ကျောက်စိမ်းဖြူ ရုပ်တု
Vol. 1 Ch. 387
ကျန်းရီသည် ဆယ့်ငါးနာရီကြာ အိပ်စက်ပြီးနောက် နိုးလာခဲ့သည်။ အချိန်မှာ ရောင်နီမလာခဲ့သေးပေ။ ကျန်းရှောင်နူမှာ သူ့ဘေးတွင် လဲလျောင်းနေဆဲဖြစ်ပြီး မလှမ်းမကမ်းမှ ဟဲလောင်သည် တင်ပျဉ်ချိတ်၍ သတိအနေအထားဖြင့် ကျင့်ကြံနေခဲ့သည်။
သူသည် ကျန်းရှောင်နူ၏ ဒဏ်ရာများကို စစ်ဆေးလိုက်ပြီး အားနည်းနေ၍ နိုးမလာခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်အေးသွားခဲ့သည်။ သူသည် ဟဲလောင်အား အခြေအနေတို့ိကို မေးမြန်းပြီးနောက် တင်ပျဉ်ချိတ်ထိုင်၍ ဒဏ်ရာများကို ကုသလိုက်သည်။
ခုနှစ်နာရီ၊ ရှစ်နာရီခန့် ကုသပြီးနောက် သူ့သွေးကြောအတော်များများ ပြန်ကောင်းနေပြီဖြစ်သည်။ သူအတွင်းအားပြန်သုံး၍တောင် ရနေပြီဖြစ်သည်။ ကျန်းရီသည် ဒဏ်ရာကုသခြင်းကို ရပ်တန့်လိုက်ပြီး ဟဲလောင်သူ့အား ပေးလာသည့် အသားခြောက်နှင့် ရေတို့ကို စားသောက်လိုက်သည်။ သူသည် ကျန်းရှောင်နူအား လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
"ဟဲလောင်...ရှောင်နူ ဘာဖြစ်သွားတာလဲ။ သူမက ထူးခြားတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်မယ်လို့ မင်းပြောခဲ့တယ်။ အဲ့ဒါ သူမက လူသားစင်စစ်မဟုတ်ဘူးလို့ ဆိုလိုတာလား"
"မဟုတ်ပါဘူး"
ဟဲလောင်သည် ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"ကျန့်ဂိုဏ်းက ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုပဲလေ၊ ဒါပေမယ့် သာမန်လူသားတွေနဲ့ ဖွဲ့စည်းထားတာပဲ။ မိန်းကလေး ရှောင်နူကလည်း ကျန့်ဂိုဏ်းလိုမျိုး ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုက ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူမရဲ့မျိုးနွယ်စုက စစ်နတ်ဘုရားမျိုးနွယ်စုထက် အဆများစွာ အင်အားကြီးတယ်။ သခင်လေးရီ...မိန်းကလေးရှောင်နူရဲ့ နောက်ခံနဲ့ပတ်သက်ပြီးတော့ အရှင်ယွင်ဟိုင်က ဘာမှမပြောခဲ့ဘူးလား"
"သူပြောခဲ့တယ်"
တစ်ခဏစဉ်းစားလိုက်ပြီးနောက် ကျန်းရီဆက်ပြောလိုက်သည်။
"အဖိုးလည်း သေချာမသိတာ ဖြစ်လိမ့်မယ်။ ရှောင်နူကို ငါနှစ်နှစ်သားအရွယ်ရောက်မှ အမေက ခေါ်လာခဲ့တာ...သူမ ဘယ်ကလဲဆိုတာတော့ ဘယ်သူမှမသိဘူး။ အဖိုးနဲ့ငါက ရှောင်နူကို အမေရှာတွေ့လာတဲ့ စွန့်ပစ်ခံကလေးလေးလို့ပဲ ထင်ခဲ့ကြတာ...ရှောင်နူက ငယ်ငယ်လေးတည်းက သာမန်အတိုင်းပဲ။ အခု သူမက ရုတ်တရက်ကြီး အသွင်ပြောင်းသွားပြီးတော့ အဲ့လောက်ပြင်းထန်တဲ့ အင်အားကိုလည်း ပိုင်ဆိုင်လာတယ်"
ဟဲလောင်မှာ သူ့ယူဆချက် မှန်ကန်ကြောင်း ပို၍ပင် သေချာလာခဲ့သည်။ ကျန်းရှောင်နူသည် ကျန်းရီ၏ သက်တော်စောင့် သို့မဟုတ် ကိုယ်လုပ်တော်ဖြစ်လာစေရန် ရီဖျောင်ဖျောင်၏ ရည်ရွယ်ချက်ရှိရှိ မွေးစားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ထိုအကြောင်းကို သူထုတ်မပြောရဲပေ။ သူသည် အသံတိုးတိုးဖြင့်သာ ပြောလိုက်သည်။
"သခင်လေးရီ...ကျွန်တော်တို့ ဒီလိုတွေလျှောက်ပြီး မှန်းဆနေတာက အသုံးမဝင်ဘူး။ မိန်းကလေးရှောင်နူ နိုးလာမှပဲ မေးပါလား။ သူမက သူမကိုယ်ထဲက စွမ်းအင်ကိုထိန်းချုပ်နိုင်ပြီး အသွင်လည်းပြောင်းနိုင်တာ ဆိုတော့ သူမကိုယ့်အကြောင်းကိုယ် အတော်များများ သိထားလောက်တယ်"
"အင်း"
ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီးနောက် ဘာမှမပြောတော့ချေ။ သူသည် ကျန်းရှောင်နူအား လှမ်းကြည့်လိုက်ပြီးနောက် အသာပြုံးလိုက်သည်။ ကျန်းရှောင်နူသည် မည်သည့်အရာအဖြစ် ပြောင်းသွားသွား၊ စွမ်းအားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ...ကိစ္စမရှိပေ။ သူ့အတွက် သူမသည် ကျန်းရှောင်နူသာ ဖြစ်နေဆဲပင်။
"ကြယ်တံခွန်ကျွန်းကို အရင်သွားကြရအောင်...ပင်လယ်ပြင်က အန္တရာယ်များတယ်"
ကျန်းရီသည် လက်ထဲမှ အရိုးကို လွှင့်ပစ်လိုက်ပြီး ထရပ်လိုက်သည်။ သူသည် ကျန်းယွင်ဟိုင်တို့နှစ်ယောက်ကို မြစိမ်းကြည်လင်ပန်းအိုးအတွင်း ထည့်လိုက်ပြီး ကြယ်တံခွန်ကျွန်းထံ နေရာရွှေ့ပြောင်းလိုက်သည်။ သူတို့သည် ပင်လယ်နတ်ဆိုးသားရဲများနှင့် မတွေ့ရခင် ကြယ်တံခွန်ကျွန်းနှင့် နှစ်ရက်တောင် မကွာဝေးတော့ပေ။ သူသည် ယာ့ဇီသားရဲလောက် မမြန်သော်လည်း နေ့ဝက်ကျော်နေရာရွှေ့ပြောင်းပြီးပြီဖြစ်ရာ တစ်ရက်နှစ်ရက်အတွင်း ကြယ်တံခွန်ကျွန်းသို့ ရောက်ရှိလောက်သည်။
ကျန်းရီထံတွင် ကြယ်တံခွန်းကျွန်း၏ မြေပုံရှိသည်။ သူသည် ရေပြင်အနေအထားကို လေ့လာ၍ ဦးတည်ရာဘက်ကို မကြာခဏ သေချာစစ်ဆေးနေခဲ့သည်။ နေ့ဝက်ကျော်နေရာရွှေ့ပြောင်းပြီးတိုင်းတွင် ကျန်းရီသည် အန္တရာယ်ကြုံပါက မလွတ်မြောက်မည်စိုး၍ စိတ်ဝိဉာဉ်မောပန်းခြင်းမှ ကာကွယ်ရန် ရပ်တန့်၍ အနားယူတတ်သည်။
လမ်းတွင် ရံဖန်ရံခါ၌ နတ်ဆိုးသားရဲအချို့နှင့် သူတွေ့တတ်သည်။ ၎င်းတို့အားလုံးသည် ဒုတိယအဆင့်၊ တတိယအဆင့် များသာဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်များလည်း မရှိခဲ့ပေ။ အဆင့်နိမ့်နတ်ဆိုးသားရဲများအား ရင်ဆိုင်ရခြင်းသည် သူ့အတွက် လွယ်ကူလွန်းသည်။ ထို့ကြောင့် တစ်ရင်ကျော် ခရီးဆက်ပြီးသည်အထိ အရာရာမှာ ငြိမ်းချမ်းနေခဲ့သည်။
"ဝေါင်း...ဝေါင်း"
ဒုတိယမြောက်နေ့ နေ့လည်ဘက်တွင် မြောက်ဘက်အရပ်မှ ဟိန်းဟောက်သံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် အရှေ့သို့ ခပ်သွက်သွက်နေရာရွှေ့ပြောင်းလိုက်ပြီး ကျောက်တန်းတစ်ခုပေါ်တွင်ရပ်၍ တောင်ဘက်အရပ်သို့ လှမ်းကြည့်လိုက်သည်။
ဝှစ်...
နီဝါရောင် ပုံရိပ်တစ်သည် အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။ အနီးသို့ ရောက်မလာခင်တည်းက ၎င်း၏ ပြင်းထန်လှသော အရှိန်အဝါတို့မှာ အရင်ရောက်ရှိလာခဲ့သည်။ ကျန်းရီသည် ပြုံး၍ အော်ပြောလိုက်သည်။
"ဟားဟား...နတ်ဆိုးသားရဲဘုရင်... ခင်ဗျားမသေဘူးဆိုတာ ကျွန်တော်သိနေတယ်"
ယာ့ဇီသားရဲသည် ပျံသန်းလာခဲ့ပြီး ကျန်းရီ၏ ခေါင်းအထက်တွင် ပျံဝဲနေခဲ့သည်။ ၎င်းသည် ဂုဏ်ဆာစွာဖြင့် ပြောလာခဲ့သည်။
"ပုစွန်နဲ့ ဂဏန်းလေးနှစ်ကောင်ပါပဲ။ ငါတစ်ကောင်ကို အသာလေးသတ်လိုက်တယ်။ ကျန်တဲ့တစ်ကောင်သာ အပြေးမမြန်ရင် သူ့ကိုလည်း ငါသတ်နိုင်မှာသေချာတယ်။ သူတို့ရဲ့ အင်အားမဖြစ်စလောက်လေးနဲ့ ငါ့ကိုများ လာတိုက်ရဲတယ်"
"အသာလေးတဲ့လား"
ကျန်းရီသည် ပြုံးလိုက်ရင်း ယာ့ဇီသားရဲ၏ တင်ပါးကြီးများပေါ်မှ ဒဏ်ရာနက်ကြီးများကို ကြည့်လိုက်သည်။ သွေးစများမရှိသော်လည်း ထိုဒဏ်ရာများသည် ရက်တော်တော်ကြာသည်အထိ ပျောက်မည်မဟုတ်။ ထိုစဉ်က ဒဏ်ရာများ မည်မျှ ပြင်းထန်ခဲ့ကြောင်း စိတ်ကူးကြည့်နိုင်ပါသည်။
"မင်းဘာကြည့်နေတာလဲ။ ကောင်စုတ်လေး...မင်းတက်မလာသေးရင် ငါမင်းကိုမခေါ်ဘဲ သွားတော့မှာနော်"
ယာ့ဇီသားရဲသည် ရှက်လွန်း၍ ဒေါသထွက်လာခဲ့သည်။ ကျန်းရီသည် ပြုံးလိုက်ပြီး ၎င်း၏ ကျောပေါ်သို့ နေရာရွှေ့ပြောင်းလိုက်သည်။ ထို့နောက် သူမေးကြည့်လိုက်သည်။
"နတ်ဆိုးသားရဲဘုရင်...ဘာလို့ အဲ့ဒီနတ်ဆိုးသားရဲဘုရင်တွေ ငါတို့ကို တိုက်ခိုက်တာလဲ။ အဲ့ဒီနေရာက ပင်လယ်ရေနက်ပိုင်း မဟုတ်သေးဘူးလေ။ ငါနည်းနည်းပဲပြေးရသေးတယ်၊ နောက်ထပ်နတ်ဆိုးသားရဲဘုရင်တစ်ကောင်နဲ့ ထပ်တွေ့သေးတယ်။ ပြီးတော့ ထူးဆန်းတဲ့ ပင်လယ်နယ်နိမိတ်ထဲကို ငါရောက်သွားခဲ့တယ်။ ငါအဲ့နေရာမှာ သေတော့မလို့ပဲ"
ယာ့ဇီသားရဲသည် ရှေ့သို့ ပျံသန်းတော့မလို့ပင်။ သို့သော် ကျန်းရီ၏ စကားများကို ကြားသော် ၎င်းသည် နောက်ပြန်လှည့်၍ အလေးအနက် မေးလာခဲ့သည်။
"မင်း နောက်ထပ်နတ်ဆိုးသားရဲဘုရင်တစ်ကောင်နဲ့ တွေ့ပြီးတော့ ထူးဆန်းတဲ့ ပင်လယ်အပိုင်းအခြားထဲကို ရောက်သွားခဲ့သေးတယ်။ အဲ့ဒါက သေမင်းပင်လယ်ပြင်များလား။ အဲ့ဒီမှာ ညဘက်ဆို မိုးကြိုးတွေရှိတယ်မလား"
"သေမင်းပင်လယ်ပြင်ဟုတ်လား"
ကျန်းရီသည် ထိုစကားကို နားမလည်၍ မျက်တောင်တစ်ဖျတ်ဖျတ် ခတ်၍ စဉ်းစားလိုက်သည်။ သူသည် လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲဘုရင်အား ကျန်းရှောင်နူ သူတို့ကို ကယ်ခဲ့သည့်အပိုင်းမှလွဲ၍ သူ၏အတွေ့အကြုံများကို ပြောပြလိုက်သည်။
ကျန်းရှောင်နူသည် အသွင်ပြောင်းနိုင်ပြီး အချိန်တိုအတွင်း သူမ၏စွမ်းအားကို အလွန်မြင့်သည့်အဆင့်ရောက်အောင် မြှင့်တင်နိုင်သည်။ ထိုသတင်းသာ ပျံ့သွားပါက နယ်မြေတစ်ခုလုံး အလန့်တကြား ဖြစ်ကုန်ကြလိမ့်မည်။ သူသည် ကျန်းရှောင်နူနာကျင်မည်အား မလိုလားပေ။ ထို့ကြောင့် ထိုအကြောင်းကို မည်သူ့ကိုမှ သူပြောမပြတော့ပေ။
"ကောင်လေး...မင်းတကယ် သေမင်းပင်လယ်ပြင်ကနေ ထွက်လာနိုင်တာလား။ မင်းက တကယ့်ကို လူထူးဆန်းပဲ"
ယာ့ဇီသားရဲသည် မယုံကြည်နိုင်သော မျက်လုံးများနှင့် စကားဆက်ပြောလာခဲ့သည်။
"ငါစကြဝဋ္ဌာနန်းတော်က ထွက်လာတုန်းက သခင်ကငါ့ကို စိတ်ချင်းဆက်သွယ်ပြီး စကားပြောခဲ့ဖူးတယ်။ သူကငါ့ကို ဒီနယ်မြေရဲ့နေရာသုံးခုကို သတိထားခိုင်းလိုက်တယ်။ ပထမတစ်ခုက သေမင်းပင်လယ်ပြင်၊ ဒုတိယတစ်ခုက တောင်စဉ်သုံးထောင်ရဲ့ နတ်သမီးတောင်ထွတ်၊ နောက်ဆုံးတစ်ခုက အိပ်မက်ပင်လယ် ချောက်နက်ပဲ။ သခင်က ငါအဲ့သုံးနေရာကိုသွားရင် သေချာပေါက်အသက်ဆုံးရှုံးလိမ့်မယ်လို့ ပြောခဲ့တယ်။ မင်းထွက်လာနိုင်မယ်လို့ ငါထင်မထားခဲ့ဘူး"
"အာ.."
ကျန်းရီသည် မယုံနိုင်စွာ မေးလိုက်မိသည်။
"စုန်းနတ်ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက သေသွားခဲ့တာမဟုတ်ဘူးလား။ နယ်မြေကို သူဘယ်လိုလုပ်ပြီး သေချာသိနေတာလဲ "
"ဟမ့်"
ယာ့ဇီသားရဲသည် ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်ပြီး ပြောလာခဲ့သည်။
"သခင်က တကယ့်ပါရမီရှင်အစစ်ဖြစ်ပြီး အင်အားအကောင်းဆုံး ရှေးဟောင်းမှော်ပညာဆယ်မျိုးကို တတ်မြောက်ခဲ့တယ်။ အဲ့အထဲက တစ်ခုက နယ်မြေတစ်ခုလုံးနဲ့ ဘေးပတ်ဝန်းကျင်က ပင်လယ်ပြင်ကို ထောက်လှမ်းနိုင်တဲ့ အစွမ်းရှိတယ်။ သူက မင်းအန္တရာယ်ကြုံမှာစိုးလို့ သူ့ရဲ့နည်းနည်းပဲကျန်တဲ့ စိတ်ဝိဉာဉ်စွမ်းအားတစ်ချို့ကို လောင်ကျွမ်းခံပြီး မင်းအတွက် ရှာသင့်တာတွေ ရှာပေးလိုက်တာ"
"နယ်မြေကို ရှာဖွေတာ..."
ကျန်းရီသည် ကြိတ်၍ အံ့အားသင့်နေခဲ့သည်။ ထိုမှော်ပညာသည် စုန်းနတ်ဘုရား သေဆုံးသွားပြီးနောက်တွင်တောင် သုံး၍ ရနေသေးသည်။ သူသာ အသက်ရှင်သေးပါလျှင် စုန်းနတ်ဘုရား မည်မျှစွမ်းအားကြီးလိုက်မည်နည်း။
ဒီမှော်ပညာက တော်တော်စွမ်းအားကြီးတာပဲ။ ငါကြယ်တံခွန်ကျွန်းက ပြန်ပြီးတာနဲ့ စုန်းနတ်ဘုရားတားမြစ်နယ်မြေကိုသွားပြီး မှော်ပညာကို ချက်ချင်းသင်ယူရမယ်။ မဟုတ်လို့ ငါနှောင့်နှေးသွားခဲ့ရင် မှော်ပညာတွေ ဒီလောကက ပျောက်ကွယ်သွားလိမ့်မယ်...
ကျန်းရီသည် စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် ယာ့ဇီသားရဲသည် ဆက်ပြောလာခဲ့သည်။
"ပင်လယ်နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်မှုက နည်းနည်းသံသယဝင်စရာကောင်းတယ်။ မင်းရဲ့ရန်သူတွေ သူတို့ကို ဒေါသထွက်အောင် တမင်လုပ်ခဲ့တာပဲ ဖြစ်ရမယ်။ မဟုတ်ရင် အဲ့ဒီနတ်ဆိုးသားရဲဘုရင်တွေ ပူးပေါင်းပြီး တိုက်ခိုက်မှာမဟုတ်ဘူး။ သာမန်ငါးတွေ ပုစွန်တွေကလည်း ငါ့ကိုရန်စရဲမှာမဟုတ်ဘူး။ အဟမ်း...ကောင်လေး၊ မင်း လူအများကြီးကို ရန်သူ လုပ်ထားတာပဲ။ မင်းရဲ့စွမ်းရည်တွေကို သေသေချာချာ မလေ့ကျင့်ရင် တစ်နေ့မှာ မင်းသေသွားလိမ့်မယ်"
ဝှစ်...
စကားဆုံးသည်နှင့် ယာ့ဇီသားရဲသည် အလင်းတန်းအလား ပြောင်းလဲသွားကာ မြောက်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။ ၎င်းသည် ကျန်းရီထက် အဆများစွာ မြန်လေသည်။
နေ့တစ်ဝက်ခန့်အကြာတွင် ကျွန်းကြီးတစ်ကျွန်းသည် သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ကျွန်းသည် အလွန်ထူးခြားသည့် မြေမျက်နှာသွင်ပြင် ရှိသည်။ ၎င်းသည် ပင်လယ်ထဲတွင် ပေါလောမျောနေသည့် ဘောလုံးတစ်လုံးနှင့် ဆင်တူပြီး ကောင်းကင်ကိုးဆင့်မှ ကြွေကျလာသည့် ကြယ်ပျံတစ်စင်းနှင့်လည်း ဆင်တူသည်။
"ကျန်းရီ...ကြယ်တံခွန်ကျွန်းက ကြိုဆိုပါတယ်"
သိမ်မွေ့နူးညံ့သည့် လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အလွန်သာယာပြီး နွေဦးလေပြည်ပမာ နူးညံ့မှုများ အပြည့်ပါနေခဲ့သည်။
သို့သော်လည်း ထိုခဏတွင် ကျန်းရီသည် ထိုအသံကို မကြားလိုက်သည့်အလား စတုရန်းပုံမြေကွက်လပ်၏ အထက်မှ ကျောက်စိမ်းဖြူ ရုပ်တုကြီးကိုသာ ငေးကြည့်နေခဲ့သည်။
ရုပ်တုသည် အသက်ရှူမှားလောက်အောင်လှသည့် မိန်းမတစ်ယောက်၏ ရုပ်တုဖြစ်သည်။ သူမသည် ဦးခေါင်းကိုမော်ချီ၍ အဝေးတစ်နေရာသို့ ဝံ့ကြွားစွာ ကြည့်နေခဲ့သည်။ အပြုံးရေးရေးတစ်ပွင့်မှာ သူမ၏နှုတ်ခမ်းတွင် ခိုတွဲနေခဲ့သည်။ သူမသည် ပြိုင်စံကင်းအောင် လှပလေသည်။
*****