဘူးလို့" ကယ့်အာက လှောင်ရယ်လိုက်သည်။

အိုဒင်သည် သူ၏ခွန်အားကို သက်သေပြရန်အတွက် နတ်စွမ်းအင်များကို တစ်ဟုန်ထိုး ထုတ်လွှတ်၍ ရွှယ်အန်းကို သတ်ဖြတ်ချင်နေသည်။ ဤတစ်ကြိမ်တွင် နတ်ဘုရားများ​၏ ဝိုင်းရံမှုအောက်တွင် ရွှယ်အန်း​၏တုံ့ပြန်မှုများ နှေးကွေးသွားကာ အရှိန်အဟုန်သည်လည်း ယခင်ကဲ့သို့ လွှမ်းမိုးခြင်းမရှိတော့ပေ။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ရှိ အက်ကွဲကြောင်းများသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့်အရှိန်နှုန်းဖြင့် များပြားလာသည်။

ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောလူများသည် ဤမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်လျက် ငေးငိုင်စွာ ကြည့်နေကြသည်။ မရေတွက်နိုင်သောလူများသည် မထိန်းချုပ်နိုင်ဘဲ မျက်ရည်များပင် ဝဲလာကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏မျက်လုံးထဲတွင် ရွှယ်အန်း​၏ တစ်ယောက်တည်းတိုက်ခိုက်နေသည့် အခြေအနေသည် လူသားမျိုးနွယ်၏နောက်ဆုံးမျှော်လင့်ချက်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ တစ်ချိန်က မယုံကြည်နိုင်ဖွယ် အင်အားကြီးမားသော လူကြီးမင်းရွှယ်သည် တဖြည်းဖြည်း မခုခံနိုင်တော့ပုံပေါ်ပေ။

သို့သော် သူသည် အရှုံးမပေးဘဲ ရူးသွပ်စွာ တိုက်ခိုက်နေဆဲဖြစ်သည်။ ဤဖြစ်စဉ်သည် ၎င်းတို့​၏စိတ်နှလုံးကို မည်သို့မျှ မထိရှစေဘဲနေမည်နည်း။ ထိုအချိန်တွင် ရွှယ်အန်း​၏ ရှောင်တိမ်းမှု အနည်းငယ်နှေးကွေးသွားသည့်အတွက် လှံရှည်နှင့် နတ်အစောင့်သည် ရွှယ်အန်း၏ခြေထောက်တစ်ဖက်ကို ထိမှန်အောင် ထိုးစိုက်နိုင်ခဲ့သည်။ ကြောက်မက်ဖွယ် နတ်စွမ်းအင်အောက်တွင် ရွှယ်အန်း​၏ ခြေထောက်သည် ချက်ချင်းပင် အငွေ့ပျံသွားလေသည်။ ထိုသို့မြင်လိုက်ရသောအခါ နတ်ဘုရားများအားလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။

“သူ သိပ်ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး”

သို့သော် မြင်ကွင်းကို မြင်နေရသည့် ဟွာမျိုးနွယ်ဝင်တိုင်း နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် ထိုနေရာရှိ ကျင့်ကြံသူတိုင်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေကြသည်။

“လူကြီးမင်းရွှယ်၊ မြန်မြန်ထွက်သွားပါ။ လူကြီးမင်းရွှယ် အသက်ရှင်နေသရွေ့ ကျုပ်တို့ဟွာမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိပါသေးတယ်"

“ဟုတ်တယ် ကျုပ်တို့အတွက် စိတ်မပူပါနဲ့ မြန်မြန် ထွက်သွားပါ"

“နည်းပြဆရာ၊ ဆရာက ဖြောင့်မတ်ပေမယ့် ဒီအယုတ်တမာတွေက လူတစ်ယောက်တည်းကို ဝိုင်းပြီးတိုက်ခိုက်နေကြတာပါ။ အခွင့်အရေးကို သတိထားပြီး လိုက်လျောညီထွေဖြစ်အောင် အသုံးချဖို့ ကျွန်တော်တို့ကို သင်ပေးခဲဖူးတယ် မဟုတ်လား။ အခုလောလောဆယ် ဆရာ အရင်ဆုံး ဆုတ်ခွာပြီး ကျွန်တော်တို့အတွက် နောက်မှလက်စားချေပေးပါ” မီးဖီးနစ်အဖွဲ့ခေါင်းဆောင် ချန်ဟောက်က အော်ဟစ်လိုက်သည်။

“ဟုတ်တယ်၊ အခုအချိန် ခွန်အားကို ထိန်းသိမ်းပြီး နောက်ပိုင်းမှ ကျုပ်တို့အတွက် လက်စားချေပေးပါ” လူပေါင်းများစွာက ပြိုင်တူပြောလိုက်သည်။ နံပါတ်တစ် ရှန်ဗီလာတွင် ထန်ရွှမ်အာသည် မျက်ရည်များစီးကျလာလျက် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ကောင်းကင်သို့ ရဲရင့်စွာ အပြေးအလွှားသွားရန် ပြင်ဆင်လိုက်သည်။

အချိန်တွင် ကုန်းဝူကျန်းက လှောင်ရယ်လိုက်သည်။

“ထွက်သွားဖို့ ကြိုးစားနေတာပေါ့လေ၊ ဟား။ အခုအချိန်မှ လွတ်နိုင်ဦးမယ် ထင်နေတာလား”

ထိုသို့ပြောနေစဉ် ကုန်းဝူကျန်းက လက်ခုပ်တီးလိုက်သည်။

"ချိပ်ပိတ်"

ထိုအမိန့်အောက်တွင် ကောင်းကင်ကြီး တုန်လှုပ်သွား၍ ဝိညာဉ်စွမ်းအင်များ ဒီရေကဲ့သို့ ချီတက်လာသည်။

“ချည်နှောင်ခြင်း”

ပုံသဏ္ဌာန်အမျိုးမျိုးနှင့် စွမ်းအင်များအားလုံးသည် ရွှယ်အန်း​၏ ခန္ဓာကိုယ်ကို ဝိုင်းရံတိုက်ခိုက်နေသောကြောင့် အက်ကြောင်းများ ပိုမိုများပြားလာစေသည်။

“ချိပ်ပိတ်မှု အဆုံးအဖြတ်”

ချိပ်ပိတ်မှု အဆုံးအဖြတ်များ အလွှာလိုက် စုပုံလာခဲ့ရာ၊ ရွှယ်အန်း​​၏ လွတ်လမ်းများကို ပိတ်ဆို့သွားစေသည်။ ဤပုံသဏ္ဌာန်သုံးမျိုးအောက်တွင် ယခုအခါ ခွန်အားများ ကုန်ဆုံးနေသည့် ရွှယ်အန်းမဆိုနှင့် စစ်မှန်အင်မော်တယ်အဆင့်ပင် ဦးညွှတ်ရပေလိမ့်မည်။ ထို့ကြောင့် ရွှယ်အန်းသည် ကော်နှင့် ကပ်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ မလှုပ်ရှားနိုင်ပေ။ ကောင်းကင်နတ်ဘုရားများသည် ကရုဏာပြသမည် မဟုတ်သည့်အတွက် အထိန်းအကွပ်မရှိစွာ ပျော်ရွှင်နေသည်၊ တစ်ဖက်လူ ဖျားနာနေစဉ် အခွင့်ကောင်းယူခြင်းသည် ဤနတ်ဘုရားများအတွက် နိယာမဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အရှေ့သို့ ချီတက်၍ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ဘုံး

ဗလုံးဗထွေး ပေါက်ကွဲသံများကြားတွင် ရွှယ်အန်းသည် ခန္ဓာကိုယ်တစ်ခုတည်းဖြင့် ကောင်းကင်နတ်ဘုရားများအားလုံး၏ ထိုးနှက်ချက်များကို ခုခံနေသည့်အတွက် သူ၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပိုမိုများပြားလာ၍ နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားလေသည်။ တစ်ကမ္ဘာလုံး ကြောက်မက်ဖွယ်ကောင်းသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။ မရေတွက်နိုင်သော လူတို့သည် မျက်နှာများ အလွန်အမင်း ပြာနှမ်းသွားကာ ၎င်းတို့၏ မျက်လုံးများ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်ကုန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ နှလုံးသားထဲရှိ စစ်နတ်ဘုရားသည် ကျဆုံးသွားသောကြောင့်ဖြစ်သည်။

“လူကြီးမင်းရွှယ်.... " တစ်စုံတစ်ယောက်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။

ပြီးနောက် တစ်ကမ္ဘာလုံး​၏ ငိုကြွေးသံများ ထွက်ပေါ်လာသည်။ ထန်ရွှမ်အာ၏ အမြင်အာရုံ နက်မှောင်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ပြီးနောက် မျက်ရည်များ စီးကျလာသည်။

“ရွှယ်အန်း၊ ရှင် ဘယ်လိုလုပ် သေသွားရတာလဲ။ ရှင်က ဘယ်လိုလုပ်ပြီး သေရမှာလဲ”

ဤအတောအတွင်း ကျုံးတုရှိ ကွပ်ကဲမှုစင်တာတွင် နိုင်ငံဦးစီးချုပ်နှင့် စစ်ဘက်ဆိုင်ရာအဆင့်မြင့်အရာရှိများအားလုံးသည် ဤမြင်ကွင်းကို ဂြိုဟ်တုမှတစ်ဆင့် ငေးငိုင်စွာ စိုက်ကြည့်နေကြသည်။ နောက်ဆုံးတွင် ဦးစီးချုပ်သည် တဖြည်းဖြည်း သတိပြန်ကပ်လာသည်။ သို့သော် ယခုအချိန်တွင် ဟွာမျိုးနွယ်အပေါ် နှစ်ပေါင်းများစွာ ကွပ်ကဲကာ လူအများရှေ့တွင် အားနည်းသည့် အရိပ်အမြွက်ဟူ၍ မပြသဘဲ အမြဲတစေသန်မာခဲ့သည့် ဤခေါင်းဆောင်သည် လက်ကို ချိနဲ့စွာ ဝှေ့ယမ်းလိုက်သည်။

“အားလုံးပဲ ဒီနောက်ဆုံးအခြေအနေကို အခွင့်ကောင်းယူပြီး မိသားစုတွေကို ပြန်နှုတ်ဆက်ကြပါ"

နိုင်ငံဦးစီးချုပ်သည် ထိုသို့ပြောပြီးနောက် ရုန်းကန်မတ်တပ်ရပ်၍ အပြင်သို့ ဖြူဖျော့နေသော မျက်နှာဖြင့် ထွက်သွားခဲ့သည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ချက်ချင်း တုန်လှုပ်ကာ လဲကျလုနီးပါးဖြစ်သွားလေသည်။

“ဦးစီးချုပ်" လူတစ်ယောက်သည် အော်ဟစ်ပြီးနောက် သူ့ကို လာရောက်တွဲကူရန် ပြင်ဆင်လိုက်သည်။

နိုင်ငံဦးစီးချုပ်က လက်ခါပြလိုက်သည်။

“ကျုပ်ကို ကူစရာ မလိုဘူး၊ ကျုပ်တို့ရဲ့ အမိန့်ပေးဌာနလည်း အခု မလိုအပ်တော့ဘူး”

ထိုသို့ပြောပြီးနောက် တံခါးဝသို့ လျှောက်သွားလေသည်။ မည်သူမျှ စကားမပြောကြရာ၊ တချို့သည် တိတ်တဆိတ် ငိုကြွေးနေကြသည်။ နိုင်ငံဦးစီးချုပ်သည် တံခါးဝသို့ ရောက်ရှိ၍ တံခါးလက်ကိုင်ကို ထိလိုက်ချိန်တွင် ဗျူဟာမှူးတစ်ဦးသည် တုန်လှုပ်ချောက်ချားသောလေသံဖြင့် ပြောလာသည်။

"ဦးစီးချုပ်၊ ဒီကိုကြည့်ပါဦး အဲဒါဘာလဲ”

စစ်ဦးစီးချုပ်သည် ထိုစကားများကို မကြားသကဲ့သို့ ပြုမူနေသည်။

'တခြားဘာများဖြစ်နိုင်ဦးမှာလဲ။ လူကြီးမင်းရွှယ် ဆုံးသွားပြီ။ နောက်မှာ လူစောင့်နေတာက နတ်ဘုရားတွေရဲ့ အဆုံးမဲ့ သတ်ဖြတ်ခြင်းပဲ။ ဘာကမှ အရေးမပါတော့ဘူး"

သို့သော် အခြားဗျူဟာမှူးတစ်ယောက်က ထပ်ပြောလိုက်သည်။

“အဲဒါ... အဲဒါလူကြီးမင်းရွှယ်ရဲ့အသံနဲ့ တူတယ်"

ထိုသို့ကြားသောအခါ စစ်ဦးစီးချုပ်​၏ နှလုံးသားတုန်လှုပ်လာ၍ ရုတ်တရက် အံ့သြတကြီးဖြင့် ဖန်သားပြင်ကို လှည့်ကြည့်လာသည်။ အလားတူ ကမ္ဘာတစ်ဝှမ်းရှိ မရေတွက်နိုင်သော လူများသည်လည်း ထိတ်လန့်သွားကြသည်။ စိတ်ပျက်အားငယ်နေသူများသည် ဖန်သားပြင်ကို တစ်ဖန်မော့ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင်အတွင်း သက်ပြင်းချသံ ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။ ပြီးနောက် အသံတစ်ခုသည် ပေါ့ပါးစွာ ပြောလာသည်။

“တော်သေးတာပေါ့ နောက်ဆုံးတော့ အချိန်မီသွားလို့”

ဤအသံသည် မကျယ်လှသော်လည်း လူတိုင်း​၏နှလုံးသားကို တူကြီးဖြင့် ရိုက်နှက်နေသကဲ့သို့ ခံစားရစေသည်။ မည်သို့ဆိုသော် မရေတွက်နိုင်သူများသည် ထိုအသံပိုင်ရှင်ကို သိနေသောကြောင့်ဖြစ်သည်။

'ရွှယ်အန်းပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်သွားတာလဲ။ လူကြီးမင်းရွှယ်က နတ်ဘုရားတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာ မဟုတ်ဘူးလား'

ကောင်းကင်ယံရှိ နတ်ဘုရားများသည် သာမန်လူများထက်ပင် ပို၍ အံ့အားသင့်နေကြသည်။ နတ်ဘုရားများသည် တစ်ယောက်ကိုတစ်ယောက် လှည်ကြည့်လိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“သူ သေသွားပြီမဟုတ်ဘူးလား”

ကုန်းဝူကျန်းသည် ရုတ်တရက် မော့ကြည့်ပြီးနောက် သူမ၏ မျက်နှာအမူအရာ အလွန်အကျည်းတန်လာသည်။

"ကိုယ်ပွား၊ ခုနက ဖျက်ဆီးခံလိုက်ရတာက သူ့ကိုယ်ပွားတွေထဲက တစ်ခုပဲ”

ထိုအသံကျလာသည်နှင့် လူတိုင်းသည်လည်း မော့ကြည့်လိုက်ကြသည်။ ထိုအခါ ကောင်းကင်ယံတွင် တောက်ပနေသည့် ရွှေရောင်လွန်းပျံယာဉ်တစ်စဉ် တဖြည်းဖြည်း ပေါ်ပေါက်လာကြောင်း အားလုံး မြင်တွေ့လိုက်ရသည်။ ပြီးနောက် ရွှေရောင်အလင်းတန်းများ တောက်ပလာ၍ ပုံရိပ်တစ်ခုပြီးတစ်ခု ဖြစ်တည်လာသည်။ အနက်ရောင်မျက်လုံး၊ အနက်ရောင် ဆံပင်များနှင့် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ အဖြူရောင်ဝတ်ဆုံနှင့် အရှေ့ဆုံးတွင် ရပ်နေသူသည် ရွှယ်အန်းမှလွဲ၍ အခြားမည်သူဖြစ်နိုင်မည်နည်း။

“မှန်တယ်၊ ခင်ဗျား သတ်ခဲ့တဲ့လူက ကျုပ်ကိုယ်ပွားပဲ” ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

လူတိုင်းသည် နေရာတွင် အေးခဲတောင့်တင်းစွာ ရပ်တန့်နေပြီးနောက် အားလုံး လွန်စွာပျော်ရွှင်သွားကြသည်။ ပြီးနောက် ရွှယ်အန်းသည် လူစုလူဝေးကို စေ့စပ်စွာ ကြည့်ရှုပြီးနောက် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

“ခုနက ဖြစ်သွားတာက အမြည်းပဲရှိသေးတယ်၊ အခုမှ တကယ်စမှာ”

စကားပြောနေစဉ်တွင် ရွှယ်အန်းသည် အေးစက်သော မျက်လုံးများဖြင့် လက်ဖဝါးကို မြှောက်ကာ ဖိချလိုက်သည်။

အခန်း (၉၅၇) အတွေးတစ်ခုနဲ့ နယ်မြေတစ်ခုကို ပုံဖော်ခြင်း၊ ဒါက အင်မော်တယ်သခင်အဆင့်ပဲ

ဘုံး

ဤလက်ဖဝါးရိုက်ချက်ကို စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်ပေ။ ကောင်းကင်နှင့်မြေကြီး နေရာပြောင်းလဲကာ နေနှင့်လ ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ထင်မှတ်ရစေသည်။ ကောင်းကင်ကို ဖြတ်ကျော်ဝင်ရောက်လာသော စွမ်းအင်များ တစ်ဟုန်ထိုး တိုးမြင့်လာတာကြောင့် မြင်ရသူတိုင်းကို ထိတ်လန့်သွားစေသည်။ ၎င်းအတွင်း နစ်မြုပ်သွားသော နတ်ဘုရားများအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

“မဖြစ်ဘူး"

ပြီးနောက် ၎င်းတို့သည် အရပ်ရပ်သို့ ထွက်ပြေးကြလေသည်။ သို့သော် ရွှယ်အန်း​၏ ကြီးကျယ်ခမ်းနားသော တိုက်ခိုက်မှုအောက်တွင် ၎င်းတို့​၏ ရုန်းကန်မှုအားလုံး အချည်းနှီးသာဖြစ်သည်။

ဘန်း

ပြီးနောက် အလွန်ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နတ်ဘုရားအားလုံးနီးပါး ထိုနေရာတွင် အေးခဲတောင့်တင်းသွားကြသည်။ ထိုမှတစ်ဆင့် ၎င်းတို့ခန္ဓာကိုယ်ထဲမှ ကြွေထည်ကွဲအက်သံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ ကနဦးတွင် အနည်းငယ် ကွဲအက်မှုဖြင့် စတင်လာသော်လည်း မကြာမီတွင် သံပြိုင်ကွဲအက်မှုအဖြစ် ပြောင်းလဲသွားသည်။ လူတိုင်းသည် အံ့အားသင့်၍ စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ မပျက်စီးနိုင်သော နတ်ကိုယ်ခန္ဓာနှင့် နတ်ဘုရားအများစုသည် စတင်ပြိုပျက်လာ၍ တစ်စတစ်စ ပျက်သုဉ်းသွားကြသည်။ မြင်ကွင်းသည် မီးရှူးမီးပန်း ပြသမှုသကဲ့သို့ လူတိုင်းကို အံ့အားသင့်စေသည်။

မီးဖီးနစ်အဖွဲ့​၏ ကျိုယိသည် မှင်သက်နေသော လေသံဖြင့် ပြောလိုက်သည်။

“သေစမ်း၊ ဘော့စ်က မိုက်လွန်းအားကြီးတယ်။ နတ်ဘုရားတွေကို သုတ်သင်တာတောင် အနုပညာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ”

တခဏချင်းမှာပင် ကောင်းကင်တွင် ပြည့်နေသော နတ်ဘုရားများအနက် ကိုးဆယ်ရာခိုင်နှုန်း ကျဆုံးသွားကြရာ၊ အိုဒင်၊ သွေးနတ်ဘုရားကယ့်အာနှင့် အခြားသော အဆင့်အတန်းမြင့် နတ်ဘုရားများသာ ထိုလက်ဖဝါးချက်ကို ခုခံလျက် ကျန်ရစ်ခဲ့ကြသည်။ အသက်မသေဘဲ ကျန်ရစ်သူများပင် အမာရွတ်များဖြင့် ဖုံးလွှမ်းနေ၍ ရွှယ်အန်းကို ပြန်လှည့်ကြည့်သောအခါ ၎င်းတို့​၏ မျက်လုံးများတွင် ထိတ်လန့်များနှင့် ပြည့်နှက်နေသည်။

အထူးသဖြင့် အသက်ကို ရွှေထက် ပိုတန်ဖိုးထားသော မြောက်ဥရောပ​၏ နတ်ဘုရင်၊ အိုဒင်သည် ရွှယ်အန်း​၏ လက်ဖဝါးချက်ကြောင့် အသိဉာဏ်ကင်းမဲ့သည်အထိ ကြောက်လန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က ရွှယ်အန်းနှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ကြောက်မက်ဖွယ်ကောင်းခဲ့သော်လည်း သူနှင့်တိုက်ခိုက်ရန် အားစိုက်ခဲ့ရဆဲဖြစ်သည်။ သို့သော် လအနည်းငယ်ကြာပြီးနောက် ရွှယ်အန်း​၏ ခွန်အားသည် ဤသို့သိသိသာသာ တိုးမြင့်လာသည်။

သူသည် နတ်ဘုရားများစွာကို သတ်ဖြတ်ရန် ပေါ့လျော့သော လက်ဖဝါးချက်ကို အသုံးပြုခဲ့သည့်အပြင် မိမိကိုယ်ပင် ဒဏ်ရာရရှိသွားစေသည်။ ထိုအချိန်တွင် အိုဒင်သည် အလွန်နောင်တရနေမိသည်။ ယဲ့လျို့ယန်နှင့်အတူ ဤကမ္ဘာသို့ လိုက်လာခဲ့သည့်အတွက် သူ နောင်တရနေမိသည်။ ကုန်းဝူကျန်းသည်လည်း ဤမြင်ကွင်းကို ငေးငိုင်စွာ စိုက်ကြည့်နေသည်။ သူမ ရုန်းကန်တိုက်ခိုက်ခဲ့ရသည့် လူသည် ရွှယ်အန်း၏ကိုယ်ပွားတစ်ခုသာဖြစ်မည်ဟု မည်သည့်အခါမျှ သူမ စိတ်မကူးမိခဲ့ပေ။

ရွှယ်အန်း၏ ခန္ဓာကိုယ်အစစ်အမှန်ရောက်လာသောအခါ သူသည် လီဟန်ကောင်းကင်ဘုံ၏ နတ်အစောင့်အားလုံးနီးပါးကို လက်ဖဝါးချက် တစ်ချက်ဖြင့် ချေမှုန်းပစ်လိုက်သည်။ ထိုသို့သော ခွန်အားဖြင့် ဤသည်မှာ စစ်မှန်အင်မော်တယ်အဆင့်ပင် မဟုတ်သူဖြစ်လေသလော။ ထိုအချိန်တွင် ရွှယ်အန်းသည် အေးစက်စက် အပြုံးဖြင့် ကုန်းဝူကျန်းကို လှည့်ကြည့်ပြီးနောက် ကျင့်ကြံမှုအဆင့်များ ချိပ်ပိတ်ခံထားရသူများကို လက်ညှိုးထိုးပြလိုက်သည်။

“ပြဿနာမရှိဘူးဆိုရင် ကျုပ်ကို ပြောပြပေးပါလား။ သူတို့ကို ချိပ်ပိတ်ခဲ့တာ ခင်ဗျားလား"

ကုန်းဝူကျန်း​၏နှလုံးသားသည် ကြောက်လန့်တကြား တုန်လှုပ်သွားသည်။ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ်သည် သူမကို အဘယ်ကြောင့် တူညီသောမေးခွန်းများကို မေးနေရသနည်း။ သို့သော် သူမသည် စိတ်ကို လျင်မြန်စွာ ထိန်းချုပ်သွားပြီးနောက် ခက်ထန်စွာ ပြောလိုက်သည်။

“ရွှယ်အန်း၊ ရှင့် ခွန်အားက သိပ်မဆိုးလှပေမယ့် ဒီလောက်နဲ့ လီဟန်ကောင်းကင်ဘုံကို ရပ်တန့်နိုင်မယ်လို့ ထင်နေတာလား”

ရွှယ်အန်းက ခေါင်းညိတ်လျက် ပြုံးလိုက်သည်။

“ဒါဆိုရင် သူတို့ကို ချိပ်ပိတ်ခဲ့တာက ခင်ဗျားပေါ့လေ”

ကုန်းဝူကျန်းက အေးစက်စွာ ရယ်မောလိုက်သည်။

“ကျွန်မ လုပ်ခဲ့တာဆိုတော့ရော ဘာဖြစ်လဲ။ ကျွန်မ...”

သို့သော် သူမ စကားမပြီးဆုံးမီတွင် ရွှယ်အန်း​၏ခန္ဓာကိုယ် လှုပ်ရွေ့သွားခဲ့ရာ၊ ကောင်းကင်မြင့်တွင် ရှိနေသူသည် ကုန်းဝူကျန်း​၏အရှေ့၌ ချက်ချင်း ပေါ်လာသည်။ ထိုမှတစ်ဆင့် သူမတုံ့ပြန်နိုင်မီတွင် လက်ဖဝါးဖြင့် ရိုက်နှက်လာ၏။

ဘန်း

ကြောက်မက်ဖွယ် ပြတ်သားသောအသံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ပဲ့တင်ထပ်နေကာ ကောင်းကင်ရှိ တိမ်များကိုပင် ကွဲအက်စေသည့် အသံလှိုင်းများဖြစ်ပေါ်သွားစေသည်။ ရွှယ်အန်း၏ ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးချက်အောက်တွင် ကုန်းဝူကျန်းသည် ပေထောင်ပေါင်းများစွာ လွင့်ထွက်ပြီးနောက်မှ အရှိန်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။

ကုန်းဝူကျန်းကို ပြန်ကြည့်လိုက်သောအခါ သူမ​၏ အေးစက်စက် အလှတရားနှင့် လှပသော မျက်နှာ​၏တစ်ဝက်ခန့်သည် အပိုင်းပိုင်း ပျက်စီးသွားသည့်အတွက် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ ဤရိုက်ချက်ကြောင့် ကြည့်ရှုသူအများအပြား တုန်လှုပ်သွားကြသည်။ ကုန်းဝူကျန်းကိုယ်တိုင်ပင် အချိန်အနည်းငယ်ကြာ မှင်သက်သွားပြီးနောက် အသိပြန်ကပ်လာသောအခါ ကောင်းကင်ကိုပင် လှုပ်ခါစေသည်အထိ အော်ဟစ်လိုက်လေသည်။

“ရွှယ်အန်း၊ ရှင် သေဖို့ပြင်ထား”

ဤသို့ဖြင့် သူမသည် ဆံပင်များကို ဝှေ့ယမ်းလိုက်ရာ၊ ကျိုးကြေသွားသော ပါးပြင်သည် ချက်ချင်း ပြန်လည်ကောင်းမွန်လာ၍ ၎င်းအနောက် ဒေါသတကြီးဖြင့် လက်သင်္ကေတများ တစ်ခုပြီးတစ်ခု ပြုလုပ်လိုက်သည်။ သူမသည် ချိပ်ပိတ်ခြင်းနည်းပညာမျိုးစုံကို အရူးအမူး ပြုလုပ်နေခဲ့ရာ၊ သူမ၏မျက်လုံးများသည် ရူးသွပ်မှုများဖြင့် တောက်ပနေသည်။ ယခင်အချိန်က သူမကို မည်သူမျှ မရိုက်ရဲခဲ့ဖူးပေ။ အထူးသဖြင့် သူမအောက် များစွာအားနည်းသူသည် သူမကို ထိခိုက်အောင် ပြုလုပ်နိုင်ခဲ့သောကြောင့် ကုန်းဝူကျန်းသည် လက်ခံရ အလွန်ခက်ခဲနေသည်။

ယခုအခါ ရွှယ်အန်းကို အပိုင်းပိုင်း သုတ်သင်မည်ဟုသော အသိမျိုးသာ သူမစိတ်ထဲတွင်ရှိနေသည်။ သို့သော် သူမ လှုပ်ရှားမှုများ မပြီးဆုံးသေးမီတွင် လက်ဖဝါးတစ်ခုသည် သူမ​၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ ရုတ်တရက် ထိုးဖောက်လာသည်။ ကုန်းဝူကျန်းသည် တုန်ယင်စွာ ငုံ့ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် တုန်လှုပ်ချောက်ချားသော အမူအရာဖြင့် ပြည့်နှက်သွားလေသည်။

ထိုအချိန်တွင် ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

“အစုလိုက်အပြုံလိုက် ဖန်တီးခံထားရတဲ့ အင်မော်တယ်သခင်အဆင့်လောက်နဲ့ ကိုယ့်ကိုယ်ကို တုနှိုင်းမဲ့တဲ့ စွမ်းအားရှင်တစ်ယောက်လို့ တကယ်ထင်နေတာလား”

ရွှယ်အန်းသည် စကားပြောနေစဉ် သူ​၏လက်ကို ပြင်းထန်စွာ ပြန်ဆွဲထုတ်လိုက်ရာ၊ ကုန်းဝူကျန်း​၏ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်းရှိ သူ​၏လက်ဖဝါးသည် သူမ၏ကျောရိုးကို ဆွဲထုတ်လာသည်။ သွေးထွက်သံယိုအခြေအနေကြားတွင် ကုန်းဝူကျန်းသည် သွေးများ ပြင်းထန်စွာ အန်ထွက်လာ၍ မြေပြင်ပေါ်သို့ ချိနဲ့စွာ လဲကျသွားခဲ့သည်။ သူမသည် ဤဒဏ်ရာများဖြင့် မသေနိုင်ပေ။ သူမ​၏ ကျောရိုးသည် အနည်းငယ်အချိန်ယူရုံဖြင့် ပြန်ပေါက်လာနိုင်သည်။

သို့သော် ကုန်းဝူကျန်း၏ မျက်လုံးများသည် ကြောက်လန့်မှုဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း​၏ စကားလုံးများသည် သူမ၏ခွန်အားနှင့်ပတ်သက်သည့် အမှန်တရားကို တိုက်ရိုက်ဖော်ပြခဲ့သောကြောင့်ဖြစ်သည်။ အမှန်တကယ်ပင် သူမသည် လျှို့ဝှက်နည်းပညာဖြင့် မြှင့်တင်ထားသည့် အင်မော်တယ်သခင်အဆင့်ဖြစ်သည်။ သူမသည် ခွန်အားအရ တစ်သက်တာတွင် အင်မော်တယ်သခင်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မရှိသော စစ်မှန်အင်မော်တယ်အဆင့်သာဖြစ်သည်။ သို့သော် သူမသည် ချိပ်ပိတ်ခြင်းပညာတွင် ကျွမ်းကျင်သောကြောင့် ရွေးချယ်ခံရကာ သူမ၏ လက်ရှိခွန်အားကို ရရှိလာခဲ့သည်။ သို့သော် နိယာမများကို နားမလည်သော အင်မော်တယ်သခင်အဆင့်သည် အချည်းနှီးအခွံမျှသာဖြစ်သည်။

“ရှင်... " ကုန်းဝူကျန်းသည် စကားပြောရန် ရုန်းကန်နေရသည်။

ရွှယ်အန်းသည် သွေးများဖြင့် ပေပွနေသော ကျောရိုးကို ပေါ့ပေါ့တန်တန် ပစ်ချပြီးနောက် လက်ထဲတွင် မီးတောက်တစ်ခု တောက်လောင်လာသည်နှင့် လက်သည် တစ်ဖန်သန့်ရှင်းသွားပြန်သည်။ သို့သော် သူသည် ကုန်းဝူကျန်း စကားကိုပင် အရေးမထားခဲ့ပေ။ ယင်းအစား၊ သူသည် ထိုနေရာတွင် တစ်လျှောက်လုံး မတ်တတ်ရပ်နေသည့် ယဲ့လျို့ယန်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

“သူတို့တွေအားလုံးထဲမှာ၊ တကယ် သန်မာတဲ့လူလို့ ယူဆနိုင်တာက ခင်ဗျား တစ်ယောက်တည်းပဲ”

“အင်း၊ ဒါက အင်မော်တယ်သခင်အဆင့်ပေါ့လေ”

ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ပြီးနောက် ယဲ့လျို့ယန်က ရယ်မောလိုက်သည်။ သူ​၏ရယ်သံတွင် ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေသည်။

“ရွှယ်အန်း၊ ခင်ဗျားကတော့ ကျုပ်ကို ပိုပိုပြီး အံ့ကြအောင် လုပ်နေတာပဲ။ မှန်တယ်၊ ကျုပ်ကမှ တကယ့် အင်မော်တယ်သခင်အဆင့်ပဲ” ထိုစကားများ ပြီးဆုံးသည်နှင့် ကြယ်များကိုပင် တုန်လှုပ်သွားစေနိုင်သော အရောင်အဝါများ ယဲ့လျို့ယန်​၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ကမ္ဘာမြေကြီး၏ ပြီးပြည့်စုံသော နိယာမများနှင့် ဝိညာဉ်ရေးစွမ်းအင် ပေါများခြင်းကြောင် မဟုတ်ပါက၊ ဤမျှသော အရောင်အဝါဖြင့် မိုင်ထောင်ချီခန့်ရှိ တောင်များနှင့် မြစ်များ ပျက်စီးသွားရန် လုံလောက်ပေလိမ့်မည်။ ဤသို့ဆိုလျှင်ပင် အောက်ဘက်ရှိ ကျယ်ပြန့်သော မြေပြင်တွင် အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာသည် ဖွဲ့စည်းပုံ၏ကာကွယ်မှုအောက်ရှိ နံပါတ်တစ် ရှန်ဗီလာဖြစ်သည်။ အခြားသော မြေပြင်များ လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။ ကြောက်မက်ဖွယ် အရောင်အဝါအောက်တွင် လူတိုင်း​၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ပြီးနောက် ယဲ့လျို့ယန်က ပြောလိုက်သည်။

“ရွှယ်အန်း၊ တကယ့် ပြိုင်ဘက်ကင်းစွမ်းအင်က ဘာလဲဆိုတာ ကျုပ် ခင်ဗျားကို ပြလိုက်မယ်”

ယဲ့လျို့ယန်သည် စကားပြောနေစဉ် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေတစ်လှမ်းဖြင့် ဟင်းလင်းပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။ ရွှယ်အန်း​၏ လက်ဖဝါးချက်ဖြင့် ပျက်စီးသွားသော နတ်ဝိညာဉ်များအားလုံးသည် တုန်လှုပ်မှုနှင့်အတူ လျင်မြန်စွာ ပြန်လည်ပုံဖော်လာကြသည်။ ချက်ချင်းဆိုသလိုပင် လွန်ခဲ့သည့်အခိုက်အတန့်တွင် သေဆုံးသွားခဲ့သော နတ်ဝိညာဉ်များအားလုံး ပြန်လည်ဖြစ်တည်လာသည်။ ကုန်းဝူကျန်းလျှင်ပင် သူမ၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ပြီးနောက် ယဲ့လျို့ယန်က ဂုဏ်ယူစွာ ကြွေးကြော်လိုက်သည်။

“အင်မော်တယ်သခင်အဆင့်ဆိုတာ အတွေးတစ်ခုတည်းနဲ့ နယ်မြေတစ်ခုကို ဖန်တီးတာပဲ။ ရွှယ်အန်း၊ ခင်ဗျား ကျုပ်ကို တိုက်ခိုက်ရအောင် ခင်ဗျားမှာ ဘာရှိလဲ"

ကမ္ဘာကြီးသည် ကြောက်မက်ဖွယ်ကောင်းသည်အထိ တိတ်ဆိတ်နေသည်။ ယဲ့လျို့ယန်​၏ ကြီးမားသော လှုပ်ရှားမှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သေရေးရှင်ရေးကို နောက်ပြန်ပြောင်းလဲ၍ အတွေးတစ်ခုဖြင့် နယ်မြေတစ်ခုကို ဖန်တီးခြင်းဟူသည် အင်မော်တယ်သခင်အဆင့်၏ စစ်မှန်သော စွမ်းအင်ဖြစ်လေသလော။ ထိုသို့သော ဖိအားအောက်တွင် လူကြီးမင်းရွှယ်သည် အမှန်တကယ် ယှဉ်ပြိုင်နိုင်မည်ဖြစ်သလော။

All Chapters