← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အပိုင်း ၂၈၆ : ပြက္ခဒိန်မစစ်ဘဲ အပြင်ထွက်လာမိခြင်း

ဤနှစ်များအတွင်း ဟွားနိုင်ငံ၏ပညာရေးမှာ အယူအဆမှားယွင်းလာခဲ့သည်။

တက္ကသိုလ်ဝင်ခွင့်ရသူများကသာ ဂုဏ်ယူဖို့ကောင်းသည်။ အရည်အချင်းစစ်မှန်သည်။ လူ့အဖွဲ့အစည်း၏ ပင်မထောက်တိုင်များ ဖြစ်ကြသည်ဟု ခံယူထားကြသည်။

တကယ်တမ်းတွင် ကလေးများတွင် ပါရမီကိုယ်စီရှိကြသည်။ ဥပမာဆိုရလျှင် မော့ရှောင်ရှောင်က ဟက်ခ်ကင်းကို ဝါသနာထုံသည်။

တချို့ကလေးများက ကွန်ပျူတာပရိုဂရမ်အပိုင်းကို သဘောကျပြီး အချို့က ဂီတကို နှစ်သက်ကာ တချို့ကတော့ နည်းပညာပိုင်းကို သဘောကျကြသည်။

သို့သော် ဤကလေးများကို ရမှတ်များဖြင့် အဆင့်ခွဲခြားသတ်မှတ်ကြသဖြင့် ပညာရေးကို ရှေ့ဆက်နိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးရရှာသည်။

တကယ်တမ်းတွင် တက္ကသိုလ်ဆိုသည်မှာ ဤကလေးများအနေနှင့် စင်စစ်လွတ်လပ်ပြီး သူတို့၏မူလသဘာဝကို ထုတ်ဖော်ပြသနိုင်သည့် နေရာတစ်ခုသာ ဖြစ်သင့်သည်။

သူတို့ စာမေးပွဲတွင် ကောင်းကောင်းမလုပ်ဆောင်နိုင်သည်မှာ မှန်ကောင်းမှန်နိုင်သော်လည်း ဘာကိုမှ အောင်မြင်အောင် မလုပ်နိုင်ခြင်းမျိုးတော့ မဟုတ်ချေ။

လူတိုင်းတွင် အရည်အချင်းကိုယ်စီရှိသည်။ လူတော်တော်များများ၏ အရည်အချင်းက စာမေးပွဲပင်လယ်ထဲတွင် နစ်မြုပ်သွားရုံသာ။

ရမှတ်များက အရာအားလုံးကို ကိုယ်စားပြုနေခြင်းမဟုတ်ဟု ယဲ့ချန်း လူတိုင်းကို ပြောပြချင်သည်။

စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သော ယဲ့ချန်းက ကျောင်းအပ်နှံရေးအတွက် အရေးအကြီးဆုံးအဆင့်ကို စတင်လုပ်ဆောင်တော့သည်။

စနစ်က ယဲ့ချန်းကို အစစအရာရာကူညီပေးထားပြီးဖြစ်၏။

ကျောင်းအပ်နှံရေးစနစ်တွင် စတားတက္ကသိုလ်နှင့်ပတ်သက်သည့် အချက်အလက်များ ပါပြီးသားပင်။

ပင်မတက္ကသိုလ်များကလည်း သူတို့၏အနိမ့်ဆုံးအမှတ်များကို ကြေညာထားပြီးဖြစ်၏။

စတားတက္ကသိုလ်က ယခုမှတည်ထောင်ခါစဖြစ်လေရာ ဘာနာမည်ဂုဏ်သတင်းမှ မရှိသေးချေ။

အထက်တန်းသုံးနှစ် တက်ထားပြီးမှတော့ မည်သူကများ တက္ကသိုလ်ကောင်းကောင်းတွင် မတက်ချင်ဘဲနေမည်နည်း။ စတားတက္ကသိုလ်ကဲ့သို့ ဘာနာမည်ဂုဏ်သတင်းမှမရှိသော တက္ကသိုလ်တစ်ခုကတော့ လျစ်လျူရှုခံရဖို့သာ ရှိသည်။

ထို့ပြင် ယဲ့ချန်းတွင် သူကိုယ်တိုင်ကလွဲပြီး ကူညီပေးမည့်လူဟူ၍ မရှိပေ။ သူ့အနေနှင့်လည်း ကျောင်းတစ်ကျောင်းချင်းစီကိုသွားပြီး ကိုယ်တိုင်ကြော်ငြာဆင်းရန် မဖြစ်နိုင်ပေ။

ငါတို့ကျောင်းမှာ ငါတစ်ယောက်တည်းပဲရှိတယ်.. ဘာဆရာမှမလိုဘူး..

ယဲ့ချန်းကဲ့သို့ တွေးခေါ်တတ်သူမျိုးကို အရူးဟု လူတိုင်းက သတ်မှတ်ကြပေလိမ့်မည်။ ထို့နောက်မှာမူ ယဲ့ချန်းလည်း ကျောင်းအပ်နှံရေးဝက်ဘ်ဆိုက်တစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။

သူသည် ကွန်ပျူတာကိုဖွင့်ပြီး စတားတက္ကသိုလ်ကိုရှာလိုက်သည်။ စတားတက္ကသိုလ်၏ ကျောင်းအပ်နှံရေးဝက်ဘ်ဆိုက်က ရှိနေပြီးသားဖြစ်သဖြင့် သူ အံ့အားသင့်သွားရသည်။

ဝက်ဘ်ဆိုက်တစ်ခုလုံးကို တည်ဆောက်ထားပုံမှာ အလွန်အထင်ကြီးဖို့ ကောင်းလှသည်။ ကျောင်းဝင်းအတွင်းပိုင်းမြင်ကွင်းနှင့် အဆောက်အအုံများကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ယဲ့ချန်းလည်း အတည်ပြုမည်ဟူသောခလုတ်ကိုသာ နှိပ်ချလိုက်သည်။ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကား ပြီးဆုံးသွားလေပြီ။

ရိုးရှင်းလှပေသည်။ ယဲ့ချန်းကတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။

အတည်ပြုပြီးနောက် ကျောင်းလာလျှောက်မည့် ကျောင်းသားများကို စောင့်နေရုံသာ။ စတားတက္ကသိုလ်မှ ပြန်လာပြီးနောက် လင်းရှစ်ယင်ထံသို့ ဖုန်းဆက်လိုက်၏။

လင်းရှစ်ယင် ဖုန်းပြန်ဖြေလာချိန်မှာ အတန်ငယ်ပင်ပန်းနွမ်းနယ်နေဟန်ပင်။

"ရှစ်ယင် ဘာဖြစ်တာလဲ။ မင်း စိတ်အခြေအနေမကောင်းဘူးလား။ ကိုယ် မင်းနဲ့အတူ လမ်းလျှောက်ပေးမယ်ဆိုရင်ရော"

"ကောင်းသားပဲ"

လင်းရှစ်ယင်လည်း သဘောတူလိုက်သည်။

သူ(မ)၏အဖေက ယနေ့ ဆေးရုံကိုသွားခဲ့ပါသော်ငြား မောင်းထုတ်ခံခဲ့ရသည်ဟု သူ(မ) ယခုလေးတင် သတင်းရထားသည်။ သူ(မ)၏အဖေက ဘာမှမပြောပြသော်လည်း လင်းရှစ်ယင်ကတော့ အပြစ်ရှိသလို ခံစားနေရသည်သာ။

မည်သို့ပင်ဖြစ်စေ သူ(မ)ကြောင့်နှင့် သူ(မ)အဖေက မြတ်နိုးရသည့်အလုပ်ကို ဆုံးရှုံးလိုက်ရပေသည်။

လင်းရှစ်ယင်လည်း မိတ်ကပ်ပါးပါးလိမ်း၍ အပြင်ထွက်ရန် ပြင်လိုက်သည်။ သူ(မ)၏စိတ်ထဲတွင် စိုးရိမ်ပူပန်နေသဖြင့် စိတ်နှင့်လူမကပ်ပေ။

ထိုအချိန်တွင် ဘရန်းအဝတ်အစာများဝတ်ထားပြီး လက်မောင်းတွင် ပတ်တီးစည်းထားသော ကောင်လေးတစ်ယောက်က မိန်းကလေးတစ်ယောက်နှင့်အတူ အနားသို့ရောက်ချလာသည်။

"သခင်လေးတင်း... ရှင်က အရမ်းအထင်ကြီးဖို့ကောင်းတာပဲ။ ဒီဗီလာက အရမ်းဈေးကြီးတာလို့ ကျွန်မကြားဖူးတယ်။ ရှင်က ဒီနေရာမှာလည်း ဗီလာတစ်လုံးပိုင်လိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး"

"ဟားဟား ဒါက ဘာမှမပြောပလောက်ပါဘူး။ မင်းသာ ကိုယ့်ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင် ဒီဗီလာက မင်းအပိုင်ပဲ"

"မပူနဲ့ သခင်လေးတင်း.. ကျွန်မ ရှင့်ကို စိတ်ကျေနပ်အောင်လုပ်ပေးမှာပါ"

တင်းပေါ်မှာ ဗီလာထဲတွင် သူ့ဖုန်းကျန်ရစ်ခဲ့ကြောင်း ရုတ်တရက်သတိရလိုက်သည်။

"မင်း ကားပါကင်ကို အရင်သွားနှင့်လိုက်။ ငါ ဖုန်းသွားယူလိုက်ဦးမယ်"

သူက ထိုသို့ပြောပြီးနောက် ဗီလာဘက်သို့ ပြန်လှည့်လာခဲ့သည်။

တင်းပေါ်က သူ(မ)အား ဗီလာပေးမည်ဟု ပြောလိုက်သဖြင့် စိတ်လှုပ်ရှားပျော်ရွှင်နေသော ထိုမိန်းကလေးက လင်းရှစ်ယင်နှင့် မတော်တဆဝင်တိုက်မိလေတော့သည်။

တင်းပေါ်၏ကောင်မလေးက ဒေါက်ဖိနပ်စီးထားသဖြင့် ဝင်တိုက်မိချိန်မှာ ခန္ဓာကိုယ်ကယိုင်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျပါတော့သည်။

ထိုမိန်းကလေးက ညစ်ပတ်သွားသော ဂါဝန်ဖြင့် မြေပြင်ပေါ်တွင်ထိုင်ရင်း ဆဲဆိုနေချေသည်။

"နင်ကန်းနေတာလား။ လမ်းလျှောက်တာကို ကြည့်မလျှောက်နိုင်ဘူးလား"

တကယ်တမ်းတွင် သူ(မ)ကသာ လင်းရှစ်ယင်ကို ဝင်တိုက်မိခြင်းပင်။ သို့သော် သူ(မ)ကပင် တစ်ဖက်လူကို အပြစ်ဆိုနေပြန်သည်။

လင်းရှစ်ယင်ကလည်း စိတ်မကြည်သဖြင့် ဒေါသတကြီးပြန်ပက်ချေသည်။

"နင်ကမှ ကန်းနေတာ။ နင်ကသာ လမ်းကိုသေချာကြည့်မလျှောက်တာလေ"

ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့နေတတ်သည့် လင်းရှစ်ယင်ခမျာ သူ(မ)၏အဖေ၏ဖြစ်ရပ်ကြောင့် စိတ်ဆတ်နေသဖြင့် မျိုသိပ်ထားရသော ဒေါသများကို လွှတ်ချလိုက်မိသည်။

"နင်ကများ ငါ့ကိုဆဲရဲတယ်ပေါ့"

ထိုအမျိုးသမီးက အရင်စဆဲခဲ့သော်လည်း ယခုမူ နစ်နာသူတစ်ယောက်နှယ် ဟန်ဆောင်နေပေသည်။

ထိုအမျိုးသမီးက လင်းရှစ်ယင်ကို လက်ညှိုးတထိုးထိုးဖြင့် မာထန်ထန်လေသံဖြင့် ပြောလိုက်သည်။

"ကောင်မ.. ဒီလောက်ကြမ်းတမ်းပြီး လူတွေကို ရိုက်နှက်ဆဲဆိုနေတတ်တာ နင်က ဘယ်သူ့မယားငယ်မို့လို့လဲ"

ကျိုးကြောင်းဆီလျော်မှုမရှိသော ထိုမိန်းကလေးမှာ လင်းရှစ်ယင်က ပိုလှနေသည်ကို သိသည်။ တင်းပေါ်က လင်းရှစ်ယင်ကို သတိထားမိပြီးကတည်းက သူ့မျက်လုံးများက လင်းရှစ်ယင်ထံကိုသာ တဝဲလည်လည်ဖြစ်နေသဖြင့် သူ့ဒေါသများလည်း ပြင်းထန်သွားရသည်။

လင်းရှစ်ယင်ကမူ မကြောက်ပါဘဲ ထိုမိန်းကလေးကို ပြန်ဟစ်လိုက်သည်။

"နင်ကမှ မယားငယ်.. နင်တို့တစ်မိသားစုလုံး မယားငယ်တွေ.. လူတွေကိုရိုက်နှက်ဆဲဆိုနေတာက နင်မှအစစ်.. ရိုင်းစိုင်းလိုက်ပုံများ"

အမြဲမောက်မာနေတတ်သော ထိုမိန်းကလေးမှာ ဤသို့မကြုံဖူးသဖြင့် လင်းရှစ်ယင်၏ပြန်ခံပြောမှုကြောင့် ဒေါသထွက်သွားလေသည်။

ထိုအချိန်မှာပင် ယဲ့ချန်းက ကားနှင့်ရောက်လာပြီး လင်းရှစ်ယောက်တစ်ယောက် စကားများနေသည်ကိုမြင်သော် အိမ်ရာထဲသို့ အမြန်ဝင်လာလိုက်သည်။

"ရှစ်ယင်.. ဘာဖြစ်တာလဲ"

ယဲ့ချန်း မေးကြည့်လိုက်သည်။

ထိုမိန်းကလေးက ယဲ့ချန်းကိုမြင်သောအခါ နှာခေါင်းရှုံ့လိုက်ချေသည်။

"ဟေ့.. ဒါက နင့်ရည်းစားလား။ ရှင် သူ့ကို မြန်မြန်လမ်းခွဲဖို့ အကြံပေးလိုက်မယ်။ ဒီလိုအမှိုက်မျိုးနဲ့များ တွဲရဲတယ်ပေါ့။ ရှင်တော့ နှုတ်သီးကောင်းလျှာပါးမနဲ့ ညားတော့မှာပဲ"

ယဲ့ချန်းကတော့ ထိုမိန်းကလေးကို လျစ်လျူရှုပြီး လင်းရှစ်ယင်၏ဆံပင်ကို ကြင်နာယုယစွာ သပ်ပေးလိုက်သည်။

"ဘာလို့စူပုတ်နေတာလဲ။ ဒီလောက်နူးညံ့သိမ်မွေ့တဲ့လူတစ်ယောက်က သူများတွေနဲ့ စကားများလိမ့်မယ်လို့ ကိုယ် လုံးဝထင်မထားဘူး"

ယဲ့ချန်းက သူ(မ)ကို လျစ်လျူရှုထားသည်ကိုမြင်သော် ထိုမိန်းကလေးခမျာ ဒေါသလည်းထွက်ရသလို စိတ်လည်းရှုပ်ရသည်။

"ဒီမှာ.. ရှင့်ကောင်မလေးကို ထိန်းထားနော်။ မဟုတ်လို့ကတော့ တွေ့သမျှလူတိုင်းကို လိုက်ကိုက်နေမှာ"

ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။

"ငါ့ကောင်မလေးကို မင်း ပြောစရာမလိုဘူး။ အခု ဒီနားမှာ မရပ်မနားဟောင်နေတာက ဘယ်သူမှန်း ငါကြားနေရတာပဲ"

ယဲ့ချန်းက သူ(မ)ကို ခွေးဟုသမုတ်လိုက်သဖြင့် ထိုမိန်းကလေးမှာ ပို၍ပင် ဒေါသထွက်သွားချေသည်။ ထိုအခိုက်ဝယ် တင်းပေါ်က အနားသို့ရောက်ချလာသည်။

တင်းပေါ်ကို မြင်သောအခါ ထိုမိန်းကလေး၏မျက်ဝန်းများမှာ လင်းလက်သွားလေသည်။

"အချစ်ရေ..တော်သေးတာပေါ့။ လူတစ်ယောက်က ရှင့်ကောင်မလေးကို အနိုင်ကျင့်နေတယ်။ ရှင် ကျွန်မဘက်က ရပ်တည်ပေးရမယ်နော်"

တင်းပေါ်၏မျက်နှာထားမှာ ဤစကားကြောင့် အေးစက်ခက်ထန်သွားသည်။

"ဘယ်သူက ငါ့ကောင်မလေးကို အနိုင်ကျင့်ရဲတာလဲ"

ယဲ့ချန်းရှိရာဘက်သို့ ကြည့်လိုက်ချိန်မှာမူ တင်းပေါ်ခမျာ ကြောင်အသွားရပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း အနည်းငယ်တုန်ယင်သွားရသည်။

ယဲ့ချန်းကိုမြင်ရလိမ့်မည်ဟု သူ လုံးဝတွေးထင်မထားချေ။

တင်းပေါ်၏လက်မောင်းမှာ သူ့အဖေ၏ရိုက်ချက်များကြောင့် ပတ်တီးစည်းထားရဆဲပင်။ တင်းပေါ်အတွက်တော့ ယဲ့ချန်းက အိပ်မက်ဆိုးတစ်ခုအလားပင်။

သူသာ မစ္စတာယဲ့ကို နောက်တစ်ခါရန်စရဲပါက သူ့ခြေထောက်များကို ရိုက်ချိုးပစ်မည်ဟု သူ့အဖေက သူ့အား သတိပေးထားသည်။

နောက်တစ်ခါဆိုလျှင် ဤသတ်ဖြတ်ရေးနတ်ဘုရားကို ရှောင်ရှားရန်အတွက် အိမ်ကမထွက်ခင် ပြက္ခဒိန်ကို အရင်ကြည့်မှဖြစ်ပေတော့မည်။

ယဲ့ချန်းကိုကြည့်ရင်း တင်းပေါ်ခမျာ ကြောက်လွန်းသောကြောင့် ဘာစကားမှ မပြောနိုင်တော့ပေ။

မောက်မာနေဆဲဖြစ်သော ထိုမိန်းကလေးကတော့ ခြောက်လှန့်လိုက်၏။

"ဘာလဲ။ ငါ့ချစ်သူကို ကြောက်သွားပြီလား။ စကားမပြောနိုင်တော့ဘူးလား။ ငါပြောမယ်။ င့ါချစ်သူက တင်းမိသားစုရဲ့ အကြီးဆုံးသခင်လေးနော်။ နင့်ကို လက်တစ်ချောင်းတည်းနဲ့တောင် ဖိသတ်လိုက်လို့ရတယ်။ ဟုတ်တယ်မလား အချစ်"

သို့သော် တစ်ဖက်သို့လှည့်လိုက်ချိန်ဝယ် တင်းပေါ်တစ်ယောက် အကြောင်သားဖြစ်နေသည်ကို မြင်လိုက်ရ၏။

တင်းပေါ်သည် တစ်ကိုယ်လုံးတုန်ရီနေပြီး ချွေးစေးများလည်း ရွှဲနေလေသည်။

"အချစ် ရှင် နေမကောင်းဘူးလား"

ထိုမိန်းကလေးက တင်းပေါ်၏နဖူးကို စမ်းကြည့်လိုက်သည်။

တင်းပေါ်ကတော့ ထိုမိန်းကလေး၏လက်ကို ချက်ချင်းရိုက်ချလိုက်သည်။

"ဈေးပေါတဲ့မိန်းမ.. မင်း ဘယ်သူ့ကိုရန်စမိလဲဆိုတာရော သိလား"

ယဲ့ချန်းကို လှမ်းကြည့်ရင်း ထိုမိန်းကလေးက သူ့စကားကို ငြင်းလာလေသည်။

"ဒီကောင်လေးက ရုပ်ချောရုံပဲရှိတာမဟုတ်ဘူးလား"

"ရုပ်ချောရုံလား"

တင်းပေါ်ခမျာ ခိုက်ခိုက်တုန်သွားရသည်။

ယဲ့ချန်း၏အေးစက်စက်အမူအရာကို မြင်လိုက်ရချိန်ဝယ် တုံးအလှသည့် ဤအမျိုးသမီးက ယဲ့ချန်းအား အပြစ်ပြုမိထားပြီဖြစ်ကြောင်း သိလိုက်သည်။

တင်းပေါ်လည်း ထိုမိန်းကလေးကို ပါးရိုက်ချလိုက်လေတော့သည်။

"သေလိုက်လေ.. မင်းကများ မစ္စတာယဲ့ကို စော်ကားရဲတယ်ပေါ့။ သေချင်နေတာလား"

ရိုက်ချက်ကြောင့် အံ့ဩမှင်တက်သွားသော ထိုမိန်းကလေးက မေးခွန်းထုတ်လာလေသည်။

"အချစ်.. ရှင် ကျွန်မကို ဘာလို့ရိုက်တာလဲ"

••••••••••••••••••••

အပိုင်း ၂၈၇ - ရွေးချယ်ခြင်း

ထိုမိန်းကလေးခမျာ ပါးရိုက်ခံလိုက်ရပြီးနောက် ကြောင်အသွားသည်။

သူ(မ) တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် တင်းပေါ်က ယဲ့ချန်းရှေ့တွင် ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။ လှုပ်ရှားမှုကား လျင်မြန်ပြီး အကျွမ်းတဝင်ရှိလှသည်။

"ဦးလေးယဲ့ တောင်းပန်ပါတယ်။ ကျွန်တော့်ကောင်မလေးကို ကောင်းကောင်းမထိန်းနိုင်ခဲ့လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို မပြောပါနဲ့နော်။ မဟုတ်ရင် ကျွန်တော့်ခြေထောက် ရိုက်ချိုးခံရလိမ့်မယ်"

တင်းပေါ်၏ပုံစံကို မြင်သောအခါ သူ့ကောင်မလေးလည်း လုံးဝမှင်တက်သွားသည်။ လင်းရှစ်ယင်လည်း နားမလည်နိုင်ဖြစ်သွားသည်။

ဘာတွေဖြစ်ကုန်တာလဲ။

ယဲ့ချန်းက ဆို၏။

"တင်းပေါ်.. တုံးအတဲ့မိန်းမတွေကို မရွေးနဲ့။ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို လျှော်လိုက်ကြတာပေါ့။ ဒါပေမဲ့ နောက်တစ်ခါကျရင် ဒါမျိုးမမြင်ချင်ဘူး"

သူက ထိုသို့ပြောပြီးနောက် လင်းရှစ်ယင်၏လက်ကိုဆုပ်ကိုင်ကာ ထွက်သွားလေတော့သည်။

"ရှင်. အရေးမပါတာ.. ရှင်ကမှ ငတုံး"

ထိုမိန်းကလေးက ဆဲရေးတိုင်းထွာနေသည်။ ထို့နောက် သူ(မ)က တင်းပေါ်ကို ထူမရန်အတွက် အနားသို့ တိုးသွားလိုက်၏။

"အချစ်.. ဒီလူပြောတာကို စိတ်ထဲမထားနဲ့။ သူ့ဘာသာ တော်တတ်နေတော့ရော ဘာလုပ်ရမှာလဲ။ ဘာများကြီးကျယ်နေလို့လဲ"

တင်းပေါ်က မတ်တတ်ထရပ်လိုက်ပြီးနောက် သူ့မျက်လုံးများမှာ အေးစက်မာကျောနေတော့သည်။

ယဲ့ချန်း၏စကားများမှာ သူ့အတွက် သတိပေးစကားတစ်ခုပင်။

သူသာ ဤမိန်းကလေးကို ဆက်တွဲနေလျှင် ယဲ့ချန်းကို ဆန့်ကျင်သလိုဖြစ်သွားပြီး သူ့အတွက်လည်း အခက်ကြုံရနိုင်သည်။

ယဲ့ချန်းသာ မကျေမနပ်ဖြစ်သွားလျှင် သူ့အဖေကလည်း သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။

ထို့ပြင် ဤမိန်းကလေးက သွားလေရာတိုင်းတွင် ပြဿနာရှာတတ်သည်။ သူ(မ)ကို အနားမှာဆက်ထားလျှင် ပျက်ကိန်းဆိုက်လိမ့်မည်သာ။

တင်းပေါ်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"ဒီက ချက်ချင်းထွက်သွား။ နောက်နောင် ငါနဲ့ဝေးဝေးနေ"

ထိုမိန်းကလေးခမျာလည်း ချက်ချင်းဆိုသလို ကြောင်အသွားလေသည်။

"အချစ် ဘာဖြစ်လို့လဲ"

တင်းပေါ်က အေးစက်မာကျောစွာ ပြန်ပြောလိုက်၏။

"အခုကစပြီး ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှမပက်သက်တော့ဘူး။ ထွက်သွားတော့"

ဤသို့ဖြင့် တင်းပေါ်လည်း တစ်ဖက်သို့လှည့်ကာ ကားထဲကိုဝင်ပြီး မောင်းထွက်သွားလေတော့သည်။

ထိုမိန်းကလေးမှာမူ နေရာမှာတင် အကြောင်သားရပ်နေရှာသည်။

သူ(မ) ဘာအမှားလုပ်လိုက်မိသလဲဆိုသည်ကို နားမလည်နိုင်ပေ။ သူ(မ)ခမျာ လူငယ်လေးတစ်ယောက်ကြောင့်နှင့် သူ(မ)ကို တစ်သက်လုံးချစ်ပြီး ဗီလာတစ်လုံးပင် ဝယ်ပေးမည်ဟုဆိုထားသော အမျိုးသားထံမှ စွန့်ပစ်ခံလိုက်ရသည်။

တင်းပေါ်က မိုတုမြို့ရှိ သူဌေးသားများအကြားတွင် သာလွန်မြင့်မြတ်သူတစ်ယောက် မဟုတ်လော။ ဤလူငယ်လေးကို ဘာလို့ကြောက်နေရသလဲ။

ထိုမိန်းကလေးမှာ လုံးဝဦးနှောက်ခြောက်သွားရသည်။

အစကတော့ လင်းရှစ်ယင်လည်း အလွန်စိတ်တိုနေခဲ့သည်။ ယဲ့ချန်းက သူ(မ)ဘက်က ရပ်တည်ပေးခဲ့သဖြင့် သူ(မ)၏စိတ်အခြေအနေကလည်း လျှို့ဝှက်ဆန်းကြယ်လှစွာ တိုးတက်လာခဲ့သည်။

သူတို့နှစ်ယောက်သား ခဏမျှလမ်းပတ်လျှောက်ပြီးနောက် ယဲ့ချန်းက ပြုံးလျက် မေးလာလေသည်။

"မင်း ဒီနေ့ ဘာစားချင်လဲ"

လင်းရှစ်ယင်လည်း ခဏမျှစဉ်းစားလိုက်သည်.

"ကျွန်မ ရှင်ပြောတဲ့ လမ်းဘေးက အကင်ဆိုင်မှာ စားချင်တယ်"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ရတယ်လေ။ ကိုယ် ချက်ချင်းစီစဉ်ပေးမယ်"

ယဲ့ချန်းလည်း လိုင်ကန်ကားကိုမောင်းရင်း အကင်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။

ကားက အိမ်ရာဝင်ပေါက်တွင် ထိုးရပ်လိုက်သောအခါ လူတိုင်း အကြောင်သားဖြစ်ကုန်ကြသည်။

"အမလေး.. လူကုံထံတစ်ယောက်က လမ်းဘေးဆိုင်မှာ စားနေတယ်ဆိုတာ ယုံရောယုံနိုင်ရဲ့လား"

"ဒိတ်ဒိတ်ကြဲသူဌေးတွေအကုန်လုံးက ဘဝအတွေ့အကြုံယူရတာကို အရမ်းဝါသနာထုံနေကြပြီလား"

ယဲချန်းနှင့် လင်းရှစ်ယင်တို့က ဆိုင်ထဲသို့ ဝင်လာလေသည်။ ထို့နောက် ကျောက်ကပ်ကင်၊ သိုးသားကင်နှင့် ပဲစိမ်းကင်တို့ကို မှာလိုက်၏။

အကင်များရောက်လာသောအခါ နှစ်ယောက်သားလည်း စကားတပြောပြောနှင့် စားကြလေတော့သည်။

ယဲ့ချန်းက မေးလိုက်သည်။

"ဘာဖြစ်လို့လဲ။ မင်းကိုကြည့်ရတာ အတွေးများနေသလိုပဲ"

လင်းရှစ်ယင်လည်း သူ(မ)၏အဖေ အလုပ်ထုတ်ခံလိုက်ရသည့်အကြောင်းကို ယဲ့ချန်းအား ပြောပြလိုက်၏။

သူ(မ)ကိုယ်တိုင်လည်း ရင်ထဲတွင် မျိုသိပ်ထားရသည်ကို မသက်သာလှပေ။ ထို့ပြင် ယဲ့ချန်းကိုလည်း ယုံကြည်ရသူတစ်ယောက်အဖြစ် မှတ်ယူထားသည်။

လင်းရှစ်ယင်၏စကားကို ကြားသောအခါ ယဲ့ချန်း၏မျက်ဝန်းထဲ၌ အပြစ်ရှိလေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားလေသည်။

သူ့ကြောင့် လင်းရှစ်ယင်က ဤမျှအထိဖိအားများနေခြင်းပင်။

"ဪ.. လူနာဘက်က တာဝန်ရှိတာကို ဆေးရုံက ဦးလေးကို အပြစ်ပုံချဖို့ ဆုံးဖြတ်လိုက်တာပေါ့။ မင်းကိုအသုံးချပြီးတော့တောင် သူတို့က ခြိမ်းခြောက်ကြသေးတယ်။ အလုပ်မဖြစ်တော့ ဦးလေးကို အလုပ်ဖြုတ်ပစ်လိုက်တာကိုး"

လင်းရှစ်ယင်လည်း ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းလည်း ဆေးပညာဗဟုသုတများကို သိထားသဖြင့် ဆရာဝန်များက အသက်များကိုကယ်တင်သင့်ကြောင့် နားလည်သည်။

ဤဖြစ်စဉ်တွင် လင်းရှစ်ယင်၏ဖခင်က အကောင်းဆုံးကြိုးစားပြီး မိသားစုဝင်များကို ခွဲစိတ်မှုအတွက် လက်မှတ်ထိုးရန် နားချခဲ့သည်။

သို့သော် တစ်ဖက်က ထပ်ခါထပ်ခါကြန့်ကြာအောင် လုပ်ခဲ့သဖြင့် ယခု လူနာဆုံးပါးသွားချိန်မှာမူ တာဝန်အားလုံးက ဆေးရုံဘက်သို့ ရောက်လာသည်။

ဆေးရုံဘက်က လင်းရှစ်ယင်၏အဖေကို မြေစာပင်အဖြစ်ပင် ဆက်ဆံခဲ့သေးသည်။ ယခုလိုအဖြစ်မျိုးကို ယဲ့ချန်း တီဗီထဲတွင် မကြာခဏမြင်ဖူးသည်။

ယနေ့ခေတ်တွင် မိသားစုတော်တော်များများက ရောဂါကို မကုသနိုင်သောအခါ သူတို့၏မွန်းကျပ်မှုများကို ဆရာဝန်များထံတွင် ဖွင့်ထုတ်တတ်ကြသည်။

လူနာအမြောက်အများကို ကုသပေးခဲ့သော ဆရာဝန်တစ်ယောက်ခမျာ တချို့အတွက် သူ့အိတ်ထဲကပင် စိုက်ပေးခဲ့ပါသော်ငြား လူနာတစ်ယောက်အတွက် ခွဲစိတ်မှုလေးတစ်ခု ကျရှုံးရုံမျှဖြင့် ကန်ထုတ်ခံလိုက်ရသည်။

ထိုလက်များဖြင့် လူနာဘယ်နှယောက်ကို ကယ်တင်ခဲ့သလဲဆိုသည်ကိုမူ မသိကြချေ။

ဝမ်းနည်းစရာအကောင်းဆုံးမှာ ဆေးရုံက ဤဆရာဝန်ကို နှစ်ပေါင်းများစွာ မြေတောင်မြှောက်လာခဲ့သည့်တိုင် ယခုမူ ကျိုးကြောင်းဆီလျော်မှုမရှိသည့် လူနာတစ်ယောက်ကြောင့် လူနာပေါင်းများစွာခမျာ ကုသနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရလေပြီ။

ဆရာဝန်များကလည်း အသက်များကို ကယ်တင်ရန်အတွက် အကောင်းဆုံးကြိုးစားရန်သာ တတ်နိုင်သည်။ သူတို့က အမတတန်ခိုးရှင်များမဟုတ်ပေ။ လူနာတိုင်းကို အသက်ပြန်မသွင်းပေးနိုင်ချေ။

တချို့လူများက တစ်ကိုယ်ကောင်းဆန်ကြသည်။ သူတို့၏မိသားစုဝင်များကို မကယ်နိုင်သည့်အခါ ဆရာဝန်များကို ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်သည်အထိ လုပ်ကြလေရာ အခြားလူနာများလည်း ကုသမှုခံယူနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးရသည်။

ယဲ့ချန်း၏အကြည့်က စူးရှသွားသည်။ လူသိရှင်ကြားအကြောင်းပြချက်များပင်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ သူ့အနေနှင့် လင်းရှစ်ယင်၏အဖေကို ကူညီမှဖြစ်မည်။

လင်းရှစ်ယင်ခမျာ စကားဆုံးသောအခါ ယဲ့ချန်း၏မျက်ဝန်းထဲရှိ ပြောင်းလဲမှုကို သတိထားမိလိုက်သည်။

သူ(မ)က ပြုံးလျက် ပြောလိုက်၏။

"ယဲ့ချန်း.. ကျွန်မ ရှင့်ကိုအပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်မရဲ့ခံစားချက်ကို ဝေမျှရုံပါ။ စိတ်ထဲမထားပါနဲ့"

ယဲ့ချန်းက စီးပွားရေးလောကတွင် ပြိုင်ဘက်ကင်းသော်လည်း နယ်ပယ်တိုင်းတွင်မူ မစွမ်းဆောင်နိုင်လောက်ပေ။

"ဘာမှမဖြစ်ပါဘူး"

ယဲ့ချန်းက သူ့အစီအစဉ်ကို ထုတ်မပြောဘဲ ပြုံးရုံသာပြုံးသည်။

ဘာမှမလုပ်ရသေးခင်မှာ ဗလာသက်သက်ကတိများ ပေးရခြင်းကို ယဲ့ချန်း သဘောမကျပေ။

ယဲ့ချန်း အပြစ်ရှိသလို ခံစားနေရမည်ကို စိုးရိမ်ဟန်ဖြင့် လင်းရှစ်ယင်က ပြုံးပြလိုက်၏။

"ကျွန်မအဖေက အရမ်းတော်တာ။ သူက မိုတုမြို့ရဲ့ နှလုံးအထူးကုလောကမှာ သြဇာညောင်းတယ်။ အခုလည်း အလုပ်လျှောက်ထားပြီးပါပြီ။ သူ အလုပ်သစ်တစ်ခုရမှာသေချာတယ်"

ယဲ့ချန်းက ပြုံးရုံသာပြုံးပြီး ဖုန်းထဲမှတစ်ဆင့် လင်းရှစ်ယင်အဖေ၏သတင်းအချက်အလက်များကို ရှာကြည့်လိုက်သည်။

သူသည် နိုင်ငံကျော်နှလုံးအထူးကုဖြစ်ပြီး လူနာပေါင်းထောင်ချီကို ကုသပေးခဲ့သည်။ ခွဲစိတ်မှုအောင်မြင်နှုန်းက ၉၉ရာခိုင်နှုန်းရှိ၏။

တစ်ခုတည်းသော ကျရှုံးမှုက ဤခွဲစိတ်မှုဖြစ်ကြောင်း ယဲ့ချန်း သိသည်။

တစ်နည်းဆိုရသော် လင်းရှစ်ယင်၏အဖေက အရည်အချင်းပြည့်မီပြီး ကျွမ်းကျင်မှုရှိသော ဆရာဝန်တစ်ယောက်ပင်။

ထိုသို့သော ဆရာဝန်တစ်ယောက်အနေနှင့် ဤကိစ္စကြောင့် အလုပ်အကိုင်ကို စွန့်ခွာရခြင်းမှာ နှမြောဖို့ကောင်းလှသည်။

ယဲ့ချန်း၏စိတ်ထဲတွင် အစီအစဉ်ရှိထားပြီးသားပင်။ ရန်အိုက်ဆေးရုံ၏ ပင်မရှယ်ယာရှင်တစ်ယောက်အနေနှင့် စွမ်းဆောင်ရည်ကောင်းသော ဆရာဝန်တစ်ယောက်ကို ဆေးရုံတွင် အလုပ်ခန့်ပေးနိုင်ရန်မှာ မခက်ခဲလှချေ။

ထို့ပြင် ရန်အိုက်ဆေးရုံက ဟွားနိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိကဆေးရုံဖြစ်သည့်အတွက် သူမတူသော ဆေးပစ္စည်းကိရိယာများနှင့် ကောင်းမွန်သောလုပ်ငန်းခွင်တို့ ရှိပြီး လူနာများကလည်း အစိုးရဆေးရုံများထက် သာလွန်ကြသူများပင်။

ရန်အိုက်ဆေးရုံတွင် လာတက်ကြသူများမှာ အထက်တန်းလွှာများဖြစ်ကြသဖြင့် မည်သူကမှ ပြဿနာမရှာရဲကြချေ။ အကြောင်းမှာ ဆေးရုံတွင် မဆင်မခြင်ပြုမူသူများကို နာမည်ပျက်စာရင်းသွင်းလိုက်မည်ဖြစ်လေရာ နောက်နောင် ဘယ်တော့မှ ဆေးရုံလာတက်ခွင့်မရှိတော့ပေ။

ဤသည်မှာ ပုဂ္ဂလိကဆေးရုံများနှင့် အစိုးရဆေးရုံများ၏ ကွာခြားချက်ပင်။

လူကုံထံများကလည်း အကျင့်သိက္ခာမြင့်မားလှချည်ရဲ့ မဟုတ်သော်ငြား ဤစည်းမျဉ်းကြောင့် သူတို့လည်း စိုးရိမ်ကြသည်။

ထို့ပြင် ပုဂ္ဂလိကဆေးရုံများတွင် လူနာနည်းပါးသည်။

ဆေးရုံဝင်ကြေးကလည်း အလွန်ဈေးကြီးလှသည်။ စာရင်းသွင်းခကပင် ထောင်ဂဏန်းခန့်ရှိသည်။ ထို့ကြောင့် တစ်နေ့တွင် လူနာနည်းနည်းမြင်နေရလျှင်ပင် များလှချေပြီ။

အစိုးရဆေးရုံများကတော့ မတူပေ။ ဆရာဝန်ဆွေးနွေးတိုင်ပင်မှုများမှာ မနက်ခင်းမှ ညအထိတိုင် လုပ်ရပြီး ပင်ပန်းပါသော်ငြား ဝင်ငွေလည်း နည်းပါးလှသည်။

ကုသမှုနှင့် ဆေးရုံပတ်ဝန်းကျင်တွင် ပုဂ္ဂလိကဆေးရုံများနှင့် အစိုးရဆေးရုံများက ကမ္ဘာချင်းခြားနေသည်ဟု ဆိုနိုင်ပေသည်။

ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။

"ရှစ်ယင်.. ကိုယ် သန့်စင်ခန်းသွားလိုက်ဦးမယ်"

ရှစ်ယင်ကလည်း နာနာခံခံ ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက ကော်ရစ်ဒါသို့သွား၍ ဆေးရုံအုပ်ချန်း၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်၏။

"ဆေးရုံအုပ်ချန်း.. ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့အဖေက မိုတုဆေးရုံမှာ နှလုံးအထူးကုဆရာဝန်တစ်ယောက်။ သူ့နာမည်က လင်းမူတဲ့။ ကြည့်ရတာတော့ ဆေးရုံဘက်က ခွဲစိတ်မှုမှားယွင်တယ်လို့ အကွက်ဆင်ပြီး အလုပ်ထုတ်ပစ်လိုက်တဲ့ပုံပဲ။ ကျွန်တော် သူ့ရဲ့အရည်အချင်းကို စစ်ဆေးပြီးသွားပြီ။ တော်တော်အရည်အချင်းရှိတာ။ သူ့ကို ကျွန်တော်တို့ဆေးရုံမှာ အလုပ်သွင်းလို့ရမလား"

လူကုံထံများနှင့် ပတ်သက်မှုရှိသော ဆေးရုံအုပ်ချန်းကလည်း ယဲ့ချန်း၏အခြားသရုပ်များကို ကြားဖူးသည်ဖြစ်ရာ ယဲ့ချန်းနှင့်ပတ်သက်လာလျှင် အလွန်ယဉ်ကျေးသည်။

"ကျုပ်လည်း လင်းမူအကြောင်း ကြားဖူးပါတယ်။ နှလုံးအထူးကုဆရာဝန်တစ်ယောက် အရမ်းလည်းတော်တယ်တဲ့။ အသက်နည်းနည်းကြီးတာပဲရှိတာ။ ဒါပေမဲ့ မစ္စတာယဲ့ဘက်က အကူအညီတောင်းလာမှတော့ ကျုပ်တို့ ချက်ချင်းစီစဉ်ပေးပါ့မယ်။ ကျွန်တော်တို့လည်း နှလုံးအထူးကုဆရာဝန်တစ်ယောက် လိုနေတာ။ အခုလောလောဆယ် ဆရာဝန်တွေကို အလုပ်ခန့်နေပေမဲ့ တရားဝင်ကြေညာထားပြီးသားဖြစ်နေတော့ အလုပ်ခေါ်တာကိုတော့ ဆက်လုပ်ရမှာပဲ။ ဒါပေမဲ့ ဒေါက်တာလင်းကိုပဲ ကြိုရွေးထားလိုက်ပါ့မယ်"

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်ချန်း"

"ယဉ်ကျေးလွန်းနေပါပြီဗျာ.. ကျုပ်တို့ကြားမှာ ဘာတွေကျေးဇူးတင်စရာလိုလို့လဲ။ ဒေါက်တာလင်းကို အလုပ်ခန့်ရတာက ကျုပ်တို့ဆေးရုံအတွက်လည်း အင်အားဖြည့်တင်းရာရောက်တာပဲကို"

ယဲ့ချန်းမှာ အသက်ပြင်းပြင်းရှူသွင်း၍ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့လိုက်ပြီးနောက် ဤသတင်းကောင်းကို လင်းရှစ်ယင်နှင့် မျှဝေရန် အသင့်ပြင်လိုက်သည်။

••••••••••••••••••••

အပိုင်း ၂၈၈ - အောင်မြင်စွာအလုပ်ခန့်ခြင်း

ယဲ့ချန်းက စားသောက်ဆိုင်ထဲသို့ ပြန်လာပြီးနောက် ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။

"မင်း စိတ်ပူစရာမလိုတော့ဘူး။ ကိုယ် ဦးလေးရဲ့အခြေအနေကို ဖြေရှင်းပြီးပြီ"

လင်းရှစ်ယင်မှာမူ ယဲ့ချန်း၏စကားကို ကြားသောအခါ ကြက်သေသေသွားလေသည်။

"ဖြေရှင်းပြီးပြီလား"

"ဟုတ်တယ်။ ရန်အိုက်ဆေးရုံကို သိတယ်မလား"

"သိတာပေါ့။ ဟွားနိုင်ငံမှာ နာမည်အကြီးဆုံးပုဂ္ဂလိကဆေးရုံလေ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကိုယ့်မှာ အဆက်အသွယ်တချို့ရှိတယ်။ ဖြစ်ချင်တော့ ရန်အိုက်ဆေးရုံမှာလည်း နှလုံးအထူးကုဆရာဝန်တစ်ယောက်ကို လိုနေတာတဲ့။ အဲဒါနဲ့ ကိုယ်လည်း ဦးလေးကို မိတ်ဆက်ပေးလိုက်တယ်"

"အာ..."

လင်းရှစ်ယင် ကြောင်အသွားချေသည်။

တကယ်တမ်းတွင် ယနေ့ခေတ်တွင် ဆရာဝန်များအနေနှင့် အလုပ်ရှာရခက်ခဲလှကြောင်း သူ(မ)၏အဖေထံမှတစ်ဆင့် လင်းရှစ်ယင် သိထားသည်။

လတ်ရှိနှစ်များအတွင်း နိုင်ငံခြားပြန် ဒေါက်တာဘွဲ့ရများမှာ ဆေးရုံများ၏ ပင်မထောက်တိုင်များ ဖြစ်လာလေသည်။

လင်းရှစ်ယင်၏အဖေက အရည်အချင်းကောင်းများ ရှိပါသော်ငြား အသက်အရွယ်ရလာပြီဖြစ်၏။ လူငယ်လေးများနှင့် ယှဉ်ပြိုင်ရာတွင် သူ့အနေနှင့် အသာစီးရနိုင်ခြေမရှိပေ။

ထို့ကြောင့်လည်း သူ(မ)၏အဖေက မိုတုဆေးရုံက မထွက်လိုခြင်းသာဖြစ်၏။ အလုပ်ထွက်လိုက်ပါက နောက်ထပ်အလုပ်ရှာရပေတော့မည်။

အထူးသဖြင့် သူ(မ)အဖေကဲ့သို့ နှလုံးအထူးကုခေါင်းဆောင်တစ်ယောက်အတွက် ပင်မဆေးရုံကြီးများတွင် နေရာများ ပြည့်နေပြီဖြစ်၏။ သူ့အရည်အချင်းနှင့် ရာထူးနိမ့်နိမ့်လေးများကို ယူရန်မှာလည်း သူ(မ)၏အဖေအတွက် စိန်ခေါ်မှုတစ်ရပ်နှယ်။

ယဲ့ချန်းက ဤမျှအထိစွမ်းဆောင်ရည်မြင့်လိမ့်မည်ဟု လင်းရှစ်ယင် ထင်မထားချေ။ သူသည် ဖုန်းတစ်ချက်ဆက်လိုက်ရုံမျှဖြင့် ပြဿနာကို ဖြေရှင်းလိုက်နိုင်သည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"

လင်းရှစ်ယင်၏နှလုံးသားထဲဝယ် နွေးထွေးသွားရသည်။

ယဲ့ချန်း ထိုင်ချလိုက်သည့်အခါ လင်းရှစ်ယင်က သူ့အနားသို့ တိုးကပ်ကာ ချိုသာလှသော အနမ်းတစ်ပွင့်ကို ခြွေလိုက်လေသည်။

သူ့ပါးပြင်ထက်ရှိ စိုစွတ်မှုကို ခံစားမိလိုက်ရချိန်မှာ အလွန်အံ့ဩဝမ်းသာဖွယ်ကောင်းလှသည်။

"ကျွန်မ အဖေ့ကို ချက်ချင်းဖုန်းဆက်ပြီး ဒီသတင်းကောင်းကို ပြောပြလိုက်ဦးမယ်"

လင်းရှစ်ယင်က စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောလိုက်လေသည်။

"ရှစ်ယင်.. ဦးလေးကို မပြောတာ ပိုကောင်းမယ်ထင်တယ်"

ယဲ့ချန်းက ဆို၏။

"ဟင် ဘာလို့လဲ"

အစတုန်းက လင်းရှစ်ယင်မှာ ယဲ့ချန်းအတွက် အမှတ်ယူပေးချင်နေခြင်းပင်။

"တကယ်တော့ ဦးလေးလိုမျိုး နှလုံးအထူးကုခေါင်းဆောင်တစ်ယောက်မှာ မာနတစ်မျိုးရှိတယ်။ တကယ်လို့ မင်း သူ့ကိုပြောပြလိုက်ရင် သူ့ကိုယ်သူ အကပ်နဲ့ဝင်လာတယ်ဆိုပြီး တွေးနေလိမ့်မယ်။ အဲဒီလိုဆိုရင် သူပဲ စိတ်မသက်မသာဖြစ်ရမှာ။ ဆေးပညာပိုင်းမှာ သူ့ရဲ့ယုံကြည်မှုတွေလည်း ထိုးကျသွားလိမ့်မယ်"

"ယဲ့ချန်း ရှင်က အရမ်းတွေးပေးတတ်တာပဲ"

လင်းရှစ်ယင်ကမူ ဤအချက်ကို မတွေးမိပေ။ ကိုယ်ကျိုးမငဲ့သော ယဲ့ချန်း၏လုပ်ရပ်များကြောင့် သူ(မ)၏ရင်ထဲ ထိရှသွားရသည်။

"ယဲ့ချန်း.. ရှင် ကျွန်မအဖေကို ကူညီပေးခဲ့တာတောင် သူ့ကိုမပြောပြဘူးဆိုတော့ ရှင်က ဘယ်လိုတောင်အတ္တကင်းရတာလဲ"

"အတ္တကင်းတယ်ဆိုတာ မရှိပါဘူး။ မင်းသိရင် ပြီးတာပါပဲ။ ပြီးတော့ အလှလေးတစ်ယောက်ကို ကူညီဖို့အတွက် အခုလိုကောင်းမှုသေးသေးလေးတစ်ခု လုပ်လိုက်ရတာနဲ့တင် ကိုယ် နိုင်နေပါပြီ"

လင်းရှစ်ယင်မှာမူ ဤစကားကြောင့် ရှက်သွေးဖြာသွားပြီး ယဲ့ချန်းကို ထုလိုက်လေတော့သည်။

"လူပါး"

...

ထိုအခိုက်ဝယ် လင်းမူက ရန်အိုက်ဆေးရုံ၏ အင်တာဗျူးအခန်းထဲသို့ စိုးရိမ်ပူပန်စွာ လျှောက်ဝင်သွားလိုက်သည်။ အလုပ်ရှာနေစဉ်အတောအတွင်း သူသည် ဆေးရုံခုနစ်ခု ရှစ်ခုကို ဆက်သွယ်ခဲ့သည်။

သို့သော် နှလုံးအထူးကုခေါင်းဆောင်နေရာကား ပြည့်နေပြီး သူ့ခွဲစိတ်မှုဖြစ်စဉ်နောက်ပိုင်းတွင် အခြေအနေသိပ်မကောင်းလှပေ။

အကြိမ်ကြိမ်ငြင်းပယ်ခံရပြီးနောက် လင်းမူလည်း ယုံကြည်မှုများ ပျောက်ဆုံးလာသည်။

သို့သော် အိမ်ချေးငွေက သူ့အား ဖိအားပေးနေသဖြင့် အလုပ်ရှာရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပေ။

သူ့ပြိုင်ဘက်များကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

အများစုက နိုင်ငံခြားပြန်PhDဘွဲ့ရများဖြစ်ပြီး တချို့က ဆေးရုံကြီးများတွင် ပင်မခွဲစိတ်ဆရာဝန်များ လုပ်ဖူးခဲ့ကြသည်။ သူတို့နှင့်ယှဉ်လိုက်လျှင် သူ့အရည်အချင်းနှင့် ပညာရေးက နိမ့်ကျနေချေသည်။

ဤအင်တာဗျူးအတွက် လင်းမူမှာ မျှော်လင့်ချက်နည်းနည်းသာရှိ၏။

အင်တာဗျူးသူက အခန်းထဲသို့ဝင်လာသော လင်းမူကိုမြင်သော် အတန်ငယ်မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒေါက်တာလင်း.. ကျုပ် ခင်ဗျားရဲ့အလုပ်လျှောက်လွှာကို ကြည့်ပြီးပြီ။ ခင်ဗျားက အရမ်းအသက်ကြီးနေတော့ ကျုပ်တို့ရဲ့လိုအပ်ချက်နဲ့ မကိုက်ညီဘူး။ ပြီးတော့ သိပ်မကြာခင်ကမှ မှားယွင်းတဲ့ခွဲစိတ်မှုတစ်ခု ဖြစ်ထားသေးတယ်။ ဒီတော့..."

အင်တာဗျူးသူက လင်းမူ၏အလုပ်လျှောက်လွှာကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပယ်ချရန် ရည်ရွယ်လိုက်သည်။ ထိုအချိန်မှာပင် သူ့ဖုန်းက ထမြည်လာသည်။

သူ မတ်တတ်ထရပ်လိုက်မိသည်။

"ဆေးရုံအုပ်ချန်း..."

ထို့နောက် ဖုန်းကိုင်ရန် အပြင်ထွက်သွားလေသည်။

လင်းမူကတော့ ခါးသက်သက်ပြုံးလိုက်မိသည်။ စကားတစ်ဝက်မျှဖြင့် သူ အငြင်းခံရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

ဤအသက်အရွယ်တွင် သူသည် အလုပ်ရှာရန်အတွက် အသုံးမဝင်တော့မည်ကို စိုးရိမ်မိသည်။

လင်းမူ၏ရင်ထဲ ခါးသက်သွားချေသည်။

သူ့အနေနှင့် သာမန်ဆရာဝန်တစ်ယောက်အဖြစ် စတင်သင့်လေသလား။

မလိုလားသော်ငြား အလုပ်ရှာမရလျှင် သူ့မာနကိုမျိုသိပ်ကာ သာမန်ဆရာဝန်တစ်ယောက် ဖြစ်လာရပေမည်။

အင်တာဗျူးသူက ပြန်ရောက်လာသည်။

"ဒေါက်တာလင်း..စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်"

အစောတုန်းက အေးတိအေးစက်သဘောထားနှင့် ယှဉ်လိုက်လျှင် အင်တာဗျူးသူမှာ ယခုမူ မတူညီသောလူတစ်ယောက်အလား ပြောင်းလဲသွားပြီး နွေးထွေးသောအပြုံးတစ်ပွင့်ကို ဆင်မြန်းထားလေသည်။

လင်းမူလည်း မဲ့တဲ့တဲ့ပြုံးလိုက်မိ၏။

"နားလည်ပါတယ်။ ကျွန်တော်က အသက်လည်းကြီးနေပြီ။ ဆေးကုသမှုအမှားအယွင်းလည်း ဖြစ်ထားတော့ ခင်ဗျားတို့လို ဆေးရုံကြီးတစ်ခုက ကျွန်တော့်လိုလူတစ်ယောက်ကို လိုချင်မှာမဟုတ်ဘူးလေ။ ကျွန်တော်နားလည်ပါတယ်။ မပူပါနဲ့"

"မဟုတ်ဘူး။ မဟုတ်ဘူး။ ဒေါက်တာလင်း.. အဲဒီလိုမဟုတ်ပါဘူး။ အသက်အရွယ်ဆိုတာက အတွေ့အကြုံရင့်သန်တာကို ကိုယ်စားပြုတယ်လေ။ ကျွန်တော်တို့ကလည်း ခင်ဗျားလိုမျိုး အတွေ့အကြုံရှိတဲ့ဆရာဝန်တွေကို လိုက်ရှာနေတာ"

"ဒါပေမဲ့ ကျွန်တော်က ဆေးကုသမှုအမှားအယွင်းတစ်ခုကြောင့် အလုပ်ထုတ်ခံထားရတာပါ"

လင်းမူက အင်တာဗျူးသူကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။

"အဲဒီကိစ္စကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ။ အဲဒါက ခင်ဗျားအပြစ်မှမဟုတ်တာ။ တကယ်တော့ အဲဒါက ခင်ဗျားရဲ့တာဝန်ဝတ္တရားကို သက်သေပြလိုက်တာပါပဲ။ အတွေ့အကြုံရှိပြီး တာဝန်ယူတတ်တဲ့ ခင်ဗျားလို ဆရာဝန်တွေက ကျွန်တော်တို့ဆေးရုံဘက်က လိုအပ်နေတာနဲ့ ကွက်တိပါပဲ"

လင်းမူမှာ လုံးဝကြောင်အသွားချေသည်။

အင်တာဗျူးသူက မိနစ်ပိုင်းအတွင်းမှာပင် သဘောထား လုံးဝပြောင်းသွားသ်ည။

အစတုန်းက အထင်အမြင်သေးနေရာမှ ယခုမူ သူ့အား ရတနာတစ်ပါးနှယ် ဆက်ဆံနေသည်။

သို့ဖြစ်လေရာ အခြေအနေအရ အလိုက်အထိုက်နေရမည်သာ။

အင်တာဗျူးသူက ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

"ဒေါက်တာလင်းမူ.. ခင်ဗျားက အခု ရန်အိုက်ဆေးရုံရဲ့ နှလုံးအထူးကုခေါင်းဆောင်တစ်ယောက် ဖြစ်သွားပါပြီ။ စာချုပ်ကိုလည်း ချက်ချင်ချုပ်ဆိုမှာပါ။ နှစ်စဉ်လစာကတော့ နှစ်သန်းပါ။ ဒါက ဘောနပ်စ်မပါသေးပါဘူး။ ခင်ဗျား ကျေနပ်ရဲ့လား"

လင်းမူ : "..."

သူ့ရှေ့ရှိ စာချုပ်ကိုကြည့်ရင်း လင်းမူမှာ ပျာယာခတ်သွားလေသည်။

အစိုးရဆေးရုံတွင် လင်းမူသည် တစ်လလျှင် နှစ်သောင်းသာ ရခဲ့ပြီး နေ့ရောညပါ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရသည်။

ယခုမူ နှစ်သန်းအထိ ရလိုက်ပြီတဲ့လား။

သူ့နှစ်စဉ်လစာမှာ ဆယ်ဆတက်သွားခဲ့သည်။

ဤအင်တာဗျူးက အတန်ငယ်ထူးဆန်းသည်ဟု ခံစားမိသော်ငြား အလုပ်ရလိုက်သည့်အတွက် အသက်ရှူချောင်သွားသည်။

မည်သို့ပင်ဖြစ်စေ သူ့တွင် ဝင်ငွေတစ်ခုရှိနေပြီဖြစ်ရာ အိမ်ချေးငွေပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်၏။

အိမ်ပြန်ရောက်သောအခါ လင်းမူလည်း အလုပ်ရခဲ့ပြီဖြစ်ကြောင်း သူ့ဇနီးနှင့်သမီးကို ပြောပြလိုက်သည်။ သူ့ဇနီးက ဝမ်းသာလုံးဆို့နေပြီ သမီးဖြစ်သူကတော့ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးနေချေသည်။

အစ်ကိုချန်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ.. အဖေ တကယ်ပဲ အလုပ်ရသွားပြီ...

ယဲ့ချန်း၏ကူညီမှုကို သိထားပါသော်ငြား လင်းရှစ်ယင်လည်း ယဲ့ချန်း၏ညွှန်ကြားမှုကို သတိရမိသဖြင့် ပြုံးလိုက်လေသည်။

"အဖေ.. အဖေက ထူးချွန်နေတုန်းပါလို သမီးမပြောဘူးလား။ အရမ်းမိုက်တာပဲ။ ရန်အိုက်ဆေးရုံဆိုတာ တစ်နိုင်ငံလုံးမှာ အကောင်းဆုံးပုဂ္ဂလိကဆေးရုံနော်"

လင်းမူလည်း ခေါင်းညိတ်ပြလျက် အပြုံးတစ်ပွင့်ဆင်မြန်း၍ ပြောလိုက်သည်။

"အာ.. ဒီအဘိုးကြီးက နေရာရဦးမယ်လို့ ထင်မထားဘူး"

သူ(မ)အဖေ ပျော်နေသည်ကို မြင်လိုက်ရသောအခါ လင်းရှစ်ယင်လည်း ယဲ့ချန်း၏ လူမသိသူမသိစွမ်းဆောင်မှုကို အသိအမှတ်ပြုလိုက်သည်။

သူ(မ)၏နှလုံးသားထဲတွင်မူ ယဲ့ချန်းကို ပို၍ပင် ကျေးဇူးတင်နေမိတော့သည်။

ထိုအခိုက်ဝဘ် လင်းမူ၏ဖုန်းက ထမြည်လာသည်။

"လောင်လင်းလား"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

"ကျုပ်ပါပဲ။ ဘာကိစ္စများရှိလို့လဲ"

ထိုအသံကို ကြားလိုက်ရသည့်အခါ လင်းမူ၏တုံ့ပြန်မှုမှာ အတန်ငယ်အေးစက်နေချေသည်။

ဖုန်းခေါ်သူမှာ အခြားလူမဟုတ်ပါဘဲ ဆေးရုံအုပ်လီဟွေ့ဟွေ့ပင်။

"လောင်လင်း.. ကျွန်မသားက ရှင့်သမီးကို အရမ်းသဘောကျနေတာ။ ကျွန်မ ရှင့်ကို အလုပ်ကူရှာပေးနိုင်တယ်။ ဒါပေမဲ့ ရှင့်သမီးကတော့ ကျွန်မသားရဲ့ချစ်သူ ဖြစ်လာပေးရမယ်"

လင်းမူကတော့ အေးတိအေးစက်နှာခေါင်းရှုံ့လိုက်လေသည်။

"ခင်ဗျားရဲ့ကမ်းလှမ်းမှုအတွက်တော့ ကျေးဇူးတင်ပါတယ် ဆေးရုံအုပ်လီ.. ဒါပေမဲ့ ကျုပ် အလုပ်ရသွားပြီ"

"ဘာ? ရှင်က အလုပ်ရသွားပြီလား"

လီဟွေ့ဟွေ့ခမျာ ကြောင်အသွားလေတော့သည်။

သူ(မ)၏ခန့်မှန်းချက်အရ လင်းမူ၏အသက်အရွယ်ဖြင့် အလုပ်ရှာရန် မဖြစ်နိုင်ပေ။

လင်းမူသာ ဩဇာအာဏာရှိသော လူတချို့နှင့် အဆက်အသွယ်ရှိလျှင်တော့ တစ်မျိုးပင်။

သို့သော် လင်းမူက တဲ့တိုးဆန်သူတစ်ယောက်ဖြစ်ပြီး ဘာနောက်ခံမှလည်းမရှိပေ။ သို့မဟုတ်ပါက ယခုလိုအနိုင်ကျင့်ခံနေမည်မဟုတ်။

"ဘယ်ဆေးရုံမှာ အလုပ်ရသွားတာလဲ"

လီဟွေ့ဟွေ့က တွေဝေတုံ့ဆိုင်းစွာ မေးလိုက်လေသည်။

"ရန်အိုက်ဆေးရုံ"

လင်းမူကလည်း ပြန်ဖြေလိုက်၏။

"ဘာ? ရန်အိုက်ဆေးရုံ ဟုတ်လား"

လီဟွေ့ဟွေ့မှာ ရုတ်တရက် ကြောင်အသွားရလေတော့သည်။

All Chapters