← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အပိုင်း ၂၉၈ - ပြန်မရနိုင်သောအတိတ်

ယဲ့ချန်းက အရောင်းစာရေးမလေးကိုပြောလိုက်သည်။

"လည်ဆွဲကို ထုပ်ပိုးပေးပါ"

ထို့နောက် သူက ယုန်လည်ဆွဲလေးကိုယူ၍ ပြောလိုက်လေသည်။

"ကိုယ် မင်းကို ဝတ်ပေးမယ်"

"အင်း... ကျွန်မ ရှင့်ကို နေ့တိုင်း အနားမှာပဲထားတော့မှာ"

စုဝမ်ယိက ပျော်ရွှင်စွာ ပြောလိုက်လေသည်။

မာဝေ့နှင့် ကောင်းချန်းတို့ခမျာ ကြောင်အသွားကြလေသည်။ ဤသည်မှာ မည်သို့သောမြင်ကွင်းမျိုးလဲ။

နှစ်သန်းတန်လည်ဆွဲကို ထုပ်ပိုးပြီး ထောင်ဂဏန်းလောက်ရှိသော လည်ဆွဲကိုမူ ဝတ်ထားသတဲ့လား။ ယနေ့ခေတ် လူကုံထံများက ဤမျှအထိ ကပျက်ကချော်နိုင်နေပြီလား။

ဤသည်မှာ ဒဏ္ဍာရီလာလူကုံထံများလား။

အရောင်းစာရေးမလေးက မာဝေ့ကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်လေသည်။

ဤလူသည် အစောကပင် ဤလူချောလေးကို ဆင်းရဲသားဟု လှောင်ပြောင်ထားသည်။ ယခုမူ ဤလူက နှစ်သန်းတန်လည်ဆွဲကို အသာလေးဝယ်ပြပြီး သူ့အား အရှက်ခွဲလိုက်လေသည်။

ပတ်ပတ်လည်ရှိ အကြည့်များကို သတိထားမိသဖြင့် မာဝေ့လည်း တွင်းတစ်တွင်းရှာ၍ ဝင်ပုန်းချင်စိတ်ပင်ပေါက်သည်။ သူက ကောင်းချန်းကို ကိုးရိုးကားရားဖြင့် ဆွဲခေါ်သွားလေတော့သည်။

သူတို့ ဆိုင်အပေါက်ဝသို့ ရောက်လာသည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က မိန်းကလေးတစ်ယောက်နှင့်အတူ ရောက်ချလာသည်။

"အဖေ.."

သူ့အဖေ၏ဘေးနားရှိ ခပ်ငယ်ငယ်မိန်းကလေးကို ကြည့်ရင်း မာဝေ့၏အမူအရာမှာ ထူးဆန်းသွားသည်။

မေးနေစရာပင် မလိုချေ။ သူ့အဖေ၏ရင်ခွင်ထဲရှိ အမျိုးသမီးမှာ သူ့အငယ်အနှောင်းပင်။

မာဝေ့ကလည်း အိမ်ထောင်သည်ပင်။ သူ့ဘေးနားတွင်လည်း အငယ်အနှောင်းတစ်ယောက် ရှိနေသည်ဖြစ်ရာ သားအဖနှစ်ယောက်မှာ ဘမျိုးဘိုးတူများဟုပင် ဆိုထိုက်သည်။

လေထုကား အတန်ငယ်ကိုးရိုးကားရားနိုင်သွားသည်။ ထိုလေထုကို မာဝေ့ကပင် အရင်ဖြိုခွင်းလိုက်သည်။

"အဖေ ဒီကို လက်ဝတ်ရတနာလာဝယ်တာလား"

မာခွန်းလည်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ့အကြည့်က တစ်ဖနီအရောင်းဆိုင်ထဲရှိ ယဲ့ချန်းထံသို့ ရောက်သွားသည်။

ထိုအခါ ယဲ့ချန်းအနာသို့ အပြေးသွားလေတော့သည်။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျားပါလား"

"ဥက္ကဋ္ဌယဲ့လား"

သူ့အဖေက ယဲ့ချန်းကို ဥက္ကဋ္ဌဟုခေါ်နေသဖြင့် မာဝေ့မှာ အံ့ဩသွားချေသည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌယဲ့ဖြစ်သွားတာလဲ။

"ခင်ဗျားက..."

ယဲ့ချန်းလည်း တဒင်္ဂမျှအံ့အားသင့်သွားလေသည်။

မာခွန်းက ဆိုလာလေသည်။

"မစ္စတာယဲ့.. ခင်ဗျားကတော့ ကျုပ်ကို မှတ်မိမှာမဟုတ်ဘူး။ ကျုပ်က ဝမ်သိုက်လုပ်ငန်းစုရဲ့ အထွေထွေလက်ထောက်မန်နေဂျာပါ။ ပြီးခဲ့တဲ့တစ်ခေါက် ရှယ်ယာရှင်အစည်းအဝေးမှာ ကျုပ်တို့ တွေ့ဖူးတယ်လေ"

ဤသို့ပြောပြီးနောက် မာခွန်းက မာဝေ့ကို လက်ယမ်းပြလိုက်သည်။

"မာဝေ့.. ဒီကိုမြန်မြန်လာစမ်း။ မင်းရဲ့ဦးလေးယဲ့နဲ့ လာတွေ့လှည့်။ ဦးလေးယဲ့က အဖေ့ရဲ့သူဌေးပဲ။ ငါတို့တစ်မိသားစုလုံးက မင်းရဲ့ဦးလေးယဲ့အတွက် အလုပ်လုပ်ပေးနေရတာ"

ဦးလေးယဲ့တဲ့လား။

မာဝေ့မှာ ချက်ချင်းဆိုသလို အံ့ဩသွားရသည်။

သူ့အဆင့်မှာ တူတစ်ယောက်အဖြစ်သို့ ရောက်သွားရသည်။ ထို့ပြင် ယဲ့ချန်းက သူ့အဖေ၏သူဌေးဖြစ်နေချေသည်။

အဓိပ္ပာယ်ကား ယဲ့ချန်းမှာ ဝမ်သိုက်လုပ်ငန်းစု၏ သူဌေးဟု ဆိုလိုပေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သို့ဆိုလျှင် ယဲ့ချန်းက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ပင်တည်း။ သူသည် ဘဝအတွေ့အကြုံယူရန် သိုသိုသိပ်သိပ်နေနေခြင်းလေလား။

အရွယ်ရောက်လာမှ အမွေဆက်ခံပြီး ဥက္ကဋ္ဌတစ်ယောက်ဖြစ်လာခြင်းမျိုးလေလား။

ဝတ္ထုတစ်ပုဒ်၏ဇာတ်လမ်းက ကောင်းချန်း၏စိတ်ထဲ လက်ခနဲပေါ်လာလေသည်။ စဉ်းစားလေလေ သူ(မ) ပိုစိတ်ဆင်းရဲရလေလေပင်။

သူ(မ)အနေနှင့် လူကုံထံမိသားစုထဲသို့ ဝင်ပြီး ရုပ်ရည်ချောမောသော ယောကျ်ားတစ်ယောက်ကို ရနိုင်ပါသော်ငြား ယခုမူ ရုပ်ဆိုးအကျည်းတန်တစ်ယောက်၏ အငယ်အနှောင်းတစ်ယောက် ဖြစ်လာရသည်။ ဤကွာခြားမှုကြောင့် ကောင်းချန်းခမျာ နောင်တတရားများဖြင့် လောင်မြိုက်နေချေသည်။

ယဲ့ချန်းက သူ့ချစ်သူကို အလွန်မြတ်နိုးပေသည်။ သူ(မ)လိုချင်သည့် လက်ဆောင်ကို အရယူပေးရန်အတွက် နှစ်သန်းတန် စိန်လည်ဆွဲတစ်ကုံးကိုပင် ဝယ်ပေးခဲ့သေးသည်။

ထိုနေရာတွင် သူ(မ) ရှိနေသင့်သည်သာ။

မာဝေ့တစ်ယောက် ငေးကြောင်နေသည်ကို မြင်သောအခါ မာခွန်း မျက်မှောင်ကြုတ်လိုက်မိသည်။

"မာဝေ့.. မင်း ဘာလုပ်နေတာလဲ။ ဦးလေးယဲ့ကို မြန်မြန်နှုတ်ဆက်လိုက်လေ"

မာဝေ့ကလည်း နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"အဖေ.. ယဲ့ချန်းနဲ့ကျွန်တော်က အသိတွေ။ ကျွန်တော်တို့တွေ အရင်က အိမ်နီးချင်းတွေဖြစ်ခဲ့ဖူးတယ်ဆိုတာ အဖေ မေ့သွားပြီလား"

"အဲဒီလိုလား။ ဒါဆို ဒီလိုပတ်သက်ဆက်နွှယ်မှုမျိုးလည်း ရှိတာပဲလား"

မာခွန်း ဝမ်းသာသွားရသည်။

အစတုန်းက ယဲ့ချန်းကို ဘယ်လိုချဉ်းကပ်ရမလဲဆိုသည်ကို အဖြေရှာမရသဖြင့် ဒုက္ခရောက်နေခဲ့သည်။ သူတို့က အိမ်နီးချင်းဟောင်းများဆိုပါက ပိုလွယ်ကူသွားလေပြီ။

ယဲ့ချန်းကမူ အေးစက်ခက်ထန်စွာ ပြောလိုက်၏။

"ကျုပ်မှာ ဒီလိုအိမ်နီးချင်းမျိုးမရှိဘူး"

ယဲ့ချန်း၏ အေးစက်စက်စကားလုံးများကို ကြားသောအခါ မာခွန်း အံ့အားသင့်သွားရသည်။

မာခွန်းက ငတုံးမဟုတ်ပေ။ အေးစက်စက်နိုင်လှသော ယဲ့ချန်း၏လေသံမှတစ်ဆင့် သူ့သားက ယဲ့ချန်းကို ရန်စမိထားကြောင်း သိလိုက်ရသည်။

"ဖြောင်း"

မာခွန်းလည်း လက်မြှောက်၍ မာဝေ့ကို ပါးဖြတ်ရိုက်လိုက်လေတော့သည်။

"ကောင်စုတ်လေး.. မင်း ဦးလေးယဲ့ကို စိတ်အနှောင့်အယှက်ပေးထားတာလား"

"ကျွန်တော်..."

မာခွန်းက သူ့အား အလွန်တရာချစ်မြတ်နိုးပေသည်။ ငယ်စဉ်ကတည်းက ယခုအချိန်အထိ သူ့အား တစ်ခါမှ မရိုက်ခဲ့ဖူးပေ။

ယဲ့ချန်းအတွက်နှင့် သူ့အဖေက သူ့ကို တကယ်ရိုက်လိမ့်မည်ဟု လုံးဝထင်မထားချေ။

မာဝေ့ခမျာ နီရဲရောင်ကိုင်းနေသော သူ့မျက်နှာကို အုပ်ကိုင်လျက် ကြောင်အနေချေသည်။ အရိုက်ခံလိုက်ရမှသာ ယဲ့ချန်းက သူ့အဖေအတွက် ဘယ်လောက်အရေးကြီးလဲဆိုသည်ကို မာဝေ့ သဘောပေါက်လိုက်သည်။

ထို့ကြောင့် ခေါင်းငုံ့လျက် ယဲ့ချန်းအနားသို့တိုးကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။

"ဦးလေးယဲ့"

သို့သော် သူ့စကားသံအဆုံးတွင် နောက်ထပ်ရိုက်ချက်တစ်ချက် ထပ်ရောက်လာသည်။

"မင်းက ခြင်သံနဲ့ ခေါ်နေတာလား။ ဦးလေးယဲ့က ဒီအသံလေးကို ဘယ်လိုလုပ်ကြားရမှာလဲ"

ဤအဖြစ်ကိုမြင်သော် အရောင်းစာရေးမများနှင့် အခြားလူများမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ အစောတုန်းက မာဝေ့တစ်ယောက် ကြွားလုံးထုတ်နေခဲ့သည်ကို သူတို့အားလုံး မြင်ခဲ့ရသည်။

ယခုမူ မာဝေ့ အရိုက်ခံနေရသည့်မြင်ကွင်းမှာ ရယ်မြူးဖွယ်ကောင်းနေလေသည်။

ထိုရယ်သံများကို ကြားသောအခါ မာဝေ့လည်း စိတ်ထိခိုက်သွားရသည်။ ရုတ်ခြည်းပင် မျက်ရည်များ ကျလာသည်။ ငိုနေသည့်ကြားက ပြောလိုက်သေးသည်။

"မင်္ဂလာပါ ဦးလေးယဲ့"

အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်က မျက်ရည်လည်ရွှဲဖြစ်နေသည်ကို မြင်သောအခါ လူတိုင်း ဆွံ့အသွားရသည်။

အလွန်ရှက်ဖွယ်ကောင်းလှသည်။

ယဲ့ချန်းလည်း အတန်ငယ်နေရခက်သွားသဖြင့် လက်ယမ်းပြလိုက်သည်။

"ကောင်းပြီ။ မင်းတို့သွားလို့ရပြီ။ မင်းနဲ့ကောင်းချန်း ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

မာခွန်းကမူ မာထန်ထန်ဖြင့် ပြောလိုက်၏။

"မစ္စတာယဲ့.. ခင်ဗျား အထင်လွဲနေပြီ။ ဒီမိန်းမက ကျွန်တော့်သားရဲ့အငယ်အနှောင်းပါ။ ကျွန်တော့်သားရဲ့ဇနီးက ကျောက်ပင်းတဲ့။ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ပဲ။ သူက နည်းနည်းတော့ဝတယ်"

မာခွန်းက ဤသို့ပြောရင်း မိသားစုဓာတ်ပုံကို ထုတ်ပြလိုက်သည်။ ထိုအမျိုးသမီးက အရပ်ပုပြီး ဝဖိုင့်သည်။ မျက်နှာထက်တွင်လည်း ဝက်ခြံများဖြင့် ပြည့်နေလေသည်။

မာဝေ့က ကောင်းချန်းကို အငယ်အနှောင်းအဖြစ် ရွေးချယ်ထားသည်မှာလည်း မထူးဆန်းပါချေ။

သူ(မ)၏သရုပ်မှန်ကို ယဲ့ချန်း သိသွားသည့်အတွက် ကောင်းချန်းမှာ ရှက်ရွံ့ဟန်ဖြင့် ခေါင်းငိုက်စိုက်ချထားမိသည်။

ယခင်က သူ(မ)သည် ယဲ့ချန်းကို ပိုက်ဆံအတွက်နှင့် စွန့်ပစ်ခဲ့သည်။ သို့သော် ယခုမူ ယဲ့ချန်းက ဘီလျံနာတစ်ယောက်ဖြစ်နေချိန်တွင် သူ(မ)ကတော့ ရုပ်ဆိုးသည့် လူတစ်ယောက်၏ အငယ်အနှောင်းဖြစ်နေချေသည်။

သူ(မ) အတိတ်ကို ပြန်သွားချင်ပါသော်ငြား ဘယ်တော့မှ ပြန်မသွားနိုင်တော့ပေ။

...

ယဲ့ချန်းနှင့် စုဝမ်ယိတို့လည်း တစ်ဖနီအရောင်းဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။

ဖုန်းတစ်ဖက်မှ အင်္ဂလိပ်လူမျိုးတစ်ယောက်က တရုတ်စကားမပီမသဖြင့် ပြောလာလေသည်။

"မစ္စတာယဲ့လားဗျ"

"ဘယ်သူလဲ"

"ကျွန်တော်က တစ်ဖနီရဲ့စီအီးအို ရော့ခ်ပါ မစ္စတာယဲ့.. ခင်ဗျားက ကျွန်တော်တို့ရှယ်ယာ၃၅ရာခိုင်နှုန်းကို ဝယ်သွားလို့ ရှယ်ယာအများဆုံးလူဖြစ်သွားတဲ့အကြောင်း ကျွန်တော် အခုပဲ သတင်းရလို့ပါ။ ခင်ဗျား ဘာများညွှန်ကြားချင်လဲမသိဘူး"

ယဲ့ချန်းကမူ အမှုမထားဟန်ဖြင့် ပြောလိုက်၏။

"ဟင့်အင်း.. လုပ်နေကျအတိုင်းသာ ဆက်လုပ်ပါ။ ခင်ဗျားတို့ကုမ္ပဏီရဲ့ အတွင်းရေးကိစ္စတွေကို ကျွန်တော် ဘာမှဝင်စွက်ဖက်မှာမဟုတ်ပါဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ ရော့ခ်လည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

ဘုရင်အသစ်ပြောင်းလျှင် နန်းတွင်းသူအသစ် ပြောင်းတတ်သည်။ အစတုန်းက ယဲ့ချန်းသည် ကုမ္ပဏီကို အသေးစိတ်ပြုပြင်မှုများ ပြုလုပ်မည်ကို ရော့ခ် စိုးရိမ်နေခဲ့မိသည်။

"စိတ်ချပါ မစ္စတာယဲ့.. ကျွန်တော် ခင်ဗျားရဲ့ယုံကြည်မှုနဲ့ ထိုက်တန်အောင် ကြိုးစားမှာပါ"

"ဒါနဲ့ မစ္စတာယဲ့.. ကုမ္ပဏီရဲ့ရှယ်ယာအများဆုံးလူဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ခင်ဗျားကို အထူးထုတ်တစ်ဖနီစိန်လက်စွပ်တစ်ကွင်း ပို့ပေးလိုက်ပါ့မယ်။ နှစ်နာရီအတွင်း ရောက်လာမှာပါ"

"ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက စုဝမ်ယိ၏ ယုန်လည်ဆွဲကိုကြည့်၍ ပြုံးလိုက်မိသည်။

"မင်းရဲ့ဆွဲသီးက အရမ်းထူးခြားတယ်လို့ ထင်တာပဲ။ အဲဒီလည်ဆွဲကို လက်ဝတ်ရတနာပြပွဲမှာ ဝတ်ခဲ့ပါ့လား"

"ကောင်းပြီလေ"

စုဝမ်ယိ ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက နှစ်သန်းကျော်တန် စိန်လည်ဆွဲတစ်ကုံးကို ဝယ်ပေးထားပါသော်ငြား သူ(မ)ကတော့ ယုန်လည်ဆွဲလေးကိုသာ ပိုသဘောကျသည်။

အကြောင်းမှာ ယဲ့ချန်း၏ရာသီခွင်က ယုန်ဖြစ်၏။ ထို့ကြောင့် သူ(မ)အနေနှင့် သူ့အား အနားတွင် အမြဲထားချင်သည်။

ယဲ့ချန်းက အချိန်ကို စစ်ဆေးကြည့်လိုက်၏။ တစ်နာရီနေလျှင် လက်ဝတ်ရတနာပြပွဲ စတင်တော့မည်ဖြစ်၏။

သူတို့နှစ်ယောက်သားလည်း ပြပွဲကျင်းပရာ ဟိုတယ်သို့ ထွက်လာခဲ့လိုက်သည်။ သို့သော် လမ်းက အလွန်ပိတ်နေလေသည်။

နာရီဝက်ကြာအောင် မောင်းလာပြီးနောက် လက်ဝတ်ရတနာဆိုင်မှ ဟိုတယ်သို့ရောက်ရန် နာရီဝက်ကြာအောင် မောင်းရဦးမည်ဖြစ်၏။

"ကျွန်မတို့ နောက်ကျတော့မယ်ထင်တယ်"

ယဲ့ချန်းက တည်နေရာကိုစစ်ဆေးကြည့်လိုက်သည်။ သူတို့၏တည်နေရာမှာ နှင်းဆီအိမ်ရာနှင့် သိပ်မဝေးလှပေ။

ထို့ကြောင့် သူ ပြုံးလိုက်မိသည်။

"မပူနဲ့.. ကိုယ်တို့ နောက်မကျပါဘူး။ ကိုယ်တို့ ပါတီကို ရဟတ်ယာဉ်နဲ့တက်ကြမယ်"

••••••••••••••••••

အပိုင်း ၂၉၉ - ထွက်သွားပေးပါ

ရဟတ်ယာဉ်နဲ့ သွားမှာလား....

စုဝမ်ယိ အံ့ဩမှင်တက်သွားရသည်။

ယဲ့ချန်းကလည်း နှင်းဆီအိမ်ရာသို့ မောင်းလာခဲ့သည်။

အဝင်ဝသို့ရောက်သည်နှင့် ကားရပ်လိုက်သည်။ ထို့နောက် ကားပြတင်းပေါက်ကို ချလိုက်သည်။

ယဲ့ချန်းကိုမြင်သောအခါ လုံခြုံရေးကလည်း အမြန်အလေးပြုလေသည်။

အိမ်ရာမန်နေဂျာက ယဲ့ချန်း၏ဓာတ်ပုံကို ဝန်ထမ်းတိုင်းကို ပြထားလေသည်။ သို့မှသာ ဘာမှမသိသည့် ဝန်ထမ်းတစ်ယောက်ယောက်က ဘုမသိဘမသိဖြင့် ယဲ့ချန်းကို ရန်မစမိမည်ဖြစ်၏။

"ဪ မစ္စတာယဲ့ကိုး.. ကားပြောင်းလိုက်ပြန်ပြီပေါ့။ ဒီကားက..."

လုံခြုံရေးက သူ့အား ချီးကျူးချင်ပါသော်ငြား ဤကားကို သူ အလွန်ရင်းနှီးနေချေသည်။

ဤသည်မှာ ကျီလိကားမဟုတ်လား။ လူကုံထံများက ယခု ဤသို့ပျော်ပါးတတ်နေပြီလား။ ဇိမ်ခံကားများကို ပိုင်ဆိုင်ထားပါသည့်တိုင် သာမန်ဈေးပေါပေါကားတစ်စီးကိုသာ မောင်းနေချေသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဒီကားက မိုက်တယ်မလား"

လုံခြုံရေးကလည်း နေရခက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

"မိုက်တာပေါ့ မစ္စတာယဲ့.. ခင်ဗျားစီးသမျှကားတိုင်းက မိုက်ပြီးသားပါ"

ယဲ့ချန်းလည်း ဗီလာထဲသို့ မောင်းလာခဲ့လိုက်သည်။

စုဝမ်ယိမှာ တစ်ဖန်ကြောင်အသွားပြန်လေသည်။

"ရှင် ဒီမှာ ဗီလာထပ်ဝယ်လိုက်တာလား"

"ဟုတ်တယ်။ ပိုက်ဆံပိုနေတာနဲ့ အလုံးနှစ်ဆယ်လောက် ဝယ်ထားလိုက်တာ။ မင်းကြိုက်တဲ့ဗီလာကို ရွေးလိုက်လေ။ ဒါပေမဲ့ အဲဒီနှစ်ခုကိုတော့ မရွေးနဲ့။ အဲဒါတွေကို ဂေါက်ကွင်းဆောက်ဖို့ ဖြိချတော့မှာ"

စုဝမ်ယိ : "..."

ဤလူက စင်စစ်ချမ်းသာကြွယ်ဝပြီး ဇွတ်တရွတ်နိုင်လှသည်။

ဗီလာများကို တစ်ချီတည်းနှင့် အလုံးနှစ်ဆယ်ဝယ်လိုက်သတဲ့လား။ ဤသည်မှာ အလွန်လက်ဖွာလှသည်။

သူတို့နှစ်ယောက်လည်း ဗီလာထဲသို့ဝင်သွားပြီးနောက် ခေါင်မိုးထပ်သို့ ဓာတ်လှေကားဖြင့် တက်သွားလိုက်၏။ ခေါင်မိုးထပ်သို့ ရောက်သောအခါ စုဝမ်ယိမှာ သူတို့ရှေ့တွင်ရပ်ထားသော ရဟတ်ယာဉ်ကိုမြင်ပြီး ကြက်သေသေသွားလေသည်။

"အမလေး. ရှင့်မှာ ရဟတ်ယာဉ်တစ်စီး ရှိသားပဲ"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"ဘယ်လိုလဲ။ ဒီရဟတ်ယာဉ်က သားနားတယ်မလား"

စုဝမ်ယိက ဆို၏။

"လေယာဉ်မှူးက ဘယ်မှာလဲ"

ယဲ့ချန်းက ပြန်ပြောလိုက်သည်။

"လေယာဉ်မှူးမလိုပါဘူး။ ကိုယ်က လေယာဉ်မှူးလေ"

ယဲ့ချန်း၏စကားကိုကြားသော် စုဝမ်ယိလည်း ခေါင်းခြောက်သွားရသည်။ စုဝမ်ယိမှာ ကမ္ဘာကြီးကို မြင်ဖူးသူတစ်ယောက်ပင်။

ပုံမှန်ဆိုလျှင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များက ရဟတ်ယာဉ်များကို ပိုင်ဆိုင်ထားကြသော်ငြား သူများကိုသာ မောင်းခိုင်းလေ့ရှိသည်။ ယဲ့ချန်းကမူ ကိုယ်တိုင်မောင်းနိုင်သတဲ့။ ဤလူက ရဟတ်ယာဉ်မောင်းနည်းကို ဘယ်တုန်းက သင်ထားလိုက်လေသလဲ။

သူ(မ)၏ချစ်သူက အကုန်တတ်ကျွမ်းသည်ဟု စုဝမ်ယိ ခံစားမိသည်။

"သွားရအောင်။ ရဟတ်ယာဉ်ပေါ်ကို တက်တော့"

ယဲ့ချန်း ပြုံးပြလိုက်သည်။

စုဝမ်ယိကလည်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ယဲ့ချန်း၏အကူအညီဖြင့် ရဟတ်ယာဉ်ပေါ်သို့ တက်လိုက်သည်။

အမှန်အတိုင်းပြောရလျှင် စုဝမ်ယိမှာ လေယာဉ်ကို ခဏခဏစီးဖူးသော်ငြား ရဟတ်ယာဉ်ကိုတော့ မစီးဖူးပေ။ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

ယဲ့ချန်းက ရဟတ်ယာဉ်ကို စက်နှိုးလိုက်သည်။ ဒလက်များ လည်လာသည်နှင့် ရဟတ်ယာဉ်လည်း ဖြည်းဖြည်းချင်း ပျံတက်သွားလေသည်။

ပြင်းထန်လှသော လေတိုက်နှုန်းကြောင့် အပူလှိုင်းတစ်ခု ထကြွလာသည်။ ရဟတ်ယာဉ်၏အင်ဂျင်သံကြောင့် နှင်းဆီအိမ်ရာတွင် နေထိုင်ကြသော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များမှာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေရာ ရဟတ်ယာဉ်ပျံတက်နေသည်ကို မြင်လိုက်ရ၏။

"ဝိုး.. ယဲ့ချန်းက တကယ့်အကောင်ကြီးတစ်ကောင်ပဲ။ ရဟတ်ယာဉ်နဲ့တောင် သွားလာနိုင်တယ်တဲ့"

"ရိုးစ်ရွိုင်ကားကို စီးနိုင်ရင် မိုက်လှပြီလို့ ထင်ခဲ့တာ။ အခုတော့ နားလည်သွားပြီ။ ကြွယ်ချင်ရင် ရဟတ်ယာဉ်စီးရမယ်"

ရဟတ်ယာဉ်ကား ကောင်းကင်ထက်၌ ပျံဝဲနေသည်။

ရင်သပ်ရှုမောဖွယ်ကောင်းသော ညမြင်ကွင်းကိုကြည့်ရင်း စုဝမ်ယိတစ်ယောက် အလွန်ပျော်နေလေသည်။

အောက်ဘက်ရှိ ကားများကမူ အတန်းရှည်ကြီးအဖြစ် တန်းစီနေလေသည်။ သူတို့သာ ကားမောင်းသွားလျှင် သေချာပေါက် နောက်ကျတော့မည်သာ။

သို့သော် ရဟတ်ယာဉ်ကတော့ မတူပေ။

အစောက ယာဉ်ကြောပိတ်နေစဉ် စုဝမ်ယိမှာ ရဟတ်ယာဉ်တစ်စီးရှိလျှင် ကောင်းမည်ဟု တွေးလိုက်မိသည်။ ယခုမူ ယဲ့ချန်းက သူ(မ)၏အိပ်မက်ကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးလိုက်လေပြီ။

ယာဉ်ကြောလည်းမပိတ်သလို မီးပွိုင့်လည်း စောင့်နေစရာမလိုပါဘဲ ကားဖြင့် နာရီဝက်မောင်းရမည့်ခရီးကို ရဟတ်ယာဉ်က ဆယ်မိနစ်ဖြင့် အရောက်ပို့ပေးခဲ့သည်။

ဟီလ်တန်ဂရန်းဟိုတယ်မှာ ရင်ပြင်အကျယ်ကြီးရှိသော ကြယ်ငါးပွင့်ဟိုတယ်တစ်ခုပင်။

ထိုအခိုက်ဝယ် ဟိုတယ်ထဲသို့ ဗီအိုင်ပီများ ဝင်ထွက်နေကြသည်။ ထိုအချိန်မှာပင် ရဟတ်ယာဉ်တစ်စီး ဖြည်းဖြည်းချင်းဆင်းသက်လာသည်ကို သူတို့ မြင်လိုက်ရ၏။

လူတိုင်း၏ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားသည်။

ဝိုး.. ဒါက ဘယ်လုပ်ငန်းရှင်ကြီးပါလိမ့်.. ရတနာပြပွဲကို ရဟတ်ယာဉ်နဲ့ ရောက်လာတာတဲ့လား...

ရဟတ်ယာဉ်က လေပြင်းတစ်ခုကို ဖန်တီးရင်း ဖြည်းဖြည်းချင်းဆင်းသက်လာသည်။

လူတိုင်းလည်း မျက်လုံးကို အုပ်ကာထားလိုက်ရသည်။ ရဟတ်ယာဉ် စက်ရှိန်သတ်လိုက်သောအခါ ချောမောခန့်ညားသော အမျိုးသားတစ်ယောက်က လှပတင့်တယ်သော အမျိုးသမီးတစ်ယောက်နှင့် လက်ချင်းချိတ်၍ ဆင်းလာလေသည်။

ထိုအမျိုးသားက ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး အလွန်တရာချောမောပြီး အမျိုးသမီးကလည်း အနက်ရောင်ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်တရာရင်သပ်ရှုမောဖွယ်ကောင်းလှလေသည်။

ချောမောခန့်ညားသောအမျိုးသား၊ လှပတင့်တယ်သော အမျိုးသမီးနှင့် မိမိုက်လှသော ရဟတ်ယာဉ်တစ်စီးတို့ကြောင့် လူတိုင်း ထိတ်လန့်အံ့ဩသွားချေသည်။

လူအုပ်ထဲရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စိတ်လှုပ်ရှားနေဟန်ဖြင့် ရှေ့ထွက်လာသည်။

"ညီလေးယဲ့..ခင်ဗျားရဲ့အဝင်ပြကွက်က အရမ်းခမ်းနားတာပဲ"

ရှေ့ထွက်လာသူမှာ အခြားလူမဟုတ်ဘဲ အစ်ကိုထန်ပင်။ အစ်ကိုထန်က စုဝမ်ယိကို တစ်ချက်လှမ်းကြည့်ပြီးနောက် မေးလိုက်လေသည်။

"သူက ဘယ်သူများလဲ"

ယဲ့ချန်းလည်း ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။

"ဒါက ကျွန်တော့်ချစ်သူ စုဝမ်ယိပါ"

"ဪ ဪ"

အစ်ကိုထန်က နားလည်သဘောပေါက်သွားလေဟန် ပြုလိုက်လေသည်။

မစ္စတာယဲ့ ပီသပါပေတယ်။ တွေ့လိုက်တိုင်း အနားမှာ မိန်းမလှလေးတစ်ယောက်စီ ရှိနေတာပဲ..

အရေးအကြီးဆုံးမှာ ယဲ့ချန်းအနားရှိ မိန်းမတိုင်းက ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းလှသည်။

လူငယ်တွေများ အားအင်ပြည့်ဝပြီး မြူးကြွနေတာပဲ...

သူတို့သုံးယောက်သား ခန်းမထဲသို့ ဝင်လာခဲ့လိုက်သည်။

ယနေ့ လက်ဝတ်ရတနာပြပွဲသို့ တက်ရောက်လာသူများမှာ မိုတုမြို့ရှိ အထက်တန်းလွှာများနှင့် လက်ဝတ်ရတနာဝါသနာရှင်များပင်။

တစ်ယောက်ချင်းစီတိုင်းက လက်ဝတ်ရတနာအမျိုးမျိုးကို ဆင်မြန်းထားကြသည်။

ယနေ့တွင် အမျိုးသမီးများမှာ အလွန်တရာလှပနေလေသည်။ တစ်ယောက်ချင်းစီတိုင်းက သန်းဂဏန်းခန့်တန်ဖိုးရှိသော လက်ဝတ်ရတနာများကို ဝတ်ဆင်ထားကြသည်။

အခြားမိန်းကလေးများနှင့်ယှဉ်လိုက်လျှင် စုဝမ်ယိ၏လည်တိုင်ထက်ရှိ ယုန်လည်ဆွဲလေးမှာ အတန်ငယ်စုတ်တီးစုတ်ပဲ့နိုင်လှသည်။

သို့သော် စုဝမ်ယိကတော့ ဂရုမစိုက်ချေ။ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသော ထိုလက်ဝတ်ရတနာများနှင့် ယှဉ်လိုက်လျှင် သူ(မ)ကတော့ ဤယုန်လည်ဆွဲလေးကိုသာ သဘောကျသည်။

အကြောင်းမှာ ဤယုန်လေးက ယဲ့ချန်းကို ကိုယ်စားပြုနေသောကြောင့်ပင်။

သူတို့နှစ်ယောက်သားလည်း ခန်းမတစ်ဝိုက် ပတ်သွားရင်း ပြသထားသော ရတနာများကို ကြည့်ရှုခံစားကြသည်။

ထိုအချိန်တွင် အမျိုးသားတစ်ယောက်က စုဝမ်ယိကို အေးစက်ခက်ထန်စွာကြည့်ရင်း ပြောလိုက်သည်။

"ဒီမိန်းကလေး.. ကျေးဇူးပြုပြီးထွက်သွားပေးပါ။ မင်းကို ဒီနေရာက လက်မခံပါဘူး"

ယဲ့ချန်းက စုဝမ်ယိ၏လက်ကို ဆုပ်ကိုင်ထားရင်း စိန်တစ်ပွင့်ကို ကြည့်နေချိန်မှာ ထိုအသံကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သူလည်း ထိုအမျိုးသားကို မော့ကြည့်လိုက်လေရာ တစ်ဖက်လူသည် စုဝမ်ယိ၏လည်တိုင်ထက်ရှိ လည်ဆွဲကို စူးစူးရဲရဲစိုက်ကြည့်နေကြောင်း မြင်လိုက်ရ၏။

ယဲ့ချန်းကလည်း ပြန်ပြောလိုက်သည်။

"ကျုပ်ချစ်သူကို ဘာလို့ထွက်သွားခိုင်းတာလဲ"

ထိုလူက လှောင်ပြုံးပြုံးလျက် စုဝမ်ယိ၏ ယုန်လည်ဆွဲကို လက်ညှိုးထိုးပြလိုက်သည်။

"ကျုပ်တို့လက်ဝတ်ရတနာပြပွဲမှာ မိန်းကလေးတွေက တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို ဝတ်လာရမှာ။ ခင်ဗျားချစ်သူက ဘာကြီးကို ဝတ်ထားတာလဲ။ ဒီဟာက ထောင်ဂဏန်းလောက်ပဲ တန်တာမလား။ သူ့ကြောင့် ကျုပ်တို့ပြပွဲ သိက္ခာကျလိမ့်မယ်"

ထိုလူက လုံခြုံရေးကို လှမ်းခေါ်လိုက်သည်။

"လုံခြုံရေးတွေက ဘယ်ရောက်နေတာလဲ။ သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်စမ်း"

ယဲ့ချန်းလည်း မျက်ခုံးပင့်လျက် စုဝမ်ယိအရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ဒီနေ့ ဘယ်သူက ကျုပ်တို့ကို မောင်းထုတ်ရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လုံခြုံရေးများက ရှေ့တိုးရန် ပြင်လိုက်ချိန်မှာပင် ယဲ့ချန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိသဖြင့် အတန်ငယ်မျက်နှာပျက်သွားလေသည်။

ထိုအခိုက်ဝယ် လူတိုင်းလည်း ဤအဖြစ်ကို အာရုံစိုက်လာကြပြီး ယဲ့ချန်းရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

"ဘာဖြစ်နေတာလဲ။ ကြည့်ရတာတော့ အကြီးအကဲချန်းက တစ်ယောက်ယောက်နဲ့ စကားများနေပုံပဲ"

"ဒီလူတော့ ကံဆိုးတာပဲ။ ချန်းယွမ်ကိုမှ ရန်စမိသွားတယ်လို့။ သူတော့ လက်ဝတ်ရတနာပြပွဲကနေ အမည်ပျက်စာရင်းအသွင်းခံရတော့မှာပဲ"

"ဒီလူငယ်လေးက ဘာမှလည်းမသိဘူး။ ဒီလိုအဆင့်မြင့်လက်ဝတ်ရတနာပြပွဲကို ပိုက်ဆံမရှိဘဲ တက်တာတဲ့။ သူ့ကောင်မလေးရဲ့လည်ဆွဲကိုလည်း ကြည့်လိုက်ဦး။ ထောင်ဂဏန်းလောက်ပဲတန်တဲ့ လည်ဆွဲကြီး"

...

လူတွေကလည်း တီးတိုးပြောနေကြသည်။ ချန်းယွမ်ကမူ အေးတိအေးစက်ပြောလိုက်လေသည်။

"လက်ဝတ်ရတနာအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌအနေနဲ့ ကျုပ်မှာ ခင်ဗျားတို့ကို မောင်းထုတ်ပိုင်ခွင့်ရှိတယ်"

ယဲ့ချန်းကမူ အေးစက်မာကျောစွာ ပြောလိုက်လေသည်။

"ဟုတ်လား။ မင်းကို ဘယ်သူက အာဏာပေးထားတာလဲ။ ငါက ထွက်မသွားဘူးဆိုရင်ရော"

"ဟမ့်.. ထောင်ဂဏန်းလောက်ပဲတန်တဲ့ အမှိုက်တစ်ခုကို လက်ဝတ်ရတနာပြပွဲကို ယူလာတဲ့လူတွေကို မောင်းထုတ်သင့်တယ်"

ချန်းယွမ်က စုဝမ်ယိကို လက်ညှိုးထိုးပြပြီး အေးစက်စွာ ပြောလိုက်လေသည်။

"သူက ငါ့ချစ်သူပဲ။ သူ ဘာဝတ်ဝတ် မင်းနဲ့ဘာဆိုင်လဲ ငတုံးကောင်.. အနည်းဆုံးတော့ ငါ့ချစ်သူက ငါ့အနားမှာရှိနေတာ။ မင်းမှာရော ဘယ်သူရှိလို့လဲ။ မင်းလို အသက်ငါးဆယ်အရွယ်နားမှာ အသက်နှစ်ဆယ်ကောင်မလေးတစ်ယောက်ရှိနေတာဆိုတော့ သူက မင်းရဲ့အငယ်အနှောင်းမလား။ ဒါနဲ့များ ကြောင်သူတော်ဆောင်နေသေးတယ်"

"မင်း.. မင်းကများ ငါ့ကို စော်ကားရဲတယ်ပေါ့"

ချန်းယွမ်မှာ ဒေါသထွက်ရလွန်းသဖြင့် မျက်နှာတစ်ခုလုံးနီရဲသွားလေသည်။

လက်ဝတ်ရတနာအဖွဲ့အစည်း၏ ဥက္ကဋ္ဌဖြစ်လာပြီးကတည်းက မည်သူကမှ သူ့အား ယခုလိုမပြောဖူးပေ။

••••••••••••••••••••

အခန်း ၃၀၀ - ငါက ဘော့စ်ပဲ

ချန်းယွမ်က သူ့ချစ်သူကို အရှက်ခွဲသည့်အတွက် ယဲ့ချန်းကလည်း သူ့အား လက်တုံ့ပြန်လိုက်သည်။

ဘေးနားက ကြည့်နေကြသူများကလည်း ချန်းယွမ်ဘက်က ရပ်တည်ကြသည်။

"လူငယ်လေး.. အကြီးအကဲချန်းက လက်ဝတ်ရတနာလုပ်ငန်းထဲမှာ အလေးစားခံပုဂ္ဂိုလ်တစ်ယောက်နော်။ မင်း သူ့ကို ဘယ်လိုပြောလိုက်တာလဲ"

"မင်းရဲ့အရည်အချင်းက ဘာရှိလို့လဲ။ မင်းချစ်သူဝတ်ထားတဲ့ စုတ်တီးစုတ်ပြတ်လည်ဆွဲကိုလည်း ကြည့်လိုက်ဦး။ အရှုံးသမားကများ"

"လုံခြုံရေးက အလုပ်ကို ဘယ်လိုလုပ်နေတာလဲ။ သူ့လိုလူမျိုးကို ဘယ်လိုလုပ်ပြီး အထဲကိုဝင်ခွင့်ပေးလိုက်တာလဲ"

ချန်းယွမ်နှင့် ခင်မင်ရင်းနှီးကြသော လူတချို့က သူ့ဘက်က ရပ်တည်ပေးကြသည်။

ချန်းယွမ်က လက်ဝတ်ရတနာအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်လေရာ လေးစားထိုက်သော ဂုဏ်သတင်းကိုလည်း ပိုင်ဆိုင်ထားသည်။

သို့ဖြစ်လေရာ ဖော်လံများတစ်သိုက်လည်း သေချာပေါက်ရှိမည်သာ။

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

အစတုန်းက သူသည် စုဝမ်ယိကို ပျော်သွားအောင် ဤလက်ဝတ်ရတနာပြပွဲသို့ ခေါ်လာခဲ့သည်။ သို့သော် ဤနေရာတွင် ဝေဖန်လေကန်မည့် လူယုတ်မာတစ်ယောက်နှင့် လာတိုးနေချေသည်။

သေစမ်း.. ထောင်ဂဏန်းလောက်ပဲတန်တဲ့ လည်ဆွဲကို ဝတ်ထားတော့ရော ဘာဖြစ်သေးလဲ...

သူများကိစ္စကို ဝင်စွက်ဖက်ရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ...

အစ်ကိုထန်ကလည်း စကားများနေကြသောအသံများကို ကြားလိုက်ရသဖြင့် အနားသို့ ရောက်ချလာသည်။

ယဲ့ချန်းက ချန်းယွမ်နှင့် စကားများနေကြောင်း မြင်လိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်လိုက်မိတော့သည်။

ယဲ့ချန်းနှင့် သူ့ကြားရှိ ပတ်သက်ဆက်နွှယ်မှုက ရှင်းပြနေရန်မလိုပေ။ အကြီးအကဲချန်းဆိုသည်မှာ လက်ဝတ်ရတနာလောကတွင် ဝါရင့်တစ်ယောက်ဖြစ်နေပြန်ရာ သူ့ကိုလည်း သွားစော်ကား၍ မဖြစ်နိုင်ပေ။

ဤအဖြစ်ကြောင့် အစ်ကိုထန်ခမျာ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် ဖြစ်နေလေသည်။

သို့သော် ယဲ့ချန်းက သူ့ဧည့်သည်ဖြစ်သည့်အပြင် ယဲ့ချန်း၏နောက်ခံအကြောင်း ကောင်းကောင်းသိထားသည့်အတွက် အကြီးအကဲချန်းကို အပြစ်ပြုမိမည်ဆိုလျှင်ပင် သူကတော့ ယဲ့ချန်းဘက်က ရပ်တည်ပေးမှဖြစ်ပေမည်။

အစ်ကိုထန်လည်း အနားသို့တိုးသွားပြီး သူတို့နှစ်ယောက်ကြားတွင် ဝင်ရပ်လိုက်သည်။

"မစ္စတာယဲ့.. နားလည်မှုလွဲတာပါဗျာ"

"အကြီးအကဲချန်း.. ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ဒါက ကျွန်တော့်အမှားပါ။ မစ္စတာယဲ့က ကျွန်တော့်ဧည့်သည်ပါ။ ကျွန်တော်တို့ပြပွဲက တန်ဖိုးကြီးတဲ့လက်ဝတ်ရတနာတွေကို ဝတ်လာရမယ်ဆိုတာကို ကျွန်တော် မပြောလိုက်မိဘူး"

အစ်ကိုထန်က သူတို့နှစ်ယောက်ကြားတွင် ဝင်ရပ်၍ ဖျန်ဖြေလေသည်။

အစ်ကိုထန် ရှေ့ထွက်လာသည်ကို မြင်သောအခါ ချန်းယွမ်၏အမူအရာလည်း အနည်းငယ်ပြေလျော့သွားသည်။ မည်သို့ပင်ဖြစ်စေ အစ်ကိုထန်သည် စီးပွားရေးလောကတွင် လေးစားခံပုဂ္ဂိုလ်တစ်ယောက်ပင်။

"ထားလိုက်ပါတော့.. အစ်ကိုထန့်မျက်နှာကြောင့် မင်းနဲ့ စကားနိုင်မလုတော့ဘူး"

အကြီးအကဲချန်းက အေးတိအေးစက်နှာခေါင်းရှုံ့၍ ထွက်သွားရန်ပြင်လိုက်လေသည်။

"ခဏနေဦး... ခင်ဗျား ကျုပ်နဲ့ စကားမများချင်လည်းရတယ်။ ဒါပေမဲ့ ကျုပ်ကတော့ ခင်ဗျားနဲ့ စာရင်းရှင်းမှဖြစ်မယ်။ ခင်ဗျား ကျုပ်ချစ်သူကို စော်ကားခဲ့တဲ့အတွက် ပြန်တောင်းပန်သင့်တယ်မဟုတ်လား"

"တောင်းပန်ရမှာလား"

ချန်းယွမ်မှာ သူ့ခြေလှမ်းများကို တုံ့ခနဲရပ်တန့်ပြီး မျက်နှာထားတင်းသွားပြန်သည်။

အစ်ကိုထန်လည်း ထိုစကားကိုနားထောင်ရင်း အနေခက်သွားချေသည်။ ယဲ့ချန်း၏ဒေါသကို သူ ကောင်းကောင်းသိသည်။ အစတုန်းက သူ့အနေနှင့် ဤအခြေအနေကို ဖျန်ဖြေပေးချင်ခဲ့ပါသော်ငြား ယဲ့ချန်းကမူ အသာလွှတ်ပေးထားဖို့ စိတ်ကူးရှိဟန်မတူပေ။

ချန်းယွမ်က မည်သူလေလဲ။ လက်ဝတ်ရတနာအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်လေရာ ဤလက်ဝတ်ရတနာပြပွဲမှာ သူ့ပိုင်နက်ပင်တည်း။

ဤသို့သောအခြေအနေမျိုးတွင် သူက လူငယ်လေးတစ်ယောက်ကို မည်သို့တောင်းပန်နိုင်မည်နည်း။

ထိုနေရာရှိ လူတော်တော်များများက ယဲ့ချန်းကို မသိကြပေ။ ယဲ့ချန်း၏မောက်မာမှုကို မြင်သောအခါ လူတိုင်း ကြက်သေသေသွားကြသည်။

ယဲ့ချန်းသည် အမြင်ကျယ်စေရန် ရည်ရွယ်ချက်ဖြင့် အစ်ကိုထန်ခေါ်လာသော တောသားတစ်ယောက်မျှသာဖြစ်သည်ဟု တော်တော်များများက ထင်ထားကြသည်။

အရေးအကြီးဆုံးအချက်မှာ စုဝမ်ယိက ယုန်လည်ဆွဲကို ဝတ်ဆင်ထားခြင်းပင်။

ဤကဲ့သို့ အဆင့်နိမ့်လှသော ပစ္စည်းတစ်ခုက ယဲ့ချန်း၏အဆင့်အတန်းကို ကိုယ်စားပြုနေလေသည်။ မဟုတ်ပါက သူသည် ယခုလိုပြပွဲမျိုးတွင် သူ့ချစ်သူကို ယခုလိုအဆင့်နိမ့်လည်ဆွဲမျိုးကို ဝတ်ဆင်ခိုင်းမည်နည်း။

ထို့ကြောင့် လူတိုင်းက ချန်းယွမ်ကိုဖားကြလေတော့သည်။

"လူငယ်လေး.. မင်း လွန်နေပြီနော်"

"ဟုတ်တယ်။ ဥက္ကဋ္ဌချန်းက မင်းကို ဘာလို့တောင်းပန်ရမှာလဲ"

"ဒီကောင်လေးကတော့.. မစ္စတာချန်းက သဘောထားကြီးပေးနေတာတောင် မင်းက မရပ်နိုင်သေးဘူးလား"

ပတ်ပတ်လည်ရှိ လူများက သူ့ဘက်က ဝင်ပြောပေးနေသဖြင့် ချန်းယွမ်လည်း အေးတိအေးစက် နှာခေါင်းရှုံ့လိုက်မိသည်။

"မင်းကိုယ်မင်း ဘယ်သူများထင်နေတာလဲ။ မင်းမှာ ဘာအရည်အချင်းရှိလို့ ငါက မင်းကို တောင်းပန်ရမှာလဲ"

သူသည် လက်ဝတ်ရတနာအဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဤနယ်ပယ်ထဲတွင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ပင်။

လူငယ်တစ်ယောက်ကို တောင်းပန်လိုက်ပါက သူ မျက်နှာပျက်ရမည်မဟုတ်ပါလား။

ယဲ့ချန်းကလည်း ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်လေသည်။

"ခင်ဗျားက တစ်ဖနီဟွာရှားရုံးချုပ်ရဲ့ အထွေထွေမန်နေဂျာဆိုပြီး မာန်တက်နေတာပဲဖြစ်မယ်"

ချန်းယွမ်၏ဝတ်စုံပေါ်ရှိ တံဆိပ်ပြားကို ယဲ့ချန်း သတိထားမိသည်မှာ ကြာလှလေပြီ။

တစ်ဖနီဟွာရှားရုံးချုပ်၏ အထွေထွေမန်နေဂျာတဲ့။

ဤအဘိုးကြီးက ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားပြီး အခြားလူများ မသိမည်ကိုစိုးသဖြင့် သူ့ရင်ဘတ်တွင် ထိုတံဆိပ်ကို တစ်ချိန်လုံးတပ်ထားခြင်းပင်။

ချန်းယွမ်မှာ တဒင်္ဂမျှမှင်တက်သွားပြီးနောက် ဂုဏ်ယူဝင့်ကြွားလေဟန်ဖြင့် ပြုံးလိုက်လေသည်။

"ချာတိတ်.. မင်း ငါ့အဆင့်အတန်းကို သိပြီဆိုရင်လည်း တောင်းပန်ပေတော့"

တစ်ဖနီဆိုသည်မှာ ကမ္ဘာကျော်လက်ဝတ်ရတနာဘရန်းတစ်ခုဖြစ်ပြီး ဟွားနိုင်ငံတွင် ထူးကဲသာလွန်သော အနေအထားတစ်ခုတွင် နေရာယူထားချေသည်။

ထို့ကြောင့်လည်း ဤလက်ဝတ်ရတနာလောကထဲသို့ သူ ဝင်တိုးနိုင်ခဲ့ပြီး လက်ဝတ်ရတနာအဖွဲ့အစည်းကြီး၏ ဒုဥက္ကဋ္ဌဖြစ်လာခဲ့ခြင်းပင်။

ဤအဆင့်အတန်းမှာ ချန်းယွမ်၏ဂုဏ်သိက္ခာပင်။

ယဲ့ချန်းက သူ့အဆင့်အတန်းကို ကြေညာလိုက်သည့်အတွက် ချန်းယွမ်မှာ ပို၍ပင်ဘဝင်မြင့်လာသည်။

"ဒါဆို မစ္စတာချန်းက တစ်ဖနီဟွာရှားရုံးချုပ်ရဲ့အထွေထွေမန်နေဂျာပေါ့"

"အခုမှပဲသိတယ်။ ဒါကြောင့် ချန်းယွမ်က လက်ဝတ်ရတနာအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌဖြစ်လာတာကိုး"

"ဩချဖို့ကောင်းချက်။ လက်ဝတ်ရတနာအဖွဲ့အစည်းထဲက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်လို့ ခေါ်ထိုက်ပါပေတယ်"

"ဒီလူငယ်လေးက အမြင်မရှိဘူးပဲ။ ဥက္ကဋ္ဌချန်းကိုတောင် ရန်စရဲရတယ်လို့"

ချန်းယွမ်က ဂုဏ်မောက်နေဟန်ဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်လူ တပ်ဆုတ်ပြီး တောင်းပန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

သို့သော် ယဲ့ချန်း၏အမူအရာကား အေးစက်သွားသည်။

"တစ်ဖနီရုံးချုပ်ရဲ့ စီမံခန့်ခွဲရေးက ဒီလောက်အထိမျက်ကန်းဆန်လိမ့်မယ်လို့ ထင်မထားဘူး။ ခင်ဗျားလို အမှိုက်မျိုးကို အထွေထွေမန်နေဂျာရာထူး ခန့်ထားရတယ်လို့"

"ဘာ"

ချန်းယွမ်၏အမူအရာကား ဒေါသကြောင့် ပျက်ယွင်းသွားလေသည်။

"ချာတိတ်.. မင်း ဘာပြောလိုက်တာလဲ။ ငါပြောမယ်။ ငါက တစ်ဖနီဟွာရှားရုံးချုပ်ရဲ့ အထွေထွေမန်နေဂျာပဲ။ ပြီးတော့ လက်ဝတ်ရတနာအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌ... ငါ မင်းကို အခုချက်ချင်း လက်ဝတ်ရတနာပြခန်းထဲက ထွက်သွားဖို့ အမိန့်ပေးတယ်"

ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလိုက်လေသည်။

"ကောင်းပြီလေ။ ခင်ဗျား ဘယ်လောက်မာန်တက်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ရော့ခ်ကို ဖုန်းဆက်လိုက်သည်။

ရော့ခ်ကလည်း ချက်ချင်းဖုန်းကိုင်လာသည်။

"မစ္စတာယဲ့ ဟယ်လို.. ဘာများညွှန်ကြားစရာရှိလို့လဲ"

ယဲ့ချန်း၏အသံကား အေးစက်မာကျောနေလေသည်။

"ခင်ဗျားက တစ်ဖနီရဲ့စီအီးအိုဖြစ်နေပြီးတော့ ဝန်ထမ်းတွေကို ဘယ်လိုရွေးချယ်ထားတာလဲ။ ဟွားနိုင်ငံက အရမ်းအရေးကြီးတဲ့ဈေးကွက်တစ်ခုနော်။ အဲဒါကို ခင်ဗျားက ဒီလိုအထွေထွေမန်နေဂျာမျိုးကို အလုပ်ခန့်ထားပြီး ကုမ္ပဏီရဲ့ပုံရိပ်ကို ကျဆင်းအောင် လုပ်နေတာလား။ ခင်ဗျား စီအီးအိုး ဆက်ဖြစ်ချင်သေးလား"

ဖုန်းဝင်သွားသည်နှင့် ယဲ့ချန်းက ရော့ခ်ကို ဆက်တိုက်ဆူပူလေတော့သည်။

ရော့ခ်က ကုမ္ပဏီရေးရာကိစ္စများကို စီမံခန့်ခွဲနေသည့် စီအီးအိုပင်။

ယခုအချိန်တွင် ယဲ့ချန်းက ရှယ်ယာအများဆုံးဖြစ်သွားပြီမို့ ကုမ္ပဏီကို စီမံခန့်ခွဲနေခြင်းမရှိပါသော်ငြား ခန့်အပ်ရေးနှင့် ထုတ်ပယ်ရေးကိစ္စများတွင်မူ အမိန့်ပေးပိုင်ခွင့်ရှိ၏။

တစ်နည်းဆိုရသော် ယဲ့ချန်းသာ ရော့ခ်ကို ဖယ်ချချင်ပါက ရှယ်ယာရှင်အစည်းအဝေးကျင်းပပြီး တရားဝင်ကြေညာလိုက်ရုံပင်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ရော့ခ်လည်း ချွေးစေးများပြန်နေချေတော့သည်။

နှစ်ပေါင်းများစွာ ကြိုးစားပြီးမှ တစ်ဖနီ၏စီအီးအိုဖြစ်လာခဲ့သည့်အတွက် သူ့အနေနှင့် ယခုလိုမျိုးတော့ အလုပ်ထုတ်မခံချင်ပေ။

"မစ္စတာယဲ့.. ဝန်ထမ်းရွေးချယ်တဲ့နေရာမှာ ကျွန်တော် ညံ့ဖျင်းခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒီကိစ္စကို ချက်ချင်းဖြေရှင်းပေးပါ့မယ်။ ဟွာရှားရုံးချုပ်ရဲ့ အထွေထွေမန်နေဂျာကို ချက်ချင်းထုတ်ပယ်လိုက်ပါ့မယ်။ ခင်ဗျားပြောတဲ့လူက ချန်းယွမ်မဟုတ်လား"

ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ သူပဲ"

ရော့ခ်က ပြန်ပြောလိုက်၏။

"ဘော့စ် ကျွန်တော်နားလည်ပါပြီ။ ဒီကိစ္စကို ချက်ချင်းဆောင်ရွက်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး အခွင့်အရေးတစ်ခုလောက်ပေးပါ"

ယဲ့ချန်းကမူ အေးစက်မာကျောသော လေသံဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ။ ဒီလိုဖြစ်တာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ။ မဟုတ်လို့ကတော့ ကျုပ်ကို အဆိုးမဆိုနဲ့"

"ဟုတ်ကဲ့။ ဟုတ်ကဲ့။ စိတ်ချပါ ဘော့စ်"

ယဲ့ချန်း ဖုန်းချလိုက်ပြီးနောက် ချန်းယွမ်က မောက်မာစွာ ရယ်မောလိုက်လေသည်။

"ချာတိတ်.. သရုပ်ဆောင်ကောင်းချက်။ မင်းက သရုပ်ဆောင်မလား။ ငါတို့တစ်ဖနီရုံးချုပ်ရဲ့စီအီးအိုက မင်းစကားကို နားထောင်မယ်များ ထင်နေတာလား။ မင်းကိုယ်မင်း ဘယ်သူများမှတ်နေလဲ။ တစ်ဖနီရဲ့ပိုင်ရှင်လား"

ယဲ့ချန်းကမူ မလောပေ။

"ဆောရီးပဲ။ ဒါပေမဲ့ ခင်ဗျားပြောတာမှန်တယ်။ ကျုပ်က တစ်ဖနီရဲ့ပိုင်ရှင်ပဲ"

"ဟားဟားဟား.. ဒါက ကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲ"

ချန်းယွမ်ကမူ ထိုစကားကြောင့် အော်ရယ်လိုက်မိလေသည်။

ပတ်ပတ်လည်ရှိ လူတော်တော်များများကလည်း ခေါင်းခါယမ်းလိုက်ကြသည်။ တချို့ဆိုလျှင် လှောင်ပြောင်ထေ့ငေါ့လေဟန်ဖြင့် ပြုံးလိုက်ကြသည်။

တစ်ဖနီကုမ္ပဏီ၏ပိုင်ရှင်က နိုင်ငံခြားသားတစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ သို့ဖြစ်လေရာ ဟွားနိုင်ငံသားတစ်ယောက် မည်သို့ဖြစ်နိုင်မည်နည်း။

ထိုအချိန်မှာပင် ချန်းယွမ်၏ဖုန်းက ရုတ်တရက်မြည်လာလေသည်။

All Chapters