← Chapters

အခန်း (၉၅၈-၉၆၀)

Vol. 64 Ch. 958-960

အခန်း (၉၅၈-၉၆၀)

Vol. 64 Ch. 958-960

အခန်း (၉၅၈) နတ်စွမ်းအင်များ ပြန်လည်ပေါ်ပေါက်လာခြင်း၊ ကောင်းကင်ဘုံကို ထိတ်လန့်စေသည့် တိုက်ပွဲ

ဤသံသယအောက်တွင် မရေတွက်နိုင်သော အကြည့်များသည် ကောင်းကင်ယံရှိ ရွှယ်အန်းထံ ရောက်ရှိသွားကြသည်။ လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်တွင် ရွှယ်အန်းက အထိန်းအကွပ်မဲ့စွာ ရယ်မောလိုက်သည်။

“အင်မော်တယ်သခင်အဆင့်တဲ့လား”

“ခင်ဗျား သိလား၊ ခင်ဗျားလို အင်မော်တယ်သခင်အဆင့်လောက် မပြောနဲ့ ကျုပ်ရှေ့မှာ အင်မော်တယ်ဘုရင်ဆိုတာတောင် သာမန်သေမျိုးတစ်ယောက်နဲ့တူပြီး အင်မော်တယ်အင်ပါယာဆိုတာကလည်း ရွက်ကြမ်းရေကျိုအဆင့်ပဲ"

“ရာရာစစ” ယဲ့လျို့ယန်သည် ရွှယ်အန်း၏ စကားလုံးများကြောင့် ထိတ်လန့်သွားပြီးနောက် ဒေါသကို မထိန်းချုပ်နိုင်ဘဲ ဟိန်းဟောက်လိုက်သည်။

“အင်မော်တယ်ဘုရင်ဆိုတာ ဘယ်လောက်မွန်မြတ်လိုက်သလဲ၊ အင်မော်တယ်အင်ပါယာက ပိုလို့တောင် တုနှိုင်းမဲ့ပြီး အပြိုင်စကြဝဠာကို လွှမ်းမိုးနိုင်တဲ့ အင်အားကြီးဖြစ်တည်မှုပဲ။ ခင်ဗျားလို ပုရွက်ဆိတ်တစ်ကောင်က ဒီလိုရူးသွပ်တဲ့စကားမျိုး ပြောရဲရတယ်လို့။ ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပျက်သုဉ်းမှာကို ခင်ဗျား မကြောက်ဘူးလား"

ရွှယ်အန်း၏ အပြုံးများ တဖြည်းဖြည်း မှိန်ဖျော့လာ၍ ယဲ့လျို့ယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ကျုပ်အတွေးတွေကို ခင်ဗျားက ဘယ်လိုသိနိုင်မှာလဲ”

“အပြိုင်စကြဝဠာမှာ ကျုပ် တစ်ယောက်တည်းကသာ အမြင့်မြတ်ဆုံးပဲ။ ဒီနေ့ ကျုပ် ခင်ဗျားကို ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးလိုက်မယ်”

ဤသို့ဖြင့် ရွှယ်အန်းသည် လက်သီးကို ကျစ်ကျစ်ဆုပ်၍ လေထုကို ထိုးနှက်လိုက်သည်။ ဤလက်သီးချက်သည် လူငယ်တစ်ဦး​၏ သာမန်ကာလျှံကာ လက်သီးချက်ကဲ့သို့ မည်သည့်ကြောက်မက်ဖွယ် အရောင်အဝါဟူ၍ မပါရှိခဲ့ပေ။ သို့သော် ဤသာမန်ကျသော လက်သီးချက်သည် ကောင်းကင်နှင့်မြေကြီးကို ရပ်တန့်သွားစေသည်။ မရေတွက်နိုင်သောလူများသည် ကမ္ဘာတစ်ခုလုံး၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ဤတိုက်ပွဲကို ပြင်းထန်သောတင်းမာမှုဖြင့် စောင့်ကြည့်နေကြသည်။ ဤလက်သီးချက်ကို မြင်သောအခါ အမြင်စူးရှသော ခန္ဓာကိုယ် ကျင့်ကြံသူအများအပြားသည် နေရာတွင်ပင် အေးခဲသွားကြသည်။

“ဒီလက်သီးချက်ကို မြင်ကာမှ ကျုပ်ဘဝရဲ့တစ်ဝက်လောက်က အချည်းနှီးဖြစ်သွားတယ်ဆိုတာကို သိလိုက်ရတယ်” လက်ဝှေ့ကျွမ်းကျင်မှုဖြင့် နာမည်ကျော်ကြားသော ကိုယ်ခန္ဓာကျင့်ကြံသူက ရေရွတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤလက်သီးချက်သည် ပတ်ဝန်းကျင်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားရုံသာမကဘဲ စကြဝဠာ၏ လေးနက်သော အမှန်တရားကိုလည်း ပုံဖော်ထားသောကြောင့် သဲလွန်စမကျန်ရစ်အောင် ချီတက်နေသော တောဆိတ်တစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည်။ ဤသည်မှာ အစစ်အမှန် လက်ဝှေ့ပညာဖြစ်သည်။ မည်သို့ဆိုသော် ရှောင်တိမ်းရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။

သို့သော် ထိုလက်သီးချက်နှင့် ရင်ဆိုင်ရသောအခါ ယဲ့လျို့ယန်က အေးစက်စွာ ပြုံးလိုက်သည်။

“သိပ်မဆိုးပေမယ့် ခွန်အားမရှိတာတော့ နှမြောစရာကောင်းတယ်"

စကားပြောနေစဉ် ယဲ့လျို့ယန်​၏ အနီးတစ်ဝိုက်တွင် သဲမှုန်များ လွင့်မျောလာ၍ လက်သီးအရွယ် အလင်းလုံးများအဖြစ် ချက်ချင်း ပွဖောင်းလာသည်။ လေထုထဲရှိ သဲမှုန့်များသည် အလွန်များပြားလှရာ၊ လက်သီးအရွယ်အစားအထိ ဖောင်းပွလာသောအခါ မရေတွက်နိုင်သော အလင်းလုံးများသည် သူ့ကို ခိုင်မြဲစွာ အကာအကွယ်ပေးထားသည်။ ကြည့်ရှုသူများ​၏ အမြင်တွင် ယဲ့လျို့ယန်သည် ဤကြယ်ရောင်ပင်လယ်၏အလယ်ဗဟိုတွင် ရပ်တည်လျက် မရေတွက်နိုင်သောကြယ်များ ကောင်းကင်ယံတွင် ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရစေသည်။

ထိုအချိန်တွင် ရွှယ်အန်း​၏ လက်သီးချက်သည်လည်း ရောက်ရှိလာသည်။ သို့သော် လက်သီးအရွယ် အလင်းလုံးများနှင့် ရင်ဆိုင်ရသောအခါ ရွှယ်အန်း​၏ လက်သီးချက်သည် စွမ်းအင်အားလုံး ယုတ်လျော့သွားခဲ့သည်။ သက်ရောက်မှုအားလုံးကို ဤအလင်းလုံးများက လုံးလုံးလျားလျား စုပ်ယူသွားသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ယဲ့လျို့ယန်က ရယ်မောလိုက်သည်။

“ရွှယ်အန်း၊ အင်အားနည်းနည်း ချန်ထားဖို့ ကျုပ် အကြံပြုချင်တယ်။ ဒီစွမ်းအင်လုံးတစ်ခုစီက ကမ္ဘာငယ်တွေပဲ။ ခင်ဗျား သေတဲ့အထိ တိုက်ပွဲဝင်ရင်တောင် ကျုပ်ရဲ့ဆံပင်တစ်ပင်ကို ထိနိုင်မှာ မဟုတ်ဘူး"

'စွမ်းအင်လုံးတစ်ခုစီက ကမ္ဘာငယ်တစ်ခု'

ဤသည်မှာ အတွေးတစ်ခုတည်းဖြင့် ကမ္ဘာများကို ဖန်တီးနိုင်စွမ်းရှိသည့် အင်မော်တယ်သခင်အဆင့်၏ ကြောက်မက်ဖွယ် စွမ်းအင်ဖြစ်သည်။ ယဲ့လျို့ယန်ဆန္ဒရှိလျှင် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့နိုင်သည့် မရေတွက်နိုင်သော သဲကမ္ဘာများ ဖန်တီးနိုင်သည်။ ထိုကဲ့သို့သော ကာကွယ်မှုအောက်တွင် တစ်ဖက်လူ​၏ ခွန်အားသည် ပြိုင်ဘက်ကို မကျော်လွန်နိုင်ပါက၊ မည်သို့မျှ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အပြိုင်စကြဝဠာအနှံ့တွင် အင်မော်တယ်သခင်အဆင့်၏ မပျက်စီးနိုင်သော သဘောသဘာဝကို ဖော်ပြသည့် စကားစုတစ်ခုရှိပေသည်။ ပြိုင်ဘက်၏ ခွန်အားသည် မည်သို့ပင်ရှိစေကာမူ ဤကဲ့သို့ ခွဲခြားဆက်ဆံမှုမရှိသော ကာကွယ်မှုကို ရင်ဆိုင်ရာတွင် အင်အားအကြီးဆုံး စစ်သည်များပင် စိတ်ပျက်အားလျော့စွာဖြင့် သက်ပြင်းချနေကြမည်ဟူသော စကားစုဖြစ်သည်။

ရွှယ်အန်း၏ အမူအရာ အေးစက်သွားပြီးနောက် ယဲ့လျို့ယန်၏ ကဲ့ခြင်းကို ရင်ဆိုင်ရာတွင် မည်သည့်စိတ်လှုပ်ရှားမှုမျှ မပြသဘဲ လက်ကို မြှောက်၍ အေးစက်စွာ အော်ဟစ်လိုက်သည်။

“ခင်ဗျားရဲ့လွန်းပျံယာဉ်ကို ခဏလောက် ငှားပါ”

ယဲ့လျို့ယန် အံ့အားသင့်သွားသည်။

'အဲဒါက ဘာကိုဆိုလိုတာလဲ။ လွန်းပျံယာဉ်ကို ခဏလောက်ငှားပါဆိုတာ ဘာကို ပြောချင်တာလဲ'

ထိုအချိန်တွင် ရွှယ်အန်းသည် ကောင်းကင်သို့ ပျံသန်းသွားခဲ့ရာ၊ ယဲ့လျို့ယန် မောင်းနှင်လာသော လွန်းပျံယာဉ်အောက်ခြေသို့ ချက်ချင်းရောက်ရှိသွားသည်။

'သူ ဘာလုပ်ချင်နေတာလဲ' လူတိုင်း ပဟေဋ္ဌိဖြစ်နေကြသည်။

ရွှယ်အန်းသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ မိုင်တစ်သောင်းခန့် ရှည်လျားလှသော လွန်းပျံယာဉ်ကို ဆုပ်ကိုင်လိုက်ပြီးနောက် အေးစက်စွာ အော်ပြောလိုက်သည်

“လိပ်လို အခွံထဲမှာ ပုန်းချင်တယ်ပေါ့လေ၊ ဒါဖြင့်ရင် အခွံကို ရိုက်ခွဲပေးရတာပေါ့”

“လာထား” ရွှယ်အန်းသည် ဤသို့ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

မှန်သည်၊ လွန်းပျံယာဉ်ပေါ်တွင် လူများစွာ ရှိနေသည်။ ထို့ကြောင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသောအခါ လွန်းပျံယာဉ်ကို အထက်သို့ မောင်းနှင်ရန် ကြိုးစားလိုက်ကြသည်။ ရွှယ်အန်း၏ ကြီးမားသော စွမ်းအားအောက်တွင် လွန်းပျံယာဉ်သည် အမြင့်သို့ ပျံသန်းသွားမည့်အစား အောက်သို့ ထိုးဆင်းသွားကာ အရာဝတ္ထု အက်ကွဲသံများ စတင်ထွက်ပေါ်လာသည့်အတွက် ကြည့်ရှုနေသူအားလုံး တုန်လှုပ်သွားကြသည်။

ယဲ့လျို့ယန်လျှင်ပင် မယုံကြည်နိုင်စွာ တုန်လှုပ်သွားခဲ့သည်။ ရွှယ်အန်းသည် မိုင်တစ်ထောင်ရှိသော လွန်းပျံယာဉ်ကို လှုပ်ခါနိုင်သည့် ခွန်အားမျိုးရှိနေခြင်းဖြစ်သလော။ ဤကဲ့သို့ ကြီးမားသော စွမ်းအင်သည် လီဟန်ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကျင့်ကြံသူများပင် မစွမ်းဆောင်နိုင်သည့် အရာဖြစ်သည်။ ထိုအချိန်တွင် လွန်းပျံယာဉ်ပေါ်တွင် ရေးထွင်းထားသော စွမ်းအင်စုဆောင်းသည့် ဖွဲ့စည်းပုံများ ပျက်စီးယိုယွင်းမှုကြောင့် စတင်အက်ကွဲလာ၍ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံများကြားတွင် ရွှယ်အန်းသည် လွန်းပျံယာဉ်ကို အတင်းဆွဲချလိုက်ရာ၊ ကြီးမားလှသော လွန်းပျံယာသည် အုတ်ခဲကဲ့သို့ ပစ်ချခံလိုက်ရသည်။

ဝှစ်

လေပြင်းများ ကောင်းကင်နှင့်မြေကြီးတစ်လျှောက် ဖြတ်သန်းလာသည့်အတွက် မြင်သူတိုင်း လုံးလုံးလျားလျား အံ့ဩသွားကြသည်။

ယဲ့လျို့ယန်သည် ခေတ္တအံ့အားသင့်သွားပြီးနောက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

“ရွှယ်အန်း၊ ခင်ဗျားကများ အတင့်ရဲလို့..."

သူ​၏စကားများ မပြီးဆုံးမီတွင် မိုင်ပေါင်း တစ်သောင်းကျော်မျှ ကြီးမားသော လွန်းပျံယာဉ်သည် ပြင်းထန်စွာ ပြုတ်ကျပျက်စီးသွားလေသည်။ လွန်းပျံယာဉ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အောက်တွင် မရေတွက်နိုင်သော သဲကမ္ဘာများ တစ်ခုတစ်ခု စတင်ပေါက်ကွဲလာသည်။ တခဏချင်းမှာပင် ထိုတိုက်ခိုက်မှုကြောင့် ၎င်း​၏ထက်ဝက်ခန့် ပျက်စီးသွားသည်။

အခြေအနေများ ပြန်လည်တည်ငြိမ်သွားသောအခါ ယဲ့လျို့ယန်သည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရွှယ်အန်း၊ ကျုပ် ခင်ဗျားကို အပိုင်းပိုင်းဖျက်ဆီးပြီး ခင်ဗျား ဝိညာဉ်ကို ရုပ်သေးရုပ်အဖြစ် ပြောင်းပစ်မယ်”

ယဲ့လျို့ယန်​၏ ဒေါသတကြီး ဟိန်းဟောက်သံကြားတွင် ရွှယ်အန်းသည် ကောင်းကင်ယံတွင် ရပ်တန့်လျက် သူ့လက်ကို ညင်သာစွာ မြှောက်၍ အမိန့်ပေးလိုက်သည်။

"လာခဲ့စမ်း၊ ဓားသွား”

ထိုအမိန့်အောက်တွင် ဟွာရှားကောင်းချီးနယ်မြေမှ အလင်းရောင်များ တစ်ဟုန်ထိုး မြင့်လာသည်။ တောင်များ၊ မြစ်များ၊ နက်နဲသော ရေကန်များနှင့် အင်းအိုင်ငယ်များမှ မရေတွက်နိုင်သော အလင်းရောင်များ မြင့်တက်လာ၍ ရွှယ်အန်းဆီသို့ တစ်ဟုန်ထိုး ရောက်ရှိလာကြသည်။

“ဒါ... ဒါကတောင်တွေ မြစ်တွေထဲမှာ နှစ်ထောင်ချီ စုဆောင်းထားတဲ့ နဂါးသွေးပြန်ကြောစွမ်းအင်ပဲ" ကျင့်ကြံမှုအဆင့်များ ချိပ်ပိတ်ခံထားရသည့် ဖုန်းရွှေပညာရှင်ကြီးဆုန်ယိသည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားသည်။

ဖုန်းရွှေပညာလမ်းကြောင်းသို့ ဝင်ရောက်လာသူများသည် ဤအဆုံးမဲ့သော တောက်ပမှုအတွင်းပါရှိသည့် ဧရာမစွမ်းအင်များကို သဘာဝကျကျ ပိုင်းခြားနိုင်ကြသည်။ အလင်းရောင်သည် ရွှယ်အန်း​၏လက်ဖဝါးထဲတွင် ရူးသွပ်စွာ စုစည်းလာပြီးနောက် မိုင်တစ်သောင်းကျော် ရှည်လျားသော ဧရာမဓားကြီးတစ်စင်း အံ့အားသင့်စွာ ပုံဖော်လာသည်။ နဂါးကဲ့သို့ ပုံသဏ္ဍာန်ရှိသော ဓားသည် ဟွာရှားသားစဉ်မြေးဆက်များ၏ နက်ရှိုင်းသော စည်းလုံးမှု နှောင်ကြိုးများကို နှိုးဆော်စေသည်။

ဤအခိုက်အတန့်တွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီဓားချက်က လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက ခင်ဗျားရဲ့ဓားအောက်မှာ ကျဆုံးသွားတဲ့ ဟွာမျိုးနွယ်ဘိုးဘေးတွေကို ကိုယ်စားပြုတဲ့ ပထမအတိုးနှုန်းပဲ"

စကားပြောပြီးနောက် ရွှယ်အန်းသည် သူ၏ဓားကို ကောင်းကင်သို့ မြှောက်တင်၍ ကျယ်လောင်စွာ ခုတ်ချလိုက်သည်။ ၎င်း၏လမ်းကြောင်းရှိ တောင်များ ရွေ့လျားလာ၍ ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများဖြစ်ပေါ်လာသည်။ ယဲ့လျို့ယန်၏ မျက်နှာတွင် လေးနက်မှု အရိပ်အမြွက်များ ပြသလာသည်။ သို့သော် အင်မော်တယ်သခင်အဆင့်၏ ဂုဏ်ယူဝံ့ကြွားသော ပုဂ္ဂိုလ်တစ်ဦးအနေဖြင့်၊ သူသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဟန်ဆောင်နေရတယ်လို့”

ထိုအချိန်တွင် ဓားသွား​၏ စူးရှမှုများ ပြုတ်ကျလာသည်။ ယဲ့လျို့ယန်​၏ဝန်းကျင်ရှိ သဲကမ္ဘာများ အရှိန်အဟုန်ပြင်းစွာ ကွဲအက်လာသည်။ ၎င်းသဲကမ္ဘာများ​၏ စွမ်းအင်များ တခဏချင်းမှာပင် လုံးလုံးလျားလျား ကုန်ဆုံးသွားလေသည်။ သို့သော် ဓားသွားသည် ယဲ့လျို့ယန်ဆီ ဆက်လက် ချီတက်နေဆဲဖြစ်သည်။ သို့သော် ဓားသွားနှင် ထိမိခါနီးတွင် ယဲ့လျို့ယန်က လက်နှစ်ချောင်းကို ဆန့်ထုတ်၍ ဓားကို တိုက်ရိုက်ဖမ်းယူပြီးနောက် အေးစက်စွာ လှောင်ရယ်လိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံးကို ဓားအဖြစ် ပေါင်းစည်းရင်တောင် ကျုပ်ကို ဘာမှမလုပ်နိုင်တာ၊ ဒီလိုမိုင်ကိုးသောင်းလောက်ရှိတဲ့ ရှုခင်းမျိုးနဲ့ဆို ဝေလာဝေး”

စကားပြောနေစဉ် သူ​၏လက်ချောင်းများကို ဖိညှစ်လိုက်ရာ၊ သောင်းချီရှည်လျားသော ဓားသွားသည် တောက်ပသောအလင်းရောင်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီးထဲသို့ ပျော်ဝင်သွားပြီးနောက် နေရာအနှံ့ ပြန့်ကျဲသွားလေသည်။ ယဲ့လျို့ယန်သည် ဂုဏ်ယူစွာ မတ်တပ်ရပ်လျက် လှောင်ပြုံးပြုံးလိုက်သည်။

“ရွှယ်အန်း၊ ခင်ဗျားမှာ အခု ဘာအကွက်တွေ ကျန်သေးလဲ”

ရွှယ်အန်းသည် မည်သည့်စကားမျှ ပြန်မပြောခဲ့ရာ၊ နေရာအနှံ့ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြီးနောက် ရွှယ်အန်း​သည် တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လာသည်နှင့် သူ​၏ခန္ဓာကိုယ်မှ အားပြင်းသော အရောင်အဝါများ ဖြည်းညှင်းစွာ မြင့်တက်လာသည်။

“အကျိုးဖြစ်ပေါ်ခြင်း နိယာမ”

နတ်စွမ်းအင်များ ပြန်လည်ပေါ်ပေါက်လာ၍ တိုက်ပွဲသည် ကောင်းကင်ဘုံကိုပင် တုန်လှုပ်သွားစေသည်။

အခန်း (၉၅၀) နိယာမများ ထိပ်တိုက်ရင်ဆိုင်ခြင်း၊ စစ်မှန်အင်မော်တယ်​၏ အတိဒုက္ခ

ထိုအမိန့်အောက်တွင် မဟာတာအို၏ နက်နဲ၍ လျှို့ဝှက်ဆန်းကြယ်သော နိယာမများ ယဲ့လျို့ယန်၊ ကုန်းဝူကျန်းနှင့် အခြားသော နတ်ဘုရားများအားလုံးထံ ဆင်းသက်လာသည်။ ယဲ့လျို့ယန်သည် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အကျိုးဖြစ်ပေါ်ခြင်း နိယာမကို ထိန်းချုပ်နိုင်တဲ့အထိ ဒီလိုနတ်စွမ်းအင်မျိုးကို ခင်ဗျားက ဘယ်လိုလုပ်ပိုင်ဆိုင်နေရတာလဲ"

သူသည် နောက်ဆုံးတွင် အမှန်တကယ် ထိတ်လန့်လာသည်။ အရှင်လီဟန်၏သားတော်ဖြစ်သော မိမိလျှင်ပင် ထိုကဲ့သို့သော နတ်နိယာမကို မချုပ်နှောင်နိုင်ခဲ့ပေ။ ဤအမျိုးသားသည် မည်သူဖြစ်သနည်း။ သူသည် ထိုကဲ့သို့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေစဉ် ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"ပြောင်းပြန်ဆန့်ကျင်ခြင်း"

နတ်ဘုရားများစွာသည် အကျိုးဖြစ်ပေါ်ခြင်း နိယာမ​၏ ကြီးမားသော စွမ်းအင်ကြောင့် ပျက်စီးလွယ်သော ကြွေရုပ်များကဲ့သို့ ကွဲအက်သွားကာ ၎င်းတို့၏ ဖြစ်တည်မှု အရိပ်အမြွက်ဟူ၍ မကျန်ရစ်ဘဲ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလေသည်။ ကုန်းဝူကျန်းသည် သူမ​၏ပုံသဏ္ဌာန် တဖြည်းဖြည်း ပျက်ပြယ်လာကြောင်း မြင်လိုက်ရသောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“သခင်လေး၊ ကျွန်မကို ကယ်ပါဦး”

အင်မော်တယ်သခင်အဆင့်၏ နိယာမတရားဖြင့် ထိန်းညှိထားသော ယဲ့လျို့ယန်ခန္ဓာကိုယ်သည် တာအိုအကျိုးတရား၏ ဆေးကြောမှုအောက်တွင် အက်ကြောင်းများ ပြသခဲ့သော်လည်း သူသည် အေးစက်စွာ အော်ပြောလိုက်ဆဲဖြစ်သည်။

“အကျိုးဖြစ်ပေါ်ခြင်း နိယာမကို ထိန်းချုပ်နိုင်တော့ရော ဘာဖြစ်တာမို့လို့လဲ၊ စစ်မှန်အင်မော်တယ်အဆင့်တောင် မဟုတ်ရင် ခင်ဗျားက အရေးမပါတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ”

ထိုသို့ပြောပြီးနောက် ယဲ့လျို့ယန်သည် ခြေထောက်ကို ရုတ်တရက် ဆောင့်နင်းလိုက်သည်။

"အဆုံးစွန် ခိုင်မြဲခြင်း”

ဘုံး

သူ့ပတ်ဝန်းကျင်ရှိ အချင်းဝက်အကွာအဝေးအတွင်း ဟင်းလင်းပြင်သည် အေးစက်သောသတ္တုရောင်ဖြင့် ရုတ်တရက် တောက်ပလာပြီးနောက် အလွန်ခိုင်မာလာသည်။ ကောင်းကင်ဘုံတာအိုနိယာမလျှင်ပင် ကျောက်တုံးကဲ့သို့ ခိုင်မာလာခဲ့သည်။ ကုန်းဝူကျန်းသည် သူမကို ရူးသွပ်စွာ တိုက်စားနေသော အကျိုးဖြစ်ပေါ်ခြင်း နိယာမများ ပိတ်ဆို့သွားကြောင်း ခံစားလိုက်ရသောကြောင့် သက်ပြင်းချလိုက်မိသည်။ ပြီးနောက် သူမသည် ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။

ရေလှိုင်းကဲ့သို့ တစ်ဟုန်ထိုးဖြစ်ပေါ်လာသော စွမ်းအင်များကို ယဲ့လျို့ယန်​၏ နတ်စွမ်းအင်သည် ကျောက်တုံးကဲ့သို့ အလျှော့မပေးဘဲ ရပ်တန့်ထားကြောင်း သူမ မြင်တွေ့လိုက်ရသည်။ ဤနတ်နိယာမများ၏ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ကောင်းကင်နှင့်မြေကြီးသည် တဖြည်းဖြည်း မခုခံနိုင်တော့သောကြောင့် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

ယဲ့လျို့ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ရွှယ်အန်း၊ ခင်ဗျားရဲ့ အကျိုးဖြစ်ပေါ်ခြင်း နိယာမအပေါ် ထိန်းချုပ်မှုက ထူးချွန်တယ်ဆိုပေမယ့် ကျုပ်ရဲ့ အဆုံးစွန် ခိုင်မြဲခြင်းကလည်း မရိုးရှင်းပါဘူး"

ယဲ့လျို့ယန်​၏ မျက်လုံးများတွင် လောဘအရိပ်အမြွက်များ လင်းလက်လာသည်။ ယခုအခါ သူသည် ရွှယ်အန်းကို ဖမ်းဆီးရန် စိတ်ပိုင်းဖြတ်ထားသည်။ ယဲ့လျို့ယန်သည် အဆုံးစွန် ခိုင်မြဲခြင်းကဲ့သို့ အင်မော်တယ်အဆင့်နိယာမကို စုစည်းနိုင်ခြင်းသည် အလွန်ကံကောင်းခြင်းကြောင့်ဖြစ်၍ ထိုစွမ်းအင်ကို လီဟန်ကောင်းကင်ဘုံ​၏ အရင်းအမြစ်များနှင့် အနှစ်တစ်ထောင်ကျော်မျှ စုဆောင်းခဲ့ရသည်။ သို့သော် ရွှယ်အန်း၏ အကျိုးဖြစ်ပေါ်ခြင်း နိယာအပေါ် ထိန်းချုပ်ခြင်းနှင့်နှိုင်းယှဉ်ပါက၊ အလွန်နိမ့်ကျနေသေးသည်။

ယခုအခါ ယဲ့လျို့ယန်သည် အကျိုးဖြစ်ပေါ်ခြင်း နိယာမကဲ့သို့သော နတ်စွမ်းအင်ကို ပေါင်းစည်းခဲ့သည့် နည်းလမ်းကို ရွှယ်အန်းထံမှ စစ်ဆေးမေးမြန်းမည်ဟူသော အတွေးတစ်ခုသာရှိပေသည်။ အထူးသဖြင့် ရွှယ်အန်းသည် စစ်မှန်အင်မော်တယ်အဆင့်ပင် မဟုတ်သည့်အတွက် ရွှယ်အန်းတွင် အံ့အားသင့်ဖွယ်လျှို့ဝှက်နည်းပညာအချို့ကို ပိုင်ဆိုင်ထားရမည်ဟု ယဲ့လျို့ယန် ယုံကြည်နေသောကြောင့် ပို၍ပင် စိတ်အားထက်သန်လာသည်။

ထိုအချိန်တွင် နတ်နိယာမနှစ်ခုကြားက ထိပ်တိုက်ရင်ဆိုင်မှုတွင် အနိုင်ရရှိသူ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ အကျိုးဖြစ်ပေါ်ခြင်း နိယာမသည် အပြိုင်စကြဝဠာတွင် အထွတ်အထိပ်အဆင့် နိယာမအဖြစ် အသိအမှတ်ပြုခံရသော်လည်း ရွှယ်အန်းသည် ခြေလှမ်းတစ်ဝက် စစ်မှန်အင်မော်တယ်မျှသာဖြစ်သည့်အတွက် သူ၏ကျင့်ကြံမှုအဆင့်သည် ဤနတ်စွမ်းအင်​၏ စစ်မှန်သောစွမ်းအင်ကို ထုတ်လွှတ်ရန် မလုံလောက်ပေ။

ထိုစဉ် ယဲ့လျို့ယန်သည် အင်မော်တယ်သခင်အဆင့်၏ နိယာမများကို နားလည်သဘောပေါက်၍ ပြိုင်ဘက်ကင်းသည့်အပြင် သူ၏ အဆုံးစွန် ခိုင်မြဲခြင်းသည် ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေသည်။ တစ်ဖက်တွင် အင်အားကြီးမားလာသည်နှင့်အမျှ အခြားတစ်ဖက်သည်လည်း အားနည်းလာသည်။ ယဲ့လျို့ယန်၏ အဆုံးစွန် ခိုင်မြဲခြင်း၏ နယ်မြေသည် တဖြည်းဖြည်း ချဲ့ထွင်လာချိန် အကျိုးဖြစ်ပေါ်ခြင်း နိယာမကဲ့၏ တွန်းအားသည် တဖြည်းဖြည်း ဖိနှိပ်ခံလိုက်ရသည်။

ထိုသို့မြင်သောအခါ ယဲ့လျို့ယန်က အေးစက်စွာ လှောင်ရယ်လိုက်သည်။

“ရွှယ်အန်း၊ ဒီလိုစွမ်းအင်နည်းပါးတဲ့ တောကန္တာရမှာ အံ့သြစရာကောင်းတဲ့ စွမ်းရည်တွေကျင့်ကြံနိုင်တာကိုတော့ ကျုပ် တကယ် ချီးကျူးမိပါတယ်၊ မှတ်သားစရာသိပ်ကောင်းတာပဲ။ ဒါပေမယ့် အကြွင်းမဲ့အာဏာအရှေ့မှာ အရာအားလုံးက အချည်းနှီးပဲ။ အခုအညံ့ခံလိုက် ဒါဆိုရင် ခင်ဗျားဝိညာဉ်ကို သေခြင်းတရားကနေ ငဲ့ညှာပေးမယ်”

လူတိုင်း​၏ နှလုံးသားများ လည်ချောင်းဝသို့ ရောက်ရှိလာသည်။ လူများစွာသည် ထိုမားမတ်သော ပုံရိပ်ကို ရှုပ်ထွေးသောအကြည့်များဖြင့် မော့ကြည့်လိုက်ကြသည်။ လူကြီးမင်းရွှယ်သည် အကောင်းဆုံး ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့သိကြသည်။ ဤကမ္ဘာကို ကယ်တင်ရန်အတွက် ကျယ်ပြောလှသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့သည်။ သူသည် အကောင်းဆုံး စွမ်းဆောင်ခဲ့သည်။ သို့သော် ယခုအခါ အားလုံးပြီးဆုံးသွားလေသည်။ လူကြီးမင်းရွှယ်သည် အံ့အားသင့်ဖွယ် ကျင့်ကြံမှုအဆင့်မျိုးရှိသော်လည်း သူသည် ခြေလှမ်းဝက် စစ်မှန်အင်မော်တယ်အဆင့်သာဖြစ်သည်။ လူအများအပြားသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်ထားကြသည်။

သို့သော် ထိုအချိန် ကောင်းကင်အထက်တွင် ရပ်တန့်နေသော ရွှယ်အန်းသည် ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် လွန်းပျံယာဉ်ထံ လှည့်ကြည့်၍ ပြောလိုက်သည်။

“ယန်အာ၊ ကိုယ့်ကို မင်း ဒယ်ပြား ခဏ ငှားပါလား”

ထိုအခါ လူအများ သတိရသွားကြသည်။ မှန်သည်၊ လူကြီးမင်းရွှယ်သည် တစ်ယောက်တည်း ပြန်လာခြင်းမဟုတ်ပေ။ လူကြီးမင်းရွှယ်သည် သူနှင့်အတူ အကူအညီများစွာကို ခေါ်ဆောင်လာခဲ့သည်။ သို့သော် လွန်းပျံယာဉ်မှ ထွက်လာသော လူများကို အနီးကပ်ကြည့်လိုက်သောအခါ လူအများ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြန်သည်။ ဤလူအများစုသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများသာဖြစ်သည်။ ယခင်အချိန်ကသာဆိုလျှင် ဤစွမ်းအင်ဖြင့် စကြဝဠာကြီးကိုပင် ကိုင်လှုပ်နိုင်သော်လည်း ရွှေအင်မော်တယ်အဆင့်ဟူသည် ယဲ့လျို့ယန်အရှေ့တွင် မပြောပါ့လောက်ပေ။

အန်းယန်သည် တိုက်ပွဲကြီးကို ရွှယ်အန်းနောက်ကွယ်မှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူမသည် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် လက်ဖဝါးများပင် စိုစွတ်လာသည်။ ထို့ကြောင့် ရွှယ်အန်း၏ အော်သံကို ကြားလိုက်သောအခါ သူမ ရုတ်တရက် ထိတ်လန့်သွားသည်။ ခဏအကြာတွင် အာရုံပြန်ကပ်လာသည့်အတွက် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“အိုခေ၊ ဟန်နီ”

စကားပြောနေစဉ်တွင် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဒယ်ပြားတစ်ခု သူမ၏လက်ထဲတွင် ပေါ်လာခဲ့ရာ၊ သူမသည် ၎င်းကို အောက်ဘက်သို့ ပစ်ချလိုက်သည်။

“ဟန်နီ၊ ဖမ်းနော်"

ဒယ်ပြားသည် အန်းယန်၏ အော်ဟစ်သံဖြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှယ်အန်းဆီသို့ တိုက်ရိုက် ပျံသန်းလာသည်။ ထိုအချိန်တွင် လေထုထဲရှိ ဒယ်ပြားထံမှ ကိုးကောင်းကင်မိုးကြိုးသခင်၏ အသံသည် ထွက်ပေါ်လာသည်။

“ဒါက ဘာလဲဟ”

ပြီးနောက် ၎င်း၏နတ်အာရုံဖြင့် လေ့လာပြီးသည်နှင့် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လေသည်။

“သေစမ်း၊ အင်မော်တယ်သခင်အဆင့်။ ကျွန်တော် သူ့ကို နိုင်မှာမဟုတ်ဘူးကွ။ ကျွန်တော် အိမ်ပြန်ချင်တယ်”

ကိုးကောင်းကင်မိုးကြိုးသခင်သည် မျက်ရည်ကျလုနီးပါးပင် ခံစားနေရသည်။ သူ၏ ခွန်အားသည် ရွှေအင်မော်တယ်အဆင့်ကို ခြောက်လှန့်နိုင်သော်လည်း အင်မော်တယ်သခင်အဆင့်ကျွမ်းကျင်သူ​၏ အရှေ့တွင် အရေးတယူပြုရန်ပင် မထိုက်တန်ပေ။ သူသည် ထိုပုဂ္ဂိုလ်၏ အသက်ရှုငွေ့ဖြင့် မီးခိုးကဲ့သို့ပင် ပြန့်ကျဲသွားနိုင်သည်။ ထို့ကြောင့် ကိုးကောင်းကင်မိုးကြိုးသခင်သည် ငိုယိုလျက် ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။ ရွှယ်အန်းက လက်ကို ဆန့်ထုတ်လိုက်သည်။ ကြီးမားသော စုပ်ယူမှုတစ်ခုဖြင့် ဒယ်ပြားကို ပြန်ဆွဲငင်းပြီးနောက် ၎င်းကို သူ​၏လက်ထဲတွင် တိုက်ရိုက် ဆုပ်ကိုင်ထားလိုက်သည်။

“ဘော့စ်၊ မဖြစ်ဘူး။ ကျွန်တော် နောက်နှစ်အနည်းငယ်လောက် အသက်ရှင်ချင်သေးတယ်” ကိုးကောင်းကင်မိုးကြိုးသခင်က ငိုကြွေးလိုက်သည်။

“ဘာလို့ငိုနေတာလဲ။ ငါ မင်းကို သေရွာပို့နေတာ မဟုတ်ဘူး” ရွှယ်အန်းက ပြောလိုက်သည်။

ကိုးကောင်းကင်မိုးကြိုးသခင်သည် ပို၍ပင် ခါးသီးစွာ အော်ငိုလာသည်။ အင်မော်တယ်သခင်အဆင့်ကို ရင်ဆိုင်ရခြင်းသည် သေရွာသို့ ပို့ခြင်းနှင့် မည်မျှကွာခြားမည်နည်း။

ထိုအချိန် ယဲ့လျို့ယန်က ဤမြင်ကွင်းကိုမြင်သောအခါ လက်ပိုက်လျက် ကဲ့ရဲ့ရှုံ့ချသောမျက်နှာဖြင့် ပြောလိုက်သည်။

“ရွှယ်အန်း၊ ခင်ဗျား ဘာလုပ်တာလဲ။ ကျုပ်ကို မနိုင်လို့ အကူအညီရှာဖို့ စီစဉ်နေတာလား။ ဒါပေမယ့် ခင်ဗျား လက်ထဲက ပစ္စည်းနဲ့ ကျုပ် ဆံပင်တစ်ချောင်းကိုတောင် ထိနိုင်မယ်ထင်နေတာလား”

“ခင်ဗျား မှားနေပြီ။ ဒါက ခင်ဗျားကို တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူး” ရွှယ်အန်းက ခေါင်းခါလိုက်သည်

ယဲ့လျို့ယန်က မထီမဲ့မြင်ပြု၍ ပြောလိုက်သည်။

“ဒါဆိုရင် ခင်ဗျားက... "

စကားမပြီးဆုံးမီတွင် ရွှယ်အန်းသည် အသက်ပြင်းပြင်းရှူထုတ်၍ ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“အချိန်ကျပြီ”

'အချိန်ကျပြီတဲ့လား၊ ဘာအချိန်ကျတာလဲ'

ရွှယ်အန်း​၏အပြုအမူကြောင့် ယဲ့လျို့ယန်သာမကဘဲ လူတိုင်းသည်လည်း စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်ကြသည်။ ကြည်လင်သော အပြာရောင်ကောင်းကင်ကြီးကိုသာ မြင်တွေ့နေရ၍ မည်သည့် ထူးခြားမှုဟူ၍ မရှိခဲ့ပေ။ လူတိုင်းသည် ပဟေဠိဆန်သော အမူအရာများ ပြသလာကြသည်။

'လူကြီးမင်းရွှယ်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ'

ထိုအချိန်တွင် တစ်စုံတစ်ယောက်က တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။

“ကြည့်စမ်း၊ မိုးကုပ်စက်ဝိုင်းမှာ အဲဒါဘာလဲ”

လူတိုင်း ပြန်ကြည့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းမှ အနက်ရောင်မျဉ်းတစ်ကြောင်း ပေါ်ပေါက်လာ၍ ဤနေရာသို့ အရူးအမူး ဆင်းသက်လာကြောင်း ၎င်းတို့ မြင်တွေ့လိုက်ရသည်။ တခဏချင်းမှာပင် မရေတွက်နိုင်သော တိမ်မည်းများ တစ်ဟုန်ထိုး မြင့်တက်လာကာ ကောင်းကင်တွင် ပြည့်နှက်လာသည့်အတွက် ကြည်လင်နေသော ကမ္ဘာကြီးကို ညအမှောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ တိမ်မည်းများသည် မြို့ကို ဖျော့တော့သော လျှပ်စီးအလင်းများဖြင့် ဖိနှိပ်လာသည်။ ဧရာမသားရဲကြီးသည် ကောင်းကင်ဘုံ​၏အပြင်ဘက်တွင် အသေအလဲ တိုက်ပွဲဝင်ရန် ပြင်ဆင်လျက် ဟိန်းဟောက်နေသကဲ့သို့ ထင်မှတ်ရစေသည်။ အလွန်အစွမ်းထက်သော အရောင်အဝါသည် လေထုကိုပင် ရပ်တန့်သွားစေသည့်အတွက် လူတိုင်း အံ့သြသွားကြသည်။

မိုးကြိုးအရှေ့တွင် ရပ်တည်နေသော ရွှယ်အန်းက ပြုံးပြလိုက်သည်။

“အခု ကျုပ် ဘာကိုစောင့်နေလဲဆိုတာ သိပြီလား”

“ကျုပ်က မိုးကြိုးကို စောင့်နေတာ”

တစ်ချိန်တည်းမှာပင် အတွေ့အကြုံရှိ ကျင့်ကြံသူအများအပြား တုန်လှုပ်ခြောက်ခြားကာ အော်ဟစ်လိုက်ကြသည်။

“မိုးကြိုးအတိဒုက္ခ”

“ဘုရားရေ၊ ဒီလောက်ပြင်းထန်တဲ့ မိုးကြိုးအတိဒုက္ခမျိုး တစ်ခါမှမမြင်ဖူးဘူး”

“လူကြီးမင်းရွှယ်က မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်တော့မယ်”

ထိုအချိန်တွင် ယဲ့လျို့ယန်၏ အမူအရာသည် ရုတ်တရက် အလွန်ဆိုးရွားလာ၍ သူသည် အံကြိတ်လျက် စကားတစ်ခွန်းချင်း ပြောလိုက်သည်။

“စစ်မှန်အင်မော်တယ် မိုးကြိုးအတိဒုက္ခ"

အခန်း (၉၆၀) ဘဝပျက်သုဉ်းခြင်းမိုးကြိုးသွား

ရွှေအင်မော်တယ်အဆင့်ဖြစ်လာခြင်းသည် သေမျိုးနှင့်အင်မော်တယ်များကြားက ပိုင်းခြားရာ စည်းမျဉ်းဟုဆိုပါက စစ်မှန်အင်မော်တယ်ဖြစ်လာခြင်းသည် သာမန်ကျခြင်းနှင့်ကြီးမြတ်ခြင်းကြားက နယ်နိမိတ်ဖြစ်သည်။ စစ်မှန်အင်မော်တယ်ဖြစ်လာမှသာလျှင် အပြိုင်စကြဝဠာတွင် အမှန်တကယ် အစွမ်းထက်သူဟု ခေါ်နိုင်သည်။ ထို့အတွက်ကြောင့် စစ်မှန်အင်မော်တယ်ဖြစ်လာခြင်းသည် မရေတွက်နိုင်သော ကျင့်ကြံသူများအရှေ့တွင် ရပ်တည်နေသည့် ကြောက်မက်ဖွယ် အတားအဆီးတစ်ခုဖြစ်လာသည်။

စစ်မှန်အင်မော်တယ်ဖြစ်လာရန်အတွက် မွေးရာပါ အရည်အချင်းလိုအပ်ရုံသာမကဘဲ အတိဒုက္ခကိုလည်း ဦးစွာကျော်ဖြတ်ရပေလိမ့်မည်။ ဤအတိဒုက္ခသည် မွေးရာပါ အရည်အချင်းနှင့် ခွန်အားအပေါ် မူတည်၍ ပြင်းထန်စွာ ကွဲပြားပေသည်။ သို့သော် ၎င်း၏အရွယ်အစားက မည်သို့ပင်ရှိစေကာမူ ဤအတိဒုက္ခသည် အလွန်အန္တရာယ်များသည်။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်တစ်လျှောက်တွင် ဤစစ်မှန်အင်မော်တယ်အတိဒုက္ခအတွင်း ထက်မြက်၍ ကြောက်မက်ဖွယ် သန်မာသော ပုဂ္ဂိုလ်များစွာ ကျဆုံးခဲ့ကြသည်။

ထို့ကြောင့် မရေတွက်နိုင်သောလူများသည် ဤအတိဒုက္ခအကြောင်း ပြောကြသောအခါ အမူအရာများ ပြောင်းလဲသွားကြသည်။ ယခုအခါ အခြေအနေအရ ဤကောင်းကင်မိုးကြိုး၏ အတိုင်းအတာသည် မကြုံစဖူး ကြီးမားပုံပေါ်သည်။ ယင်းကြောင့် ယဲ့လျို့ယန်၏အမူအရာပင် အလွန်အမင်း ခန့်မှန်းရခက်သွားစေသည်။ သူသည် စစ်မှန်အင်မော်တယ် အတိဒုက္ခကို ရင်ဆိုင်ရာတွင် သူ​၏ဖခင် အရှင်လီဟန်၏အကူအညီကြောင့် ရှင်သန်နိုင်ရုံမျှသာ ကြိုးစားခဲ့ရကြောင်း သိထားရပေလိမ့်မည်။

ထို့အပြင် ကျယ်ပြန့်သော ကြယ်ကောင်းကင်​၏ အင်မော်တယ်မျိုးဆက်များပင် ၎င်းတို့၏အကြီးအကဲများထံမှ အကာအကွယ်ကို အားကိုးလေ့ရှိကြောင်း ယဲ့လျို့ယန် သိထားသည်။ ဤအတိဒုက္ခကို မိမိဘာသာ လွန်မြောက်နိုင်သူနှင့်ပတ်သက်၍ ကြားသိရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ယခုအခါ ရွှယ်အန်း​၏အပြုအမူအရ၊ သူသည် ကောင်းကင်ဘုံအတိဒုက္ခကို တစ်ယောက်တည်း ရင်ဆိုင်ရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားသည်။ ဤဖြစ်စဉ်ကြောင့် ယဲ့လျို့ယန်​၏နှုတ်ခမ်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်ပေါက်လာစေသည်။

'ကောင်းတယ်၊ အတိဒုက္ခ ရင်ဆိုင်ရာမှာ ကျရှုံးပြီး သေခါနီးဖြစ်နေတဲ့အချိန်မှာ ခင်ဗျားရဲ့ဝိညာဉ်ကြိုးကို သိမ်းယူပြီး ကံကြမ္မာဆန်းကြယ်ခြင်းပညာနဲ့ စစ်ဆေးပစ်မယ်။ ဒီနည်းနဲ့ဆိုရင် အချိန်ကုန်သက်သာတာပေါ့'

ထိုအချိန်တွင် ရွှယ်အန်းသည် ဒယ်ပြားထဲရှိ ကိုးကောင်းကင်မိုးကြိုးသခင်ကို ကြည့်၍ ခပ်ပါးပါး ပြုံးပြလိုက်သည်။

“အတိဒုက္ခ ကျော်လွှားဖို့ ကျုပ် မင်းကိုပါ ခေါ်သွားမှာ။ ဘယ်လိုလဲ၊ ရင်ထဲ ထိရှသွားပြီလား”

ကိုးကောင်းကင်မိုးကြိုးသခင်သည် သေလုမျောပါး ကြောက်လန့်လျက် နာကျင်စွာ အော်ဟစ်လိုက်လေသည်။

“အား.... အရှင်ရယ် ကျေးဇူးပြု၍ ကျွန်တော့်ကို မခြောက်ပါနဲ့တော့ တကယ် ကြောက်လို့ပါ။ ကျွန်တော် အိမ်ပဲပြန်ချင်တယ်”

မိုးကြိုးရေကန်တွင် မွေးဖွားလာသော ဖြစ်တည်မှုအနေဖြင့် ကိုးကောင်းကင်မိုးကြိုးသခင်သည် ဤကောင်းကင်ဘုံအတိဒုက္ခ၏ ထိတ်လန့်ဖွယ် စွမ်းအင်ကို အခြားလူများထက် ပို၍ခံစားနိုင်သည်။ တိမ်တိုက်များအတွင်း သိသိသာသာ လင်းလက်နေသော လျှပ်စီးကြောင်းတစ်ခုစီသည် ကောင်းကင်နှင့်မြေကြီးကိုပင် ချေမှုန်းနိုင်ဟန်ရှိကာ ၎င်းသည် ကိုးကောင်းကင်မိုးကြိုးသခင်ကဲ့သို့သော ဖြစ်တည်မှုကို တစ်ချက်တည်းဖြင့်ပင် သုတ်သင်ပစ်နိုင်သည်။

“ဘာတွေကြောက်နေလဲ၊ ကျုပ်က မင်းကို အခွင့်အရေးကောင်းတွေ ပေးနေတာပါ” ရွှယ်အန်းက ရယ်မောလိုက်သည်။

ထိုသို့ကြားသောအခါ ကိုးကောင်းကင်မိုးကြိုးသခင်သည် ငိုရှိုက်ရာမှ မူးမေ့လုနီးပါးဖြစ်သွားလေသည်။

“ဒီအခွင့်အရေးကို မယူလို့မရဘူးလား၊ အရှင်"

“ရှူး၊ တိတ်တိတ်နေ”

ရွှယ်အန်းသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကောင်းကင်ကို စိတ်အားထက်သန်စွာ မော့ကြည့်လိုက်သည်။

“စနေပြီ”

စကားပြောနေစဉ် ရွှယ်အန်းသည် မုန်တိုင်းထန်သော ကောင်းကင်ယံသို့ ခုန်တက်သွားလေသည်။

“မဖြစ်ဘူး...” ကိုးကောင်းကင်မိုးကြိုးသခင်သည် စိတ်ဆင်းရဲစွာ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် မုန်တိုင်းထန်သော တိမ်တိုက်များသည် ရွှယ်အန်း​၏ စိန်ခေါ်မှုကြောင့် နှိုးဆော်ခံလိုက်ရပုံပေါ်သည်။ မြွေကဲ့သို့ လျှပ်စီးကြောင်းများ တိမ်တိုက်များထဲတွင် တဖျပ်ဖျပ် လှုပ်ခတ်လာပြီးနောက် အလျင်အမြန် စုစည်းသွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ တခဏအတွင်းမှာပင် အကျယ်အဝန်း ဆယ်မိုင်ခန့်ရှိသော မိုးကြိုးသွားတစ်ခုဖြစ်ပေါ်လာ၍ ချက်ချင်း ပစ်ချလာသည်။

ထိုအခိုက်အတန့်တွင် လူအများအပြားက နေ့အလင်းရောင် ထွက်ပေါ်လာသည်ဟုပင် တွေးမိသွားကြသည်။ ပြန့်ကျဲနေသော လျှပ်စီးကြောင်းသည် ကောင်းကင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။ လူတိုင်းသည် မှင်သက်စွာ မော့ကြည့်နေကြသည်။ အဆုံးမဲ့ကောင်းကင်၏အထွတ်အထိပ်တွင် ရွှယ်အန်းသည် ကြောက်ရွံ့မှု အနည်းငယ်မရှိဘဲ မကြုံစဖူးကြီးမားလှသော လျှပ်စီးကြောင်းကို ရင်ဆိုင်နေစဉ် လက်ကိုမြှောက်တင်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုံး

ကျယ်လောင်သော ဆူညံသံသည် တစ်ကမ္ဘာလုံးကို တိတ်ဆိတ်သွားစေသည်။ ပြီးနောက် မိုးကြိုးသွားသည် သူ၏လက်သီးချက်ဖြင့် ကွဲကြေသွားခဲ့ရာ၊ ပြန့်ကျဲနေသော မီးပွားများကြားတွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“နောက်တစ်ကြိမ်”

မုန်တိုင်းထန်သည့် တိမ်တိုက်များ တစ်ဟုန်ထိုး မြင့်တက်လာသည်။ ယခင်ကထက် ဆယ်ဆပိုမိုပြင်းထန်သော လျှပ်စီးကြောင်းများ ထပ်မံစုပုံလာပြီးနောက် အထူမိုင်နှစ်ဆယ်ရှိသည့် ကြီးမားသော မိုးကြိုးသွားကြီး ထပ်မံပစ်ချလာပြန်သည်။ ရွှယ်အန်းသည် ယခုတစ်ကြိမ်တွင်လည်း နောက်ဆုတ်မသွားဘဲ အရှေ့သို့ ချီတက်၍ လက်သီးဖြင့် ထပ်မံဖြိုခွဲလိုက်သည်။

“မလောက်သေးဘူး၊ ထပ်လာခဲ့ဦး”

မိုင်သုံးဆယ် လျှပ်စီးကြောင်းများ၊ မိုင်လေးဆယ် လျှပ်စီးကြောင်းများ ဆင်းသက်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံ​မိုးကြိုးကိုးသွယ်သည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ ၎င်းအနက် တစ်ခုချင်းစီက အလွန်အင်အားကြီးမား၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ နောက်ဆုံး ပစ်ချက်တွင် မိုင်တစ်ရာကျယ်ဝန်းသော မိုးကြိုးကိုပင် သယ်ဆောင်လာခဲ့သည်။ ထိုသို့သော မြင်ကွင်းသည် ယဲ့လျို့ယန်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

သူသည် စစ်မှန်အင်မော်တယ်အဆင့်၏ အတိဒုက္ခကို ရင်ဆိုင်ခဲ့ရသောအခါ မိုးကြိုးခုနစ်သွယ်သာ ကျဆင်းခဲ့သည်။ ပြီးနောက် သူသည် ပထမငါးသွယ်ကို ကိုယ်ပိုင်ခွန်အားဖြင့် ခုခံခဲ့ကာ နောက်ဆုံး မိုးကြိုးနှစ်သွယ်ကို ဖခင်ဖြစ်သူ အရှင်လီဟန်က ခုခံခဲ့သောကြောင့် အမှားအယွင်းမရှိစွာ ပြီးဆုံးသွားခြင်းဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ရွှယ်အန်းသည် ကောင်းကင်ဘုံမိုးကြိုးကိုးသွယ်စလုံးကို ကိုယ်တိုင် ရင်ဆိုင်ခဲ့သည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက အပြိုင်စကြဝဠာတစ်ခွင် တုန်လှုပ်သွားပေလိမ့်မည်။

သို့သော် ရွှယ်အန်းသည် ၎င်းကို မည်သည့်အဖိုးအခမျှ မပေးဆပ်ဘဲ ဖြတ်သန်းခဲ့ခြင်းမဟုတ်ပေ။ ကောင်းကင်ဘုံ​မိုးကြိုးကိုးသွယ်၏ စွမ်းအင်သည် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်ပေါ်တွင် ထိတ်လန့်ဖွယ်ရာ အက်ကွဲကြောင်းများ ကျန်ရစ်ခဲ့စေသည်။

“ယောက်ျား” အန်းယန်သည် စိုးရိမ်စိတ်အပြည့်ဖြင့် အော်ခေါ်လိုက်သည်။

ရွှယ်အန်းသည် အန်းယန်ကို ပြုံးပြပြီးနောက် နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားပြလိုက်သည်။ ရွှယ်အန်းသည် အဆင်ပြေသည်ဟု ပြောနေခြင်းဖြစ်ကြောင်း အန်းယန် သိလိုက်သည်။ သို့သော် သူမသည် မရည်ရွယ်ဘဲ မျက်ရည်များ ကျလာသည်။ အန်းယန်၏ နှလုံးသားသည် ရွှယ်အန်းအတွက် နာကျင်နေခဲ့ရာ၊ သူမသည် သူ့ဆီ အပြေးနှင်၍ အတူတကွ တိုက်ပွဲဝင်ချင်မိသည်။ သို့သော် ရွှယ်အန်းအတွက် သူမဘက်မှ မလုပ်ပေးနိုင်သော အရာများရှိနေကြောင်း အန်းယန် နားလည်သည်။ မည်သို့ဆိုသော် တချို့သော လမ်းများသည် တစ်ယောက်တည်း လျှောက်လှမ်းရမည်ဖြစ်သည်။

ထိုအချိန်တွင်တစ်စုံတစ်ယောက်သည် ကြောက်ရွံ့တုန်လှုပ်စွာ အော်ပြောလိုက်သည်။

“ဟိုမိုးကြိုးတိမ်ကို ကြည့်ဦး”

လူတိုင်း မော့ကြည့်လိုက်သောအခါ မိုးကြိုးကိုးသွယ် ပစ်ချပြီးနောက် ပြန့်ကျဲသွားသော မိုးကြိုးတိမ်များ အရှိန်အဟုန်ပြင်းစွာ စုဝေးနေကြောင်း ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ယဲ့လျို့ယန်သည် လုံးလုံးလျားလျားတုန်လှုပ်သွားပြီးနောက် သူ​၏မျက်လုံးများတွင် ကြောက်မက်ဖွယ် အလင်းရောင်များဖြင့် ပြည့်နှက်လာသည်။

'ဘာတွေဖြစ်နေတာလဲ။ မိုးကြိုးကိုးသွယ် ပစ်ချပြီးပြီ မဟုတ်ဘူးလား။ တိမ်တွေက ဘာလို့ရှိနေသေးတာလဲ။ မဟုတ်မှလွဲရော ဆယ်ခုမြောက် မိုးကြိုးလား'

သို့သော် အပြိုင်စကြဝဠာတွင် ကောင်းကင်ဘုံ​အတိဒုက္ခ၏ မိုးကြိုးသွား ဆယ်ခုနှင့် ရင်ဆိုင်ရသူကို မည်သူမျှ မကြားဖူးကြပေ။ ထိုသို့သံသယများဖြင့် ပြည့်နှက်နေချိန် ကောင်းကင်ကြီးတစ်ခုလုံးရှိ မိုးကြိုးတိမ်တိုက်များ စုစည်းလာ၍ ပြင်းထန်စွာ ဖိသိပ်လာသည်။ ပြီးနောက် အလွန်သိပ်သည်းသော အနက်ရောင် တိမ်တိုက်တစ်ခု စတင်ဖွဲ့စည်းလာသည်။ ဤမိုးကြိုးတိမ်တိုက်ကို မြင်သူတိုင်းသည် ၎င်းအတွင်းပါရှိသည့် ပျက်ယွင်းမှု စွမ်းအင်ကို အဝေးမှပင် ခံစားနိုင်သည်။ လူတိုင်း အမူအရာ ပြောင်းလဲသွားကြသည်။

ကိုးကောင်းကင်မိုးကြိုးသခင်သည် လေထဲတွင် ပြည့်လျှံနေသည့် ပြင်းထန်သော လျှပ်စီးကြောင်းကြောင့် အလွန်ထိတ်လန့်သွားစွာ ငိုကြွေးလာသည်။

"အရှင်၊ ကျွန်တော်တို့ ထွက်ပြေးမှရမယ်”

“ထွက်ပြေးရမယ်တဲ့လား။ ဘာလို့ထွက်ပြေးရမှာလဲ ကျုပ်က ဒီမိုးကြိုးကို စောင့်နေတာ”

စကားပြောနေစဉ် ရွှယ်အန်းသည် ခေါင်းကို မြှောက်လိုက်သည်။ သူ​၏ခန္ဓာကိုယ်တွင် အမာရွတ်များရှိနေသော်လည်း မျက်လုံးများသည် တက်ကြွမှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ သူ​၏ စကားများပြီးဆုံး၍ မကြာမီတွင် မိုးကြိုးတိမ်တိုက်များအတွင်း လက်ချောင်းအထူရှိ ရောင်စုံမိုးကြိုးသွားတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီးနောက် တိုက်ရိုက် ဆင်းသက်လာသည်။

မိုင်ပေါင်း ရာနှင့်ချီခဲ့သော ယခင်က လျှပ်စီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ဤရောင်စုံလျှပ်စီးကြောင်းသည် သနားစရာကောင်းသည်အထိ ပါးလွှာပုံပေါ်သည်။ သို့သော် ၎င်းကို မည်သူမျှ လျှော့တွက်ဝံ့မည် မဟုတ်ပေ။ ရောင်စုံလျှပ်စီးကြောင်းများ ဖြတ်သွားသည့်အခါတိုင်း ဟင်းလင်းပြင်ကိုပင် ထိုးဖောက်ဝင်ရောက်ကာ နက်နဲသော အက်ကွဲကြောင်းများ ကျန်ရစ်သွားစေသည်။

ဤလျှပ်စီးကြောင်းကိုမြင်သည်နှင့် ယဲ့လျို့ယန်သည် သူငယ်အိမ်များ သိသိသာသာ ကျုံ့သွားပြီးနောက် တုန်လှုပ်ချောက်ချားသော အသံဖြင့် ရေရွတ်လိုက်သည်။

“ဘဝပျက်သုဉ်းခြင်းမိုးကြိုးသွား၊ ဒါက ဘဝပျက်သုဉ်းခြင်းမိုးကြိုးသွား”

ယဲ့လျို့ယန်သည် ဘဝပျက်သုဉ်းခြင်းမိုးကြိုးသွားနှင့်ပတ်သက်၍ ကြားသိခဲ့ဖူးသည်။ စစ်မှန်အင်မော်တယ်အဖြစ် တက်လှမ်းမည့် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော ပါရမီရှင်တစ်ဦးရှိခဲ့ပါက၊ ၎င်းတို့သည် အလွန်ရှားပါးသော ကောင်းကင်ဘုံအတိဒုက္ခ မိုးကြိုးအမျိုးအစားကို ဖြစ်ပေါ်စေပေလိမ့်မည်။ သာမာန် အပြင်းထန်ဆုံး ကောင်းကင်ဘုံအတိဒုက္ခတွင် မိုးကြိုးကိုးသွယ် ပါဝင်သော်လည်း ဤကောင်းကင်ဘုံအတိဒုက္ခတွင် မိုးကြိုးဆယ်သွယ်ပါဝင်သည်။ ၎င်းအနက် နောက်ဆုံးတစ်ခုသည် ဘဝပျက်သုဉ်းခြင်းမိုးကြိုးသွားဖြစ်သည်။

All Chapters