← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အပိုင်း ၂၈၉ - ဆင်းရဲသောကျောင်းသား၏ မျှော်လင့်ချက်

လီဟွေ့ဟွေ့ခမျာ လင်းမူက ရန်အိုက်ဆေးရုံတွင် အလုပ်ရသွားကြောင်း ကြားလိုက်ရသည့်အခါ ကြက်သေသေသွားလေသည်။

ရန်အိုက်ဆေးရုံဆိုသည်မှာ ဟွားနိုင်ငံတွင် အခမ်းနားဆုံး ပုဂ္ဂလိကဆေးရုံတစ်ခုပင်။ နှစ်စဉ်လစာကလည်း သန်းနှင့်ချီ၍ရသည်။ သူ(မ)ကိုယ်တိုင်ပင် ထိုနေရာသို့ သွားချင်ခဲ့သည်။

အစတုန်းကတော့ လင်းမူသည် မိုတုဆေးရုံမှ ထွက်သွားပြီးနောက် အခြေအနေဆိုးဝါးသွားလိမ့်မည်ဟု သူ(မ) ထင်ခဲ့မိသည်။

သို့သော် တစ်ဖက်လူမှာ အခြေအနေမဆိုးရုံသာမက ရန်အိုက်ဆေးရုံ၏ နှလုံးအထူးကုဌာနတွင် ခေါင်းဆောင်ရာထူးရလိမ့်မည်ဟု လုံးဝထင်မှတ်မထားပေ။

လင်းမူက တည်ငြိမ်စွာ ပြောလိုက်၏။

"တကယ်တော့ ကျုပ်ကို အလုပ်ထုတ်ပေးလို့ ခင်ဗျားကို ကျေးဇူးတင်ရမှာ။ ကျုပ်သမီးရဲ့ချစ်သူကတော့... ကလေးတွေအတွက် ကျုပ် ဝင်ဆုံးဖြတ်ပေးလို့မရဘူးလေ။ အရည်အချင်းမရှိတဲ့အတွက် ခင်ဗျားသားကိုပဲ အပြစ်တင်ပေတော့။ ကျုပ်သမီးကို အကြောင်းအရင်းမရှိဘဲ လာမနှောင့်ယှက်ဖို့ ခင်ဗျားသားကို ပြောလိုက်ဦး"

လီဟွေ့ဟွေ့ : "..."

ယခင်က သူသည် ဆေးရုံတွင် အလုပ်လုပ်နေရသောကြောင့် လီဟွေ့ဟွေ့ကို သတိထားနေခဲ့ရသည်။ ယခုမူ လီဟွေ့ဟွေ့က အလုပ်ဖြုတ်လိုက်သဖြင့် ပိုကောင်းသောနေရာတစ်ခုကို ရောက်နေပြီဖြစ်ရာ တစ်ကိုယ်ကောင်းဆန်လှသော ဤအမျိုးသမီးကို ဘာထိန်းချုပ်မှုမှမရှိဘဲ ပြန်ပြောနိုင်လေပြီ။

လီဟွေ့ဟွေ့မှာမူ ရူးတော့မတတ်ပင်။ သူ(မ) ဖုန်းချလိုက်ပြီးသည့်တိုင် မယုံနိုင်သေးပေ။ ထို့ကြောင့် နီးစပ်ရာကို မေးမြန်းကြည့်လိုက်လေရာ သတင်းက မှန်နေချေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

လင်းမူက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်နှင့် သိကျွမ်းနေခြင်းမျိုးလား။

လီဟွေ့ဟွေ့ခမျာ ဒေါသူပုန်ထနေချေသည်။

ထိုအချိန်တွင် ဟွားနိုင်ငံရှိ တက္ကသိုလ်အပ်နှံရေးမှာ အရှိန်အဟုန်ပြင်းလျက်ရှိ၏။ အင်တာနက်ပေါ်တွင်လည်း ယခုနှစ်၏ဘွဲ့ရများနှင့်ပတ်သက်သည့် ဗီဒီယိုအတိုလေးများဖြင့် ပြည့်နှက်နေသည်။

တချို့ကျောင်းသားများက သူတို့၏ပညာရေးမှတ်တမ်းများကို ထုတ်ကြွားနေကြသည်။ တချို့ကလည်း သူတို့၏ရမှတ်များကို စစ်ဆေးပြီးနောက် စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ခုန်ပေါက်နေကြတော့သည်။

ဆင်းရဲလှသည့် ထူးချွန်ကျောင်းသားတစ်ယောက်မှာ ဟွားချင်းတက္ကသိုလ်သို့ ဝင်ခွင့်ရပြီဖြစ်ကြောင်း သူ့အဖေကို ပြောလိုက်သည်။

သူ့အဖေက ကြက်များနှင့် သိုးများကို သတ်၍ ရွာထဲတွင် မီးပန်းများဖောက်ခဲ့သော်ငြား တကယ်တမ်းတွင် ထိုအရာမှာ အလိမ်အညာဖြစ်နေခဲ့သည်။

ဤနွေရာသီတွင် ကျောင်းသားဘယ်နှယောက်လောက်က သူတို့အိပ်မက်မက်ထားသော တက္ကသိုလ်ကို ဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားပျော်ရွှင်နေကြသလဲဆိုသည်ကို မသိနိုင်ပေ။ တချို့ကတော့ အိပ်မက်မက်ခဲ့ရသော တက္ကသိုလ်ကို ဝင်ခွင့်မရသည့်အတွက် စိတ်မကောင်းဖြစ်နေကြသည်။

ဟွားနိုင်ငံ၏ တက္ကသိုလ်လျှောက်လွှာတင်ခွင့်စနစ်ကား ကျောင်းသားများကိုယ်တိုင် လျှောက်ထားရန် လိုအပ်လေသည်။

သို့သော် တည်ထောင်ခါစဖြစ်သော စတားတက္ကသိုလ်ကတော့ အာရုံစိုက်မှုသိပ်မရပေ။ ဒီပလိုမာကျောင်းများလောက်ပင် နာမည်မရချေ။

ဤကမ္ဘာရှိ လျှောက်လွှာစနစ်မှာ ယခင်ဘဝနှင့် မတူညီပေ။ ကျောင်းတစ်ကျောင်း၏ဝက်ဘ်ဆိုက်တွင် လျှောက်ထားရန် အခွင့်အရေးသုံးခုရှိသည်။

လက်ခံရလျှင် စာရင်းသွင်းနိုင်ပေသည်။

ဤအဖြစ်ကြောင့် နာမည်ကြီးတက္ကသိုလ်များတွင် လျှောက်လွှာသောင်းဂဏန်းခန့် ရရှိသော်လည်း ဒီပလိုမာကျောင်းများကမူ လုံးဝလျစ်လျူရှုခံထားရသည်။

ထိုအချိန်ဝယ် လူနေအိမ်ရာတစ်ခု၌...

မော့ရှောင်ရှောင်ခမျာ တက္ကသိုလ်နှစ်ခုမှ ပယ်ချခံရပြီးဖြစ်၏။

သူ့ရမှတ်ကလည်း အလွန်နည်းလွန်းလှ၏။

သူ တက္ကသိုလ်တက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလား...

သူ့ရမှတ်ကား အလွန်နိမ့်လှသဖြင့် ဘယ်တက္ကသိုလ်ကမှ သူ့ကို လက်မခံချင်ပေ။

ရုတ်တရက်ဆိုသလို တက္ကစီဒရိုင်ဘာအစ်ကိုကြီးပြောသွားသည့် စတားတက္ကသိုလ်ကို အမှတ်ရလိုက်သည်။ သူလည်း နောက်ဆုံးမျှော်လင့်ချက်လေးဖြင့် စတားတက္ကသိုလ်၏ ဝင်ခွင့်လျှောက်ထားရေးဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်။

မော့ရှောင်ရှောင်အနေနှင့် သူ့မိဘများကို စိတ်မပျက်စေချင်ပေ။ သူလည်း တက္ကသိုလ် တက်ကိုတက်ရမည်။

ထို့ကြောင့် စတားတက္ကသိုလ်၏ ဝက်ဘ်ဆိုက်ကိုဖွင့်ကြည့်လိုက်လေရာ မျက်ဝန်းအစုံ တောက်ပသွားရသည်။

ဤစတားတက္ကသိုလ်က မဆိုးလှပေ။

သင်ကြားရေးအဆောက်အအုံပင်ဖြစ်စေ ပတ်ဝန်းကျင်ပင်ဖြစ်စေ ထိပ်တန်းတက္ကသိုလ်များထက်တော့ မနိမ့်ချေ။

ဝက်ဘ်ဆိုက်၏ဆောင်ပုဒ်ကြောင့် မော့ရှောင်ရှောင်၏သွေးများ ပွက်ပွက်ဆူလာရသည်။

လွတ်လပ်မှု၊ အိပ်မက်၊ မျှော်လင့်ချက်...

ဤသည်မှာ မော့ရှောင်ရှောင် အလိုရှိသောအရာများပင်။

သို့သော် ထိုသို့သောတက္ကသိုလ်ဆိုသည်မှာ တကယ်ရှိနိုင်သလော။

မော့ရှောင်ရှောင်ခမျာ အိပ်မက်မက်နေသလို ခံစားရသည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်း၍ "လျှောက်ထားမည်"ဟူသော ခလုတ်ကို နှိပ်လိုက်လေသည်။

ထိုအခိုက်ဝယ် သူ အလွန်စိတ်လှုပ်ရှားနေမိသည်။ သူ့ကို တက္ကသိုလ်နှစ်ခုက ပယ်ချထားပြီးဖြစ်လေရာ ထပ်ပယ်ချခံရပါက သူ့တွင် အခွင့်အရေးရှိတော့မည်မဟုတ်။

မော့ရှောင်ရှောင်မှာ ကွန်ပျူတာကိုစိုက်ကြည့်ရင်း လက်သီးတင်းတင်းဆုပ်ထားမိသည်။

[တင်! ဂုဏ်ယူပါတယ်။ စတားတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနက သင့်ကို လက်ခံလိုက်ပါပြီ]

တက်လာသော မက်ဆေ့ချ်ကို မြင်သောအခါ မော့ရှောင်ရှောင် ကြက်သေသေသွားရသည်။ အိပ်မက်မက်နေသလိုပင် ခံစားရသည်။

ငါ တကယ်ဝင်ခွင့်ရသွားတာလား...

ဤသည်မှာ အိပ်မက်တစ်ခုလိုပင်။

သူ့ရမှတ်က အသက်မွေးတက္ကသိုလ်တစ်ခုကိုဝင်ရန်ပင် ခက်ခဲလှသော်ငြား ၉၈၅တက္ကသိုလ်တစ်ခုက သူ့ကို လက်ခံလိုက်ချေပြီ။

...

ကျိုတိုမြို့ရှိ လူနေအိမ်ရာတစ်ခု၌...

ကောင်လေးတစ်ယောက်က ဂစ်တာတစ်လက်ကို တီးခတ်ရင်း စာရွက်ပေါ်တွင် ဂီတသင်္ကေတများကို အတန်းလိုက်ချရေးနေသည်။

သူ့နာမည်က လော့ကျင်းရှန်ဖြစ်ပြီး သူသည် ငယ်စဉ်ကတည်းက သီချင်းများကို နှစ်သက်မြတ်နိုးခဲ့သည်။

လော့ကျင်းရှန်က ဂီတတွင် ပါရမီရင့်သန်သူတစ်ယောက်ပင်။ သူသည် ဝါသနာရှင်ပြိုင်ပွဲတစ်ခုတွင် သူကိုယ်တိုင်ရေးစပ်ထားသော သီချင်းဖြင့် ပထမဆုရခဲ့ဖူးသည်။

ကံဆိုးချင်တော့ သူ့ရမှတ်များက အလွန်နိမ့်လှသဖြင့် ဂီတကျောင်းနှစ်ခုက ဆက်တိုက်ငြင်းပယ်ခဲ့သည်။

ထိုအချိန်မှာပင် ကွန်ပျူတာထက်၌ မက်ဆေ့ချ်ဘောက်စ်တစ်ခု ရုတ်တရက်တက်လာချေသည်။

စတားတက္ကသိုလ်မှ ကြိုဆိုပါတယ်..

လော့ကျင်းရှန်လည်း ထိုမက်ဆေ့ချ်ကို နှိပ်ကြည့်လိုက်ရာ ကျောင်းဝင်းအနေအထားကြောင့် ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။

"ဒီကျောင်းဝင်းက အရမ်းလှတာပဲ"

အထူးသဖြင့် ဤတက္ကသိုလ်၏ပတ်ဝန်းကျင်က အိပ်မက်ဆန်သော မင်းနေပြည်တော်တစ်ခုနှင့်ပင် တူလှသည်။

လော့ကျင်းရှန်မှာ အသက်ပြင်းပြင်းရှူသွင်း၍ ဝက်ဘ်ဆိုက်ထဲသို့ ဝင်လိုက်၏။ မကြာခင်မှာပင် ကွန်ပျူတာထဲမှ အသံထွက်လာသည်။

[တင်! ဂုဏ်ယူပါတယ်.. သင့်ကို စတားတက္ကသိုလ်ရဲ့ဂီတဌနာက လက်ခံလိုက်ပါပြီ]

ဝိုး... ငါ တက္ကသိုလ်ဝင်ခွင့်ရပြီ...

လော့ကျင်းရှန်လည်း ပျော်ရွှင်မြူးကြွစွာ ကလေတော့သည်။

ထိုသို့သောကိစ္စမျိုးက ဟွားနိုင်ငံ၏ နေရာပေါင်းစုံတွင် ဖြစ်ပျက်နေသည်။ လူတိုင်းနီးပါးက စတားတက္ကသိုလ်ကို နောက်ဆုံးအခွင့်အရေးအဖြစ် စာရင်းသွင်းခဲ့ကြသည်။

သို့သော် ခြွင်းချက်မရှိပါဘဲ သူတို့အားလုံး မှန်းဆ၍မရနိုင်သော အခွင့်အရေးများကို ရရှိခဲ့သည်။

ထိုအချိန်တွင် ယဲ့ချန်းကတော့ တက္ကစီမောင်းနေလေသည်။ ထိုအခိုက် ဖုန်းဝင်လာသည်။

ချစ်လှစွာသော တက္ကစီသုံးစွဲသူ... သင့်ရှားလိကားက သုံးစွဲမှုအကန့်အသတ်ကျော်သွားပြီဖြစ်တာကြောင့် ကျေးဇူးပြုပြီး ကားပြောင်းပေးပါ..

ထိုစကားကိုကြားသော် ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။

ယဲ့ချန်းတွင် ဇိမ်ခံကားများစွာ ရှိပါသော်ငြား ဤတက္ကစီကားကိုမူ လဲပစ်ရန် အင်တင်တင်ဖြစ်နေချေသည်။

သူငယ်ချင်းကြီးရေ.. ကြည့်ရတာတော့ မင်းလည်း အနားယူဖို့အချိန်တန်ပြီ...

တက္ကစီမောင်းရန်အတွက် ဇိမ်ခံကားကို အမြဲအသုံးပြုခြင်းမှာ အဆင်မပြေသဖြင့် ယဲ့ချန်းလည်း ခဏမျှတွေးတောကြည့်ပြီးနောက် အရည်အသွေးနိမ့်ကားတစ်စီးကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

ကားအရောင်းဆိုင်သို့ ရောက်သောအခါ ထိုနေရာတွင် ကားပြပွဲတစ်ခု ကျင်းပနေကြောင်း မြင်လိုက်ရသည်။

ယဲ့ချန်းကမူ နာမည်ကြီးဘရန်းများကို လျစ်လျူရှုထားလိုက်ပြီး ဂီလီစွမ်းအင်သစ်ကားတစ်စီးကို မျက်စိကျနေလေသည်။

ဘယ်ဒရိုင်ဘာကမှ တက္ကစီမောင်းရန်အတွက် ဂီလီကို မသုံးကြပေ။

အကြာင်းမှာ ကုန်ကျစရိတ်နည်းပါးပြီး အရည်အသွေးကလည်း သာမန်မျှပင်။

ဂီလီအရောင်းဆိုင်တွင် ကားအသစ်များရှေ့တွင် ကားမော်ဒယ်လ်တချို့က ကိုယ်ဟန်ပြနေကြသည်။

ယနေ့ခေတ်တွင် ကားကိုသာ ရောင်းရပါက မော်ဒယ်လ်များကလည်း ကော်မရှင်ခရကြသည်။ သို့ဖြစ်လေရာ သူတို့အားလုံး အလွန်ပျော်ရွှင်နေကြသည်။

ဂီလီကားအရောင်းဆိုင်ရှေ့တွင် ကြည့်နေကြသော အမျိုးသားတချို့ ရှိလေသည်။

သူတို့က ကားကြည့်ရန် လာကြခြင်းမဟုတ်ဘဲ မော်ဒယ်လ်များကိုကြည့်ဖို့ ရောက်နေကြခြင်းသာ။

မတတ်နိုင်ပေ။ ကားမော်ဒယ်လ်များမှာ အလွန်လှပချေသည်။

ယဲ့ချန်း တစ်ချက်လှမ်းကြည့်လိုက်လေရာ ကားအရောင်းဆိုင်ရှိ မော်ဒယ်လ်များမှာ ရုပ်ရည်ရမှတ်ခြောက်ဆယ်ခုနစ်ဆယ်ခန့် ရှိကြောင်း သိလိုက်ရ၏။

ယဲ့ချန်း၏မျက်လုံးထဲတွင်မူ ထိုအဆင့်က ရုပ်ဆိုးသည်ဟု ဆိုနိုင်သည်.

ဇိမ်ခံကားများနှင့် အသားကျနေသဖြင့် ဤစွမ်းအင်သစ်ကားများကို အသားမကျပေ။

ကား၏အသွင်အပြင်က ကြည့်ရဆိုးသဖြင့် ရုပ်ဆိုးလှသော ဤကားများကို ထုတ်လုပ်ရန်အတွက် ဘယ်ဒီဇိုင်နာများကို အလုပ်ခန့်ထားလေသလဲ မသိရချေ။

သူတို့ကတော့ စွမ်းဆောင်ရည်အပြည့်ရှိသည်ဟု ပြောပါသော်ငြား စက်နှိုးခြင်းနှင့် ဘရိတ်အုပ်ခြင်းကိုပင် ခိုင်းမရပေ။

ခဏမျှပတ်ကြည့်ပြီးနောက် ယဲ့ချန်းလည်း စိတ်မပါတော့ပေ။ ဇိမ်ခံကားများနှင့် ကျင့်သားရနေပြီဖြစ်ရာ ယခုလိုစွမ်းဆောင်ရည်နိမ့်သည့် ကားများကို သဘောမကျတော့ချေ။

သို့သော် တစ်ခုတော့ ရွေးမှဖြစ်မည်။

ထိုအခိုက်ဝယ် အရောင်းစာရေးမတစ်ယောက်က ကားပတ်ကြည့်နေသော ယဲ့ချန်းကို မြင်သွားသည်။

ထိုအမျိုးသမီးက ရုံးယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဆံနွယ်ကလည်း ရှည်လျားလေသည်။ ရုပ်ရည်ရမှတ်ခုနစ်ဆယ့်ငါးဝန်းကျင်ခန့် ရှိလောက်သည်။ ထို့ကြောင့် အာရုံစိုက်မှုများကို ဆွဲဆောင်ထားနိုင်သည်။

သူ(မ)၏ပုံစံမှာ မောက်မာလှသော မင်းသမီးတစ်ပါးနှယ်..။

သို့သော် ယဲ့ချန်းကမူ "ဒီမိန်းကလေးက ဘာလို့ ဒီလောက်တောင်ရုပ်ဆိုးရတာလဲ'ဟု တွေးလိုက်မိသည်။

ထိုအရောင်းစာရေးမက ဂုဏ်ယူဝင့်ကြွားနေဟန်ပင်။ တကယ်တမ်းတွင် ယဲ့ချန်းကို သူ(မ) သတိထားမိနေသည်မှာ ကြာလှလေပြီ။

ယဲ့ချန်းအနားသို့ ချဉ်းကပ်ရသည့်အကြောင်းအရင်းမှာ သူက အလွန်ချောမောခန့်ညားသောကြောင့်ပင်။

"အချောလေး.. ဒီကားက ဘယ်လောက်မိုက်လဲဆိုတာ ကြည့်လိုက်ပါဦး။ ရှင့်ချောမောမှုနဲ့ လိုက်ဖက်သလားမမေးနဲ့"

ယဲ့ချန်းကမူ သူ့မျက်နှာကို အုပ်ကာထားလိုက်မိသည်။

ဘယ်လိုလုပ်ပြီး လိုက်ဖက်ရမှာလဲ..

မင်းကန်းနေတာလား...

လိုင်ကန်ကားကမှ ငါ့ချောမောမှုနဲ့ လိုက်ဖက်တာကွ!

•••••••••••••••••••

အပိုင်း ၂၉၀ - အရမ်းရုပ်ဆိုးတယ်

မာန်တက်နေသော အရောင်းစာရေးမက ကား၏လုပ်ဆောင်ချက်များကို ယဲ့ချန်းအား မိတ်ဆက်ပေးလိုက်သည်။

"ဒီကားကို ကျွန်မတို့ရဲ့အဓိကဒီဇိုင်နာက ဒီဇိုင်းဆွဲထားတာပါ။ ဒီရှေ့မီးသီးတွေက ဘယ်လောက်မိုက်လိုက်သလဲ။ ဒီကောက်ကြောင်းက ဟွားနိုင်ငံထဲက အားကစားသမားတွေအတွက် ကွက်တိပဲ။ ဒီကားက ကျွန်မလိုမျိုး ဆွဲဆောင်မှုရှိတယ်"

ယဲ့ချန်းက အရောင်းစာရေးမလေး၏ မိတ်ဆက်ကို နားထောင်ရင်း အတန်ငယ်ဆွံ့အသွားရသည်။

အမှန်ပင်။ ဤကားက သူ(မ)နှင့် တူလှချေသည်။ သို့သော် လှပခြင်းမဟုတ်ဘဲ ရုပ်ဆိုးနေခြင်းပင်။

ဒီကားမီးသီးတွေက ငါ့လိုင်ကန်ကားထက် ပိုမိုက်လို့လား... ဒီကောက်ကြောင်းကြီးက ကြည့်ချင်စရာကိုမရှိဘူး...

ယဲ့ချန်း၏စံနှုန်းက အလွန်ချေးများလှသည်။ သူ့မျက်လုံးထဲတွင် ဤကားက ရှက်ဖွယ်လိလိရုပ်ဆိုးလှပေသည်။

"ဘယ်လိုလဲ။ ကျွန်မတို့ကားရဲ့ဒီဇိုင်းက မိုက်လွန်းလို့ သဘောကျနေပြီမလား။ ကျွန်မလိုမျိုး ဆွဲဆောင်မှုရှိတယ်မလား"

ယဲ့ချန်းကလည်း ကိုးရိုးကားရားပြုံးပြလိုက်သည်။

"အမှန်အတိုင်းပြောရရင် ဒီကားရဲ့ဒီဇိုင်းက အရမ်းရုပ်ဆိုးတယ်"

"ရှင်.."

အရောင်းစာရေးမလေးက ဤကားသည် သူ(မ)လို လှပသည်ဟု ဆိုထားချေသည်။ ယဲ့ချန်းကမူ ဤကားကို ရုပ်ဆိုးသည်ဟုဆိုကာ သူ(မ)ကို ဆန့်ကျင်လိုက်သည်။

တစ်နည်းအားဖြင့် သူသည် သူ(မ)ကို ရုပ်ဆိုးသည်ဟု ဆိုလိုက်ခြင်းပင်မဟုတ်လော။

အရောင်းစာရေးမလေးကမူ ဤလူသည် ကားဝယ်ဖို့မဟုတ်ပါဘဲ သက်သက်ပြဿနာဖို့ရောက်လာသည်ဟုတွေးကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"လူကြီးမင်း.. ရှင်က ဘာအလုပ်လုပ်တာလဲဆိုတာ မေးလို့ရမလား"

အရောင်းစာရေးမက မေးလိုက်လေသည်။

"ကျွန်တော်က တက္ကစီဒရိုင်ဘာပါ"

ယဲ့ချန်းကမူ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။

တက္ကစီဒရိုင်ဘာလား..

အရောင်းစာရေးမ၏မျက်နှာကား ချက်ချင်းဆိုသလို ပျက်ယွင်းသွားသည်။ ယဲ့ချန်းက ဒီဇိုင်နာအဝတ်အစားများကို ဝတ်ထားသဖြင့် သူ့ကို လူကုံထံတစ်ယောက်ဟု သူ(မ) ထင်ခဲ့မိသည်။

လက်စသတ်တော့ သူက တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေချေသည်။

သို့ဖြစ်လေရာ ဤဒီဇိုင်နာဝတ်စုံများမှာ အတုများပင်။

တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်နှင့် အချိန်အကြာကြီးစကားပြောရင်း အချိန်ဖြုန်းလိုက်မိလေပြီ။ အရောင်းစာရေးမလေးခမျာ ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ်ပင်။

ထိုအရောင်းစာရေးမ၏ မျက်လုံးထဲရှိ စိတ်အားထက်သန်မှုများမှာ အစအနပင်မကျန်အောင် ပျောက်ကွယ်သွားလေသည်။

ထိုအခိုက် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ခေါ်ဆိုသူကား လင်းရှစ်ယင်ပင်။

လင်းရှစ်ယင်က ယခုမှ လေယာဉ်ပေါ်က ဆင်းခါစဖြစ်ပြီး ယဲ့ချန်းကို သတိရမိသဖြင့် ဖုန်းခေါ်လိုက်ခြင်းပင်။

"ယဲ့ချန်း ရှင်ဘယ်မှာလဲ"

"ဪ ကိုယ်က ကားမြို့တော်မှာ ကားဝယ်မလို့"

"ကားမြို့တော်က လေဆိပ်နဲ့သိပ်မဝေးဘူး။ ကျွန်မ အခုချက်ချင်းလာခဲ့မယ်"

ယဲ့ချန်းက ဖုန်းချလိုက်ပြီးနောက် ဤကား၏လုပ်ဆောင်ချက်အကြောင်း ဆက်မေးမြန်းရန် ဟန်ပြင်လိုက်သော်ငြား သူ(မ)ကမူ ဒေါသူပုန်ထနေချေသည်။

"လူကြီးမင်း.. ဒါကို ရယ်စရာများမှတ်နေတာလား"

"ဘာကိုဆိုလိုချင်တာလဲ"

ယဲ့ချန်းမှာ အတန်ငယ်ခေါင်းရှုပ်သွားရသည်။

"ရှင် ကားမဝယ်နိုင်ဘူးဆိုရင်လည်း ကျွန်မကို အချိန်ကုန်အောင် လာမလုပ်ပါနဲ့။ ရှင်တို့လိုလူတွေက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတာ။ ရှင့်ရည်ရွယ်ချက်ကို ကျွန်မမသိဘူးများထင်နေတာလား။ ရှင်က မိန်းမလှလေးတွေကို ငမ်းဖို့အတွက်နဲ့ ကားပြခန်းကိုလာခဲ့တာ။ ကျွန်မနဲ့စကားပြောနေတာလည်း ကျွန်မနဲ့ရင်းနှီးပြီး ကျွန်မခန္ဓာကိုယ်ကို ငမ်းချင်လို့မလား"

ယဲ့ချန်း : "..."

သေလိုက်ပါတော့.. မင်းက ကိုယ့်ကိုယ်ကိုယ်ချစ်နေတာပဲ...

ငါက မင်းရဲ့ခန္ဓာကိုယ်ကို ငမ်းရမတဲ့လား...

မင်းရဲ့ရုပ်ရည်ရမှတ်ကဖြင့် အနည်းဆုံး ခုနစ်ဆယ်ပဲရှိတာ.. အလကားပေးမယ်ဆိုရင်တောင် စိတ်မဝင်စားဘူး...

ယဲ့ချန်းဘက်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ အရောင်းစာရေးမမှာ ပို၍ပင်ဘဝင်ခိုက်သွားချေသည်။

သူ(မ)က ခါးထောက်လျက် ဘဝင်မြင့်လေဟန်ဖြင့် ပြောလိုက်၏။

"ရှင်က တက္ကစီဒရိုင်ဘာတစ်ယောက်မလား။ ကျွန်မတို့ကားရဲ့ကုန်ကျစရိတ်က ဘယ်လောက်လဲဆိုတာသိလား။ တစ်စီးကို အနည်းဆုံးယွမ်နှစ်သိန်းရှိတယ်။ ရှင် ဝယ်နိုင်လို့လား"

ယဲ့ချန်းကတော့ အော်ရယ်လိုက်မိတော့သည်။

ငါ့ရဲ့သန်း၁၂၀တန်လိုင်ကန်ပြိုင်ကားကို မင်းမြင်ဖူးလား..

ယွမ်နှစ်သိန်းတဲ့လား။ ဒါက ငါ့ကားရဲ့အစိတ်အပိုင်းတစ်ခုစာပဲရှိတယ်....

သို့သော် အရောင်းစာရေးမ၏စကားက ဘေးနားရှိ ပွဲကြည့်သူများအတွက်တော့ ကျိုးကြောင်းဆီလျော်လှသည်။

"ဟူး.... ဒီကောင်လေးက မိန်းမလှလေးတွေကိုငမ်းဖို့ ရောက်လာတာဆိုတာ အသိသာချည်းပဲ။ ဒါပေမဲ့ သူကတော့ ကြွားလုံးထုတ်နေတုန်းပဲ"

"အခုတော့ အရှက်ကွဲပြီ။ မျက်နှာတော့နာလိုက်မယ့်ဖြစ်ခြင်း"

"တကယ်တော့ ငါတို့တွေအကုန်လုံးက အလှလေးတွေကို ငမ်းဖို့သက်သက်ရောက်လာတာလေ။ ဒါပေမဲ့ မင်းက သွားကြွားရသလား"

"ကြွားလုံးထုတ်ရင်း လူမိသွားရင် ဒီလိုဖြစ်မှာပဲ။ ရှက်စရာကောင်းလိုက်တာ"

သူပတ်ပတ်လည်ရှိ စကားများကို ကြားသောအခါ ယဲ့ချန်းလည်း ဆွံ့အသွားရချေသည်။

သေစမ်း...

မင်းရဲ့ခန္ဓာကိုယ်ကိုကြည့်ရမှာတောင် ငါရွံတယ်...

အရောင်းစာရေးမကလည်း ပတ်ပတ်လည်ရှိ တီးတိုးစကားများကို ကြားသောအခါ ပို၍ပင် မာန်တက်လာသည်။

"လူကြီးမင်း.. ကျွန်မလှတယ်ဆိုတာ သိပါတယ်။ ရှင် ကျွန်မကို အဝေးကနေ လှမ်းကြည့်မယ်ဆိုရင်လည်း စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ ကားဝယ်ချင်ယောင်ဆောင်ပြီး ကျွန်မနဲ့ရင်းနှီးအောင်ကြိုးစားတာကတော့ ရှင် မှားသွားပြီ"

ငါက မင်းနဲ့ရင်းနှီးအောင်ကြိုးစားတယ်တဲ့လား...

ငါ့ကိုစကားလာပြောတာက မင်းလေ...

ထိုသို့ပြောပြီးနောက် ထိုမိန်းကလေးက သူ(မ)ကိုယ်သူ(မ) ကျေနပ်နေလေတော့သည်။

ထိုအချိန်မှာပင် ပတ်ပတ်လည်ရှိ အမျိုးသားများ၏အာရုံက တစ်နေရာသို့ ကျရောက်သွားလေသည်။

"အမလေး.. ဟိုကောင်မလေးက အရမ်းလှတာပဲ"

"နတ်သမီးလေးတစ်ပါး နတ်သက်ကြွေလာသလိုပဲ"

"ကမ္ဘာ့အဆင့်အလှပဂေးဆိုတာ ဒါပဲလေ။ သူနဲ့ယှဉ်လိုက်ရင် ဒီမော်ဒယ်လ်တွေက ဘာမှမဟုတ်တော့ဘူး"

သူ(မ)ကိုယ်သူ(မ) ဟုတ်လှချည်ရဲ့ဟု ထင်နေသော အရောင်းစာရေးမမှာ အခြားလူတစ်ယောက်က အာရုံစိုက်မှုများကို ဆွဲဆောင်သွားကြောင်း သိလိုက်ရသည်။

သူ(မ)လည်း ဝင်ပေါက်ဘက်ကို လှမ်းမကြည့်ဘဲ မနေနိုင်ချေ။ ချက်ချင်းဆိုသလိုပင် သူ(မ) ကြက်သေသေသွားရသည်။

ဤမိန်းကလေးက အလွန်တရာလှပလေသည်။

ထိုမိန်းကလေးက အပြာနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သွယ်လျသောခြေအစုံ၊ နတ်သမီးတမျှလှပသောမျက်နှာနှင့် ပြီးပြည့်စုံသောကောက်ကြောင်းတို့က ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပုရိသအပေါင်ကို ဆွဲဆောင်ညှို့ငင်နေတော့သည်။

အစတုန်းက ယုံကြည်မှုများယိုဖိတ်နေခဲ့သော အရောင်းစာရေးမမှာ ယခုမူ ငန်းတစ်ကောင်ကိုမြင်လိုက်ရသည့် ကြက်ဆင်တစ်ကောင်အလား ခေါင်းငုံ့ထားလိုက်မိသည်။

ဤအလှလေးက အလွန်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ သူ့ရှေ့တွင် သူ(မ)က လူပြက်တစ်ယောက်သာသာပင်။

လင်းရှစ်ယင်က ယဲ့ချန်းနားသို့ လျှောက်လာပြီး သူ့လက်မောင်းကို လက်ဖြင့်ချိတ်တွယ်လိုက်၏။

ရုတ်ခြည်းပင် ပြခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

ရုပ်ရည်ရမှတ်၉၉မှတ်ရှိသော အလှလေးက တက္ကစီဒရိုင်ဘာတစ်ယောက်၏လက်မောင်းကို ချိတ်ထားသတဲ့လား။

"အချစ်.. ဒီလိုအဆင့်နိမ့်ကားတွေကို ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ"

လင်းရှစ်ယင်က စူးစမ်းလိုဟန်ဖြင့် မေးလိုက်လေသည်။

ယဲ့ချန်း၏စွမ်းဆောင်ရည်ကို လင်းရှစ်ယင် နားလည်ထားသည်။ အခမ်းနားဆုံးGulfstreamဂျက်လေယာဉ်ကိုပင် ပိုင်ဆိုင်ထားသော လူကုံထံတစ်ယောက်က ဤနေရာရှိ အဆင့်နိမ့်ကားများနှင့် မလိုက်ဖက်ပေ။

"ကိုယ်က တက္ကစီမောင်းနေတာလေ။ သိုသိုသိပ်သိပ်နေဖို့ကြိုးစားနေတာ"

ယဲ့ချန်းဘေးရှိ အလှလေးကိုမြင်သောအခါ အစောတုန်းက အရောင်းစာရေးမ၏ ကြွားလုံးများကို လူတိုင်း သတိရလိုက်မိပြီး အော်မရယ်ဘဲ မနေနိုင်တော့ချေ။

"ဟားဟား.. ဒီမိန်းမက ခုနတုန်းကကြွားလုံးထုတ်နေတာ။ ဒီလူက သူ့ခန္ဓာကိုယ်ကို ငမ်းချင်လို့ ရောက်လာတာတဲ့။ သူ့ကောင်မလေးကိုကြည့်လိုက်ဦး။ ဒီလိုရုပ်ရည်နဲ့ ဒီလိုကောက်ကြောင်းမျိုးကို ပိုင်ဆိုင်ထားတာနော်။ ဒီလိုလူက သူ့ကို ဘာလို့စိတ်ဝင်စားမှာလဲ"

"အမှန်ပဲ။ ဒီအလှလေးကိုမြင်လိုက်ရပြီးတော့ အရောင်းစာရေးမက အော်ဂလီဆန်ချင်လောက်အောင် ရုပ်ဆိုးသွားတယ်"

"အရောင်းစာရေးမက ကိုယ့်ကိုယ်ကိုယ်အရမ်းအထင်ကြီးတာပဲ။ အခုတော့ အရှက်ကွဲပြီ"

ပတ်ပတ်လည်ရှိ ဝေဖန်စကားများကို ကြားရသောအခါ အရောင်းစာရေးမမှာ ဒေါသူပုန်ထတော့မတတ်ပင်။ ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ရုံးခန်းထဲမှ ထွက်လာလေသည်။

"ဘာတွေဖြစ်နေတာလဲ"

ပတ်ပတ်လည်ရှိ စကားသံများကိုကြားသော် ထိုလူက မေးလိုက်၏။

"မန်နေဂျာ.. ဒီတက္ကစီဒရိုင်ဘာက ကားမဝယ်နိုင်ဘဲနဲ့ ကျွန်မတို့ကားပြခန်းမှာ သက်သက်ပြဿနာရှာနေတယ်။ သူက ဒီကို ပြဿနာရှာဖို့ရောက်လာတယ်ဆိုတာ အသိသာချည်း။ ကျွန်မတို့ကားတွေကိုလည်း အမှိုက်လို့ပြောသေးတယ်။ အခုလည်း အလှလေးတစ်ယောက်ကို ခေါ်လာပြန်ပြီ"

လင်းရှစ်ယင်မှာ ထိုအရောင်းစာရေးမ၏ စိတ်ဓာတ်ကို သူ(မ) လုံးဝနင်းခြေလိုက်မိကြောင်း သိလိုက်ရသည့်အတွက် ကြက်သေသေသွားလေသည်။

ထို့ကြောင့် သူ(မ)က လင်းရှစ်ယင်ကို အသွေးအသားထဲထိတိုင် မုန်းတီးသွားသည်။

မန်နေဂျာကလည်း ယဲ့ချန်းကိုကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မှင်တက်သွားရသည်။

"တစ်ဆိတ်လောက်.. ခင်ဗျားက မစ္စတာယဲ့လား"

ယဲ့ချန်းလည်း အတန်ငယ်အံ့အားသင့်သွားလေသည်။

"ခင်ဗျားက ကျွန်တော့်ကိုသိလို့လား"

မန်နေဂျာကလည်း ခေါင်းညိတ်ပြလိုက်သည်။

"မိုတုမြို့မှာရှိတဲ့ ကျွန်တော်တို့ရုံးချုပ်က စီးပွားရေးစင်တာမှာ ဖွင့်ထားတာလေ။ တစ်ခါတုန်းက ကျွန်တော် မစ္စတာယဲ့ကိုတွေ့ဖူးတယ်"

ထိုအခါမှသာ ယဲ့ချန်းလည်း ကျီလိကုမ္ပဏီက မိုတုစီးပွားရေးစင်တာတွင် ရုံးချုပ်အဖြစ် ရုံးခန်းတစ်ခန်းငှားထားကြောင်း သတိရလိုက်သည်။

ကျန့်ကျွင်းမှာ လုံးဝထိတ်လန့်သွားချေသည်။

ယဲ့ချန်း၏သရုပ်မှန်က မိုတုစီးပွားရေးစင်တာ၏ပိုင်ရှင်ဖြစ်ကြောင်း သိထားသဖြင့် ယခုလိုဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်က သူတို့၏ကားပြခန်းကို လာရောက်ခြင်းမှာ သူတို့အတွက်တော့ ဂုဏ်ယူစရာပင်။

ပတ်ပတ်လည်ရှိ လူများမှာမူ ကျန့်ကျွင်း၏သဘောထားကို မြင်သောအခါ ကြောင်အသွားကြလေသည်။

ကျန့်ကျွင်းက အိုင်ဒေါတစ်ယောက်ကို တွေ့လိုက်ရသည့်အလား လေးစားမှုအပြည့်ဖြင့် နာခံနေပေသည်။

အရောင်းစာရေးမလည်း ချက်ချင်းဆိုသလို ကြောင်အသွားရလေသည်။

သူ(မ)သည် မန်နေဂျာနှင့် ပတ်သက်ဆက်နွှယ်မှုရှိထားသည်ဖြစ်ရာ သူကတော့ဖြင့် သူ(မ)ဘက်မှာ နေပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ထင်မှတ်မထားပါဘဲ ကျန့်ကျွင်းက ယဲ့ချန်းရှေ့တွင် အလွန်ကျိုးနွံနာခံနေပြီး ကပ်ဖားနေသေးသည်။

ဤလူက တက္ကစီဒရိုင်ဘာမဟုတ်လား။ သူက မန်နေဂျာ့ကို ဤမျှအထိကျိုးနွံနေအောင် မည်သို့လုပ်နိုင်သလဲ။

••••••••••••••••

အပိုင်း ၂၉၁ - ကံကြမ္မာပြောင်းလဲခြင်း

အရောင်းစာရေးမကမူ ဤအခိုက်အတန့်တွင် ကျန့်ကျွင်းတစ်ယောက် ဘယ်လောက်ပျော်နေသလဲဆိုသည်ကို မသိပေ။

သူသည် ယဲ့ချန်းကဲ့သို့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်နှင့် သိကျွမ်းရခြင်း၏ အကျိုးကျေးဇူးများကို နားလည်သည်။

ကျန့်ကျွင်းက ပြုံးလျက် ပြောလိုက်လေသည်။

"မစ္စတာယဲ့.. ဘာများလိုအပ်လို့လဲဗျ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော် ကားတစ်စီးလောက်ဝယ်ချင်လို့"

"ဗျာ.. မစ္စတာယဲ့.. နောက်နေတာလား။ ခင်ဗျားလို အဆင့်အတန်းမျိုးနဲ့ ဒီနေရာကနေ ဘာလို့ ကားဝယ်မှာလဲ"

ဘေးနားတွင် ကြည့်နေသူများမှာ ချက်ချင်းဆိုသလို ကြောင်အသွားကြသည်။

ဒီလူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား...

ဒီနေရာက ကားမဝယ်ဘူးဆိုရင် သူက ဘာဝယ်မှာလဲ.. မာစီးတီးလား.. ဘီအမ်ဒဗလျူလား..

ယဲ့ချန်း တဟားဟားရယ်လိုက်မိသည်။

"ကျွန်တော်က သိုသိုသိပ်သိပ်လေးနေချင်လို့ပါ"

"ဪ အဲဒီလိုကိုး။ မစ္စတာယဲ့.. ခင်ဗျားကြိုက်တဲ့ကားတစ်စီးကိုရွေးပြီး မောင်းသွားလိုက်ပါ"

ကျန့်ကျွင်းက ထက်မြက်သူတစ်ယောက်ပင်။ ကားတစ်စီးက နှစ်သိန်းကျော်သာ တန်ဖိုးရှိပြီး ယဲ့ချန်းနှင့်သာ မိတ်ဆွေဖွဲ့နိုင်ပါက နှစ်သန်း သို့မဟုတ် သန်းနှစ်ဆယ်အထိ ရှာနိုင်ကြောင်း ကောင်းကောင်းနားလည်သည်။

သို့သော် ကျန့်ကျွင်း၏လုပ်ရပ်ကြောင့် လူတိုင်း အံ့အားသင့်ကုန်ကြသည်။

ဒီမန်နေဂျာက ရူးနေတာလား။ နှစ်သိန်းကျော်တန် ကားတစ်စီးကို ဒီအတိုင်းပေးလိုက်ရသလား...

သူ့ဘေးရှိ အရောင်းစာရေးမလည်း ထိတ်လန့်အံ့ဩသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

ဤမျှဈေးကြီးသော ကားတစ်စီးကို မန်နေဂျာက ယဲ့ချန်းကို သည်အတိုင်းပေးလိုက်သတဲ့လား။

ဒီလူက တက္ကစီဒရိုင်ဘာလေ.. မန်နေဂျာက ဘာတွေများတွေးနေတာလဲ..

မန်နေဂျာကျန့်က သူ့ဆီမှာ မျက်နှာသာလိုချင်နေကြောင်း ယဲ့ချန်း သိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ကျွန်တော် ဒီကျေးဇူးကို မှတ်ထားမယ်"

ယဲ့ချန်း၏စကားကိုကြားသော် ကျန့်ကျွင်းမှာ ဝမ်းသာလုံးဆို့သွားလေသည်။

နှစ်သိန်းကျော်တန်ကားတစ်စီးကို ယဲ့ချန်းအတွက်နှင့် သုံးလိုက်ရခြင်းမှာ ထိုက်တန်လှပေသည်။

အရောင်းစာရေးမကတော့ အကြောင်သားဖြစ်နေရှာသည်။

မန်နေဂျာက ဆေးမှားသောက်ထားတာလား..

လူတစ်ယောက်ကို ကားတစ်စီးလက်ဆောင်ပေးလိုက်သည်ဆိုပါက သူတို့ကသာ ကိုယ့်ကို ကျေးဇူးတင်နေရမည်ဖြစ်၏။ သို့သော် ယခုမူ သူကပင် တစ်ပြန်ကျေးဇူးတင်နေဟန်ပင်။

သူတော့ ရူးသွားလေပြီ။ မန်နေဂျာ ရူးသွားခြင်းပင်ဖြစ်ရမည်။

မန်နေဂျာက ဝန်ထမ်းတစ်ယောက်ကို စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ညွှန်ကြားလိုက်သည်။

"မစ္စတာယဲ့အတွက် ငါတို့ရဲ့အကောင်းဆုံးကားကို ပြင်ပေးလိုက်။ အကောင်းဆုံးအသုံးအဆောင်တွေလည်း ပါရမယ်နော်"

ဘေးနားမှ ကြည့်နေကြသူများမှာ တစ်ဖန် အံ့ဩသွားရပြန်သည်။

ကားတင်မက အကောင်းဆုံးကိရိယာများပါ လက်ဆောင်ပေးလိုက်လေသည်။ ဤဝန်ဆောင်မှုကား မယုံနိုင်စရာပင်။

အရောင်းစာရေးမ၏ အံ့ဩမှင်တက်နေသော အကြည့်အောက်ဝယ် ယဲ့ချန်းကတော့ လင်းရှစ်ယင်နှင့်အတူ ထွက်သွားလေပြီ။

ယဲ့ချန်းက ကျီလိစွမ်းအင်သစ်ကားကိုမောင်း၍ စတားတက္ကသိုလ်လို့ ထွက်လာခဲ့လိုက်သည်။

"ယဲ့ချန်း.. ရှင် ကျွန်မကို ဘယ်ကိုခေါ်လာတာလဲ"

လင်းရှစ်ယင်က စူးစမ်းလိုဟန်ဖြင့် မေးလိုက်လေသည်။

"တစ်နေရာကို ခေါ်သွားပေးမလို့"

ယဲ့ချန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

အစောကပင် စနစ်က လက်ဆောင်ပေးထားသော ဂီတအဆောက်အအုံမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း စနစ်ထံမှ အကြောင်းကြားစာရထားသည်။ ထို့ကြောင့် တစ်ချက်သွားကြည့်ရန် စီစဉ်ထားသည်။

ကျောင်းဝင်းထဲသို့ ရောက်သောအခါ တစ်ချိန်တုန်းက နေရာလွတ်ကြီးဖြစ်ခဲ့ဖူးသော နေရာတွင် အဆောက်အအုံတစ်ခု ရှိနေကြောင်း မြင်လိုက်ရ၏။

ဝိုး မိုက်လိုက်တာ..

ထင်ထားသည့်အတိုင်းပင် စနစ်က ညတွင်းချင်း ဂီတအဆောက်အအုံကို ဆောက်လုပ်ပေးခဲ့သည်။

ကျောင်းမဖွင့်သေးသောကြောင့်သာ တော်တော့သည်။ ထို့ကြောင့် ဂီတအဆောက်အအုံအကြောင်း ယဲ့ချန်းတစ်ယောက်သာ သိထားသည်။

လင်းရှစ်ယင်မှာ ကျောင်းဝင်းအပြင်အဆင်ကြောင့် မှင်တက်သွားလေသည်။

ဘုရားရေ.. ဒီလောက်လှတဲ့ တက္ကသိုလ်မျိုးလည်း ရှိတာပဲ...

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဒီတက္ကသိုလ်က ကိုယ့်ဟာလို့ပြောရင် မင်း ယုံမှာလား"

"ဟင် ရှင့်ဟာလား"

လင်းရှစ်ယင်လည်း အံ့အားသင့်သွားလေသည်။

သူတို့နှစ်ယောက်သား ဂီတအဆောက်အအုံသို့ ရောက်လာခဲ့သည်။ ဂီတအဆောက်အအုံတွင် အထပ်သုံးထပ်ပါရှိသည်။

ပထမထပ်တွင် ဖျော်ဖြေပွဲခန်းမတစ်ခုရှိပြီး အလွန်ကျယ်ဝန်းကာ အသံလုံစနစ်လည်း ကောင်းမွန်လှသဖြင့် ဖျော်ဖြေပွဲကြီးများ ကျင်းပရန်အတွက် သင့်တော်သည်။

ဒုတိယထပ်တွင်မူ တူရိယာပစ္စည်းများ ထားရှိသည့် အခန်းတစ်ခန်းရှိ၏။ ထိုအခန်းထဲတွင် ကျောင်းသားများအနေနှင့် တူရိယာအမျိုးမျိုးကို တီးခတ်လေ့ကျင့်နိုင်သည်။

တတိယထပ်ကား စာသင်ခန်းများပင်။

ဂီတအဆောက်အအုံကို ဖြတ်လျှောက်လာရင်း လင်းရှစ်ယင်မှာ ဂီတနယ်မြေတစ်ခုထဲကို ရောက်နေသည့်အလား ခံစားရသည်။

"ယဲ့ချန်း... ဒီဂီတအဆောက်အအုံက အရမ်းမိုက်တာပဲ။ ကျွန်မတို့ ဂီတကျောင်းထက်တောင် ပိုကောင်းသေးတယ်"

"တကယ်လား.. မင်း သဘောကျရင် ဒီကျောင်းရဲ့ကြီးကြပ်ရေးမှူးလုပ်မလား"

လင်းရှစ်ယင်က ဂီတကို မြတ်နိုးကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ(မ)ကို ဤဌာန၏ကြီးကြပ်ရေးမှူးရာထူးကို ပေးလိုက်လျှင် သင့်တော်ပေသည်။

"တကယ်လား.. အရမ်းမိုက်တာပဲ"

လင်းရှစ်ယင်မှာမူ စိတ်လှုပ်ရှားရင်ခုန်နေတော့သည်။

လင်းရှစ်ယင်၏အိပ်မက်မှာ ဂီတဆရာမတစ်ယောက် ဖြစ်လာရန်ပင်။ ယခုမူ ယဲ့ချန်းကြောင့် ဤအိပ်မက်က ပြည့်ဝခဲ့ရလေပြီ။ သူ(မ)အနေနှင့် သည့်ထက်ပိုမပျော်နိုင်တော့ပေ။

ထို့ပြင် ကမ္ဘာ့အကောင်းဆုံးဂီတဌာနတွင် ကြီးကြပ်ရေးမှူးလုပ်ရခြင်းမှာ သူ(မ)အတွက် ဂုဏ်ယူစရာကောင်းလှသည်။

ခဏမျှပတ်ကြည့်ပြီးနောက် ယဲ့ချန်းက မပြန်ခင် လင်းရှစ်ယင်ကို စီမံခန့်ခွဲခွင့်များ အပ်နှင်းခဲ့သည်။

...

လက်ရှိအချိန်တွင် စတားတက္ကသိုလ်က ကျောင်းသားများအကြား အလွန်ရေပန်စားနေကြောင်း ယဲ့ချန်း မသိပေ။

သာ့ဟိုင်မြို့တွင် မျက်မှန်တပ်ထားသည့် ဆယ်ကျော်သက်တစ်ယောက်က ဂိုဒေါင်သေးသေးလေးတစ်လုံးထဲတွင် ပုန်းနေချေသည်။

ထိုဂိုဒေါင်ထဲတွင် သုတေသနစမ်းသပ်မှုုကိရိယာများနှင့် ပြည့်နှက်နေသည်။

ထိုဆယ်ကျော်သက်လေး၏နာမည်မှာ လျိုပေါ်ဖြစ်ပြီး နယူကလီးယားစွမ်းအင်ဝါသနာရှင်တစ်ယောက်ပင်။

သူက နယူကလီးယာစွမ်းအင်ကို အစကတည်းက သဘောကျနှစ်သက်ခဲ့သူဖြစ်၏။

ထို့ကြောင့် ဂျူနီယာအထက်ကျောင်းကတည်းက နယူကလီးယာစွမ်းအင်အကြောင်း သုတေသနပြုလုပ်ခဲ့သည်။ ယခုမူ တိုးတက်မှုတချို့ ရှိလာပြီဖြစ်၏။

သူ့ဓာတ်ခွဲခန်းက သေးငယ်သော်ငြား ပစ္စည်းကိရိယာအစုံအလင်ရှိသည်။

ထိုအခိုက်ဝယ် သူ့စမ်းသပ်မှုတွင် ဆုတ်ဆိုင်းမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အတွက် လျိုပေါ် မျက်မှောင်ကြုတ်လိုက်မိသည်။

"နှမြောစရာပဲ.. ကိရိယာတွေကသာ ပိုကောင်းနေရင် ငါ သေချာပေါက်အောင်မြင်မှာ"

လျိုပေါ်က ညည်းညူလိုက်၏။

လျိုပေါ်က မကြာသေးခင်ကမှ အထက်တန်းပြီထားသော်လည်း ကံဆိုးချင်တော့ သူ့စာမေးပွဲရမှတ်က ၁၅၀တည်းသာ ရှိ၏။

ဤရမှတ်ကြောင့် တက္ကသိုလ်တက်လိုသည့် သူ့မျှော်လင့်ချက်များလည်း ပျောက်ဆုံးသွားရသည်။

ဘန်း!

ဓာတ်ခွဲခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။

လူငယ်လေးတစ်ယောက်က စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောလိုက်၏။

"လျိုပေါ်.. မင်း တက္ကသိုလ်တက်လို့ရပြီ။ နယူကလီးယားစွမ်းအင်မေဂျာလည်းပါတယ်"

"ဘာ"

လျိုပေါ်မှာ စိတ်လှုပ်ရှားသွားသော်လည်း စိတ်ပျက်အားငယ်လေဟန် အပြုံးတစ်ပွင့်က သူ့မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။

"ငါ့အမှတ်က ၁၅၀တည်းလေ။ ဘယ်တက္ကသိုလ်က ငါ့ကို လက်ခံမှာလဲ"

"အမှတ်၁၅၀ကို လက်မခံဘူးလို့ ဘယ်သူကပြောလဲ။ ငါဆိုရင် ၁၂၀မှတ်တည်းနဲ့ ဝင်ခွင့်ရသွားပြီ"

"ဘာ... ၁၂၀လား။ အဲဒါက ရှန်းနည်းပညာကျောင်းလား"

"မဟုတ်ဘူး။ စတားတက္ကသိုလ်တဲ့"

ဝမ်ယုံက ထိုသို့ပြောရင်း သူ့လက်ပ်တော့ကိုဖွင့်၍ စတားတက္ကသိုလ်၏ ဝင်ခွင့်လျှောက်ထားရေး ဝက်ဘ်ဆိုက်ကို လျိုပေါ့်အား ဖွင့်ပြလိုက်သည်။

လျိုပေါ်လည်း ဝက်ဘ်ဆိုက်ပေါ်တွင် ပြထားသော စမ်းသပ်ရေးကိရိယာများကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

ဤသည်မှာ သူလိုချင်နေသောအရာပင်။

စိတ်လှုပ်ရှားနေသော လျိုပေါ်က မေးလိုက်၏။

"ငါ ဒီကျောင်းကို တကယ်တက်လို့ရပါ့မလား"

"ရတာပေါ့။ မင်း အခုချက်ချင်းလျှောက်လွှာတင်လို့ရတယ်"

လျိုပေါ်က လက်နှစ်ဖက်ကိုပွတ်သပ်၍ သူ့အချက်အလက်များကို ရိုက်ထည့်ပြီးနောက် လျှောက်ထားမည်ဟူသောခလုတ်ကို နှိပ်လိုက်၏။

သူ့ခမျာ အလွန်စိတ်လှုပ်ရှားနေချေသည်။ အကြောင်းမှာ ဤဝက်ဘ်ဆိုက်ပေါ်ရှိ စမ်းသပ်ရေးကိရိယာများမှာ အလွန်အံ့ဖွယ်ကောင်းလှသည်။

[တင်! စတားတက္ကသိုလ်ရဲ့ နယူကလီးယားမေဂျာကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်]

ဟုတ်ပြီကွ..

အောင်မြင်ပြီ..

လျိုပေါ်ခမျာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေမိတော့သည်။

ထိုအခိုက်ဝယ် စတားတက္ကသိုလ်မှာ လျစ်လျူရှုခံထားရရာမှ လျှောက်ထားသူအတန်အသင့်ရနေပြီဖြစ်၏။

ယဲ့ချန်းက အင်တာဖေ့စ်ကို ဖွင့်ကြည့်လိုက်ချိန်မှာ စာရင်းသွင်းထားသော ကျောင်းသားအယောက်ငါးရာကျော်ရှိနေပြီး အရေအတွက်က ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိလိုက်ရသည်။

သူလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

နောက်ဆုံးတော့ ကျောင်းသားတွေရောက်လာပြီ...

လင်းရှစ်ယင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

"ယဲ့ချန်း.. အရည်အချင်းမပြည့်ဝတဲ့လူတွေက ရှင့်ကျောင်းကို ရောက်လာမှာမကြောက်ဘူးလား"

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီရှိကြတယ်လေ။ ဒါပေမဲ့ တော်တော်များများက စာမေးပွဲအမှတ်နဲ့ ဘဝအခြေအနေကြောင့် အဲဒါကို ထုတ်ပြခွင့်မရကြဘူး။ ကိုယ့်တက္ကသိုလ်က ဒီလိုလူတွေကို သူတို့ရဲ့အရည်အချင်းကို ထုတ်ပြခွင့်ရစေချင်တာ"

ဤစကားကိုကြားသော် လင်းရှစ်ယင်၏အာရုံထဲတွင် လူတစ်ယောက်ကို ရုတ်တရက်အမှတ်ရလိုက်၏။

"ဪ.. ပညာရေးအမှတ်နည်းတဲ့ ဂီတပါရမီရှင်တစ်ယောက်ကို ကျွန်မသိတယ်။ သူက ဝင်ခွင့်စာမေးပွဲမှာ အမှတ်၉၀ပဲရတာ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"သူ့ကို လျှောက်လွှာတင်ခိုင်းလိုက်။ စတားတက္ကသိုလ်က သူ့ကို ကြိုဆိုနေမှာပါ"

လင်းရှစ်ယင်လည်း သူ(မ)ကို ချက်ချင်းဖုန်းဆက်လိုက်သည်။

"ယွဲ့ယွဲ့.. ငါ့မှာ သတင်းကောင်းရှိတယ်။ နင် တက္ကသိုလ်ဆက်တက်လို့ရပြီ"

လက်ရှိအချိန်တွင် လူပေါင်းများစွာ၏ ကံကြမ္မာမှာ သူ့စတားတက္ကသိုလ်ကြောင့် ပြောင်းလဲသွားရလိမ့်မည်ဟု ယဲ့ချန်းကတော့ မသိရှာပေ။

All Chapters