လွတ်မြောက်ခြင်း
Vol. 1 Ch. 386
ကျန်းရှောင်နူ၏ ဘေးမှ ပင်လယ်ရေမှော်များသည် ရုတ်တရက် ဖယ်ခွာသွားကြသည်။ သူမ၏အောက်မှ ရေမှော်ပင်များသည် သူမအနီးသို့ ကပ်ရမည်ကိုပင် ကြောက်လန့်နေကြပုံပေါ်သည်။ ကျန်းရှောင်နူသည် ကျန်းရီထံသို့ လျှပ်စီးအလျင်နှင့် ပြေးလာခဲ့သည်။ သူ့မ၏ လက်သေးသေးလေးများမှ လက်သည်းများသည် အစိမ်းရောင်အလင်း လက်သွားခဲ့သည်။ ထို့နောက် သူမသည် ကျန်းရီကို ရေမှော်ပင်များကြားမှ ဆွဲထုတ်လိုက်သည်။ နတ်ဆိုးသားရဲဘုရင်တစ်ကောင်ကိုပင် အလွယ်တကူထိန်းချုပ်နိုင်သော ရေမှော်ပင်များမှာ ကျန်းရှောင်နူ၏ လက်သည်းများအကြားတွင် ကောက်ရိုးမျှင်များပမာ အလွယ်တကူ ပျက်စီးသွားခဲ့သည်။
"ရှောင်နူ..."
ကျန်းရီသည် ထိတ်လန့်နေရာမှ ပြန်မကောင်းသေးဘဲ ကျန်းရှောင်နူအား ခေါ်လိုက်မိသည်။ သူမသည် ဘာမှမပြောဘဲ ဟဲလောင်ထံပြေးသွားပြီး သူ့ဘေးမှ ရေမှော်ပင်များကို ဆွဲဖြဲပစ်နေပြန်သည်။ ထို့နောက် သူမသည် ကျန်းရီနှင့်ဟဲလောင်အား လက်တစ်ဖက်စီမှ ဆွဲကာ ရေပြင်ပေါ် ကြယ်တစ်စင်းပမာ ပြေးတက်သွားခဲ့သည်။
"အာ..."
ကျန်းရီနှင့် ဟဲလောင်မှာ အိပ်မက်မက်နေသည်ဟုပင် ခံစားနေကြရသည်။ ကျန်းရှောင်နူသည် ယာ့ဇီသားရဲထက်ပင် အဆများစွာ မြန်ဆန်နေသေးသည်။ မျက်စိတစ်မှိတ်စာအတွင်းတွင် သူမသည် ရေပြင်ပေါ် ရောက်သွားခဲ့သည်။ ထို့နောက် သူမ၏ကျောဘက်မှ တောင်ပံနှစ်ခုသည် တဖျတ်ဖျတ်ခတ်ရင်း ကျန်းရီတို့နှစ်ယောက်ကို သေမင်းပင်လယ်ပြင်နယ်နိမိတ်မှ မြောက်ဘက်အရပ်ထံ သယ်ဆောင်သွားခဲ့သည်။
ပင်လယ်ရေအောက်ကြမ်းပြင်မှ အကာအကွယ်အလွှာထဲရှိ ခေါင်းတလားသည် ရုတ်တရက် တောက်ပလာခဲ့သည်။ ခေါင်းတလားထဲတွင် လဲလျောင်းနေသည့် မိန်းကလေးသည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။
သူမ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ နက်မှောင်တောက်ပနေပြီး မဖော်ပြနိုင်သည့် စွဲဆောင်မှုတစ်မျိုး ရှိနေလေသည်။ တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့်ပင် သူမ၏ စွဲဆောင်ခြင်း ခံလိုက်ရနိုင်သည်။ သူမသည် နှုတ်ခမ်းများကိုဖွင့်၍ တီးတိုးရေရွတ်လိုက်သည်။
"ဒီဘုံမှာ ဒီလိုအင်အားကြီး မျိုးနွယ်တစ်ခု ရှိနေတယ်တဲ့လား။ ပြီးတော့ အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်မြေကလို့ ထင်ရတယ်။ ထူးဆန်းတယ်၊ တော်တော်ထူးဆန်းတာပဲ။ ငါဒီတစ်ခါပြန်သွားရင် ခမည်းတော်ကို မေးကြည့်ရမယ် "
မိန်းကလေးသည် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူမသည် မျက်လုံးများမှိတ်ကာ ပြန်လည်အိပ်မောကျသွားခဲ့သည်။ သူမထံတွင် အသက်ရှူခြင်းရော၊ အသက်ရှိသည့် အရိပ်အယောင်ရော လုံးဝရှိမနေပေ။ သူမသည် ပင်လယ်ရေအောက်တွင် ထာဝရမနိုးထနိုင်တော့သည့် အလောင်းတစ်ခုပမာ အိပ်စက်နေခဲ့သည်။
***
ဝှစ်...
ကျန်းရှောင်နူသည် ကျန်းရီကို သယ်ဆောင်၍ လျှပ်စီးအလျင်နှင့် ပျံသန်းနေခဲ့သည်။ လက်ရှိတွင် နေ့အချိန်သို့ ရောက်နေပြီဖြစ်သည်။ ကျန်းရီသည် သေမင်းပင်လယ်ပြင်နှင့် သာမန်ပင်လယ်ပြင်၏ ကွာခြားချက်ကို သေသေချာချာ မြင်သွားခဲ့သည်။ သို့သော်လည်း ကျန်းရှောင်နူသည် အလွန်လျင်မြန်လှရာ အချိန်ခဏလေးအတွင်းတွင် သူတို့သည် သေမင်းပင်လယ်ပြင်မှထွက်၍ မြောက်ဘက်အရပ်သို့ ဆက်လက်ပျံသန်းနေကြပြီဖြစ်သည်။
"ရှောင်နူ"
ကျန်းရီသည် သူ့ဘေးရှိ အားကောင်းသော အရှိန်အဝါနှင့် အစိမ်းရင့်ရောင်အေးစက်စက် မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် သတ္တဝါအား ကြည့်ရင်း မရေရာစွာ ခေါ်လိုက်သည်။
အလွန်ထူးဆန်းလှသည်။ ကျန်းရှောင်နူသည် ငယ်စဉ်တည်း မကျင့်ကြံနိုင်ခဲ့ဘဲ သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခု သူမသည် ချက်ချင်းကြီး အင်အားကြီးလာပြီး ပုံပန်းသွင်ပြင်မှာလည်း လူသားတစ်ယောက်နှင့်မတူသည့် အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမည်သို့ မကြောက်လန့်ဘဲ နေပါမည်နည်း။
ကျန်းရီအား တစ်ချက်ကြည့်လာခဲ့ပြီး ကျန်းရှောင်နူသည် အလျင်အမြန် ပြောပြလာခဲ့သည်။
"သခင်လေး...ဘာမှမပြောပါနဲ့ဦး။ ရှောင်နူအကြာကြီး ထိန်းမထားနိုင်ဘူး။ နောက်မှ ရှင်းပြပါ့မယ်..."
"အာ..."
ကျန်းရီသည် ကျန်းရှောင်နူ၏ အသံကို ကြားသောအခါမှ စိတ်အေးသွားခဲ့သည်။ ဤသည်မှာ ကျန်းရှောင်နူ၏ အသံနှင့် လေယူလေသိမ်းမှန်း သေချာသည်။ သူ၏ အစေခံကောင်မလေးသည် ပုံပန်းသွင်ပြင် ပြောင်းသွားသော်လည်း သူ၏အစေခံကောင်မလေးသာ ဖြစ်နေသေးသည်။
ဟဲလောင်သည် အသက်ရဲရဲမရှူရဲသလို စကားလည်း မပြောရဲပေ။ သို့သော်လည်း ကျန်းရီအပေါ်ထားသည့် သူ့အမြင်မှာ ပြောင်းလဲသွားခဲ့သည်။ ကျန်းရီသည် လူထူးဆန်းတစ်ယောက် ဖြစ်သော်လည်း သူ၏ အားနည်းပြီး နူးညံ့သည့် အစေခံမိန်းကလေးမှာ လူထူးဆန်းများကြားမှ အထူးဆန်းဆုံး ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
ရီဖျောင်ဖျောင်...
ဟဲလောင်ထံတွင် အတွေးတစ်ခု ဖြစ်တည်လာခဲ့သည်။ ရီဖျောင်ဖျောင်သည် ဤနယ်မြေမှ မဟုတ်ပေ။ သူမသည် ကျန်းရှောင်နူအား ကျန်းရီ၏ အစေခံမိန်းကလေးအဖြစ် မွေးစားခဲ့သည်။ ရီဖျောင်ဖျောင်သည် ကျန်းရှောင်နူမှာ သာမန်လူသားမဟုတ်ကြောင်း သိနေသည့်ပုံပင်။ ကျန်းရှောင်နူသည် သူမသားထံ သက်တော်စောင့်တစ်ယောက်အဖြစ် အပေးခံခဲ့ရခြင်းဖြစ်သည်။
ဘယ်သောအခါမှ မကျင့်ကြံဖူးဘဲ အင်အားလည်းမရှိသော မိန်းကလေးသည် ရုတ်တရက်ကြီး ဗာဂျရာအဆင့်ထက် သာလွန်သည့် အရှိန်အဝါတို့ိကို ထုတ်ဖော်ခဲ့သည်။ ကျန်းရှောင်နူ၏ နောက်ခံမှာ သေချာပေါက် မရိုးရှင်းပေ။ ရီဖျောင်ဖျောင်သည် ထိုအကြောင်းအား သိထားပြီး သူမအား မွေးစားနိုင်ခဲ့လျှင် ရီဖျောင်ဖျောင်၏ နောက်ခံမှာ ပို၍ ဆန်းကြယ်နေပြီဖြစ်သည်။
ဟဲလောင်သည် တံတွေးမျိုချလိုက်ပြီး တုန်ယင်နေခြင်းအား ကြိုးစားထိန်းချုပ်လိုက်သည်။ ကျန့်ဝူရွှမ်းသည် သူ့အား ကျန်းရီ၏ နောက်လိုက်လုပ်ခိုင်းခြင်းမှာ ကံကြမ္မာနတ်ဘုရားမက သူ့အားပေးသည့် လက်ဆောင်ကြီးဖြစ်သည်။ ကျန်းရီနောက်သို့ လိုက်ရခြင်းမှာ သူ့အား ကောင်းကင်ဘုံသို့ တက်ရန် ရွှေလမ်းကြီး ဖောက်ပေးထားခြင်းနှင့် အတူတူပင်။
ဝှစ်...
ကျန်းရှောင်နူသည် ဆတ်ခနဲတုန်လှုပ်သွားပြီးနောက် ကျွန်းတစ်ခုထံ အလျင်အမြန် ပြေးသွားလိုက်သည်။ သူမသည် ထိုကျွန်း၏ အထက် ကောင်းကင်ပြင်သို့ ရောက်သည့်အခါ သူမ၏အရှိန်အဝါတို့မှာ အားလျော့သွားခဲ့သည်။ သူမ၏ ဆံပင်များသည် အနက်ရောင် ပြန်ပြောင်းသွားခဲ့ပြီး သူမ၏ မျက်ဝန်းများထဲမှ အစိမ်းရင့်ရောင်အလင်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ နားရွက်များ၊ လက်များသည်လည်း ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး ကျောနောက်မှ တောင်ပံတစ်စုံလည်း ကွယ်ပျောက်သွားခဲ့သည်။ သူမ၏ကိုယ်သည် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ကျန်းရီတို့နှင့်အတူ ပြုတ်ကျသွားခဲ့သည်။
"ရှောင်နူ"
ကျန်းရီသည် ထိတ်လန့်သွားခဲ့သည်။ သူသည် ကျန်းရှောင်နူအား ဖမ်းကိုင်လိုက်ပြီး မြေပေါ်ကျသွားခဲ့သည်။ မြေပြင်ပေါ်လိမ့်သွားခဲ့သောခဏတွင် သူသည် ကျန်းရှောင်နူအား ကာကွယ်ပေးထားခဲ့သည်။ ထို့နောက် သူသည် ထထိုင်၍ သူ့လက်များထဲမှ ကျန်းရှောင်နူအား ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။
"ရှောင်နူ...မင်း အဆင်ပြေရဲ့လား"
"ဖူး..."
ကျန်းရှောင်နူ၏ ပါးစပ်ထဲမှ သွေးများသည် ကျန်းရီ၏ မျက်နှာထံ ထိမှန်သွားခဲ့သည်။ သူမ၏အရှိန်အဝါမှာ ပိုမို အားနည်းလာခဲ့သည်။ အဆုံးတွင် သူမသည် ဘာမှမပြောနိုင်ဘဲ ခေါင်းအားကိုင်၍ မေ့မျောသွားခဲ့သည်။
"ရှောင်နူ...ရှောင်နူ"
ကျန်းရီသည် သူ့မျက်နှာပေါ်မှ သွေးများကို မသုတ်နိုင်ဘဲ ကျန်းရှောင်နူအား အော်ခေါ်နေခဲ့သည်။ ဟဲလောင်သည် ရှေ့တက်၍ ကျန်းရှောင်နူ၏ သွေးကြောကို စမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ဆေးတစ်လုံးနှင့် ရေတို့ကိုထုတ်၍ သူမအားတိုက်လိုက်ပြီး ကျန်းရီဘက်လှည့်၍ ပြောလိုက်သည်။
"သခင်လေးရီ...မစိုးရိမ်ပါနဲ့။ ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်မသွားပါဘူး။ သူမမောပန်းသွားရုံတင်ပါ"
"ငါသိပြီ"
အသက်ဝဝရှူလိုက်ပြီးနောက် ကျန်းရီသည် ကျန်းရှောင်နူအား ကုသရန် သူ့လက်မှတစ်ဆင့် သူမ၏ကိုယ်တွင်းသို့ အတွင်းအားများ လွှဲပြောင်းပေးလိုက်သည်။ သို့သော်လည်း ထိုအတွင်းအားများ ကျန်းရှောင်နူ၏ သွေးကြောများအတွင်း ဝင်ရောက်သွားသည်နှင့် အမည်မသိသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာခဲ့ပြီး ကျန်းရီ၏ အတွင်းအားများကို တွန်းထုတ်လိုက်ရာ ကျန်းရီမှာ လွင့်စင်ထွက်သွားခဲ့သည်။
ဟဲလောင်သည် သူ့အား ချက်ချင်း တားဆီးလိုက်သည်။
"သခင်လေးရီး...အလျင်စလို မလုပ်ပါနဲ့။ မိန်းကလေးရှောင်နူက ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုခုက ဖြစ်ပါလိမ့်မယ်။ သူမကို ကုသဖို့ ကူညီတာက သူမကို သတ်နေသလိုတောင် ဖြစ်သွားနိုင်ပါတယ်"
"ငါသိပြီ"
ကျန်းရီသည် ဘာမှမလုပ်ရဲတော့ပေ။ သူသည် ကျန်းရှောင်နူ အားနည်းလွန်း၍ အိပ်ပျော်သွားခြင်း ဟုတ်မဟုတ် သေချာအောင် ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက်မှ သူစိတ်အေးသွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဟဲလောင်အား ပြောလိုက်သည်။
"ဟဲလောင်...ငါ့ရဲ့ ဒဏ်ရာတွေကို ငါအရင်ကုဦးမယ်။ မင်းစောင့်ကြည့်ထားပေး။ ပြီးရင် ငါတို့ဆက်သွားကြမယ်။ ဒီနားက သိပ်မလုံခြုံဘူး"
"ကောင်းပါပြီ"
ဟဲလောင်သည် ခေါင်းငြိမ့်လိုက်သည်။ သူတို့သည် ကြောက်စရာနေရာမှ ယခုလေးတင် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ အနီးအနားတွင် နတ်ဆိုးသားရဲများ ရှိမရှိ မသေချာပေ။ ကျန်းရီသည် ကျန်းရှောင်နူအား တွဲ၍ ကျွန်းပေါ်ရှိ တောအုပ်ထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် သူသည် ဆေးတစ်လုံးသောက်၍ ဒဏ်ရာများကို ကုသနေလိုက်ပြီး ဟဲလောင်မှာ ကင်းစောင့်နေခဲ့သည်။
ကံကောင်းထောက်မ၍ အနီးအနားတွင် ပင်လယ်နတ်ဆိုးသားရဲများ ရှိကြပုံမပေါ်ပေ။ ကျန်းရီ ဒဏ်ရာများကုသနေသည့် ခြောက်နာရီအတွင်းတွင် ပတ်ဝန်းကျင်မှာ အလွန်ငြိမ်းချမ်းနေခဲ့သည်။ ကျန်းရီ၏ သွေးကြောအတော်များများ ပျက်စီးသွားရာ သူ့ကိုယ်တွင်းအဂါၤများလည်း ထိခိုက်သွားခဲ့သည်။ သူကျန်းရှောင်နူအား ကုသရန် ထုတ်ဖော်လိုက်သည့် အတွင်းအားမှာ သွေးကြောငယ်လေးများထံမှ ဖြစ်သည်။ ကံကောင်းထောက်မ၍ သူ့ကိုယ်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်မသွားခဲ့ပေ။ သူ၏ ဒဏ်ရာတစ်ဝက်ခန့်မှာ ပြန်ကောင်းလာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ ကိုယ်တွင်းသွေးယိုစိမ့်မှု မရှိတော့ပေ။ ဤအချိန်အတောအတွင်း အတွင်းအားအမြောက်အများ မသုံးသရွေ့ သူအဆင်ပြေလောက်သည်။
"သွားစို့"
ဒဏ်ရာအချို့ ပြန်ကောင်းသွားသည်နှင့် ကျန်းရီသည် ကြာကြာမနေတော့ပေ။ ဤနေရာနှင့် ဝေးလေလေ သူတို့အတွက် လုံခြုံလေလေဖြစ်သည်။ ကျားပါးစပ် လွတ်မြောက်ရန်ပင် အလွန်ခက်ခဲနေပြီဖြစ်ရာ ဝံပုလွေအုပ်ကြားသို့ သူထပ်မရောက်ချင်တော့ပေ။
သူသည် ဟဲလောင်နှင့် ကျန်းရှောင်နူအား မြစိမ်းကြည်လင်ပန်းအိုးအတွင်းထည့်၍ ကြယ်တံခွန်ကျွန်းထံ ဆက်လက်နေရာရွှေ့ပြောင်းလိုက်သည်။ အစောပိုင်းက မြစိမ်းကြည်လင်ပန်းအိုးကို ခွဲမပစ်လိုက်မိသည်မှာ တော်သေးသည်။ မဟုတ်ပါက လက်ရှိအခြေအနေတွင် ဘာလုပ်ရမည်မှန်း သူတကယ်သိမည်မဟုတ်။
နေ့ဝက်ခန့် နေရာရွှေ့ပြောင်းအပြီးတွင် ပင်လယ်ပြင်တွင် မည်မျှခရီးရောက်ခဲ့ပြီးမှန်း သူမသိပေ။ သူလုံးဝဘေးကင်းကြောင်း သေချာသွားသည့်အခါ ဆက်မသွားတော့ပဲ ကျွန်းတစ်ကျွန်းရှာ၍ ပြေးသွားလိုက်သည်။ သူသည် ကျွန်းပတ်လည်အား သေချာစစ်ဆေးလိုက်ပြီး နတ်ဆိုးသားရဲတစ်ကောင်မှ မတွေ့သောအခါမှ ဟဲလောင်နှင့် ကျန်းရှောင်နူအား ထုတ်ပေးလိုက်သည်။ ထို့နောက်တွင် မြေပြင်ပေါ်လှဲချ၍ သူအိပ်စက်လိုက်တော့သည်။
ဟဲလောင်သည် မြေပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် ကျန်းရီနှင့် ကျန်းရှောင်နူအား တစ်လှည့်စီကြည့်လိုက်သည်။ အချိန်တိုအတွင်းတွင် ကောင်းကင်ကြယ်တာရာနယ်မြေသည် ဤနှစ်ဦး၏ လက်အောက်သို့ ရောက်သွားလိမ့်မည်ဟု သူခံစားမိလိုက်သည်။
*****