← Chapters

စုဝေးရာ

Vol. 15 Ch. 197

စုဝေးရာ

Vol. 15 Ch. 197

အခန်း(၁၉၇) : စုဝေးရာ

ကောင်းကင်တာအို ကာကွယ်စွမ်း … နာမည်အတိုင်း ထိုစစ်ဆေးမှုအတွင်း ရွေးချယ်ခံထားရသည့် ထိပ်သီး ကောင်းကင်ရွေးချယ်ခံ အယောက် ၃၀ ဆီ ချီးမြင့်ထားသည့် အကြွင်းမဲ့ကာကွယ်မှုပုံစံ ဖြစ်ပေသည်။ ရလဒ်အနေနှင့် သဘာဝလွန်နယ်ပယ်အဆင့်မှ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်အထိ ကောင်းကင်ရွေးချယ်ခံများအားလုံးက သေခြင်းတရားမှ ကင်းလွှတ်ခွင့်ရထားကြသည်။

အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ သူတို့သာ အသင်္ချေအင်ပါယာကမ္ဘာအတွင်း ရှိနေသရွေ့ ထိုအချိန်အတွင်း မသေနိုင်ပေ။ အထွတ်အထိပ်နယ်ပယ်အဆင့် အစစ်အမှန်အုပ်ချုပ်သူများက ကောင်းကင်ရွေးချယ်ခံများကို တိုက်ခိုက်ခဲ့လျှင်ပင် သူတို့အောင်မြင်မည် မဟုတ်ပေ။

ထိုအကြောင်းအရင်းက သူတို့က ကောင်းကင်တာအို၏ ကာကွယ်ပေးမှုအောက် ရောက်ရှိနေ၍ ဖြစ်သည်။ တစ်ယောက်ယောက်က ကောင်းကင်တာအို စွမ်းအားကို လွှမ်းမိုးနိုင်စွမ်း မရှိသရွေ့ ထိုပါရမီရှင်များက အဆင်ပြေနေလိမ့်မည်။ သူတို့က မိုးမြေကြားမှ အစစ်အမှန်ရွေးချယ်ခံများ ဖြစ်၍ ဖြစ်သည်။ ထိုရလဒ်ကြောင့် ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုအပြီးတွင် ကမ္ဘာကြီးက နှစ်ရာချီကြာသည့်အထိ ကမောက်ကမ ဖြစ်သွားလိမ့်မည်။

ထိုကာကွယ်မှုအသစ်ဖြင့် ထိုကောင်းကင်ရွေးချယ်ခံများက ရူးရူးနှမ်းနှမ်းတွေ မကြာခဏ ပြုမူလေ့ရှိကြသည်။ သူတို့ကို မသတ်နိုင်မှန်း သိထားသောကြောင့် အင်အားကြီးဂိုဏ်းများကို တိုက်ခိုက်တတ်ကြသည်။ အထူးသဖြင့် နတ်ဆိုးကျင့်ကြံသူများ ဖြစ်၏။ သူတို့က စစ်ဆေးမှုအပြီးတွင် ကမ္ဘာတစ်ဝှမ်း မီးလောင်တိုက်သွင်းပြီး သတ်ဖြတ်ရင်း မုဒိမ်းမှုများလည်း ကျူးလွန်ကြလိမ့်မည်။

ထိုကာကွယ်ရေးအချိန် ပြီးဆုံးသွားသည့်အခါ ထိုလူအများစုက ပုန်းအောင်းကြရတော့သည်။ လူများစွာက သူတို့ကို လက်စားချေချင်မှန်း မည်သူက မသိဘဲ နေမည်နည်း။ သူတို့ကို တားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အစစ်အမှန် ကောင်းကင်ရွေးချယ်ခံ ရှိခြင်း ဖြစ်၏။

ထိုအပြုအမူမျိုးက အင်အားစုများစွာကို စစ်ဆေးမှုအတွင်း နေရာရလာစေရန် အပြင်းအထန် ပြိုင်ဆိုင်မှုများ ဖြစ်လာစေသည်။ ထို့ကြောင့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတောင်၏ ဂုဏ်သတင်းနှင့် ကျော်ကြားမှုကို တိုးမြင့်သွားစေသည်။

ဝမ်ဝေ့က ခဏကြာ စဉ်းစားလိုက်ပြီးနောက် မနက်ခင်းတစ်ပိုင်းလုံးကို ကျောင်းတော်၏ ပင်မမြို့ဆီ သွားရောက်လည်ပတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ နေ့ခင်းဘက်၌ သူ့အဖွဲ့နှင့် ပြန်လည်ဆုံလိုက်ပြီး စုဝေးရာနေရာဆီ ပြန်လာလိုက်သည်။

“အဖြေကို သိပြီလား” ဝမ်ဝေ့က ဝမ်ကျူကို မေးလိုက်သည်။

“ဟုတ် သခင်လေး … ကျွန်မ ဂိုဏ်းကနေ ဂမ္ဘီရဆန့်ကျင်ရေးပညာ နဲ့ ပတ်သက်တဲ့ ကျင့်စဉ်တစ်ခု ရထားပါတယ်။ အချိန်တိုအတွင်း သင်ယူဖို့ မဖြစ်နိုင်ပေမဲ့ ဂိုဏ်းက စွမ်းရည်တူတဲ့ မူလအရင်းအမြစ်တစ်ခုပါ ပို့လာပါတယ်။ သခင်လေး လီကျွင်း၊ မမလေးယန်းလီလင်းနဲ့ ကျွန်မတို့အတွက် နည်းနည်းစီရှိပါတယ်။ ထျဲ့ကန်နဲ့ စစ်သူကြီးငါးယောက်လည်း တစ်ခုစီ ရပါလိမ့်မယ် ”

ဝမ်ဝေ့က ထိုအကြောင်းကို ကြားပြီး ခေါင်းညိတ်လိုက်သည်။ သူက သူ့အနာဂတ်အရိပ်သည် အလုပ်တွင် ကျွမ်းကျင်သော်လည်း ရံဖန်ရံခါ ကိုယ့်တန်ဖိုးကို လျော့တွက်တတ်သည်။ အထူးသဖြင့် သူမ၏ ကျရှုံးမှုများနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။

ထိုအချိန်အတွင်း ဝမ်ဝေ့က သူမကို  ပြန်အားပေးရလေ့ရှိသည်။ ထို့ကြောင့် စစ်ဆေးမှုအတွင်း သူမကို တာအိုဆေးကြောဆေးလုံး ပေးမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူမဘဝ၌ ရင်ဆိုင်နေရသည့် အခက်အခဲများကို သူ့အနေနှင့် အမြဲတမ်း ဖြေရှင်းပေး၍ မရကြောင်း သဘောပေါက်လေသည်။ ထို့ကြောင့် သူမက ဂမ္ဘီရ ပြဿနာအကြောင်း ကြီးကြပ်စဉ်အခါက ဘာမှဝင်မပြောခဲ့ခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူမက ဒီတစ်ခါ အခြေအနေကို ကောင်းကောင်းကိုင်တွယ်သွားနိုင်ဟန်ပေါ်သည်။ အမှားတစ်ခုက မိမိကို ဘယ်လိုလူဟု ဆုံးဖြတ်ပေးဖို့ ခံယူမည့်အစား အမှားမှ သင်ယူနိုင်ခြင်းက ရိုးရှင်းသည် မဟုတ်ချေ။

ဝမ်ဝေ့ပင် ရံဖန်ရံခါ အမှားများပြုလုပ်ပြီး သံသယများ ရှိလာတတ်သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း မပြီးပြည့်စုံကြောင်း သိထားသည်။ သို့သော် သူက သူ့ကျရှုံးမှုများမှ အမြဲတမ်း သင်ယူဖို့ လိုလားပြီး ထိုကျရှုံးမှုများကို သင်ယူရန် အခွင့်အရေးများအဖြစ်သာ ပြောင်းလဲပစ်လိုက်သည်။

ဝမ်ကျူ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူက လီကျွင်းကို ရုတ်ချည်း မေးလိုက်သည် “နံပါတ်ရ စစ်သူကြီးငါးယောက်ကရော ဘယ်လိုလဲ။ အခု သူတို့နာမည် ရသင့်ပြီ မဟုတ်ဘူးလား ”

“သူတို့က အဆင်ပြေပါတယ်။ သီးသန့်လေ့ကျင့်ရေးအောက်မှာ ရှိနေပါတယ်။ သူတို့နာမည်ကိုတော့ တစ်ယောက်နဲ့ တစ်ယောက် နံပါတ်အတိုင်း ခေါ်ဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့ ပြောစကားအရ တစ်ယောက်နဲ့ တစ်ယောက် ကျော်နိုင်ဖို့ အကောင်းဆုံးလှုံ့ဆော်မှုမလို့တဲ့ … ပြီးတော့ သူတို့က အဲဒီနည်းလမ်းက ပိုအဆင်ပြေတယ် ထင်ကြတယ်လေ”

ဝမ်ဝေ့က ထိုလူများသည် ထူးခြားချင်ကြောင်း မှန်းဆမိလိုက်၍ ရလဒ်ကို ခန့်မှန်းထားပြီးသား ဖြစ်သည်။ သူတို့က နံပါတ်ရ စစ်သူကြီးအမည်သည် ဒဏ္ဍာရီများ ပျံ့နှံ့ကာ တစ်ရက် ကမ္ဘာတစ်ဝှမ်း ပဲ့တင်သွားဖို့ရာ မျှော်လင့်နေတာ ဖြစ်လောက်သည်။

သူတို့နှစ်ယောက် စကားပြောနေရင်း  စုဝေးရာနေရာသို့ ရောက်လာကြသည်။ ဤသည်က အဖိုးတန်ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများသုံးကာ အလှဆင်ထားသည့် တန်ဖိုးကြီး တည်းခိုဆောင်တစ်ခု ဖြစ်၏။

ဝမ်ဝေ့က ကုန်သွယ်ရေး အဖွဲ့အစည်း၏ အမှတ်အသားအောက်ရှိ  နဂါးစင်စစ် တည်းခိုဆောင် ဟူသော စာကို ဖတ်လိုက်သည်။ သူက ကုန်သွယ်ရေးအဖွဲ့အစည်းသည် သူတို့ပင်မနေရာနှင့် နီးနေရန် တည်းခိုဆောင် ချမှတ်ပေးဖို့ ကျောင်းတော်ဆီ ဘယ်လောက်ပေးထားလဲ သိချင်မိသည်။

ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားရသည်။ တွေ့ဆုံပွဲစတင်ဖို့ မိနစ်ပိုင်းမျှသာ လိုတော့သည် ဖြစ်သော်လည်း  သူက အရင်ရောက်လာသူ ဖြစ်နေကြောင်း သတိထားမိလိုက်သည်။

သာမန်အချိန်ဆိုလျှင် ရမ္မက်ပြင်းသည့် ကောင်းကင်ရွေးချယ်ခံများက မိန်းမလှလေးကို သူတို့ကို တွေ့ဖို့ ဖိတ်ကြားလာသည်နှင့် သူတို့က လူကြီးလူကောင်းဆိုတာ ပြသဖို့နှင့် မိန်းမလှလေးကို တတ်နိုင်သမျှ မြန်မြန် မြင်နိုင်ဖို့အတွက် နာရီပိုင်းအတွင်း ရောက်လာကြလိမ့်မည်။

သို့သော်လည်း အခန်းတစ်ခုအတွင်း ရှိနေသည့် ရှီရှစ်မှလွဲ၍ မည်သူမှ မရှိသေးပေ။ ကံဆိုးစွာဖြင့် သူ့အံ့ဖွယ်အသိစိတ်ကို တားဆီးထားသော အားပြင်းပြင်း အစီအရင်များကြောင့် သူမ မျက်နှာကိုတော့ မမြင်နိုင်ပေ။

ဝမ်ဝေ့က ထိုလူများ နှေးကွေးမှု အကြောင်းအရင်းကို မှန်းဆမိလိုက်သည်။ အကြောင်းမှာ သူက ကျောင်းတော်ဆီ နောက်ကျမှ ရောက်လာ၍ လူများစွာက သူ့အား စောင့်ခဲ့ကြရသည်။ သူတို့က တခြားသူများကို ပြန်စောင့်ရသည့် ခံစားချက်ကို သူ့အား ပြန်လည်ခံစားစေလိုခြင်း ဖြစ်၏။ ဝမ်ဝေ့က အမြင်အာရုံအမျိုးမျိုးက သူ့ကို စောင့်ကြည့်နေပြီး တစ်ခြားတစ်ယောက်ဆီ သတင်းလှမ်းပို့နေကြသည်ကို ခံစားလိုက်ရ၍ သူ့အတွေးများက မှန်နေကြောင်း သိလိုက်သည်။

ဝမ်ဝေ့က ပြုံးပြီး သူ့ဘာသာ တွေးလိုက်သည်။

မင်းတို့ကောင်တွေက ကစားချင်တာလား … ဒါဆိုလည်း ဆော့ကြတာပေါ့

ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ဝမ်ဝေ့က အခန်းအဝင်ပေါက်ရှေ့ ရပ်လိုက်ပြီး သူ့မူလအဆီအနှစ်ဖြင့် ထိပ်ဆုံးတွင် ရေးမှတ်လိုက်သည်။

“ ဝင်ဖို့ ထိုက်တန်လား ”

ထို့နောက် သူက ၁၃ လွှာမြောက် ခန္ဓကိုယ်သန့်စင်ခြင်း အဆင့်၏ စွမ်းအားဖြစ်သည့် အဆုံးမဲ့ အံ့ဖွယ်ပင်လယ်၊ အံ့ဖွယ်သွေးကြော ၇၂၀နှင့် ၁၃ ရောင်ခြယ် ကြမ္မာကောင်း မီးတောက်တို့ကို လှုပ်ရှားစေကာ သူ့အစစ်အမှန် စိတ်ဆန္ဒစွမ်းရည်အဖြစ် ပေါင်းစပ်လိုက်သည်။

သူက အဝင်ပေါက်တွင် အားပြင်းပြင်း စိတ်ဆန္ဒစွမ်းအားကို ချန်ထားခဲ့သည်။ ဤတံခါးကို ဝင်ဖို့ ကြိုးစားသူတိုင်း စစ်ဆေးခံရမည် ဖြစ်၏။ ထို့နောက် သူနှင့် သူ့အဖွဲ့တို့က တည်းခိုဆောင်ထဲ ဝင်သွားလိုက်ကြသည်။

ဝမ်ဝေ့နှင့် သူ့အဖွဲ့က မိန်းမလှလေးတစ်သိုက်၏ ဆီးကြိုခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူတို့ကို စုဝေးရာဆီ ခေါ်ဆောင်သွားလေသည်။ သူက အနီရောင်ပေါပေါသီသီ သုံးစွဲထားသည့် အခန်းကျယ်တစ်ခုအတွင်း ရောက်သွားလေသည်။

သူတို့ရှေ့တွင် စားပွဲငယ်များနှင့် ထိုင်ခင်းများ ရှိနေသည်။ သို့သော်လည်း ထိုင်ခင်းအားလုံးက စက်ဝိုင်းပုံစံ ချထားလေသည်။ ဝမ်ဝေ့က ထိုနေရာကို စီမံသူသည် မည်သူက နံပါတ်တစ် သို့မဟုတ် အလယ်နေရာတွင် ရယူလိုသည့် တိုက်ခိုက်မှုမျိုး ဖြစ်မလာစေရန် ကာကွယ်ထားဖို့ လုပ်ထားမှန်း ပြောနိုင်လေသည်။

ထိုလူက ကောင်းကင်ရွေးချယ်ခံများကို နေရာထိုင်ခင်းအတွက် ခိုက်ရန်မဖြစ်ပွားစေလိုပေ။ သို့သော်လည်း ထိုင်ခင်းများက အတန်းလိုက်ရှိသည့်အတွက် ကြီးစဉ်ငယ်လိုက် စီထားသလိုမျိုးတော့ ပါသေးသည်။ ပထမထိုင်ခင်းက လျို့ဝှက်ကောင်းကင်မျှော်နန်းမှ စာရင်းပေးထားသည့် လူများအတွက် ဖြစ်နိုင်သည်။

ဒုတိယလိုင်းက အလားအလာကောင်းသည့် ကောင်းကင်ရွေးချယ်ခံများအတွက် ဖြစ်နိုင်သော်လည်း သိုသိုသိပ်သပ်နေလွန်းသူများ သို့မဟုတ် တော်ဝင်နယ်မြေ သို့မဟုတ် အထွတ်အထိပ်ကုန်းမြေ လိုမျိုး နိမ့်ကျသည့် နောက်ခံရှိကြသည့်များအတွက်လည်း ဖြစ်နိုင်သည်။

ထိုအရာကို မြင်ပြီး ဝမ်ဝေ့က ပြုံးကာ သူနှင့်သူ့အဖွဲ့က ပထမတန်းတွင် နေရာဝင်ယူလိုက်ကြသည်။ သူတို့ စောင့်ဆိုင်းနေစဉ် အစေခံမိန်းမပျိုလေးများက အဖန်ရည်၊ သစ်သီးနှင့် သေရည်တို့ကို မုန့်များနှင့်အတူ ဧည့်လာခံသည်။

ဝမ်ဝေ့တို့က စားသောက်နေရင်း အံ့ဖွယ်အသိစိတ်ဖြင့် တည်းခိုဆောင်ထဲ ဝင်လာမည့်သူများကို စောင့်ကြပ်နေကြသည်။ သိပ်မကြာခင် လူတစ်ယောက် ဝင်ရောက်လာသည်။

ရွှမ်းယီက အလွန်စိတ်လှုပ်ရှားနေသည်။ လွန်ခဲ့သည့် ရက်ပိုင်းလောက်က ကမ္ဘာကြီး၏ အလှဆုံး မိန်းမလှလေးဆီမှ တွေ့ဆုံပွဲတစ်ခု တက်ရောက်ရန် ဖိတ်ကြားချက် လက်ခံရခဲ့သည်။ သူက စိတ်လှုပ်ရှားနေသည်မှာ ဖိတ်ကြားချက် ပို့လိုက်သူကြောင့်သာမကဘဲ ဘယ်အရာကို ကိုယ်စားပြုနေသည်ကို သိနေ၍ ပါဝင်သည်။

သူက အကောင်းဆုံး ကောင်းကင်ရွေးချယ်ခံထဲမှ တချို့သာ အဖွဲ့အစည်း အကြည့်ထဲ ရောက်၍ ဖိတ်ကြားချက် ရမည်မှန်း သိထားသည်။ ပို၍ အရေးကြီးသည်က သူ့အကြီးအကဲများသည် သူ့အား အဖွဲ့အစည်း၏ မင်းသမီးလေးသာ သူ့ကို သဘောကျခဲ့လျှင် ထိပ်ဆုံးသို့ မြင့်တက်နိုင်ခြေရှိကြောင်း သတိပေးခဲ့လေသည်။

ရွှမ်းယီက အမြင်ကောင်းကောင်းရစေဖို့ရာ  တွေ့ဆုံမည့်နေ့ရက်၌ စောစောစီးစီး ရောက်ဖို့ ပြင်ဆင်ထားခဲ့ကြသည်။ သူ့အတွက် ကံဆိုးသည်က ယမန့်နေ့ညက အမွေခံသားတော် ဝမ်ဝေ့ မရောက်မချင်း တွေ့ဆုံပွဲ မတက်ရောက်ဖို့ရာ လျို့ဝှက်စာ လက်ခံရခဲ့သည်။

ရွှမ်းယီက ဒေါသထွက်ခဲ့သော်လည်း ထိုစာပေါ်မှ နာမည်အားလုံးကို မြင်ပြီးနောက် သဘောတူရုံအပြင် ရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော်လည်း သူက ဒုတိယမြောက် ရောက်ဖို့  ပြင်ဆင်ထားသေးသည်။ ထို့ကြောင့် သူ့အစေခံတစ်ယောက်ကို တည်းခိုဆောင်အနား စေလွှတ်ကာ ဝမ်ဝေ့ ရောက်မရောက်ကို စောင့်ကြည့်အကြောင်းကြားထားခိုင်းခဲ့သည်။

ရွှမ်းယီက တည်းခိုဆောင်နှင့် မနီးမဝေးတွင် စောင့်နေသည့်အတွက် သတင်းရရချင်း တည်းခိုဆောင်ဆီ အလျှင်အမြန် ပြေးလွှားလာခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ တည်းခိုဆောင် ဝင်ပေါက်ဆီ ရောက်သည့်အခါ ထိပ်မှ စာကို ဖတ်ပြီး ဒေါသထွက်လာသည်။ သူ တွေးမိသည်က သူ့ခွန်အားနှင့် ပါရမီကို မေးခွန်းထုတ်ပြီး သူ့အနာဂတ်ဇနီးလောင်းကို တွေ့ဖို့ရာ တားဆီးသည့် မောက်မာသူက  မည်သူများလဲဟု ဖြစ်သည်။

All Chapters