လေးဘက်လေးလံမှ ဝန်းရံနေသော အန္တရာယ်
Vol. 21 Ch. 205
ရှန်းချန်ကောသည် လောကအန္တရာယ်များကို မသိနားမလည်သော အပြစ်ကင်းစင်သူတစ်ဦးအသွင် ဖမ်းကာ ဖော်ရွေသောမျက်နှာထားဖြင့် ပြုံး၍ မေးလိုက်သည်။
“စီနီယာ... စီနီယာကလည်း စွန့်ပစ်ခံနယ်မြေကနေ ဒီကမ္ဘာကို ရောက်လာတာလားခင်ဗျ”
ထိုလူလတ်ပိုင်းအမျိုးသားသည် ရှန်းချန်ကော၏ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်နှင့် လက်နက်များကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေသည်။
ကြည့်ရသည်မှာ မရည်ရွယ်သယောင်ရှိသော်လည်း အလွန်ပင် ရဲတင်းလွန်းလှသည်။
သူ၏သေးငယ်သော မျက်လုံးများထဲမှ တောက်လောင်နေသော အလင်းရောင်ကို သူ ဖုံးကွယ်မထားပေ။
ရှန်းချန်ကောထံမှ တစ်ခုခုကို အလိုရှိနေသည်မှာ သိသာလှသည်။
“ငါက စွန့်ပစ်ခံနယ်မြေက မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ မြေးကတော့ အဲ့ဒီလောကကနေ လာတာလေ။ ဒါကြောင့် စွန့်ပစ်ခံနယ်မြေအကြောင်းကို ငါ အတော်အသင့် နားလည်ပါတယ်”
ကျန်းကျင်းယွမ် သည် သူ၏တုတ်ခိုင်သော လက်ချောင်းများဖြင့် မေးစေ့မှ မုတ်ဆိတ်တိုများကို အသာအယာ ပွတ်လိုက်ရင်း ရှန်းချန်ကောကို တစိမ့်စိမ့် အကဲခတ်ကာ အသံဩဩဖြင့် ပြောလိုက်သည်။
ထိုအမျိုးသားမှာ ကြည့်ရသည်မှာ မအိုသေးဘဲ အသံမှာလည်း အားမာန်ပါလှသော်လည်း သူ၏ လေသံမှာမူ ရင့်ကျက်အိုမင်းနေသော ခံစားချက်ကို ပေးစွမ်းနေပြီး မြေခွေးအိုကြီးများတွင်သာ ရှိတတ်သည့် ကောက်ကျစ်မှုနှင့် လောဘရိပ်များ ယှက်သန်းနေသည်။
ရှန်းချန်ကောသည် ထိုသူ၏အကြည့်များကို သတိမထားမိသယောင် ဆောင်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ရင်ထဲမှ မနှစ်မြို့မှုကို အောင့်အည်းသည်းခံကာ ပြုံးလျက်ပင် ပြောလိုက်သည်။
“စီနီယာက စွန့်ပစ်ခံနယ်မြေနဲ့ ဒီလောက်အထိ ပတ်သက်မှုရှိမယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး...”
စကားအဆုံးတွင် ရှန်းချန်ကောသည် သင့်တော်သော အကြောင်းအရာတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး အေးဆေးစွာပင် မေးလိုက်သည်။
“စီနီယာ ခုနက ပြောသွားတာလေးနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ နားမလည်တာလေး ရှိလို့ပါ။ စီနီယာ အဖြေပေးနိုင်မလား ခင်ဗျ”
ကျန်းကျင်းယွမ်၏မျက်လုံးများက ရှန်းချန်ကောထံမှ တစ်ဖဝါးမှ မခွာပေ။ သူသည် ရှန်းချန်ကော ဆိုလိုသည်ကို နားမလည်သယောင် ဆောင်ကာ မျက်လုံးများကို မှေးစင်းလျက် ဂရုမစိုက်သလို ပြုံးလိုက်သည်။
“ဘာကို ဖြေရမှာလဲ... ညီငယ်လေး၊ ပြောသာပြောပါ”
“ဒီလောကနှစ်ခုကြားမှာ ရှိတဲ့ တူညီချက်တွေနဲ့ မတူညီချက်တွေအကြောင်း စီနီယာ ဘာကြောင့် ပြောလိုက်တာလဲဆိုတာကို သိချင်လို့ပါ”
ရှန်းချန်ကောသည် တည်ငြိမ်သောလေသံဖြင့် ရှင်းပြလိုက်သည်။ စကားပြောနေစဉ်မှာပင် သူသည် နောင်အခါ လိုအပ်လာပါက အသုံးပြုနိုင်ရန် ပတ်ဝန်းကျင် အနေအထားကိုပါ အကဲခတ်နေလေသည်။
ကျန်းကျင်းယွမ်သည် ရှန်းချန်ကောကို ကြည့်ကာ နက်နက်နဲနဲ ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်ထံမှ သဲ့သဲ့မျှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာပြီး အေးဆေးစွာ ပြောလိုက်သည်။
“တူညီချက်ကတော့... မင်းက ဒီလောကနှစ်ခုလုံးမှာ တည်ရှိနေခဲ့တာပဲ။ ဒါပေမဲ့ မတူညီချက်ကတော့... မကြာခင်မှာ ဒီလောကထဲကို အလောင်းတစ်လောင်း တိုးလာတော့မှာပဲ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှန်းချန်ကော၏နှလုံးသားမှာ တုန်ခါသွားသည်။
သူသည် ခန္ဓာကိုယ်ထဲမှ အင်မော်တယ်ချီစွမ်းအင်ကို အမြန်လှုံ့ဆော်လိုက်ပြီး ကျန်းကျင်းယွမ်၏ပေါ်တင်ပြောဆိုသော စကားကို မကြားချင်ယောင်ဆောင်ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် အသာအယာ ပြောလိုက်သည်။
“ကျွန်တော်က အခုမှ ရောက်လာတာဆိုတော့ မဟာပျက်စီးခြင်းကမ္ဘာကို လျှောက်ကြည့်ချင်နေတာပါ။ စီနီယာနဲ့ အတူမနေနိုင်တာကို ခွင့်လွှတ်ပါဦး”
စကားအဆုံးတွင် ရှန်းချန်ကောသည် ဘေးသို့ ကိုယ်ကိုစောင်းကာ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်၌ ချောင်းမြောင်းနေသော ဝတ်ရုံနက်ဝတ် လူတစ်ဒါဇင်ကျော်တို့သည် အရပ်မျက်နှာအသီးသီးမှ လေပေါ်သို့ ခုန်တက်လာကာ ရှန်းချန်ကောကို ဝိုင်းရံလိုက်ကြသည်။
သူတို့ တစ်ယောက်ချင်းစီ၏လက်ထဲတွင် ထူးဆန်းသော ဝိညာဉ်လက်နက်များကို ကိုင်ဆောင်ထားကြပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြသည်။
“ဟားဟားဟား... ညီငယ်လေး၊ မင်းက ရူးချင်ယောင်ဆောင်တဲ့နေရာမှာ ဒီလောက် တော်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"
ကျန်းကျင်းယွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အိုးထဲကငါး ဖြစ်နေပြီဖြစ်သော ရှန်းချန်ကောကို ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းက ယဉ်ကျေးသိမ်မွေ့တဲ့သူမို့လို့ မင်းရဲ့အလောင်းကိုတော့ မပျက်မစီးအောင် ငါ ချန်ထားပေးမယ်။ ဒါမှ မင်းတွက် သေရတာ သိပ်မဆိုးမှာလေ"
ဤအခြေအနေကို မြင်လိုက်သောအခါ ရှန်းချန်ကောသည် ထိုလူများ ဟန်ဆောင်မှုကို ခွာချလိုက်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် ဆက်လက်စကားပြောနေရန် မလိုတော့ပေ။
သူသည် ချက်ချင်းပင် တည်ကြည်သော မျက်နှာထားဖြင့် သူတို့ကို ဝိုင်းထားသော ဝတ်ရုံနက်လူများကို သတိကြီးစွာ စောင့်ကြည့်လိုက်သည်။
ယခုအချိန်တွင် ရှန်းချန်ကောသည် ရိုးသားသောသူ ဟန်ပန်မရှိတော့ပေ။ သူသည် အလွန်အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်နဲ့ စီနီယာတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလည်း မဟုတ်ဘူး၊ ရန်ငြိုးရန်စလည်း မရှိဘူး။ စီနီယာက ဘာလို့ ကျွန်တော့်ကို သတ်ချင်နေတာလဲ”
ကျန်းကျင်းယွမ်သည် မျက်လုံးများကို မှေးစပ်လိုက်သည်။ ဖုံးကွယ်ထားရန် မလိုတော့ဟု သူ ယူဆသဖြင့် လာရင်းရည်ရွယ်ချက်ကို တည့်တည့်တိုး၍ ပြောလိုက်သည်။
“ငါ့မြေးဆီက ကြားတာတော့... မင်းက ထူးဆန်းတဲ့ ကျင့်စဉ်တွေနဲ့ ဓားသိုင်းတွေ အများကြီး တတ်ထားရုံတင်မကဘူး၊မင်းလက်ထဲမှာ အစစ်အမှန် ဧကရာဇ်ဓားဆိုတဲ့ နတ်ဘုရားလက်နက်လည်း ရှိနေတယ်ဆိုပဲ”
“မင်းက တိမ်တိုက်သုံးခုရှေးဟောင်းလမ်း ပေါ်မှာ ကျင့်ကြံခြင်းအဆင့်တွေကို ကျော်ဖြတ်ပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း သိရတယ်။ အဲ့ဒီတုန်းက မင်းက ပုံရိပ်ဖြစ်ပေါ်ခြင်းအဆင့် ပဲ ရှိသေးပေမယ့် ယန်နယ်ပယ်ထဲကို အခုမှ ဝင်လာတဲ့ ကျွမ်းကျင်သူနှစ်ယောက်ကို ဘာမှမခက်ခဲဘဲ သတ်ပစ်လိုက်တယ်ဆိုလား...”
“ တောက်... ငါ ထင်မမှားဘူးဆိုရင် မင်း အခု ယင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ မဟုတ်လား”
ကျန်းကျင်းယွမ်သည် ရှန်းချန်ကော၏အတိတ်အကြောင်းများကို တစ်ခုချင်း ရေရွတ်နေပြီး ပြောရင်းပြောရင်းဖြင့် သူ၏လောဘစိတ်မှာ ပိုမို ပြင်းထန်လာသည်။
စကားအဆုံးတွင် သူ၏ရင်ထဲမှ လောဘမီးသည် လုံးဝ တောက်လောင်သွားခဲ့ပြီ ဖြစ်သည်။ သူက ရူးသွပ်မတတ် ပြောလိုက်သည်။
“ဒါပေမဲ့... တစ်နှစ်အတွင်းမှာ နယ်ပယ်နှစ်ဆင့်ကို ချိုးဖျက်နိုင်တယ်ဆိုတာ ဒီလောကမှာ တစ်ခါမှ မကြားဖူးဘူး။”
“ညီငယ်လေး... မင်း အင်မော်တယ်လမ်းစဉ်မှာ ဘယ်လို အခွင့်အရေးကြီးမျိုးနဲ့ တွေ့ခဲ့တာလဲ။ အဲ့ဒါကို ငါ့လိုအဘိုးကြီးကို မမျှဝေပေးချင်ဘူးလား။ အကယ်လို့ မင်း အမှန်အတိုင်း ပြောပြမယ်ဆိုရင် မင်းကို ငါ လွှတ်ပေးကောင်း လွှတ်ပေးလိမ့်မယ်”
ထိုသို့ ပြောလိုက်ပြီးနောက် ကျန်းကျင်းယွမ်၏ နှလုံးခုန်သံမှာ ပိုမို မြန်ဆန်လာသည်။
သူ၏ အမြဲတမ်း တည်ငြိမ်နေသော အသက်ရှူသံမှာပင် ထူးထူးခြားခြား မြန်ဆန်လာရသည်။
တစ်နှစ်အတွင်း နယ်ပယ်နှစ်ဆင့်ကို ချိုးဖျက်ခြင်းမှာ ကမ္ဘာပေါ်တွင် ပါရမီအရှိဆုံး ကျင့်ကြံသူများပင် အလွယ်တကူ မလုပ်နိုင်သော အရာဖြစ်သည်။
ထို့ကြောင့် ၎င်းမှာ ကံကောင်းမှုတစ်ခုခုကြောင့်သာ ဖြစ်ရမည်။ သို့သော် ဤအရာများသည် ပြင်ပစွမ်းအားများသာ ဖြစ်သည်။
အကယ်၍ ထိုသို့ ကံကောင်းမှုဖြင့် အဆင့်တက်ခဲ့လျှင်ပင် အုတ်မြစ်မခိုင်ခြင်းနှင့် ဝိညာဉ်စွမ်းအင် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း တို့ ဖြစ်ပွားရမည်ဖြစ်သည်။
သို့သော် ရှန်းချန်ကော၏အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေပြီး သာမန် ကျင့်ကြံသူများထက်ပင် သာလွန်နေသည်။
သူ၏ခိုင်မာသော အုတ်မြစ်နှင့် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အသက်ဓာတ် အရှိန်အဝါများက ဤလူသည် သာမန်မဟုတ်ကြောင်း သက်သေပြနေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လုံးလုံး ကျန်းကျင်းယွမ်၏ကျင့်ကြံခြငသည် ယန်နယ်ပယ် အထွတ်အထိပ်တွင်သာ တစ်ဆို့နေခဲ့သည်။
တကယ်တော့ သူသည် နောက်ထပ် နယ်ပယ်တစ်ခုသို့ တက်လှမ်းရန် ပါးလွှာသော စက္ကူတစ်ချပ်စာလောက်သာ လိုတော့သည်ဟု အမြဲ ခံစားနေရသော်လည်း ထိုစက္ကူပါးလေးက သူ့ကို နှစ်ပေါင်းတစ်ထောင်ကြာအောင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။
ကျန်းကျင်းယွမ်သည် ကျန်းကျန်းမာမာနှင့် လူလတ်ပိုင်းအရွယ်ကဲ့သို့ ထင်ရသော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း သူ၏ သက်တမ်းမှာ နေ့စဉ်နှင့်အမျှ တိုတောင်းလာနေသည်ကို သူ ကိုယ်တိုင်သာ သိသည်။
နောက်ထပ် နယ်ပယ်တစ်ခုကို တက်လှမ်းနိုင်ရန်နှင့် သက်တမ်းတိုးရန်အတွက် ကျန်းကျင်းယွမ်သည် သူ၏အရင်းအမြစ်များနှင့် အဆက်အသွယ် အားလုံးကို အသုံးပြုခဲ့သည်။
ကျင့်ကြံခြင်း အုတ်မြစ်မခိုင်မာတော့မည့် အန္တရာယ်ကို ရင်ဆိုင်ရလျှင်ပင် သူ ကြိုးစားခဲ့သည်။
သို့သော် သူ စဉ်းစားနိုင်သမျှ နည်းလမ်းအားလုံး သုံးသော်လည်း ယန်နယ်ပယ် အထွတ်အထိပ်မှ ကျော်လွန်ရန် မစွမ်းသာခဲ့ပေ။
အကယ်၍ နောက်ထပ် ဆယ်နှစ်အတွင်း နယ်ပယ်သစ်ကို မတက်နိုင်လျှင် ကျန်းကျင်းယွမ်၏နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့သော အင်အားများသည် သူ၏ရုပ်ခန္ဓာနှင့်အတူ ပြာအဖြစ်သို့ ပြောင်းလဲသွားကာ မည်သူမျှ ဂရုမစိုက်သော ရွှံ့နွံအိုင်လေးတစ်ခု ဖြစ်သွားတော့မည်။
ထို့ကြောင့် ကျန်းကျင်းယွမ်ကဲ့သို့ နှစ်ပေါင်းထောင်ချီ လောကအတွေ့အကြုံရှိသူတစ်ဦးသည် တစ်နှစ်အတွင်း အလွယ်တကူ နယ်ပယ်နှစ်ဆင့် ကျော်ဖြတ်နိုင်စေသည့် အရာမှာ ကမ္ဘာပေါ်တွင် အလွန် ရှားပါးသော ရတနာဖြစ်မည်ဟု သိနေသည်။
ထို့ကြောင့် ရှန်းချန်ကော၏ထူးဆန်းသော အတွေ့အကြုံကို မြင်လိုက်ရသောအခါ ကျန်းကျင်းယွမ်သည် မျှော်လင့်ချက်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသို့ဆိုလျှင် သူ မည်ကဲ့သို့ ရူးသွပ်မသွားဘဲ နေနိုင်ပါမည်နည်း။
ကျန်းကျင်းယွမ်သည် ပြင်းထန်သော ခံစားချက်တစ်ခု ရနေသည် - အကယ်၍သာ ရှန်းချန်ကော ရရှိခဲ့သော ထိုအခွင့်အရေးကို သူ ရရှိခဲ့ပါက သူသည် နောက်ထပ် နယ်ပယ်တစ်ခုကို သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်။
သက်တမ်းတိုးရန် မျှော်လင့်ချက်လည်း ရှိလာလိမ့်မည်။