အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အပိုင်း ၂၉၅ - ယဲ့ချန်း၏ခွဲခြမ်းစိတ်ဖြာမှု
တင်းပေါ်က အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။
"အကျော်အမော်များ၏ကမ္ဘာရဲ့ အမျိုးသမီးဇာတ်ဆောင်နေရာက ဆုံးဖြတ်ပြီးသွားပြီ။ သူက ယွီလိလိပဲ"
"အချစ်ရေ ကျွန်မ ရှင့်ကို အရမ်းချစ်တာပဲ"
ယွီလိလိက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် တင်းပေါ်ဆီသို့ ခုန်ဝင်ပြီး သူ့မျက်နှာကို အနမ်းပေးလိုက်သည်။
တင်းပေါ်၏နောက်လိုက်များကလည်း ဖားကြလေတော့သည်။
"သခင်လေးတင်း ပီသပါပေတယ်။ အရမ်းမိုက်တာပဲ"
"စိုးမိုးခြယ်လှယ်နိုင်လွန်းတဲ့ စီအီးအိုးကြီးပါလား။ ဥက္ကဋ္ဌတင်းက အရမ်းချောတာပဲ"
"ကျစ်.. ယန်းရှောင်မီ.. မင်းကိုယ်မင်း ဘာများထင်နေတာလဲ။ သရုပ်ဆောင်လေးတစ်ယောက်ကများ ဥက္ကဋ္ဌတင်းက သူ စင်တင်ပေးချင်တဲ့လူကို တင်ပေးလို့ရတယ်။ မင်းတော့ သွားပြီ"
တင်းပေါ်ကို ကပ်တွယ်ထားသည့် ယွီလိလိမှာ စိတ်လှုပ်ရှားစွာဖြင့် လှောင်ပြောင်လိုက်သည်။
"ယန်းရှောင်မီ.. ဒီတစ်ခေါက် နင့်အလှည့်ပဲ။ ကံကြမ္မာက တစ်ပတ်လည်တတ်တယ်တဲ့။ အခု ငါတောက်ပရမဲ့အချိန်ရောက်ပြီ"
ယန်းရှောင်မီခမျာ အံတင်းတင်းကြိတ်ထားမိသည်။ ဒေါသကြောင့် မျက်ရည်များပင် ကျလုမတတ်ပင်။
ထိုအခိုက်ဝယ် အသံတစ်သံ ထွက်ပေါ်လာသည်။
"ယွီလိလိက ဇာတ်ဆောင်မင်းသမီးနေရာနဲ့ မသင့်တော်ဘူးလို့ထင်တာပဲ။ ယန်းရှောင်မီကမှ အကောင်းဆုံးရွေးချယ်မှုပဲ"
ချက်ချင်းပင် အင်တာဗျူးအခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း၏အကြည့်က အသံလာရာဆီသို့ ချက်ချင်းရောက်သွားလေသည်။
ယန်းရှောင်မီမှာ ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ကြက်သေသေသွားလေသည်။
"ရှင်.. ဒီထဲကို ဘယ်လိုဝင်လာတာလဲ"
"ချာတိတ်.. မင်း ဘယ်ကရောက်လာတာလဲ။ ဒီနေရာက မင်းဝင်ပြောပိုင်ခွင့်ရှိတဲ့ နေရာမို့လို့လား"
တစ်စုံတစ်ယောက်က သူ(မ)၏အရည်အချင်းကို သံသယဖြစ်ပြီး ယန်းရှောင်မီက ပိုသင့်တော်သည်ဟု ပြောလာသောအခါ ယွီလိလိမှာ အမြီးတက်နင်းခံလိုက်ရသူတစ်ယောက်ပမာ အော်ပြောလိုက်သည်။
ယဲ့ချန်းကမူ ယွီလိလိကို တစ်ချက်မျှပင် မကြည့်ဘဲ ဆက်ပြောလေသည်။
"အင်တာဗျူးလုပ်နေတာဆိုတော့ မျှမျှတတဖြစ်သင့်တယ်လေ။ ယန်းရှောင်မီက ဘာလို့ပိုတော်လဲဆိုတာ ငါ ရှင်းပြမယ်"
သူက ယန်းရှောင်မီနားသို့ လျှောက်သွားလိုက်၏။
"အကျော်အမော်များ၏ကမ္ဘာရုပ်ရှင်က ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့လိုတယ်ဆိုတာ လူတိုင်းအသိပဲ။ အမျိုးသမီးဇာတ်ဆောင်နေရာကို သရုပ်ဆောင်ရမဲ့လူကလည်း သရုပ်ဆောင်စွမ်းရည်ထက်မြက်နေရမယ်။ ယန်းရှောင်မီက ပြည်တွင်းမှာ ထိပ်တန်းအဆင့်သရုပ်ဆောင်စွမ်းရည်ရှိတယ်လို့ အသိအမှတ်ပြုခံထားရတယ်"
"ဒုတိယအချက်အနေနဲ့တော့ စိတ်အားထက်သန်မှုပဲ။ 'နန်းတော်'ရိုက်ကူးရေးလုပ်ရင်း ယန်းရှောင်မီက ဆောင်းတွင်းကြီးမှာတောင် ရေအေးထဲမှာ တစ်နာရီလောက် စိမ်နေခဲ့တယ်။ အဲဒီအဖြစ်က ရုပ်ရှင်လောကထဲမှာ သူ့ရဲ့စိတ်အားထက်သန်မှုအတွက် လေးစားမှုတွေပေးခဲ့ကြတယ်"
ယဲ့ချန်းက ထိုသို့ပြောရင်း ယွီလိလိကို ကြည့်လိုက်လေသည်။
"ယွီလိလိရဲ့သရုပ်ဆောင်စွမ်းရည်ကိုတော့ လူတိုင်း ကြားပြီးသားဖြစ်မှာပေါ့။ အရမ်းချာလွန်းတယ်"
"စိတ်အားထက်သန်မှုအပိုင်းမှာလည်း သူက ဇာတ်ကွက်ရဲ့ဆယ်ပုံတစ်ပုံစာလောက်ပဲ ရိုက်ကူးပြီး ကျန်တာတွေကိုတော့ လူစားထိုးနဲ့ပဲ ရိုက်ကူးခဲ့တယ်"
ယဲ့ချန်းပြောသည့်အကြောင်းအရာမှာ လျှို့ဝှက်ချက်မဟုတ်ပေ။ ဖျော်ဖြေရေးသတင်းများက ထိုအကြောင်းကို ယခင်ကတည်းက ဖော်ပြထားပြီးဖြစ်၏။
ယဲ့ချန်းက စကားပြောရင်း ယွီလိလိနားသို့ လျှောက်သွားပြီး ပြောလိုက်၏။
"ရုပ်ရည်အရလည်း ယွီလိလိက သာမန်အင်တာနက်ဆယ်လီမျက်နှာလောက်ပဲရှိတယ်။ လျှာကြမ်းပြီး ရက်စက်ယုတ်မာတယ်။ ဒီမျက်နှာကိုရဖို့ ခွဲစိတ်မှုတွေ ဘယ်နှခါလောက်လုပ်ခဲ့ရလဲ။ ဒါတောင် ဇာတ်ဆောင်မင်းသမီးနေရာကို ယူရဲသေးတယ်ပေါ့"
"ရှင်…"
ယွီလိလိမှာ ဒေါသကြောင့် ရူးသွပ်သွားတော့မတတ်ပင်။
ယဲ့ချန်းကလည်း ဆက်ပြောလိုက်၏။
"အားလုံးပဲ.. ရှောင်မီကိုကြည့်လိုက်… ရုပ်ရည်ရမှတ်က ၉၉မှတ်ရှိတယ်။ ကန့်ကွက်စရာမရှိဘူးမလား။ သူ့မျက်နှာလေးက အရမ်းပြီးပြည့်စုံတယ်။ ပါးချိုင့်နှစ်ဖက်ကလည်း ပါသေးတယ်။ အဲဒီပါးချိုင့်လေးတွေကို ငွေကိုဆွဲဆောင်တဲ့ပါးချိုင့်လို့လည်း ခေါ်ကြတယ်။ ယွီလိလိသာ ဇာတ်ဆောင်မင်းသမီးဖြစ်လာမယ်ဆိုရင် ဒီရုပ်ရှင်က ပေါက်မှာမဟုတ်ဘူး။ ရှောင်မီသာ သရုပ်ဆောင်မယ်ဆိုရင် သေချာပေါက်ပေါက်မှာ"
"ပေါက်ကရတွေ.."
ယွီလိလိမှာ ရူးတော့မတတ်ပင်။
ငိုတော့မတတ်ဖြစ်နေသော ယန်းရှောင်မီခမျာ ယဲ့ချန်း၏ခွဲခြိမ်းစိတ်ဖြာမှုကြောင့် အော်ရယ်မိမတတ်ပင်။
ဤလူက ပြဿနာရှာရန် ရောက်လာခြင်းပေတည်း။
ယဲ့ချန်း၏ခွဲခြမ်းစိတ်ဖြာမှုမှာ အလွန်ပရော်ဖက်ရှင်နယ်ဆန်လှသည်။ လူနှစ်ယောက်ကြားက အားသာချက်များနှင့် အားနည်းချက်များကို အသေးစိတ်စစ်ဆေးထားသည်။
ယန်းရှောင်မီမှာ စိတ်သက်သာရာရသွားလေသည်။
ယဲ့ချန်း ဆက်ပြောလိုက်၏။
"သူတို့ရဲ့မျက်နှာလက္ခဏာကိုပဲ ကြည့်လိုက်။ ယွီလိလိက ပါးစုန်ကြီးပြီး မေးစေ့ကချွန်တယ်။ သေချာပေါက် ပိုက်ဆံထွက်မဲ့မျက်နှာမျိုး.. ပွင့်ပွင့်လင်းလင်းပြောရရင် အစေခံတစ်ယောက်ရဲ့ကံကြမ္မာမျိုးပဲ။ ရုပ်ရှင်က ဘယ်လောက်ကောင်းကောင်း သူ့ကြောင့် အရှုံးပေါ်မှာ"
"မထူးဆန်းတော့ပါဘူး"
တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။
"ယွိလိလိသရုပ်ဆောင်သမျှ ရုပ်ရှင်တိုင်း မပေါက်ဘူး။ တီဗီဒရမ်မာတွေရောပဲ။ သူ့မျက်နှာလက္ခဏာကြောင့်ကိုး"
လူအများမှာ ထိုအကြောင်းကို တွေးကြည့်ပြီးနောက် အမှန်ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
လတ်တလောနှစ်များအတွင်း ယွီလိလိပါသမျှ ရုပ်ရှင်တိုင်းမှာ ဇာတ်ဆောင်ပင်ဖြစ်စေ ဇာတ်ပို့ပင်ဖြစ်စေ ဆိုးဆိုးဝါးဝါးအရှုံးပေါ်ရသည်သာ။
ယဲ့ချန်းက ယန်းရှောင်မီကို လက်ညှိုးထိုးပြလိုက်ပြန်သည်။
"အားလုံးပဲ.. ရှောင်မီရဲ့မျက်နှာကိုကြည့်လိုက်။ သူ့နဖူးက မောက်တယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးလိုက်တိုင်း အရမ်းလှတယ်။ မျက်နှာကလည်း တော်ဝင်ဆန်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေတာ။ ရှေးခေတ်တုန်းကသာဆိုရင် ဧကရီတစ်ပါးဖြစ်မှာ သေချာတယ်"
အစည်းအဝေးခန်းမထဲတွင် တအံ့တဩရေရွတ်သံများဖြင့် ပြည့်နှက်သွားသည်။
သောက်ကျိုးနည်း.. ဒီလူက တကယ်ပြောတတ်သားပဲ..
ဒေါသူပုန်ထနေသော ယွီလိလိက ယဲ့ချန်းကို လက်ညှိုးတထိုးထိုးဖြင့် ဆဲရေးလိုက်သည်။
"ရှင်က ဘယ်နေရာက ပေါ်လာပြီး ပေါက်ကရတွေပြောနေတာလဲ"
"ဟုတ်တယ်။ လုံခြုံရေး.. ဒီကောင့်ကို ဆွဲထုတ်သွားကြစမ်း"
"သခင်လေးတင်းက ဆုံးဖြတ်ထားပြီးသွားပြီ။ မင်းက ဒီနေရာမှာ ပြောပိုင်ခွင့်ရှိတယ်များ ထင်နေတာလား"
လူတိုင်းက ခုခံပြောဆိုကြလေတော့သည်။
ယွီလိလိ၏မျက်နှာမှာမူ ဒေါသကြောင့် နီမြန်းသွားချေသည်။ ယဲ့ချန်းက ယန်းရှောင်မီကို ဧကရီတစ်ယောက်၏ ကံကြမ္မာမျိုးရှိပြီး သူ(မ)ကိုတော့ အစေခံတစ်ယောက်၏ကံကြမ္မာမျိုးရှိသည်ဟု ဆိုနေချေသည်။ ဤသည်မှာ သူ(မ)ကို ရူးမတတ်ဖြစ်စေသည်။
သူ(မ)က တင်းပေါ်၏လက်မောင်းကို ဆုပ်ကိုင်၍ ပြောလိုက်သည်။
"သခင်လေးတင်း.. ရှင် ကျွန်မဘက်က ရပ်တည်ပေးရမယ်နော်။ ဒီလူ့ကို ချက်ချင်းဆွဲထုတ်လိုက်"
တင်းပေါ်မှာမူ ဤနေရာတွင် ယဲ့ချန်းပေါ်လာလိမ့်မည်ဟု ထင်မထားပေ။
ယဲ့ချန်းပြောသွားသည့် မျက်နှာဖတ်ဗေဒင်နှင့် ကံကြမ္မာများအကြောင်း မကြားလိုက်ရပေ။ သူ့လက်များနှင့် ခြေအစုံကား တုန်ယင်နေချေသည်။
ဒီမိစ္ဆာဘုရင်က ဒီကို ဘာလို့ရောက်လာတာလဲ.. ယန်းရှောင်မီကြောင့်လား…
ယဲ့ချန်းကမူ တုန်ယင်နေသော တင်းပေါ်ကိုကြည့်၍ ပြောလိုက်သည်။
"ဒီလူကြီးမင်းပြောတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တယ်"
လူတိုင်းက တင်းပေါ် ဒေါသထွက်လိမ့်မည်ဟု ထင်ထားကြသည်။
ယဲ့ချန်းက သူ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည်မဟုတ်လား။ သိုသော် တင်းပေါ်က ယဲ့ချန်း၏စကားကို သဘောတူလိမ့်မည်ဟုတော့ မည်သူမှ ထင်မထားကြပေ။
"သခင်လေးတင်း… ဒီလူ့ကြောင့်နဲ့ အရူးလုပ်မခံပါနဲ့။ သူက ယန်းရှောင်မီလွှတ်လိုက်တဲ့ တတ်ယောင်ကားဆရာတစ်ယောက်ပဲဖြစ်ရမယ်။ မျက်နှာဗေဒင်တွေဆိုတာကလည်း အလကားပေါက်ကရတွေ။ သူ့ကိုမယုံပါနဲ့"
တင်းပေါ်က ယွီလိလိကိုတစ်လှည့် ယန်းရှောင်မီကိုတစ်လှည့် ကြည့်လိုက်ပြီးနောက် ချောင်းတဟွတ်ဟွတ်ဆိုးလျက် ပြောလိုက်၏။
"မျက်နှာဖတ်တဲ့ဗေဒင်ဆိုတာ ငါတို့ဘိုးဘေးတွေ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့ အရာတစ်ခုပဲ။ ပစ်ပယ်သင့်တဲ့အရာတစ်ခုမဟုတ်ဘူး။ ငါ အခုမှ သဘောပေါက်တယ်။ ဒီလူကြီးမင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ဟုတ်တယ်။ အဲဒါက နတ်ဘုရားအဆင့်ခွဲခြမ်းစိတ်ဖြာမှုပဲ"
လူတိုင်းကတော့ မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။
ဤရိုက်ချက်ကား အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
တင်းပေါ်က ဆက်ပြောလိုက်၏။
"ဒီရုပ်ရှင်က စတားလိုက်လုပ်ငန်းစုအနေနဲ့ ရုပ်ရှင်လောကမှာ ပထမဆုံးအကြိမ်ရင်းနှီးမြှုပ်နှံတာပဲ။ ဒီတော့ သေချာဂရုတစိုက်ကိုင်တွယ်မှဖြစ်မယ်။ အမျိုးသမီးဇာတ်ဆောင်ကလည်း ထိပ်တန်းအဆင့်ဖြစ်နေရမယ်။ ဒီတော့ အမျိုးသမီးဇာတ်ဆောင်နေရာကို ယန်းရှောင်မီကိုပဲ ပေးရမယ်"
အင်တာဗျူးအခန်းတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။
ယွီလိလိ : "…"
ယန်းရှောင်မီ : "..."
လူတိုင်း ကြက်သေသေကုန်ကြသည်။
တင်းပေါ်က ဤလူ၏ပေါက်ကရစကားများကို နားထောင်ပြီး စိတ်ပြောင်းသွားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
ထို့ပြင် အကြောင်းပြချက်ကလည်း ယန်းရှောင်မီက ပိုနိမိတ်ကောင်းသောကြောင့်တဲ့လေ။ ဤသည်မှာ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်တစ်ခုပင်။
အရေးအကြီးဆုံးအချက်မှာ ယွီလိလိက သူနှင့် အတူအိပ်ထားသေးသည်။
တင်းပေါ်၏ ပုံမှန်အကျင့်အတိုင်းဆိုလျှင် ယွီလိလိကို ရွေးချယ်ခြင်းကသာ ပိုဖြစ်သင့်သည်မဟုတ်လား။
သို့သော် သူသည် သူအားဝေဖန်ခဲ့သော ယန်းရှောင်မီကို ရွေးချယ်ခဲ့ပေသည်။ ဤသည်မှာ တင်းပေါ်၏စရိုက်နှင့် မကိုက်ညီပေ။
ယန်းရှောင်မီခမျာ ကြောင်အသွားလေသည်။
ဘာတွေဖြစ်ကုန်တာလဲ...
ယဲ့ချန်း၏ ပေါက်ကရစကားများက တင်းပေါ်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲစေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
အင်တာဗျူးအခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
တင်းပေါ်က အေးစက်မာကျောစွာ ပြောလိုက်၏။
"ကန့်ကွက်ချင်တဲ့လူရှိလား"
အေးစက်ခက်ထန်လှသော သူ့အကြည့်ကိုမြင်သော် လူတိုင်း တုန်ယင်သွားကြသည်။
တင်းပေါ်၏စရိုက်ကို သူတို့ ကောင်းကောင်းသိသည်။ သူ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဆန့်ကျင်ရဲသည့် မည်သူမဆို ဤလုပ်ငန်းလောကထဲတွင် ဆက်ရှင်သန်နိုင်မည်မဟုတ်။
"သခင်လေးတင်းပြောတာ မှန်ပါတယ်။ မျက်နှာဗေဒင်က အရမ်းအရေးကြီးတယ်လို့ ကျွန်တော်လည်း ထင်ပါတယ်"
"သခင်လေးတင်းက ဉာဏ်ရှိလိုက်တာ။ ရှောင်မီကို ရုပ်ရှင်ထဲမှာ ထည့်ရိုက်မှတော့ ပေါက်တော့မှာပေါ့။ ယွီလိလိပါထားသမျှ ရုပ်ရှင်တိုင်းက အကုန်ရှုံးတာပဲကို။ မျက်နှာဗေဒင်ကြောင့်ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်။ သခင်လေးတင်းရဲ့ဆုံးဖြတ်ချက်က သင့်တော်ပါပေတယ်။ ရှောင်မီသာ ဒီရုပ်ရှင်မှာ ပါမယ်ဆိုရင် သေချာပေါက် နာမည်ကြီးမှာ"
ယွီလိလိခမျာ လုံးဝကြောင်အသွားရလေသည်။
သူ(မ)၏ခန္ဓာကိုယ်ကို ချရင်းထားသည့်တိုင် ယန်းရှောင်မီထံတွင် ထပ်ရှုံးရလိမ့်မည်ဟု သူ(မ) ထင်မထားချေ။
••••••••••••••••••••
အပိုင်း ၂၉၆ - တစ်ဖနီရှယ်ယာများ
ယန်းရှောင်မီမှာ အတန်ငယ်ကြောင်အသွားရသည်။ အစတုန်းက သူ(မ)မှာ ဤအခွင့်အရေးကို လက်လွတ်ရပြီဟု ထင်ခဲ့မိသည်။
ယဲ့ချန်း၏ဝင်ရောက်စွက်ဖက်မှုကြောင့် သူ(မ) ထိုဇာတ်ကောင်ကို ပြန်ရလိုက်သည်။ ဤဇာတ်ရုပ်ကား ထူးဆန်းလှသော နည်းလမ်းဖြင့် ရောက်လာခဲ့သည်။
သူ(မ)ဘေးရှိ မီမီဖျော်ဖြေရေးကုမ္ပဏီ၏ မန်နေဂျာပိုင်မင်ကမူ စိတ်လှုပ်ရှားနေချေသည်။
"ရှောင်မီ.. သတင်းကောင်းပဲ။ မင်းက အရမ်းကံကောင်းပြီး ဒီဇာတ်ကောင်ကို ရလိမ့်မယ်လို့ ငါထင်မထားဘူး။ ဒီနှစ်အတွက် အကောင်းဆုံးသရုပ်ဆောင်ဆုက မင်းအတွက်ပဲ"
အနားရှိ ယွီလိလိကမူ ဒေါသကြောင့် ရူးသွပ်တော့မတတ်ပင်။
သူ(မ)မှာ ဤဇာတ်ကောင်ကိုရရန်အတွက် ခန္ဓာကိုယ်ကိုပင် ချရင်းခဲ့ရသော်ငြား ယန်းရှောင်မီကို ရှုံးခဲ့ရသည်။ သူ(မ)၏ရင်ထဲတွင် ဤအဖြစ်ကို လက်မခံနိုင်ပေ။
ဤသည်မှာ ထိုလူယုတ်မာကြောင့်ပင်။ သူ့ကြောင့်သာမဟုတ်ပါက ယခုလိုဖြစ်လာမည်မဟုတ်။
ဒီလူက ဘယ်နေရာကများ ရုတ်တရက်ပေါ်လာတာလဲ...
ပိုင်မင်လည်း စူးစမ်းလိုဟန်ဖြင့် မေးလိုက်မိသည်။
"ရှောင်မီ.. ခုနတုန်းက အဲဒီလူက မင်းရဲ့မိတ်ဆွေလား"
တင်းပေါ်က ဤလောကထဲတွင် ဒေါသကြီးသည်ဟု နာမည်ကြီးသည်။
အခြားလူကသာ သူ့အမြင်ကို ဆန့်ကျင်ခဲ့ပါက တင်းပေါ်ကလည်း အစောကတည်းက သောင်းကျန်းပစ်လိုက်ပြီဖြစ်၏။
သို့သော် ဤလူငယ်လေးရှေ့တွင်မူ တင်းပေါ်က စကားနားထောင်ရုံသာမက နာခံကျိုးနွံနေလေရာ အတန်ငယ်အံ့အားသင့်ဖို့ကောင်းလှသည်။
ယန်းရှောင်မီလည်း ဆွံ့အသွားရသည်။ ထို့နောက် နေရခက်နေဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်၏။
"တကယ်တော့ သူက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
တက္ကစီဒရိုင်ဘာလား။
သူ(မ)ဘေးရှိ ယွီလိလိခမျာ ယဲချန်း၏သရုပ်မှန်ကို ကြားလိုက်ရသည့်အခါ ဒေါသကြောင့် မေ့လဲတော့မတတ်ပင်။
တက္ကစီဒရိုင်ဘာတစ်ယောက်ကြောင့်နှင့် သူ(မ) ရှုံးနိမ့်သွားရလိမ့်မည်ဟု လုံးဝထင်မထားပေ။
ထိုအခိုက်ဝယ် တင်းပေါ်က ယဲ့ချန်းအနားသို့ တိတ်တဆိတ်ချဉ်းကပ်ပြီး ဖော်လံဖားအမူအရာဖြင့် ပြုံးလိုက်လေသည်။
"ဦးလေးယဲ့.. ကျွန်တော့်ဆုံးဖြတ်ချက်ကို စိတ်တိုင်းကျရဲ့လား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း မဆိုးပါဘူး"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကုမ္ပဏီထဲက ထွက်သွားလေသည်။ ထိုအခိုက်ဝယ် ယန်းရှောင်မီက ပြေးထွက်လာသည်။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"
"ဟားဟား တက္ကစီငှားဦးမလား"
ယဲ့ချန်းကမူ အပြုံးလေးဖြင့် မေးလိုက်လေသည်။
အစတုန်းကတော့ ယန်းရှောင်မီမှာ ကုမ္ပဏီကို ပြန်ရန် စီစဉ်ထားသည်။ ထို့ကြောင့် သေချာပေါက်ငြင်းရမည်သာ။ သို့သော် ယခုတစ်ခေါက်တွင်မူ ယဲ့ချန်းက သူ(မ)ကို ကူညီပေးထားသည်ဖြစ်ရာ ခေါင်းညိတ်ပြလျက် ယဲ့ချန်း၏ ကျီလိကားထဲသို့ ဝင်လာခဲ့လိုက်သည်။
"သခင်လေးတင်းကို ရှင်သိတာလား"
ယန်းရှောင်မီက ကားထဲသို့ရောက်သော် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"တက္ကစီဒရိုင်ဘာတစ်ယောက်က အဲဒီလိုသူဌေးသားမျိုးနဲ့ ဘယ်လိုလုပ်ပြီး သိမှာတဲ့လဲ"
ယဲ့ချန်း ရယ်လိုက်မိသည်။
ယန်းရှောင်မီလည်း ခဏမျှစဉ်းစားကြည့်ပြီးနောက် ယဲ့ချန်း၏စကားက မှန်ကြောင်း သဘောပေါက်လိုက်သည်။
"စကားမစပ်.. ရှင်က မျက်နှာဗေဒင်ဖတ်တတ်တာလား"
ယန်းရှောင်မီက ထပ်မေးလိုက်သည်။
"ဟင့်အင်း.. ဝတ္ထုတွေအများကြီးဖတ်ထားလို့ ကြွားလုံးထုတ်တတ်နေတာ"
ယန်းရှောင်မီ : "..."
အစတုန်းက ယန်းရှောင်မီမှာ ထိုအချက်ကို မယုံခဲ့ပေ။ သို့သော် ယခုတော့ တင်းပေါ်က ယဲ့ချန်း၏လှည့်စားမှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း သူ(မ) ယုံသွားသည်။
ဤသူဌေးသားများမှာ အလွန်အယူသည်းလှသည်။ ထို့ကြောင့် ယဲ့ချန်း၏ကံကြမ္မာဟောတမ်းများကြောင့် တင်းပေါ်မှာ စိတ်လှုပ်ရှားသွားခြင်းပင်ဖြစ်ရမည်။
ယဲ့ချန်းက ယန်းရှောင်မီကို ကုမ္ပဏီသို့ လိုက်ပို့ပေးပြီးနောက် ယန်းရှောင်မီကလည်း ကားပေါ်ကမဆင်းခင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ပေးသွားခဲ့သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် တစ်ဖနီရှယ်ယာ၃၅ရာခိုင်နှုန်းကို ရရှိပါတယ်]
တစ်ဖနီဆိုသည်မှာ ကမ္ဘာ့အကြီးဆုံးလက်ဝတ်ရတနာကုမ္ပဏီတစ်ခုပင်။
လက်ဝတ်ရတနာလောက၏ ဧကရီဟုပင် တင်စားခံထားရပြီး စိန်နှင့် လက်ဝတ်ရတနာနာရီများကြောင့် နာမည်ကြီးသည်။
ဟွားနိုင်ငံရှိ ပထမအဆင့်မြို့ကြီးများတွင် သူတို့၏ရုံးခွဲများရှိသည်။
ထိုအခိုက်ဝယ် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
ဖုန်းခေါ်ဆိုသူကား အစ်ကိုထန်ပင်။
"မစ္စတာယဲ့.. အစ်ကိုထန်ပါ။ ဒီည လက်ဝတ်ရတနာပြပွဲတစ်ခုရှိတယ်။ လာတက်ချင်လား"
လက်ဝတ်ရတနာပြပွဲလား။
အစတုန်းကတော့ ယဲ့ချန်း ငြင်းချင်ခဲ့သော်လည်း စုဝမ်ယိက လက်ဝတ်ရတနာများကို သဘောကျကြောင်း သူ ရုတ်တရက်အမှတ်ရလိုက်သည်။
"ကောင်းပြီလေ"
ယဲ့ချန်း သဘောတူလိုက်သည်။
"ဒါနဲ့ ဒီတစ်ခေါက် ကျုပ်တို့က ပထမဆုံးအကြိမ်တက်မှာဆိုတော့ ခင်ဗျားချစ်သူကိုပါ ခေါ်လာသင့်တယ်။ အကောင်းဆုံးလက်ဝတ်ရတနာတွေကိုလည်း ဆင်ခဲ့ပေါ့"
"ကောင်းပါပြီ။ ကိစ္စမရှိပါဘူး"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စုဝမ်ယိကို ဖုန်းဆက်လိုက်သည်။
"ဝမ်ယိ... ဒီညအားလား။ ကိုယ့်မိတ်ဆွေက ကိုယ့်ကို လက်ဝတ်ရတနာပြပွဲတစ်ခုကို ဖိတ်ထားလို့။ ကိုယ် မင်းကို ခေါ်သွားချင်တယ်"
"ရတာပေါ့။ ဒါပေမဲ့ ကျွန်မက အခု အလုပ်ထဲမှာ။ လက်ဝတ်ရတနာတွေဆင်ဖို့ အိမ်ပြန်ချိန်မရှိဘူး"
"မပူနဲ့။ ကိုယ်မင်းကိုလာခေါ်ရင်းနဲ့ တစ်ခါတည်းသွားဝယ်ကြမယ်"
ညနေဘက်တွင် ယဲ့ချန်းက ယာရှီလုပ်ငန်းစု၏ ဝင်ပေါက်ဆီသို့ မောင်းလာခဲ့လိုက်သည်။ စုဝမ်ယိကလည်း ကုမ္ပဏီအပေါက်ဝသို့ လျှောက်လာလေသည်။
စုဝမ်ယိကိုမြင်သောအခါ ယဲ့ချန်း ကြက်သေသေသွားရသည်။
စုဝမ်ယိက ဂန္တဝင်ဆန်သော အလှပဂေးပုံစံမျိုးပင်။
ကြော့မော့လှသော အသွင်အပြင်နှင့် အနက်ရောင်ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသော သူ(မ)က ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပပြီး ဆွဲဆောင်ညှို့ငင်နိုင်စွမ်းရှိ၏။
လူတော်တော်များများကလည်း မိန်းမလှလေးတစ်ယောက် ထွက်လာသည်ကို မြင်သောအခါ အကြောင်သားငေးနေကြသည်။
ဤသည်မှာ သေမျိုးလောကသားများ မထိပါးသင့်သည့် နတ်ဘုရားမတစ်ပါးပင်။
"ဒီအလှလေးက ဘယ်သူဌေးသားရဲ့ချစ်သူပါလိမ့်"
"အင်း.. သူ့ကိုလာကြိုတဲ့ကားက ဇိမ်ခံကားတစ်စီးပဲဖြစ်ရမယ်"
သို့သော် စုဝမ်ယိက ကျီလိကားတစ်စီးနားသို့ လျှောက်သွားသဖြင့် လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
"မဖြစ်နိုင်တာ။ ဒီလိုအလှလေးတစ်ယောက်ရဲ့ချစ်သူက ကျီလိကားကိုမောင်းတာလား"
"သောက်ကျိုးနည်း.. ငါ့ရဲ့ဘီအမ်ဒဗလျူ၇၄၀တောင် မပြိုင်ရဲတာကို။ ဒီလူက တော်တော်ဩချလောက်တာပဲ"
စုဝမ်ယိက ကားထဲသို့ဝင်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျွန်မ ဒီနေ့ဝတ်ထားတာကို ရှင် သဘောကျလား"
"အရမ်းလှတယ်။ လက်ဝတ်ရတနာလှလှလေးပဲ လိုတော့တာ။ အခုချက်ချင်းသွားဝယ်ရအောင် ကိုယ် မင်းကို ခေါ်သွားပေးမယ်"
ယဲ့ချန်းက စုဝမ်ယိကိုခေါ်၍ လက်ဝတ်ရတနာအရောင်းဆိုင်တစ်ဆိုင်သို့ မောင်းလာခဲ့လိုက်သည်။
သူတို့နှစ်ယောက်သား လက်ချင်းတွဲ၍ လက်ဝတ်ရတနာဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ထိုအချိန်ဝယ် မောက်မာလှသော အသံတစ်သံက ဆိုင်ထဲမှ ထွက်ပေါ်လာချေသည်။
"အချစ်.. မင်းသာ သဘောကျရင် ကိုယ်ဝယ်ပေးမှာပေါ့။ နှစ်သောင်းဆိုတာ ဘာမှမပြောပလောက်ပါဘူး"
"အချစ်ရယ်.. ရှင်က အကောင်းဆုံးပဲ"
ဆိုင်ထဲရှိ လူနှစ်ယောက်ကို မြင်သောအခါ ယဲ့ချန်း အတန်ငယ်အံ့ဩသွားရသည်။
ဤလူနှစ်ယောက်က ယဲ့ချန်း၏အိမ်နီးချင်းဟောင်းများပင်။ မိန်းကလေးက ကောင်းချန်းဖြစ်ပြီး ကောင်လေးကမူ မာဝေ့ပင်တည်း။
တကယ်တမ်းတွင် ကောင်းချန်းနှင့် ယဲ့ချန်းတို့က ဆက်ဆံရေးကောင်းခဲ့သည်။ မူလတန်းမှ အလယ်တန်းအထိ ငယ်ချစ်ဦးများ ဖြစ်ခဲ့ကြသည်။
သို့သော် အထက်တန်းတွင် ကောင်းချန်းက အရွယ်ရောက်လာပြီး အတွေးများကလည်း မသန့်စင်တော့ပေ။
ထိုစဉ်တုန်းက ယဲ့ချန်း၏မိသားစုအခြေအနေက သိပ်မကောင်းခဲ့ပေ။ မာဝေ့၏မိသားစုကမူ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
ကောင်းချန်းမှာ စကားချိုချိုလေးများအောက်တွင် ကျရှုံးသွားပြီး ယဲ့ချန်းနှင့်လမ်းခွဲကာ မာဝေ့နှင့်တွဲလိုက်လေသည်။
နှစ်အနည်းငယ်ကြာသည့်တိုင် သူတို့နှစ်ယောက်က တွဲနေကြဆဲပင်။
"ယဲ့ချန်း.. သူတို့ကိုသိလို့လား"
စုဝမ်ယိက ယဲ့ချန်း၏အကြည့်ကို မြင်သောအခါ မေးလိုက်လေသည်။
ယဲ့ချန်းလည်း ပြုံးလိုက်မိ၏။
"ဪ ဘာမှမဟုတ်ပါဘူး။ အိမ်နီးချင်းဟောင်းတွေကို မြင်လိုက်လို့ပါ"
ထိုစဉ်တုန်းက သူတို့က အလွန်ငယ်လွန်းလှသည်။ ဖြစ်ခဲ့သည့်ကိစ္စများကလည်း နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
ထို့ပြင် ကောင်းချန်းနှင့် သူ့ဆက်ဆံရေးကလည်း ကလေးဘဝ၏အမှတ်တရတစ်ခုသာ ဖြစ်သဖြင့် သူ ဂရုမစိုက်တော့ပေ။ ကောင်းချန်း၏ဆွဲဆောင်မှုမှာ အမှတ်၈၀သာရှိ၏။ ယခုအချိန်တွင် ရုပ်ရည်ရမှတ်၉၅အောက်ရှိသော မိန်းကလေးများက ယဲ့ချန်း၏မျက်လုံးထဲတွင် မတိုးတော့ပေ။
ယောကျ်ားအများစုက ကောင်းချန်းကို နတ်ဘုရားအဆင့်အလှပဂေးလေးဟု သတ်မှတ်ထားကြသော်လည်း ယဲ့ချန်း၏အမြင်မှာမူ...
သူ(မ)မှာ လှည့်ကြည့်ရန်ပင် မတန်ပေ။
"မင်္ဂလာပါ တစ်ဖနီမှကြိုဆိုပါတယ်"
ဆွဲဆောင်မှုရှိသော ဝန်ထမ်းများက သူတို့အား အပြုံးလေးဖြင့် ကြိုဆိုလေသည်။
ကောင်းချန်းနှင့် မာဝေ့ကလည်း ခေါင်းလှည့်ကြည့်လိုက်မိချိန်ဝယ် သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရ၏။
"ယဲ့ချန်း"
ကောင်းချန်းက အထဲသို့ဝင်လာသော အမျိုးသားကြောင့် ကြက်သေသေသွားလေသည်။
ယဲ့ချန်းမှာ ယခုအချိန်တွင် ယခင်ကထက် ပိုရင့်ကျက်ပြီး ပိုချောနေလေသည်။
ကောင်းချန်က မာဝေ့နှင့်တွဲခဲ့သည့်တစ်လျှောက်လုံး သူ့အကြောင်း မကြာခဏတွေးမိသည်။
ယခု သူတို့ချင်း ပြန်တွေ့နေရပြီဖြစ်ရာ အတိတ်တုန်းက အမှတ်တရများလည်း ပြန်ပေါ်လာလေတော့သည်။
ကောင်းချန်း၏ ရွှန်းပနေသောမျက်ဝန်းများကို မြင်သောအခါ မာဝေ့မှာ မျက်မှောင်ကြုတ်လျက် စိတ်အနှောင့်အယှက်ဖြစ်နေဟန် အမူအရာကို ပြသလိုက်သည်။
သူ့ကိုမှတ်မိသွားကြောင်း မြင်လိုက်ရသည့်အတွက် ယဲ့ချန်းလည်း ပုန်းကွယ်ရန်မကြိုးစားဘဲ ပြုံးလျက် ပြောလိုက်၏။
"မတွေ့ရတာကြာပြီနော်"
ကောင်းချန်းကလည်း ကိုးရိုးကားရားပြုံးပြလိုက်၏။
"ဟုတ်တယ်။ မတွေ့ရတာကြာပြီ။ နင်က ပိုချောလာတာပဲ"
ယဲ့ချန်းက အလွန်တရာဆွဲဆောင်မှုရှိကြောင်း မြင်လိုက်ရသည့်အခါ အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ကောင်းချန်း၏ရင်ထဲ နောင်တရသွားလေသည်။
•••••••••••••••
အပိုင်း ၂၉၇ - အလကားရတဲ့လက်ဆောင်တွေကို ကြိုက်တယ်
ကောင်းချန်း၏အကြည့်က ယဲ့ချန်းထံသို့ ကျရောက်နေကြောင်း မာဝေ့ မြင်နေရသဖြင့် သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်နေလေသည်။
သူက လှောင်ပြုံးပြုံးလျက် မေးလိုက်၏။
"ယဲ့ချန်း မင်းလည်း မင်းချစ်သူအတွက် လက်ဝတ်ရတနာဝယ်ပေးဖို့ ရောက်လာတာလား"
မာဝေ့၏အမြင်မှာတော့ ယဲ့ချန်း၏မိသားစုက အခြေအနေသိပ်မဟန်လှပေ။ ထို့ကြောင့်လည်း ကောင်းချန်းကို ယဲ့ချန်းထံမှ လုယုနိုင်ခဲ့ခြင်းပင်။
ယခုလေးတင် ကောင်းချန်း၏မျက်လုံးထဲရှိ နောင်တရိပ်များကို မာဝေ့ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ထို့ကြောင့် သူ(မ)၏ရွေးချယ်မှုက မှန်ကန်ကြောင်း ကောင်းချန်း သဘောပေါက်သွားအောင် ယဲ့ချန်းကို အရှက်ခွဲဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
"ဟုတ်တယ်။ ငါ့ချစ်သူကို လက်ဝတ်ရတနာတွေ လိုက်ပြတာလေ"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလျက် ပြောလိုက်လေသည်။
ယဲ့ချန်းက ယခင်တုန်းက သူ့အချစ်ဦးအကြောင်း သူ(မ)အား ပြောပြဖူးသော်ငြား ဤနေရာတွင် လာတွေ့လိမ့်မည်ဟု စုဝမ်ယိ ထင်မထားပေ။
ဤဇာတ်လမ်းကို ကြားသောအခါ စုဝမ်ယိ အလွန်ဒေါသထွက်ခဲ့ရသည်။ ယနေ့ ဟန်ဆောင်ကောင်းသော ဤမိန်းမနှင့် တွေ့ရပြီဖြစ်ရဿာ သူ(မ)အနေနှင့် ယဲ့ချန်းဘက်က ရပ်တည်ပေးရမည်သာ။
စုဝမ်ယိက ယဲ့ချန်း၏လက်မောင်းကို ချိတ်၍ တမင်တကာ အနားကပ်လိုက်သည်။
"ယဲ့ချန်း.. သူတို့က ရှင့်သူငယ်ချင်းတွေလား"
စုဝမ်ယိကိုမြင်သော် ကောင်းချန်း၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
ယဲ့ချန်းဘေးနားတွင် ရုပ်ဆိုးဆိုးမိန်းမတစ်ယောက်သာ ရှိနေပါက သူ(မ) အလွန်ပျော်မိမည်သာ။ သို့သော် ယခုမူ ယဲ့ချန်းဘေးနားတွင် ရုပ်ရည်ရမှတ်၉၉မှတ်ရှိသော အလှလေးတစ်ယောက် ရှိနေချေသည်။
ဤအလှလေးရှေ့တွင် သူ(မ)၏ရုပ်ရည်မှာ သုံးစားမရတော့ပေ။
ကောင်းချန်းလည်း မနာလိုမှု၊ သဝန်တိုမှုနှင့် အမုန်းတရားတို့ကို ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ယဲ့ချန်းသည် ယခု ချောမောခန့်ညားနေပြီဖြစ်၏။
တကယ်တမ်းတွင် မာဝေ့က သူ(မ)ကို ကောင်းကောင်းဆက်ဆံပါသော်ငြား သူသည် အလွန်ရုပ်ဆိုးလှ၏။
သူတို့နှစ်ယောက် အိပ်ရာတစ်ခုတည်းတွင် အတူအိပ်လျှင်ပင် ကောင်းချန်းမှာ မှောင်လာသည်နှင့် မီးပိတ်ပစ်ရသည်သာ။ ဤသည်မှာ ကဗျာဆန်သည်ဟု ပြောလိုက်ပါသည့်တိုင် တကယ်တမ်းမှာတော့ ဤရုပ်ဆိုးဆိုးလူကို မမြင်ချင်သောကြောင့်ပင်။
ယဲ့ချန်းက ကောင်းကောင်းမွန်မွန်ဝတ်စားထားပြီး မိန်းမလှလေးတစ်ယောက်နှင့်အတူ ရှိနေသည့်အပြင် လက်ဝတ်ရတနာဝယ်ရန် တစ်ဖနီအရောင်းဆိုင်သို့ ရောက်နေကြောင်း မြင်လိုက်ရသည့်အခါ ယဲ့ချန်း အောင်မြင်သွားပြီလားဟု တွေးလိုက်မိသည်။
ကောင်းချန်းလည်း မမေးဘဲ မနေနိုင်ခဲ့ပေ။
"ယဲ့ချန်း.. အခု နင် ဘာအလုပ်လုပ်နေတာလဲ"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။
"ဪ.. ငါက တက္ကစီမောင်းနေတာ"
ခွီး!
မာဝေ့ကား သဘောတွေ့သွားရသည်။
တကယ်တမ်းတွင် ယဲ့ချန်းဘေးရှိ မိန်းမလှလေးကို မြင်လိုက်ရချိန်ဝယ် မာဝေ့ အလွန်မနာလိုဖြစ်မိသည်။
ယဲ့ချန်း၏နောက်ခံနှင့်ပတ်သက်ပြီး သူ အတန်ငယ်စိုးရိမ်မိသည်။
သို့သော် ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ့ကြောက်စိတ်များလည်း ခြေရာလက်ရာမကျန်လောက်အောင် ပျောက်ကွယ်သွားသည်။
တက္ကစီဒရိုင်ဘာတဲ့လား။ ဆင်းရဲသား.. သူက ငါ့ကို ဘယ်ယှဉ်နိုင်မှာလဲ..
"ဪ တက္ကစီဒရိုင်ဘာလား။ ယဲ့ချန်း.. ဒီမှာရှိတဲ့ပစ္စည်းတွေက သိန်းဂဏန်းလောက်တန်တာနော်။ မင်း ဝယ်နိုင်လို့လား"
မာဝေ့က လှောင်ရယ်လိုက်လေသည်။
ယဲ့ချန်း ခပ်ဖွဖွရယ်လိုက်မိသည်။
"ငါတို့ကြိုက်တာရှိရင် ဝယ်မှာပေါ့"
ထိုလှောင်ပြောင်ထေ့ငေါ့ဟန်လေသံကို ယဲ့ချန်း ရိပ်စားမိသော်လည်း သူတို့က ငယ်သူငယ်ချင်းများဖြစ်နေသည့်အတွက် ပေါ်တင်ထောက်မပြလိုက်ပေ။
မာဝေ့နှင့် ကောင်းချန်းတို့က သူတို့ပစ္စည်းကို ဝယ်ယူ၍ ပြီးစီးသွားသည့်တိုင် ဆိုင်ထဲမှ ပြန်မထွက်သွားပေ။ ယဲ့ချန်းနှင့် စုဝမ်ယိတို့ ဘာဝယ်ကြမလဲဆိုသည်ကို သူတို့ မြင်ချင်လှသည်။
ယဲ့ချန်းနှင့် စုဝမ်ယိက ကောင်တာတစ်ဝိုက် ပတ်ကြည့်နေသော်လည်း စုဝမ်ယိက ဘယ်လက်ဝတ်ရတနာကိုမှ မကြိုက်ပေ။
"မင်းမကြိုက်ရင် တခြားဆိုင်ကို သွားကြည့်ရအောင်လေ"
ယဲ့ချန်းက စုဝမ်ယိနှင့်အတူ ပြန်ထွက်လိုဟန်ဖြင့် ပြောလိုက်သည်။
"ဟားဟား.. ရယ်ရတယ်ဟေ့။ မဝယ်နိုင်မှန်း သိသာနေတာတောင် ဆင်ခြေပေးနေသေးတယ်။ မင်းရဲ့ချစ်သူက မင်းဆီမှာ လှည့်စားခံနေရတာများလားလို့ ငါ သံသယဖြစ်နေမိပြီ"
ယဲ့ချန်းနှင့် စုဝမ်ယိတို့က ဘာမှမဝယ်ဘဲ ပတ်ကြည့်နေသည်ကို မြင်သောအခါ မာဝေ့ကမူ ယဲ့ချန်းသည် ဤနေရာရှိ လက်ဝတ်ရတနာများကို မဝယ်နိုင်ဘူးဟု ကောက်ချက်ချလိုက်သည်။
'အကြိုက်မတွေ့'ဟူသော စကားမှာ ဆင်ခြေသက်သက်မျှသာ။
နိုင်ငံတကာဘရန်းကြီးတစ်ခုဖြစ်သော တစ်ဖနီတွင် သဘောကျချင်စရာ လက်ဝတ်ရတနာတစ်ခုမှမရှိဘူးဟူသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ မာဝေ့က တစ်ချိန်လုံးလှောင်ပြောင်ထေ့ငေါ့နေသော်ငြား ယဲ့ချန်းကတော့ သူ့ကိုအရေးလုပ်ဖို့ ပျင်းနေပေသည်။
သို့သော် ဤလူက ဆက်တိုက်အနှောင့်အယှက်ပေးလာသည်။
ဘေးနားရှိ စုဝမ်ယိလည်း အေးစက်မာကျောစွာ ပြောလိုက်လေသည်။
"လူကြီးမင်း.. စကားပြောဆင်ခြင်ပါ။ ယဲ့ချန်းက ကျွန်မချစ်သူနော်။ ကျွန်မ သူ့ကို တကယ်သဘောကျတယ်"
"ဟားဟား..အလှလေး.. မင်းက အရမ်းလှရက်နဲ့။ တက္ကစီမောင်းတဲ့ကောင်ထက် ပိုသာတဲ့လူကို မရှာနိုင်ဘူးလား။ သူက အရမ်းခန့်ညားတယ်ဆိုတာတော့ သိပါတယ်။ မင်းက မိန်းမထဘီနားခိုစားနေတာမလား။ ယဲ့ချန်း.. မတွေ့ရတဲ့နှစ်တွေအတွင်း မိန်းမတွေကို ချူစားတဲ့ မင်းရဲ့စကေးတွေက တိုးတက်လာတာပဲ"
ယဲ့ချန်း၏အကြည့်ကား အေးစက်သွားချေသည်။
"မာဝေ့.. အရင်က ငါတို့ရဲ့ခင်မင်မှုကို ထောက်ထားပြီး မင်းကို မျက်နှာသာပေးထားတာနော်။ အခွင့်ကောင်းမယူချင်နဲ့"
ယဲ့ချန်း ဒေါသထွက်နေသည်ကိုမြင်သော် မာဝေ့က ပိုကျေနပ်သွားသည်။
"ဘာဖြစ်တာလဲ။ ဒေါသထွက်နေတာလား။ မင်းပဲပြောကြည့်လေ.. ဆင်းရဲသားတက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုအလှလေးနဲ့ ဘယ်တန်မှာလဲ။ အလှလေး.. ငါ မင်းကို တစ်သိန်းတန်လက်ဝတ်ရတနာတစ်ခု ဝယ်ပေးမယ်လေ။ ငါ့ရည်းစားလုပ်မလား"
မာဝေ့က မောက်မာဝင့်ကြွားစွာ ပြောလိုက်၏။
မာဝေ့၏စကားကို ကြားသောအခါ ကောင်းချန်း၏အမူအရာကား သိသိသာသာပျက်ယွင်းသွားသည်။
သို့သော် အံတင်းတင်းကြိတ်လျက် ဘာစကားမှမပြောချေ။
ယဲ့ချန်းကမူ မျက်ခုံးပင့်လျက် အကြည့်များက အေးစက်သွားသည်။
"မာဝေ့.. မင်း လွန်နေပြီနော်"
ယဲ့ချန်း၏အရှိန်အဝါကို ရိပ်စားမိလိုက်သောအခါ မာဝေ့၏အမူအရာကား အတန်ငယ်ပြောင်းလဲသွားသည်။
နည်းနည်းကြောက်သွားသော်ငြား တစ်ဖက်လူက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သတိရမိသောအခါ တစ်ဖန်မောက်မာသွားပြန်လေသည်။
"ယဲ့ချန်း ဘာလဲ။ စိတ်တိုနေတာလား။ အခုခေတ်က ရုပ်ရည်ကိုကိုးကွယ်တဲ့ခေတ် မဟုတ်တော့ဘူး။ ယောကျ်ားဆိုတာ ပိုက်ဆံရှိရတယ်ကွ။ သိလား။ ငါ ရှောင်ချန်းအတွက် ဝယ်ပေးထားတဲ့ လည်ဆွဲကိုကြည့်လိုက်။ နှစ်သိန်းတောင်ပေးရတယ်။ မင်း ဝယ်နိုင်လို့လား"
"လည်ဆွဲတစ်ကုံကို နှစ်သိန်းတဲ့လား"
ယဲ့ချန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
ထိုလည်ဆွဲဈေးနှုန်းမျိုးမှာ ယဲ့ချန်း၏မျက်လုံးထဲတွင် အမှိုက်သာသာပင်။
မာဝေ့ လှောင်ပြောင်သရော်လိုက်၏။
"ဆင်းရဲသား.. ကြည့်ထား။ ဒါက ငါ့အရည်အချင်းပဲ"
ထိုအခိုက်ဝယ် စုဝမ်ယိက ယုန်လည်ဆွဲလေးတစ်ခုကို ရုတ်တရက်တွေ့လိုက်သည်။ ယုန်လေးက အလွန်ချစ်ဖို့ကောင်းလှသည်။ ပိုအရေးကြီးသည့်အချက်မှာ ယဲ့ချန်း၏ရာသီခွင်ကလည်း ယုန်ပင်။
"ယဲ့ချန်း.. ကျွန်မ အဲဒီယုန်လည်ဆွဲလေးကို လိုချင်တယ်။ ကျွန်မ ရှင့်ရဲ့ရာသီခွင်ကို နေ့တိုင်း လည်ပင်းမှာ ဆွဲထားချင်တယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလျက် စာရေးကို မေးလိုက်လေသည်။
"မိန်းကလေး... ဒီယုန်လည်ဆွဲက ဘယ်လောက်လဲ"
စာရေးမလေးကလည်း နေရခက်ဟန်ဖြင့် ပြုံးလိုက်လေသည်။
"တောင်းပန်ပါတယ်။ ဒီလည်ဆွဲက လက်ဆောင်ပေးတာပါ။ ရောင်းဖို့မဟုတ်ပါဘူး"
မာဝေ့လည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟားဟား..ရယ်ရတယ်ဟေ့။ ရွေးလိုက်တော့လည်း လက်ဆောင်ပေးတဲ့လည်ဆွဲကိုမှ ရွေးရတယ်လို့။ အဲဒီပေါ်မှာ ဈေးနှုန်းကတ်ပြားမရှိလို့ ဈေးပေါတယ်လို့ ထင်လိုက်တာလား"
ယဲ့ချန်းကလည်း ပြန်ပက်ချေသည်။
"ငါလိုချင်တဲ့အရာကို ရအောင်ယူနိုင်တယ်"
ထို့နောက် သူက အနားရှိ တစ်ဖနီစိန်လည်ဆွဲတစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ဒီလည်ဆွဲက ဘယ်လောက်လဲ"
"ဒီစိန်လည်ဆွဲက ကျွန်မတို့ရဲ့နှစ်ပတ်လည်အထူးထုတ်လည်ဆွဲပါ။ တန်ဖိုးကတော့ ၂၁သိန်းပါ"
ယဲ့ချန်း ခေါင်းညိတ်ပြလေသည်။
"ဒီလည်ဆွဲကိုဝယ်ရင် ဟိုဆွဲသီးကို လက်ဆောင်ရမှာလား"
စာရေးမလေးလည်း ကြက်သေသေသွားလေသည်။
"ဟုတ်ပါတယ်"
ယဲ့ချန်းက သူ့ဘဏ်ကတ်ကို ထုတ်လိုက်၏။
"ဒီကတ်ကိုဖြတ်လိုက်။ ငါ ဒီလည်ဆွဲကိုလိုချင်တယ်။ ဟိုဆွဲသီးကိုပါပေးဖို့ မမေ့နဲ့နော်"
မာဝေ့နှင့် ကောင်းချန်းတို့လည်း ကြောင်အသွားကြသည်။
"အမလေး.. ယဲ့ချန်းက နှစ်ဆယ့်တစ်သိန်းတန်လည်ဆွဲကို မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်လိုက်တယ်"
မာဝေ့လည်း ချမ်းသာပါသော်ငြား လက်ဝတ်ရတနာတစ်ခုအတွက်နှင့် သိန်းဂဏန်းတော့ မသုံးနိုင်ပေ။
သို့သော် ယဲ့ချန်းကမူ နှစ်သိန်းကျော်တန်ဖိုးရှိသော လက်ဝတ်ရတနာကို အသာလေးဝယ်လိုက်သည်။
မည်သူကချမ်းသာပြီး မည်သူက ဆင်းရဲနေသလဲဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်ပြီဖြစ်၏။
အရောင်းစာရေးမလေးက ကတ်ဖြတ်ပြီး ယဲ့ချန်းလက်ထဲသို့ လည်ဆွဲကို ထည့်ပေးလိုက်သည့်မြင်ကွင်းကို မြင်သောအခါ ကောင်းချန်းလည်း မနာလိုဖြစ်သွားရသည်။
တကယ်တမ်းတွင် သူ(မ)နှင့် မာဝေ့က ချစ်သူရည်းစားဆက်ဆံရေးမျိုး မဟုတ်ပေ။ သူ(မ)က မာဝေ့၏အငယ်အနှောင်းသက်သက်သာ။
သူတို့သည် နှစ်အနည်းငယ်ကြာအောင် တွဲလာသည်မှာ မှန်ပါသော်ငြား အထက်တန်းကျောင်းပြီးသည်နှင့် လမ်းခွဲခဲ့ကြသည်။ နောက်ပိုင်းတွင် ကောင်းချန်း၏အခြေအနေက သိပ်မကောင်းလှခဲ့ပေ။ မာဝေ့နှင့် ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် ပြန်တွေ့သောအခါ ပိုက်ဆံအတွက်နှင့် မာဝေ့၏အငယ်အနှောင်းဖြစ်ခဲ့ရသည်။
ထိုစဉ်တုန်းက သူ(မ)သာ ယဲ့ချန်းနှင့် ဆက်တွဲခဲ့မည်ဆိုပါက ယဲ့ချန်း၏ဘေးနားရှိ မိန်းကလေးမှာ သူ(မ) ဖြစ်နေလောက်သည်။
ဤဖြစ်နိုင်ခြေကို စဉ်းစားမိသောအခါ သူ(မ)၏နှလုံးသားထဲ၌ နောင်တများဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်းက နှစ်ဆယ့်တစ်သိန်းတန်အထူးထုတ်လည်ဆွဲကို အသာလေးဝယ်ယူနိုင်ကြောင်း မြင်လိုက်ရချိန်ဝယ် မောက်မာပြခဲ့သော မာဝေ့ပင် ထိတ်လန့်သွားသည်။
လက်ဆောင်ကိုလိုချင်စိတ်ဖြင့် နှစ်သိန်းကျော်တန် စိန်လည်ဆွဲကို အသာလေးဝယ်နိုင်သူမှာ စင်စစ်အထင်ကြီးချင်စရာကောင်းလှသည်။