မင်းအမေ မသေလောက်သေးဘူး
Vol. 1 Ch. 388
ကြယ်တံခွန်ကျွန်းသည် အလွန်ကြီးမားသော်လည်း အဆောက်အဦး အနည်းငယ်သာရှိသည်။ ကောင်းကင်မှကြည့်လျှင် ကျွန်းပေါ်တွင် စနစ်တကျ စီစဉ်ထားသည့် ကျောက်စိမ်းဖြူ အဆောက်အဦးများကို မြင်နိုင်လေသည်။ ဤနေရာသည် ရှားနိုင်ငံ တော်ဝင်နန်းတော်ထက် ဆယ်ဆခန့် ပိုမိုခမ်းနားသည်။ ထိုအဆောက်အဦးများကို ဖယ်လျှင် ကျွန်း၏ကျန်နေရာများကို သစ်ပင်များ၊ ဟင်းရွက်ခင်းများကသာ ဖုံးလွှမ်ထားခဲ့သည်။ ကျွန်းတစ်ခုလုံးမှာ နတ်ပြည်ပမာ ထူးခြားလှပနေသည်။
ကြယ်တံခွန်ကျွန်း နေထိုင်ကြသူများမှာလည်း သိပ်မများပေ။ လူဦးရေမှာလည်း တစ်သောင်းဝန်းကျင်တွင်သာ ရပ်တန့်နေခဲ့ပြီး အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ရွှေယွဲ့လျန်မျှော်စင်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော် ကြာခဲ့ပြီဖြစ်သည်။ ထို့ပြင် ၎င်းသည် အမျိုးသမီးတပည့်များကိုသာ လက်ခံပြီး အမျိုးသားများကို လက်ခံခြင်းမရှိပေ။ ကြယ်တံခွန်ကျွန်းမှာ ပြင်ပလောကကို မမှီခိုသည့် အမျိုးသမီးတိုင်းပြည်ဆိုလျှင်လည်း မမှားပေ။
ရွှေယွဲ့လျန်မျှော်စင်မှ တပည့်များသည် နယ်မြေအနှံ့ လျှောက်သွားကြပြီး ပါရမီပါသည့် မိဘမဲ့ မိန်းကလေးများကို မွေးစားကြပြီး ကြယ်တံခွန်ကျွန်းသို့ ခေါ်လာ၍ ပျိုးထောင်ပေးကြသည်။ ရွှေယွဲ့လျန်မျှော်စင်တွင် တင်းကြပ်သည့် စည်းမျဉ်းများ မရှိချေ။ တပည့်များ လက်ထပ်ချင်ပါက မျှော်စင်က တားဆီးမည်မဟုတ်ပေ။ လက်ထပ်ပြီးသွားသူတို့မှာ မျှော်စင်မှတပည့်များ မဟုတ်ကြတော့ပေ။ သို့သော် တပည့်တစ်ယောက်သည် ခွင့်ပြုချက်မရှိဘဲ အမျိုးသားတစ်ယောက်ကို ကျွန်းပေါ်ခေါ်လာခဲ့ပါက မိသွားလျှင် နှစ်ယောက်လုံး အဆုံးသတ်ကောင်းမည် မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်က ထိုသို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးသည်။ ထက်မြက်သော တပည့်မတစ်ဦးသည် ခရီးသွားရင်း ဂိုဏ်းကြီးတစ်ခုမှ သခင်လေးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ကာ ကိုယ်ဝန်ရသွားခဲ့သည်။ ထို့နောက် သူမသည် ကြယ်တံခွန်ကျွန်းမှ ချက်ချင်းပြန်လာခိုင်းသည့် အမိန့်ကို လက်ခံရရှိခဲ့သည်။ သခင်လေးသည် သူမကို စိုးရိမ်သည့်အတွက် နှစ်ယောက်သားသည် ကျွန်းပေါ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြသည်။ အဆုံးတွင် နှစ်ယောက်စလုံး ကွပ်မျက်ခံလိုက်ရသည်။
ထိုဂိုဏ်းကြီးမှ ဂိုဏ်းချုပ်သည် ဒေါသထွက်၍ မြောက်ဘက်လျန်နိုင်ငံ၏ဘုရင်ကို ကြယ်တံခွန်ကျွန်းအား တိုက်ခိုက်ပါရန် နားချခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် ထိုဂိုဏ်းကြီးမှာ အမြစ်ပြတ်သုတ်သင် ခံလိုက်ရသည်။
ဒေါသထွက်သွားသည့် မြောက်ဘက်လျန်နိုင်ငံ၏ဘုရင်သည် ဗာဂျရာအဆင့်သို့ ရောက်နေသည့် အင်ပါယာ၏ စစ်သေနာပတိချုပ်ကြီးကို စစ်သည်တစ်သောင်းကို ဦးဆောင်၍ ကြယ်တံခွန်ကျွန်းကို တိုက်ခိုက်ပေးပါရန် တောင်းဆိုခဲ့သည်။ ထို့နောက်တွင် ဖြစ်ပျက်ခဲ့သည်တု့ိကို နယ်မြေရှိ မည်သူမှ မသိခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ ရွှေယွဲ့လျန်မျှော်စင်သည် ကြယ်တံခွန်ကျွန်းထက်တွင် အားကောင်းစွာ ရပ်တည်နေဆဲဖြစ်ပြီး မြောက်ဘက်လျန်နိုင်ငံ၏ဘုရင်မှာလည်း ထိုအကြောင်းကို ဘယ်တော့မှ အစမဖော်တော့ပေ။
ထို့နောက်တွင် ရွှေယွဲ့လျန်မျှော်စင်သည် နယ်မြေအနှံ့ ကျော်ကြားသွားခဲ့သည်။ နယ်မြေမှ လူငယ်လေးများအတွက် ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးတစ်ယောက်ကို လက်ထပ်ရန်မှာ အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် ကိစ္စတစ်ခုဖြစ်သည်။ ထိုအချက်အား ရွှေချမ်လော့ နယ်မြေရှိ လူငယ်များအကြားတွင် အလွန်ရေပန်းစားနေသည်ကို ကြည့်ချင်းဖြင့် သိနိုင်ပါ၏။
ထိုသို့ဆိုလျှင် ရွှေချမ်လော့ မည်သည့်နေရာက ထွက်လာခဲ့သနည်း။ ထိုအချက်သည် နယ်မြေမှလူများ အတော်လေးစိတ်ဝင်စားကြသည့် အတင်းအဖျင်းဖြစ်သည်။ ရွှေယွဲ့လျန်မျှော်စင်မှ သတင်းတို့အရ ရွှေချမ်လော့သည် ရွှေယို့လန်မွေးစားထားသူဟု ပြောဆိုုကြသည်။ သို့သော်လည်း မည်သူမှ မယုံကြပေ။ ရွှေယို့လန်သည် ရွှေချမ်လော့အပေါ် အလွန်ကောင်းရာ မျှော်စင်မှ လူအချို့ပင် သံသယဝင်နေကြသည်။
ရွှေချမ်လော့သာ ရွှေယို့လန်၏ သမီးအရင်းဆိုပါက ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလာပေလိမ့်မည်။
ဤကမ္ဘာတွင် မည်သည့်သာမန်ထက်ထူးခြားသည့် အမျိုးသားက ရွှေယို့လန်အား ချစ်တတ်လာအောင်နှင့် ဆယ်လကိုယ်ဝန်လွယ်၍ ရွှေချမ်လော့ကိုမွေးကာ ကိုယ်တိုင်ပျိုးထောင်ပေးအောင် စွမ်းဆောင်နိုင်ခဲ့သနည်း။ သို့သော် ဤနှစ်များအတွင်း မည်သည့် အမျိုးသားမှ ပေါ်ထွက်မလာခဲ့သလို ရွှေယို့လန်သည်လည်း ထိုနှလုံးသားမဲ့သည့် အမျိုးသားကို သတ်ပစ်ခဲ့သည့်သတင်းလည်း ထွက်မလာခဲ့ပေ။
ထိုအရာများကို ကျန်းရီလည်း တစ်ကြိမ်တွေးခဲ့ဖူးသည်။
သို့သော် လက်ရှိအချိန်တွင် ထိုအကြောင်းအရာတု့ိကို တွေးနေရန် အချိန်မရှိသေး။ သူသည် ပျံသန်းရောက်ရှိလာကြသည့် တပည့်မချောချောလှလှများကိုတောင် လျစ်လျူရှုထားခဲ့သည်။
သူသည် အောက်မှ ကျောက်စိမ်းဖြူ ရုပ်တုကြီးကိုသာ ငေးကြည့်နေခဲ့သည်။ လက်ရှိအချိန်တွင် သူ့ကမ္ဘာတွင် ထိုရုပ်တုတစ်ခုသာ ရှိနေခဲ့သည်။
သူ့ထံ ပျံသန်းလာကြသည့် မိန်းကလေးများအားလုံးမှာ ငယ်ရွယ်ချောမောကြသည်။ သူမတို့၏ အင်အားမှာ အသင့်အတင့်သာရှိကြပြီး အင်အားအကြီးဆုံးလူများသည်ပင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် တတိယအဆင့်တွင်သာ ရှိကြသည်။ ကြိုးကြာဖြူများကို စီးနင်းလာကြသည့် သူမတို့သည် အစိမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်အသီးသီးကို ဝတ်ဆင်ထားကြပြီး ဓားရှည်များကို ကိုင်ဆောင်ထားကြသည်။ သူမတို့မှာ အလွန်စွဲဆောင်မှု ရှိနေပြီး သာမန်ယောက်ျားသားတို့သည် အကြည့်တောင်လွှဲနိုင်ကြမည်မဟုတ်။
"ကိုယ်စားအုပ်ချုပ်သူအရှင်ကို ကြိုဆိုပါတယ်"
ထိုလူစုသည် ယာ့ဇီသားရဲ၏ အရှိန်အဝါကြောင့် အနီးသို့ မကပ်ရဲကြပေ။ သူမတို့သည် ကျန်းရီအား လက်သီးဆုပ်၍ အရိုအသေပေးလာကြသည်။ သူမတို့သည် ရွှန်းစိုတောက်ပနေသော မျက်လုံးများဖြင့် သူတို့ရှေ့မှ နာမည်ကျော် လူငယ်အား စူးစမ်းကြည့်ရှုနေကြလေသည်။
ကျန်းရီသည် သူတို့အား ပြန်နှုတ်မဆက်ဘဲ ကျောက်စိမ်းဖြူ ရုပ်တုကြီးကိုသာ ဆက်ငေးနေခဲ့သည်။ အောက်မှမိန်းကလေးအချို့သည် မပျော်ရွှင်ဟန်များ ပြလာသည့်အခါမှ သူလှုပ်ရှားခဲ့သည်။ သို့သော် သူသည် ထိုမိန်းကလေးများကို နှုတ်ဆက်ခြင်းမပြုပေ။ သူ့ကိုယ်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး နောက်စက္ကန့်အကြာတွင် မြေကွက်လပ်ထဲ၌ သူပြန်ပေါ်လာခဲ့သည်။
မြေကွက်လပ်အနီးတွင် တပည့်မများ အများအပြားရှိနေကြသည်။ ရွှေယို့လန်၏ ကြိုဆိုစကားကို ကြားသည့်အခါ မြေကွက်လပ်ထဲသို့ မိန်းကလေးများ ပိုမိုရောက်လာကြပြီး နယ်မြေ၏နံပါတ်တစ်ပါရမီရှင်အား လာရောက်ကြည့်ရှုကြလေသည်။
ရွှေယွဲ့လျန် မျှော်စင်မှ တပည့်မတိုင်းသည် နတ်သမီးများအလား လှည့်ပနေခြင်း မဟုတ်သော်လည်း သူတို့အားလုံးသည် တစ်မူထူးခြားသည့် အရှိန်အဝါ၊ အပြုအမူတို့ကို ပိုင်ဆိုင်ထားကြသည့်အတွက် သူတို့အားလုံးမှာ တစ်မျိုးစီ စွဲဆောင်မှုရှိနေကြသည်။
ကျန်းရီသည် မည်သည့်မိန်းကလေးကိုမှ မကြည့်ဘဲ မြေကွက်လပ် အလယ်မှ ကိုးမီတာကျော်မြင်သည့် ရုပ်တု၏ ရှေ့ဘက်ဆယ့်ငါးမီတာခန့်အကွာတွင် ရပ်နေ၍ ရုပ်တု၏ မျက်နှာကိုသာ ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများတွင် မျက်ရည်စများ ဝေ့သီနေခဲ့သည်။
ထိုသည်မှာ ရုပ်တုအား သူမြင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော်လည်း သူသည် ရှင်းမပြနိုင်သည့် ရင်းနှီးမှုနှင့် နွေးထွေးမှုတို့ကို ခံစားနေခဲ့ရသည်။
သူသည် ရုတ်တရက်ကြီး ရုပ်တုရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ မြေပြင်ပေါ်မှ ကျောက်သားနှင့် သူ့ဒူးများထိသွားရာမှ ဘန်းဟူသော အသံပင်ထွက်ပေါ်လာခဲ့သည်။ သူသည် ခေါင်းညွှတ်၍ သုံးကြိမ်တိုင်တိုင် အရိုအသေပေးလိုက်သည်။ နောက်ဆုံးတစ်ကြိမ်အပြီးတွင် သူသည်ထမရပ်ဘဲ မြေပြင်တွင်သာ ခေါင်းထိလျက် အနေအထားဖြင့် ငြိမ်သက်နေခဲ့သည်။ မျက်ရည်များသည် သူ့မျက်ဝန်းများထဲမှ စီးဆင်းလာကြပြီး အောက်မှကျောက်သားထံ ကျဆင်းနေကြသည်။
"အာ.."
လူတိုင်းသည် တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံးသည် ဒူးထောက်နေသည့် လူငယ်လေးထံတွင်သာ အကြည့်ရောက်နေကြသည်။ သူတို့၏မျက်ဝန်းများတွင် အံ့အားသင့်မှုများ ဖုံးလွှမ်းနေခဲ့သည်။
ရုပ်တုပိုင်ရှင်သည် မည်သူနည်း။ အဖြေအား ရွှေယွဲ့လျန်မျှော်စင်မှ တပည့်များ ယနေ့တိုင်အောင် မသိခဲ့ကြပေ။ ရုပ်တုအား လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က ရွှေယို့လန် စိုက်ထူခဲ့ခြင်းဖြစ်သည်။ သူမသည် ထိုသူမည်သူဖြစ်ကြောင်း မပြောပြသော်လည်း တပည့်တိုင်းအား တစ်လတစ်ကြိမ်သွားရောက် အရိုအသေပေးကြရန် မှာကြားထားခဲ့သည်။
ထိုမိန်းကလေး၏ ဇာတ်မြစ်မှာ ရွှေယွဲ့လျန်မျှော်စင်မှ တပည့်တစ်သောင်းနီးပါးအတွက် ထူးဆန်းသည့် ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။ ကျန်းရီ ကြယ်တံခွန်ကျွန်းသို့ ရောက်သည်နှင့် ထိုမိန်းကလေးအား ဒူးထောက်အရိုအသေပေးပြီးနောက် မျက်နှာထက်တွင် မျက်ရည်များစီးကျလာပြီး ထပင်မထတော့ပေ။ လူတိုင်းသည် ကျန်းရီနှင့် ထိုအမျိုးသမီး၏ ဆက်နွယ်မှုကို သိချင်လာကြသည်။
ထိုအမျိုးသမီးသည် အမှန်တကယ်ကို ကျန်းရီနှင့် ပတ်သက်နေခဲ့သည်။
ကျန်းရီသည် ဤရုပ်တုကိုရော ဤမျက်နှာကိုပါ တစ်ကြိမ်မှ မမြင်ဖူးခဲ့သော်လည်း အနှီအမျိုးသမီး၏ သရုပ်မှန်ကို သေချာသိနေခဲ့သည်။
သူမသည် သူ့အမေ ရီဖျောင်ဖျောင်ပင်ဖြစ်သည်။
သူ့မှတ်ဉာဏ်ထဲမှ ရီဖျောင်ဖျောင်သည် ဝိုးတဝါး ပုံရိပ်တစ်ခုမျှသာဖြစ်သည်။ ယခု ထိုပုံရိပ်မှာ ရှင်းလင်းသွားခဲ့ပြီဖြစ်ပြီး ဤမျက်နှာအား သူ့စိတ်ထဲတွင် ရေးထွင်းပြီးခဲ့ပြီဖြစ်သည်။ ရွှေယို့လန်သည် သူ့အားမညာခဲ့ပေ။ သူ့အမေသည် ကြယ်တံခွန်ကျွန်းတွင် တစ်စုံတစ်ခုကို အမှန်တကယ် ချန်ရစ်ခဲ့သည်။ ဤခရီးမှာ ထိုက်တန်သည့် ခရီးတစ်ခုဖြစ်သည်။
"ကျန်းရီ...ထပြီး အထဲကို ဝင်လာခဲ့တော့"
ကျန်းရီသည် အသံတစ်ခုကို ကြားလိုက်ရပြန်သည်။ သူသည် မျက်ရည်များကိုသုတ်၍ ရုပ်တု၏မျက်နှာကို မော့ကြည့်လိုက်ပြန်သည်။ ထို့နောက်တွင် သူပြုံး၍ ထရပ်လိုက်ပြီး မြောက်ဘက်ရှိ ခန်းမကြီးထံ ဦးတည်လျှောက်သွားလိုက်သည်။
"ကိုယ်စားအုပ်ချုပ်သူအရှင်"
ခန်းမ၏အပြင်ဘက်တွင် တပည့်မတစ်စုနှင့် အကြီးအကဲနှစ်ယောက် ရပ်စောင့်နေကြသည်။ အကြီးအကဲတစ်ယောက်သည် မြေခွေးလေးကို ရှာခဲ့စဉ်က သူနှင့်သိကျွမ်းခဲ့ဖူးသည့် အသိဟောင်းဖြစ်သည်။ သူတို့အားလုံးသည် ကျန်းရီအား ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။ သူ့အသိဟောင်း အကြီးအကဲသည် မျက်လုံးများတောက်ပနေကြသည့် တပည့်မတစ်အုပ်ကို အပြင်တွင်ထားခဲ့ပြီး ကျန်းရီအား ခန်းမထဲသို့ လိုက်ပို့သည်။
ခန်းမကြီးသည် အလွန်ခမ်းနားလှပနေလေသည်။ ကံမကောင်းစွာဖြင့် အထဲတွင် ရွှေယို့လန်ရှိမနေခဲ့ပေ။ သက်လတ်ပိုင်းအရွယ်ရှိ အသက်အရွယ် ခန့်မှန်း၍မရသော ထိုအကြီးအကဲသည် ခန်းမသုံးခုကို ကျော်ဖြတ်၍ ကြယ်တံခွန်ကျွန်း၏ အကြီးမားဆုံးနှင့် အမြင့်ဆုံးနန်းဆောင်ထံ ခေါ်ဆောင်သွားခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူအရှင်...ကိုယ့်ဟာကိုယ် တက်သွားလိုက်ပါ။ ဒီချင်ထန်ကုန်းဗိမ္မာန်ထဲကို မျှော်စင်သခင်မရဲ့ ခွင့်ပြုချက်မပါဘဲ ကျွန်မတို့ ဝင်ခွင်မရှိပါဘူး"
အကြီးအကဲသည် ဦးညွှတ်၍ ထွက်ခွာသွားခဲ့သည်။
"ချင်ထန်ကုန်းဗိမ္မာန်...ထည်ဝါလိုက်တဲ့နာမည်"
ကျန်းရီသည် ဤနန်းဆောင်ကြီးအား ကြယ်တံခွန်ကျွန်းပေါ် ခြေမချခင်တည်းက မြင်လိုက်ပြီး ရွှေယို့လန်နေသော နေရာဖြစ်မည်ဟု ခန့်မှန်းထားခဲ့သည်။ သူသည် အတွင်းသို့ ဝင်သွားလိုက်သည့်အခါ ရှင်းလင်းနေသည့် ပထမထပ်နှင့် ကြောင်လိမ်လှေကားတစ်ခုကို တွေ့လိုက်ရသည်။
ချင်ထန်ကုန်းဗိမ္မာန်အတွင်းအတွင် အထပ်ကိုးထပ်ရှိလေသည်။ ကျန်းရီသည် လှေကားထက် တက်နေရင်းဖြင့် အပေါ်မှ ရွှေယို့လန်၏ အရှိန်အဝါကို ခံစားမိနေခဲ့သည်။
ကျန်းရီ အပေါ်ဆုံးထပ်သို့ ခြေချလိုက်သည့်အခါ သူရှေ့တွင် ပြတင်းပေါက်နားရပ်၍ ရှုခင်းများကို ကြည့်နေသော အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။
ကျန်းရီသည် သူမ၏ပုံရိပ်ကို နှစ်ကြိမ်တိုင်တိုင် မြင်ဖူးခဲ့သည်။ ယခုကိုယ်တွေ့ မြင်ရသောအခါတွင် သူမသည် ပုံရိပ်ထက်ပိုမိုလှပကြောင်း သူဝန်ခံရမည်ဖြစ်သည်။ သူမထံတွင် မဖော်ပြနိုင်သည့် စွဲဆောင်မှုတစ်မျိုး ကိန်းအောင်းနေပြီး တစ်ချက်ကြည့်ရုံနှင့် တစ်ဘဝလုံး မေ့သွားနိုင်မည်မဟုတ်သော အမျိုးသမီးဖြစ်သည်။
စုလောရွှယ်သည် အေးစက်၍ သီးသန့်ဆန်သော ရေခဲတောင်ပေါ်မှ နှင်းကြာပွင့်ဆိုလျှင် ရွှေယို့လန်သည် လှပကျက်သရေရှိ၍ တင့်တယ်သည့် ပန်းပွင့်များ၏ဘုရင်မ ပီအိုနီ ပန်းတစ်ပွင့် ဖြစ်ပေလိမ့်မည်။
ကျန်းရီ နှုတ်မဆက်ရသေးခင်တွင် ရွှေယို့လန်သည် လှည့်ကြည့်လာခဲ့ပြီး ပါးစပ်ဖွင့်၍ တီးတိုးပြောလာခဲ့သည်။
"မင်းဒူးထောက်တာ မမှားဘူး။ သူမက တကယ်မင်းအမေပဲ။ ပြီးတော့...မင်းရဲ့ ထင်မြင်ချက် မှန်တယ်။ မင်းရဲ့အမေ မသေလောက်သေးဘူး"
*****