← Chapters

ရွှမ်းယီ

Vol. 15 Ch. 198

ရွှမ်းယီ

Vol. 15 Ch. 198

အခန်း(၁၉၈) :  ရွှမ်းယီ

တံခါးထိပ်မှ စာတန်းကို မြင်ပြီးနောက် ရွှမ်းယီက တံခါးဆီ တည့်တည့်ပြေးဝင်လိုက်သည်။ သို့သော်လည်း သူက ရပ်တန့်ခံလိုက်ရ၏။ သူ တံခါးကို ရောက်သည်နှင့် ရွှမ်းယီက သူ့အား ရှေ့ဆက်မတိုးနိုင်ရန် ကာဆီးထားသည့် စွမ်းအားပြင်း စိတ်ဆန္ဒတစ်ခုကို ခံစားမိလိုက်သည်။

သူက အားကုန်သုံးကာ ထိုစိတ်ဆန္ဒကို ရင်ဆိုင်ရင်း ရှေ့တိုးဖို့ ကြိုးစားလိုက်သည်။ သို့သော်ငြား သူ့အပြုံးက သိပ်ကြာကြာမခံလိုက်ပေ။ ထိုစိတ်ဆန္ဒက သူ့အံ့ဖွယ်ပင်လယ်ထဲ ထိုးဖောက်ကာ သူ့ကျင့်ကြံဆင့်ကို စတင်တိုက်ခိုက်လာသည်။

ပထမဦးစွာ သူ့အံ့ဖွယ်ပလ္လင်အထက် အက်ကြောင်းများ စတင်ပေါ်လာသောကြောင့် ရွှမ်းယီတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ အထွတ်အထိပ်နယ်မြေ၏ အမွေဆက်ခံသူတစ်ဦးအနေနှင့် သူ့တွင် တာအိုအုတ်မြစ်ကို ဖန်တီးဖို့ ဧကရာဇ်ကျမ်း မရှိပေ။ သူ့အတွက် ကံကောင်းသည်က အံ့ဖွယ်သွေးကြော ၃၆၀ ရရှိစေမည့် ကံကောင်းစေသော အခွင့်အရေးနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူ့အံ့ဖွယ်ပလ္လင်တွင် အက်ကြောင်းအပြည့် ဖြစ်နေဆဲ ဖြစ်၏။ ယခုတွင် နဂိုအက်ကြောင်းများထက် ပိုများလာစေသည်။ ရွှမ်းယီက သူ့ပလ္လင် ဖျက်ဆီးခံရပြီး မသန်မစွမ်း ဖြစ်သွားမည်ကို စိုးရိမ်လာမိသည်။ သို့သော်လည်း ယခု သူ့ကို အကြောက်ရွံ့စေဆုံးအရာမှာ တည်းခိုဆာင်ထဲ ဝင်ဖို အရည်အချင်းပြည့်မှီကြောင်း သက်သေမပြနိုင်ခြင်းသာ ဖြစ်၏။ ဒီနေရာ ရောက်မလာခင်အထိ သူ့တွင် အိပ်မက်များ၊ ရည်မှန်းချက်များနှင့် မျှော်လင့်ချက်များစွာ ရှိထားသည်။

သူက ဧကရာဇ်မျိုးနွယ်မှ ကောင်းကင်ရွေးချယ်ခံများထံ သူ့ပါရမီနှင့် အင်အားကို ပြသကာ ရှီရှစ်ဆီမှ အာရုံစိုက်မှုရလိမ့်မည်ဟု စိတ်ကူးထားခဲ့သည်။ ထို့နောက် ကုန်သွယ်ရေးအဖွဲ့အစည်း၏ အရင်းအမြစ်များနှင့် အကူအညီများဖြင့် သူက အထွတ်အထိပ်နယ်ပယ်အဆင့်အထိ ကျင့်ကြံနိုင်ပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ ရွယ်တူအားလုံးကို အနိုင်ပိုင်းပစ်မည်။ ထို့နောက် သူက တာအိုကို သက်သေပြကာ လွန်ခဲ့သော မျိုးဆက်နှစ်ဆက်ခန့်က ဧကရာဇ်ယန်ကိုးပါးကဲ့သို့  သူ့ဂိုဏ်း၏ အထွတ်အထိပ်နယ်မြေကို ဧကရာဇ်မျိုးနွယ်အဖြစ် အဆင့်မြင့်ပေးနိုင်လိမ့်မည်။

သူ့အတွက် ကံဆိုးသည်မှာ တံခါးဝင်ပေါက်က သူ့အိပ်မက်များကို ခြေမွပစ်လိုက်သည်။ ရွှမ်းယီက ခြေလှမ်းအနည်းငယ်အကွာမှ တံခါးကို ကြည့်နေရင်း ပို၍ ဝေးကွာလာသလို ခံစားလာသည်။ သူနှင့်တံခါးကြား ကမ္ဘာတစ်ခုစာ ခြားနေသလိုမျိုး ဖြစ်နေ၏။

ထိုခြေလှမ်းများက သူသည် ကောင်းကင်ရွေးချယ်ခံအမည်ဖြင့် ကမ္ဘာစင်မြင့်တွင် ရပ်တည်ဖို့ မထိုက်တန်ကြောင်း ကိုယ်စားပြုနေသည်။ ထိပ်ဆုံးကို ရောက်နိုင်မည့် အရည်အချင်းမျိုး မရှိကြောင်း ပြသနေသည်။

ထိုအရာကို တွေးလိုက်ပြီးနောက် ရွှမ်းယီက လက်လျော့ဖို့ ငြင်းဆန်နေသည်။ သူက အံကြိတ်ကာ နာကျင်မှုအားလုံးကို တောင့်ခံရင်း နောက်ထပ်တစ်လှမ်း တိုးဖို့ ကြိုးစားလိုက်သည်။

သို့သော်လည်း သူ ရောက်ပြီဟု တစ်ခါက ယုံကြည်ထားခဲ့သည့် စံနှုန်းကို မရောက်နိုင်ကြောင်း သဘောပေါက်လာသော စိတ်ပျက်မှုနှင့် ယှဉ်လိုက်လျှင်၊ သူ ယုံထားသလောက် ကောင်းချီးပေးမခံထားရကြောင်း သို့မဟုတ် အရေးမပါကြောင်း သဘောပေါက်လာမှုနှင့် ယှဉ်လိုက်လျှင် ဤနာကျင်မှုက ဘာမှမဟုတ်ပေ။

ရွှမ်းယီအတွက် ကံဆိုးသည်မှာ သူ့သံမဏိစိတ်ဓာတ်က ရလဒ်ကို မပြောင်းလဲနိုင်ပေ။ သူက နောက်တစ်လှမ်းတိုးဖို့ ကြိုးစားရင်း ဝမ်ဝေ့၏ စွမ်းအားပြင်း စိတ်ဆန္ဒက မီးခိုးရောင် အရိပ်အဖြစ် ပုံပေါ်လာကာ သူ့အံ့ဖွယ်ပလ္လင်မှ ရှေးဟောင်းမီးအိမ်အထိ စတင်ရွေ့လျားလာသည်။

ရွှမ်းယီ ကြောက်ရွံ့ခဲ့ရသော အကြောက်တရားက ပို၍ တိုးပွားလာသည်။ သူက ထိုမီးခိုးရောင်အရိပ်သာ သူ့ရှေးဟောင်းမီးအိမ်ဆီ ရောက်သွားပြီး ဖျက်ဆီးပစ်လိုက်လျှင် အမှန်တကယ် ပြီးဆုံးသွားလိမ့်မည်မှန်း သဘောပေါက်လိုက်သည်။ အံ့ဖွယ်ပလ္လင် ပျက်စီးသွားလျှင် ပြန်ပြင်လို့ ရကောင်းရနိုင်သေးသော်လည်း ရှေးဟောင်းမီးအိမ် ပျက်စီးသွားပါက အမှန်တကယ် အဆုံးသတ်သွားလိမ့်မည်။

ထို့ကြောင့် ရွှမ်းယီက နောက်ထပ် ဘာလုပ်ရမည်ကို စတင်စဉ်းစားလိုက်သည်။ သူက လက်လျော့ရမည်လား တွေးလိုက်၏။ အတိတ်မှ မှတ်ဉာဏ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ပေါက်လာသည်။

သူက ဂိုဏ်းမှ ညီငယ်များ၊ အစ်ကိုများ၏ မျက်နှာကို မြင်လိုက်မိသည်။ သူက ဤမျိုးဆက်အတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးရလာကြောင်း သိသည့်အခါ သူတို့မျက်နှာအထက် ပျော်ရွင်တက်ကြွနေသည့် အပြုံးမျိုးကို ပြန်လည်မြင်ယောင်လာမိသည်။

သူ ရရှိခဲ့သည့် ချီးကျူးမှုများနှင့် အားပေးစရာများအားလုံးအပါအဝင် တချို့တပည့်များက သူ့အား ဧကရာဇ်မျိုးနွယ်မှ အမွေဆက်ခံသူများနှင့် ယှဉ်နိုင်စေရန် သူတို့ကြုံတွေ့ထားသည့် ကံအပြောင်းအလဲ အခွင့်အရေးထဲမှ အရင်းအမြစ်များကိုပင် မျှဝေလာကြသည်။

ထိုအရင်းအမြစ်အများစုက အဖိုးမတန်သော်လည်း ရွှမ်းယီကတော့ အားလုံးကို အပြုံးလေးနှင့် လက်ခံထားလေ့ရှိသည်။ သူ ဂရုစိုက်သည်က တန်ဖိုး မဟုတ်ဘဲ ထိုအရင်းအမြစ်များသည် သူတို့ဂိုဏ်းမှ တပည့်များ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုနေသည့်အချက် ဖြစ်၏။

ရလဒ်အနေနှင့် ရွှမ်းယီက ထိုတာဝန်များ၊ သူ့အနီးအနားမှ သူ့အပေါ် မျှော်လင့်ချက်များကို မည်သို့သယ်ပိုးသင့်ကြောင်း စဉ်းစားရင်း အိပ်ပျက်ညများစွာ ရှိခဲ့သည်။ သူက မဟာဧကရာဇ် ဖြစ်လာပြီးနောက် သူ့ဂိုဏ်းမှ ဂိုဏ်းသားများအားလုံးအပေါ် ပြန်ပေးဆပ်ကြောင်း၊ ဂိုဏ်းကိုလည်း ကြွယ်ဝချမ်းသာလာကာ အသင်္ချေအင်ပါယာကမ္ဘာ၌ အင်အားအရ ထိပ်ဆုံးအထိ ရောက်အောင် လုပ်ပေးနိုင်ခဲ့ကြောင်း အိပ်မက်များပင် မက်ခဲ့ရသည်။

ထိုမှတ်ဉာဏ်များ ပြန်ပေါ်လာပြီးနောက် ရွှမ်းယီက လက်လျော့မည့်အတွေးများကို ဖယ်ရှားလိုက်သည်။ သူက ဖိအားအောက် ကြံ့ကြံ့ခိုင် ဆက်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ရွှမ်းယီက မီးခိုးရောင် အရိပ်ကြီး သူ့ရှေးဟောင်းမီးအိမ်အနား ဖြည်းဖြည်းချင်း ချည်းကပ်လာသည်ကို မြင်သည့်အခါ ထပ်မံ တုံ့ဆိုင်းလာပြန်သည်။ အရိပ်ကြီးက နီးကပ်လာလေလေ ရွှမ်းယီက ဖိအားများလာလေလေ ဖြစ်၏။ သူ့ချွေးများက မျက်နှာမှ ကျောအထိ စီးကျလာသည်။ စက္ကန့်ပိုင်းအတွင်း သူ့အဝတ်များက မိုးမိထားသလိုမျိုး စိုရွဲနေလေပြီ။

ရွှမ်းယီက သူ့နောက်အပြုအမူသည် သူ့အနာဂတ်ကို လုံးလုံးပြောင်းလဲပစ်လိမ့်မှန်း စဉ်းစားနေစဉ် အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။

တစ်ဖက်က သူ့ဂိုဏ်းသားများ၏ မျှော်လင့်ချက်ကို မဖျက်ဆီးပစ်ချင်သလို နောက်တစ်ဖက်ကလည်း  နှစ်များစွာ ကျင့်ကြံထားရသည့် သူ့ကျင့်ကြံဆင့် ဆုံးရှုံးသွားမည်ကို မဖြစ်စေလိုပေ။

ထို့ကြောင့် မီးခိုးရောင်အရိပ်ကြီး သူ့ရှေးဟောင်းမီးအိမ်နှင့် စင်တီမီတာအနည်းငယ် ကွာဝေးတော့သည့်အချိန် ရွှမ်းယီက နောက်ဆုတ်ကာ မလွဲဧကန် ဖြစ်လာတော့မည့် ဖျက်ဆီးမှုအား တားဆီးလိုက်သည်။ ထို့နောက် သူ့ရှေးဟောင်းမီးအိမ် အကောင်းတိုင်း ဖြစ်နေဆဲ မြင်လိုက်ရပြီးနောက် သက်ပြင်းချလိုက်မိသည်။

သို့သော်လည်း နောက်တွင် အရှက်ရှမှုတို့ လိုက်ပါလာသည်။ ရွှမ်းယီက သူသည် ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ကြောင်း သဘောပေါက်သွားသည်။ သူက တခြားကောင်းကင်ရွေးချယ်ခံများနှင့် မည်မျှအလှမ်းကွာနေသေးကြောင်း သဘောပေါက်လာသည်။

သို့သော်ငြား သူက အတွေးများကို မြန်မြန်ဖယ်ထုတ်လိုက်သည်။ သူက ပြဿနာ မဟုတ်ဘဲ စစ်ဆေးမှုက ပြဿနာ ဖြစ်နေနိုင်သည်။ တခြားသူများလည်း ဖြတ်သန်းသွားဖို့ မဖြစ်နိုင်လောက်ပေ။

ဤစိတ်ထားဖြင့် သူက ဘေးဘက်သို့ သွားကာ နောက်လူတစ်ယောက် ဝင်မည့်အချိန်ကို စောင့်နေလိုက်သည်။ ရွှမ်းယီက သူ့အတွေးများသည် မှန်ကန်ကြောင်း သေချာ၍ မထီမဲ့မြင် အပြုံးမျိုးဖြင့် ဘေးတွင် ရပ်နေလိုက်သည်။ သို့သော်လည်း သူက နောက်ကျောဘက်တွင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားခြင်းက တခြားအရာကို ညွှန်ပြနေသည်။

ထိုစဉ် နဂါးစင်စစ် တည်းခိုဆောင်အတွင်း ဝမ်ဝေ့နှင့် သူ့အဖွဲ့က ရွှမ်းယီ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်မှုများအား လက်ဖက်ရည်ကြမ်း သောက်ရင်း၊ မုန့်စားရင်း ကြည့်နေကြသည်။

“ သူ လက်လျော့လိုက်တာ နှမြောစရာပဲ” လီကျွင်းက သေရည်တစ်ငုံ သောက်လိုက်ရင်း သက်ပြင်းချလိုက်သည်။

“ ကိုယ်က အားလုံးဆုံးရှုံးခံပြီး ဘယ်လောက်ထူးခြားတယ်ဆိုတာ သက်သေပြဖို့က လူတိုင်းလုပ်နိုင်တာ မဟုတ်ဘူးလေ” ယန်းလီလင်းက လက်ဖက်ရည်ကြမ်း သောက်ရင်း ဖြေလိုက်သည်။

“မင်းတို့နှစ်ယောက်လည်း ဒီစစ်ဆေးမှုရဲ့ အဓိကအချက်ကို လွတ်သွားပြီ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒီစစ်ဆေးမှုအသေးစားလေးကို တံခါးကနေ ဝင်လာမဲ့ လူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ အုတ်မြစ်ကို စမ်းသပ်ဖို့ လုပ်ထားတာ။ တကယ်လို့ ရွမ်းယီသာ ခိုင်မာတဲ့ အုတ်မြစ်မျိုး ရှိမယ်ဆိုရင် သူက သေချာပေါက် ဝင်လာနိုင်မှာပဲ။ ဒါပေမဲ့ သူက အဲလိုမရှိရင်တောင် သူသာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိသရွေ့ ဝင်လာနိုင်ဦးမှာပဲ ”

“ဘယ်လိုမျိုးလဲ” ယန်းလီလင်းကို အနည်းငယ် နားမလည်ဖြစ်သွားပြီး မေးလိုက်သည်။

“ရှင်းရှင်းလေးပါ … သူ့ရှေးဟောင်းမီးအိမ်ကို ဖျက်ဆီးခံလိုက်ပြီးတော့ ပြန်တည်ဆောက်ပေါ့။ သူက ဒီစစ်ဆေးမှုအတွက် ငါ ချမှတ်ထားတဲ့ စံနှုန်းကို မရောက်မချင်း အဲဒီဖြစ်စဉ်ကို ထပ်ကာထပ်ကာ ကြုံနေရဦးမှာပဲ”

“သူ့ကျင့်ကြံဆင့်က အံ့ဖွယ်ပလ္လင်အဆင့်အထိ ကျသွားပေမဲ့ အားကောင်းကောင်း အနာဂတ်နဲ့ ယှဉ်လိုက်ရင် ဘာများဖြစ်မလဲ။ သူက မြန်မြန်လက်လျော့လိုက်တာက အဲဒီလူဆီမှာ ထိပ်တန်းအင်အားစု ဖြစ်လာဖို့ရာ  ခိုင်မာတဲ့ စိတ်ဓာတ်နဲ့တာအိုနှလုံးသား မရှိလို့ပဲ”

“ မမြင့်တက်ခင် ချုံးချုံးကျခြင်း ” ယန်းလီလင်းက ထပ်ပြောလိုက်သည်။

လီကျွင်းက သေရည်တစ်ငုံသောက်လိုက်ရင်း သက်ပြင်းချလိုက်သည် “ အားလုံးက အစ်ကိုကြီးလိုမျိုး မဟုတ်ကြဘူးလေ။ သူတို့ဘာသာ ရန်သူလိုမျိုး ဆိုးဆိုးရွားရွား ဆက်ဆံပြုမူဖို့က ဒီထက် မဆိုးနိုင်တော့ဘူး ”

လီကျွင်းက ပြောနေရင်း သူ့အစ်ကိုကြီးတစ်ယောက် ကောင်းကင်စမ်းသပ်ချက်ကို ဖြတ်ကျော်ခဲ့တုန်းက အချိန်ကို စတင်တွေးတောလာမိသည်။ သူ့အစ်ကိုကြီးသည် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ကောင်းကင်မီးတောက်ကို အသုံးပြုခဲ့သည်။

သူက အရေပြားများ၊ ကြွက်သားများ၊ သွေးနှင့် အာရုံကြောများအားလုံးကို လောင်ကျွမ်းခံခဲ့သည်။ ထိုစဉ် ကျန်ရှိနေသည်က အတွင်းအင်္ဂါများသာ ဖြစ်၏။ လူတစ်ယောက် အရှင်လတ်လတ် အပြုတ်ခံရသည်ကို ခံစားဖူးသည့် လူတစ်ယောက်အနေနှင့် လီကျွင်းက ထိုဖြစ်စဉ်သည် မည်မျှနာကျင်ကြောင်း တွေးကြည့်နိုင်လေသည်။

သို့သော် သူ့အစ်ကိုကြီးက တစ်ချက်ပင် မအော်ခဲ့သလို ဖြစ်စဉ်တစ်လျှောက်လုံး တစ်ချက်ပင် မငြီးငြူခဲ့ပေ။ ပြောရလျှင်တော့ သူ အော်ဖို့ရာ အင်္ဂါရပ်များပင် မကျန်ရှိတော့ပေ။

ထိုဖြစ်စဉ်အတွင်း သူက သူ့အစ်ကိုကြီးသည် တခြားကောင်းကင်ရွေးချယ်ခံများနှင့် ကွာခြားနေသည့် အချက်တစ်ချက်ကို သဘောပေါက်သွားခဲ့သည်။ သူ့အစ်ကိုကြီးက သူ့အပေါ်သူပင် မညှာတာတတ်သည့် ရက်စက်သူတစ်ဦး ဖြစ်၏။

တစ်ခါတစ်လေ လီကျွင်းက အားကောင်းလာဖို့ရာ ဒီလောက်အထိ လုပ်နိုင်ပါ့မလားဟု သူ့ဘာသာ မေးခွန်းထုတ်မိသည်။ ယနေ့အထိတိုင် သူ့တွင် အဖြေမရသေးပေ။

“ အဲဒါက အဲဒီလူတွေဆီမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အောင်မြင်လိုချင်တဲ့ဆန္ဒ မရှိလို့ပဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

ထိုစဉ် ရွမ်းယီ လက်လျော့ပြီး မိနစ်ပိုင်းကြာမြင့်ပြီးနောက် နောက်ထပ် လူတချို့ ရောက်လာကာ တံခါးအဝင်ဝဆီ ရောက်လာကြသည်။

All Chapters