ပိုင်ရွှယ်ချင်းနှင့်ရွှေလျန်အာ
Vol. 18 Ch. 269
(ဒီလောက်မြန်တယ်လား?)
သူမ၏ အမွှေးတံလျှပ်ကိုယ်ခန္ဓာသည် ယခင်က တစ်ခါမှ မပျက်ကွက်ဖူးပေ။
သူမ၏ ပုံရိပ်ယောင်သည် တစ်ယောက်ယောက်၏ စိတ်ကို ဖမ်းဆီးလိုက်သည့်နှင့် သူတို့သည် အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုများ၌ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ပျောက်ဆုံးနေတတ်ကြပြီး နောက်ဆုံး စိတ်ဖိစီးမှုကြောင့် ပြိုကွဲသွားကြပေသည်။
သို့တိုင် ပိုင်ရွှယ်ချင်းကတော့ မိနစ်အနည်းငယ်အတွင်း ထိုအရာကို ချိုးဖျက်လိုက်သည်။
(ငါ အမှားတစ်ခုခု လုပ်မိတာလား?)
ရွှေလျန်အာ၏ ကျောက်စိမ်းလို သန့်ရှင်းသော လက်ချောင်းများသည် သူမဘေး၌ အနည်းငယ်တင်းကျပ်သွားသည်။
သူမ အစွမ်း ပျက်ကွက်သွားသည်ဟု မထင်ပေမဲ့ အမှန်တကယ် ချိုးဖောက်ခံလိုက်ရတာကြောင့် ပိုင်ရွှယ်ချင်းသည် သူမထင်
ထားသည်ထက် ပိုမိုအားကောင်းနေတာ သို့မဟုတ် သူမကိုယ်တိုင် အမှားတစ်ခု လုပ်ခဲ့မိတာ ဖြစ်နိုင်၏
သို့တိုင် စဉ်းစားဖို့ အချိန်မရှိတော့ပေ
“ဒီအတွက် မင်း ပေးဆပ်ရမယ်”
ပိုင်ရွှယ်ချင်းအသံသည် တိတ်ဆိတ်နေသော လေထုကို ချိုးဖောက်လိုက်သည်။
သူမသည် ဓားကို ဆွဲကိုင်ပြီး ရွှေလျန်အာအား တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
“အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓား “
သူမ ပုံသည် မမြင်နိုင်အောင် ဝါးသွားကာ တစ်ခဏအတွင်း တစ်ယောက်မှ ကိုးယောက်အဖြစ် ခွဲထွက်သွားပြီး နေရာမျိုးစုံကနေ တစ်ပြိုင်နက် တိုက်ခိုက်လာသည်။
စင်မြင့်ပေါ်၌ အလင်းရောင်လှိုင်းများ ပေါက်ကွဲလာပြီး ဓားတစ်ချက်ချင်းစီသည် လေထုကိုပါ ဖျက်ဆီးနိုင်ဆပ၏
ရွှေလျန်အာ၏ အင်္ကျီလက်သည် လေထဲ၌ လွင့်သွားပြီး သူမ ကိုယ်လုံးသည် မြူလို ပေါ့ပါးစွာ စီးဆင်းလှုပ်ရှားနေသည်။
ဓားအလင်းတစ်ချက် ဆင်းလာတိုင်း သူမသည် အလွန်သေးငယ်သော အကွာအဝေးမှ ရှောင်လွှဲနိုင်ခဲ့ပြီး သူမ လှုပ်ရှားမှုသည် တိကျပြီး ကြိုတင်သိထားသလို ဖြစ်နေကာ နောက်ထပ် တိုက်ခိုက်မှု ဘယ်ကလာမည်ကို သိနေသလိုပင်
ကလန် ရွှမ် ကလန်
သံဓားသည် လေထုဖြင့် ထိတွေ့နေပြီး ရွှေလျန်အာ၏ ဆံပင်အချို့ကိုသာ ဖြတ်သန်းသွားကာ သူမကိုယ်ခန္ဓာကိုတော့ မထိခိုက်နိုင်ခဲ့ပေ
သူမသည် မြန်ဆန်လို့ မဟုတ်ဘဲ ထူးဆန်းသောစွမ်းအားတစ်ခုနှင့်အတူ ရေလှိုင်းကြား လွင့်မျောနေသည့် ကြာပန်းတစ်ပွင့်လို ဓားသွားများဆီမှ အမြဲတမ်း လွတ်မြောက်နေသည်။
ရွှမ် ရွှမ်
ကြိုတင်မျှော်မှန်းထားသလိုပဲ သူမသည် တိုက်ခိုက်မှု တစ်ခုချင်းစီကို ရှောင်လွှဲနိုင်ခဲ့ကာ ပိုင်ရွှယ်ချင်းသည် အရိပ် ကိုးရိပ်အဖြစ် ခွဲထွက်ပြီး တစ်ခုချင်း ရွေ့လျားနေကာ သေစေနိုင်သည် တိကျမှုနှင့် ရွှေလျန်အာကို ဦးတည်
တိုက်ခိုက်နေသည်။
ဓားများသည် သနားညှာတာမှုမရှိဘဲ မရေတွက်နိုင်အောင် တစ်ပြိုင်နက် ဆင်းသက်လာသည့်တိုင် ရွှေလျန်အာ ခြေလှမ်းများသည် တစ်ခါမှ မလွဲချော်ခဲ့ပေ
ပရိတ်သတ် အမြင်မှာတော့ သူမ လှုပ်ရှားမှုသည် မယုံနိုင်လောက်အောင် လှပနူးညံ့ပြီး လှိုင်းထန်သော ရေကြားမှ ကြာပန်းလို နောက်ဆုံးအချိန်အထိ ဖျက်ဆီးမှုကို ရှောင်ရှားနိုင်နေသည်။
“သူမရဲ့ ထူးဆန်းတဲ့ စွမ်းရည်ကလွဲပြီးတော့ ရွှေလျန်အာကို လွယ်လွယ်ကူကူ အနိုင်ရနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူမမှာ နောက်ထပ် အားကောင်းမှုတွေ ရှိနေသေးတာပဲ”
“ဟမ်..ရှောင်နေရုံပဲ မလား? သူမ ဘာလုပ်နိုင်မှာလဲ?”
“သူမ တကယ်ပဲ အနာဂတ်ကို မြင်နိုင်တာလား?”
လွန်ခဲ့သည့်နှစ်အနည်းငယ်က ဂိုဏ်းတွေကြား လျှို့ဝှက်ယှဉ်ပြိုင်မှုတွင် ရွှေလျန်အာ တိုက်ခိုက်ခဲ့စဉ်၌ တစ်ချက်
တောင် မထိဘဲ သူမသည် ကြိုတင်သိထားသလို ရှောင်လွှဲနေခဲ့သည်။
ထိုကြောင့် သူမနှင့် သူမ စွမ်းရည်အကြောင်း အမျိုးမျိုးသော ကောလာဟလများ ပျံ့နှံ့လာခဲ့ပြီး အနာဂတ်ကြိုမြင်နိုင်သည့် စွမ်းရည်ဟု ယူဆခဲ့ကြသည်။
ကောင်းကင်ကျောက်စိမ်းခန်းမမှာတော့ ထိုသို့လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်း အများကြီးရှိတာကြောင့် အမှန်လား အမှားလားဆိုတာကို မသေချာနိုင်ပေ
သို့တိုင် ယခု မြင်နေရသည့် အခြေအနေအရ ကောလာဟလများသည် အမှန်ဖြစ်နိုင်သည်ဟု ထင်ရသည်။
မဟုတ်ပါက ရွှေလျန်အာသည် ပိုင်ရွှယ်ချင်း တိုက်ခိုက်မှုများကို ထိုပုံစံဖြင့် ရှောင်လွှဲနိုင်မည် မဟုတ်ပေ
ရွှေလျန်အာ မျက်လုံးထဲ၌ တောက်ပသော အလင်းရောင်သေးသေးလေး ပေါ်ထွက်နေကာ
တိတ်ဆိတ်နေသည့်ရေကန်ပေါ်၌ ကြယ်ရောင်တောက်နေသလိုပင်
အနာဂတ်အပိုင်းအစသည် သူမ စိတ်ထဲ၌ တောက်ပလာသည်။
ထိုနေရာကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပါက ကိုယ်တစ်ခြမ်း ပြတ်သွားသည်ကို မြင်ရသည်။
ထိုဘက်ကို လှည့်လိုက်ပါက ပခုံးကို တစ်ဖောက်ထိုးခံရမည်သာ
သူမသည် အခြားရွေးချယ်မှုကို လုပ်လိုက်ကာ သေမင်းဓားချက်မှ ဆံပင်တစ်မွှေး အကွာတွင် လွတ်မြောက်သွားသည်။
သူမ အသံသည် တိုးတိုးလေး ထွက်ပေါ်လာပြီး ဆုတောင်းသံတစ်ခုလို ဖြစ်နေ၏
“ဝိညာဉ် လရောင်ဟပ်မှု”
လေထုသည် တုန်ခါသွားပြီး မျက်နှာပြင်တစ်ခုလို ရုပ်သည် ခွဲထွက်လာကာ ဘေးကို လှမ်းသွားချေ၏
ပိုင်ရွှယ်ချင်းဓားသည် ထိုရုပ်ကို ဖြတ်ကျော်သွားပြီး အလင်းမှုန် အဖြစ် ပျောက်ကွယ်သွားသည်။
ရွှေလျန်အာသည် လက်ကို မြှောက်ပြီး ကျောက်စိမ်းလို လက်ချောင်းများကို နူးညံ့စွာ ခါလိုက်ပေသည်။
ချီစုစည်းပြီး ကြာပန်းအလင်းပြားများအဖြစ် မိုးရွာသလို လှည့်ပတ်လာသည်။
တစ်ပွင့်ချင်းစီသည် ဓားသွားကဲ့သို့ ချွန်ထက်ပေမဲ့ တကယ့်အရာလို မဟုတ်ဘဲ တစ်ခါတစ်ရံ ပေါ်လာပြီး တစ်ခါတစ်ရံ ပျောက်ကွယ်နေသည်။
ကလန်—ကလန်—ကလန်
ဓားအရိပ်သည် ကြာပန်းပွင့်ကို ထိခိုက်လာပြီး မီးတောက်နဲ့ ချီလှိုင်းများ လွင့်ပျံသွားသည်။
ပိုင်ရွှယ်ချင်း၏ မျက်လုံးများ စူးရှသွားသည်။
“ပန်းပွင့်တွေ၊ ပုံရိပ်ယောင်တွေက မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
သူမ၏ ဓားကို အပေါ်ဘက်သို့ ဆွဲလှန်လိုက်ပြီး အရိပ်ကိုးခုသည် ပြင်းထန်သည့် ထိုးချက်တစ်ခုအဖြစ် ပေါင်းစည်းသွားကာ ရွှေလျန်အာ၏ နှလုံးသားကို တိုက်ရိုက် ရည်ရွယ်ထားသည်။
သို့သော် ရွှေလျန်အာသည် နဂိုကတည်းက မြင်ပြီးသားဖြစ်သည်။
ဓားရောက်မလာမီ အချိန်ခဏလေးအတွင်း သူမ၏ ခန္ဓာကိုယ်သည် ဘေးဘက်သို့ အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ အဝတ်အစားအဖျားသည် ဓားသွားကို သေးသေးလေးသာ ထိလိုက်သော်လည်း ထိခိုက်ဒဏ်ရာ တစ်ချက်မျှ မဖြစ်ခဲ့ပေ
တစ်ပြိုင်နက်တည်းတွင် ကြာပန်းပွင့်များသည် အလွန်တိကျစွာပင် ပိုင်ရွှယ်ချင်း၏ လှုပ်ရှားမှုလမ်းကြောင်းအတွင်းသို့ ရွေ့လျားသွားကြပြီး၊ ချီပြန်လည်ထိခိုက်မှုကြောင့် ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးမိစေမည့် အခြေအနေသို့ တွန်းပို့လိုက်သည်။
ပရိသတ်တစ်ခုလုံး အံ့အားသင့်သွားသည်။
“သူမ… အဲ့ဒီထိုးချက်ကို ကြိုတင်ခန့်မှန်းလိုက်တာပဲ”
“မဟုတ်ဘူး။ ပိုင်ရွှယ်ချင်းရဲ့ တိုက်ခိုက်မှုတွေကို ကြိုသိနေတာ”
စင်မြင့်ပေါ်တွင် ကြာပန်းပွင့်များသည် ဝိညာဉ်အလင်းဖြင့် တောက်ပနေသော မြှားတံတစ်ချောင်းအဖြစ် စုစည်းသွားသည်။
ထိုတိုက်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုင်ရွှယ်ချင်း၏ မျက်နှာအရောင် ပြောင်းလဲသွားခဲ့သည်။
ကွင်းတစ်ခုလုံး တင်းမာမှုဖြင့် တုန်ခါနေပြီး ကြည့်ရှုသူအားလုံး အသက်ရှူမရဲသည့်အချိန်တွင် ရွှေလျန်အာသည် လက်နှစ်ဖက်လုံးကို မြှောက်တင်လိုက်သည်။
သူမကို ဝန်းရံနေသော ကြာပန်းပွင့်များသည် ရုတ်တရက် အစိမ်းရောင်အလင်းအမှုန်များအဖြစ် ပျော်ဝင်သွားပြီး အထက်
ကောင်းကင်အမြင့်တွင် အလင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
လေထုတစ်ခုလုံး တုန်လှုပ်သွားပြီး အလွန်ချိုမြိန်သည့် အနံ့တစ်ရပ် ပျံ့နှံ့လာရာ အားနည်းသော ကျင့်ကြံသူများ၏ စိတ်အာရုံများသည် လွင့်ပါးသွားပြီး အာရုံခံစားမှုများပင် ခိုးယူခံလိုက်ရသကဲ့သို့ ဖြစ်လာကြသည်။
သူမ၏ အသံသည် တည်ငြိမ်သော်လည်း ကျောက်စိမ်းခေါင်းလောင်းများ တီးသံကဲ့သို့ ပြတ်သားစွာ စင်မြင့်အနှံ့ ပျံ့နှံ့သွားသည်။
“ ကောင်းကင် ကျောက်စိမ်း လိပ်ပြာမုန်တိုင်း”
အလင်းရောင်သည် ထူထပ်စွာ စုစည်းသွားပြီး တစ်ခုချင်းစီသည် ကြည်လင်တောက်ပကာ ဓားသွားကဲ့သို့ စူးရှသည့် လိပ်ပြာ ထောင်ပေါင်းများစွာအဖြစ် ပုံဖော်လာသည်။ ၎င်းတို့၏ အတောင်များသည် ဖျက်ဆီးနိုင်သော ဝိညာဉ်စွမ်းအားဖြင့် တောက်ပလျက်ရှိသည်။
၎င်းတို့သည် အတူတကွ စုစည်းကာ လှည့်ပတ်သည့် မုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စင်မြင့်အပေါ်ကောင်းကင်ကိုပင် ဖုံးလွှမ်းလိုက်သည်။
ထို့နောက် ရေလှောင်ကန် ပေါက်ကွဲသလို
၎င်းတို့သည် အောက်ဘက်သို့ ကျလာသည်။
လိပ်ပြာများသည် ဖျက်ဆီးမှုအပြည့်ဖြင့် မုန်တိုင်းတစ်ခုလို ဆင်းသက်လာကာ လွတ်မြောက်နိုင်သည့် လမ်းကြောင်းအားလုံးကို ဖုံးလွှမ်းပြီး ဆုတ်ခွာနိုင်သည့် အခွင့်အလမ်းအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
ရွှေလျန်အာ၏ ကြိုတင်မြင်နိုင်စွမ်းပင် ထိုရလဒ်ကို ပြောနေခဲ့သည် - ထိုအခြေအနေမှ အသက်ရှင်လွတ်မြောက်နိုင်ခြင်း မရှိပေ
ပရိသတ် တစ်ပြိုင်နက် အသက်ရှူရပ်သွားကြသည်။
“ပိုင်ရွှယ်ချင်း ပြီးဆုံးသွားပြီ။ ဒါက ကောင်းကင်ကျောက်စိမ်းခန်းမရဲ့ အားအကြီးဆုံး နည်းစနစ်ပဲ”
“အဲ့ဒါကို ရှောင်လွှဲနိုင်သူ မရှိဘူး—လုံးဝ မလွတ်မြောက်နိုင်တဲ့ တိုက်ခိုက်မှုပဲ”
ပိုင်ရွှယ်ချင်း၏ မျက်လုံးများ တောက်လောင်သွားခဲ့ပြီး အပြာဖျော့ဖျော့ မျက်လုံးများသည် အအေးမီးလောင်သလို လင်းလက်နေသည်။
သူမ မဆုတ်ခွါခဲ့သလို မည်သည့် တိုက်ခိုက်နည်းမျိုးဖြင့် ပြန်လည်တုံ့ပြန်ရန်လည်း မကြိုးစားခဲ့ပေ
ယင်းအစား သူမ၏ ခန္ဓာကိုယ်က လှုပ်ရှားလိုက်သည်။
ခြေလှမ်းတစ်လှမ်း လှမ်းပြီး ရိုက်ချလိုက်သည်။
သူမ၏ ဓားသည် မျက်စိမနှင့် မမြင်နိုင်လောက်အောင် မြန်ဆန်စွာ လှုပ်ရှားပြီး သူမ၏ လမ်းကြောင်းကို ထိလာသည့် လိပ်ပြာတိုင်းအား ချိုးဖျက်ပစ်သည်။
သူမသည် မှုန်ဝါးသွားပြီး သေမင်းအတောင်များ
နီးကပ်လာသည့်အခါ ကိုယ်ကို ချိုးကွေးရင်း နောက်ထပ် လိပ်ပြာအစုတစ်စုအား လေထဲ၌ပင် လှည့်ကွေးကာ ရှောင်လွှဲသွားသည်။
သူမ၏ တုံ့ပြန်အမြန်နှုန်းသည် ယုံကြည်မရနိုင်လောက်အောင် မြင့်မားပြီး လှုပ်ရှားနိုင်စွမ်းသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်ကာသူမ၏ အာရုံခံစားနိုင်စွမ်းသည်လည်း ကြိုတင်မြင်နိုင်စွမ်းထက်ပင် ထက်မြက်နေသည်။
သူမ ရှောင်လွှဲနိုင်ခဲ့သည်။
ကြိုတင်ခန့်မှန်းမှုဖြင့် မဟုတ်ဘဲ
မရေတွက်နိုင်လောက်သော တိုက်ပွဲများအတွင်း အလွန်အမင်း မြန်နှုန်းနှင့် ကြောက်မက်ဖွယ် တုံ့ပြန်မှုစွမ်းရည်တို့ကြောင့် ဖြစ်သည်။
ကောင်းကင်ကျောက်စိမ်း လိပ်ပြာများသည် သူမ၏ ဓားအလင်းနှင့် ထိခိုက်ကာ ချိုးဖျက်ခံရသည်။ စင်မြင့်အပေါ်ရှိ မုန်တိုင်းကြီးသည် ပြိုကွဲသွားကာ အလင်းမီးစက်များအဖြစ် ပြောင်းလဲပြီး ကွင်းမြေပြင်ပေါ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ပရိသတ်အစုအဝေးသည် မယုံကြည်နိုင်သလို ဆူညံပေါက်ကွဲသွားပြီး အချို့က ထိုင်ရာမှ ထရပ်လာကြသည်။
“သူမ ရှောင်နိုင်တယ်။ မဖြစ်နိုင်တာပဲ”
စင်မြင့်ပေါ်တွင် ရွှေလျန်အာ၏ တည်ငြိမ်မှုသည် နောက်ဆုံးတွင် ကွဲပြားသွားခဲ့သည်။
သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပိုင်ရွှယ်ချင်းကို ကြည့်နေမိသည်။ ပိုင်ရွှယ်ချင်းသည် အလင်းရောင် ပျောက်ကွယ်သွားသည့် အလယ်၌ ဒဏ်ရာတစ်ချက်မျှ မရှိဘဲ ရပ်နေခဲ့သည်။
(ဘယ်လိုလုပ်ပြီး…ငါတောင် ထွက်လမ်း မရှာနိုင်ခဲ့တာ၊ ဒါပေမယ့် သူမက)
သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်ချောင်းများ အနည်းငယ် တုန်ယင်သွားပြီးနောက် ဘေးသို့ ဖြည်းညင်းစွာ ရပ်လိုက်သည်။ ထို့နောက် သူမ၏ တည်ငြိမ်သည့် မျက်နှာအမူအရာသည် မာနကြောင့် မဟုတ်ဘဲ လက်ခံမှုကြောင့်တည်ငြိမ်သွားသည်။
“အခုတော့ နားလည်သွားပါပြီ” သူမ နူးညံ့စွာ ပြောလိုက်ပြီး လူအုပ်၏ ဆူညံသံကြားမှာပင် သူမ၏ အသံကို ထင်ရှားစွာ ကြားနိုင်ခဲ့သည်။
“ငါ့နည်းစနစ်တွေ ဘယ်လောက်ပဲ သန့်စင်နေပါစေ၊ ငါ့ရဲ့ ကြိုတင်မြင်နိုင်စွမ်း ဘယ်လောက်ပဲ တိကျနေပါစေ။ မင်းရဲ့ အင်အားအစစ်နဲ့ ဆုံးဖြတ်ချက်ရှေ့မှာ ငါ့အတွက် အနိုင်ရနိုင်တဲ့ လမ်းကြောင်း မရှိပါဘူး။”
ရွှေလျန်အာသည် မျက်လုံးများ ပိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်ကာ ပိုင်ရွှယ်ချင်းကို လေးစားမှုဖြင့် ဦးညွှတ်လိုက်သည်။
“ကျွန်မ ရှုံးနိမ့်ကြောင်း လက်ခံပါတယ်”