← Chapters

အဲဒါ ဘယ်သူလဲ

Vol. 15 Ch. 199

အဲဒါ ဘယ်သူလဲ

Vol. 15 Ch. 199

အခန်း(၁၉၉) : အဲဒါ ဘယ်သူလဲ

ရွှမ်းယီ အလှည့်အပြီးတွင် နောက်ထပ် လူများ ရောက်လာကြသည်။ သူတို့က အထဲဝင်ဖို့ ကြိုးစားကြသော်လည်း ကျရှုံးကြသည်။ ထို့အခါ လူအများစုက လက်လျော့လိုက်ကြသောကြောင့် ရွှမ်းယီတစ်ယောက် စိတ်အေးသွားစေသည်။

သို့သော်လည်း လူတစ်ယောက်က လက်မလျော့သေးပေ။ သူက အံ့ဖွယ်ပလ္လင်နှင့် ရှေးဟောင်းမီးအိမ်ကို ဖျက်ဆီးခံလိုက်၏။ ဝမ်ဝေ့က ထိုလူ၏ စိတ်ဓာတ်ခိုင်မာမှုကို လေးစားမိသည်။ သို့သော်လည်း သူက ဉာဏ်ကြီးသူတစ်ယောက် မဟုတ်ချေ။ ထိုသူက အခွင့်အရေးကို သူ့အုတ်မြစ် ပြန်လည်တည်ဆောက်ဖို့ အသုံးမပြုခဲ့ပေ။

ဉာဏ်မရှိသည့် ရဲရင့်မှုက ကျင့်ကြံရေးလောက၏ ထိပ်ဆုံးသို့ မရောက်နိုင်ပေ။ ကံဆိုးစွာဖြင့် လူတချို့သာ သဘောပေါက်ကြသည်။

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် အလျှင်အမြန် ချည်းကပ်လာနေသည့် တစ်ယောက်ဆီ အာရုံပြောင်းလိုက်သည်။

ထိုလူ ရောက်လာပြီးနောက် သူက တံခါးပေါ်မှ စာသားကို မြင်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အထဲဝင်ဖို့ ကြိုးစားလိုက်သည်။ သူက အထဲဝင်ဖို့ တစ်လှမ်းအလိုအထိ မဖြုံသေးပေ။

ဝမ်ဝေ့၏ အစစ်အမှန်စိတ်ဆန္ဒမှ ဖြစ်တည်လာသည့် မီးခိုးရောင်အရိပ်ကြီးက ထိုလူ၏ အံ့ဖွယ်ပလ္လင်အပေါ် ဖိအားပေးနေသည်။ ထိုလူက မျက်မှောင်ကြုတ်ထားရာမှ အေးစက်စက် သရော်သံပြုလိုက်သည်။

ထို့နောက် ကြယ်တာရာအလင်းလိုမျိုး အနက်ရောင် အငွေ့အသက်အပြည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအနက်ရောင်က မိစ္ဆာလိုမျိုး မဟုတ်ဘဲ အာကာပြင်ထဲမှ အမှောင်ထုလိုမျိုး ဖြစ်၏။ သို့သော် ထိုအရာက ပိုတော်ဝင်ဆန်ကာ ပိုကြောက်ဖို့ကောင်းသည်။

ထိုအငွေ့အသက် ပေါ်ထွက်လာပြီးနောက် သူက အထဲအထိ အေးအေးဆေးဆေး ဝင်လာလိုက်သည်။ ထိုစဉ် ဝမ်ဝေ့က ထိုအငွေ့အသက်သည် ဟွင်သွမ်းချီစွမ်းအားမှန်း သိလိုက်၍ ရောက်လာသူက မည်သူမှန်း တန်းသိလိုက်သည်။

အဆင့် ၁ ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင် - လင်းဖန်

လင်းဖန်က အဓိကပွဲ ကျင်းပမည့် အခန်းဆီ ရောက်လာပြီးနောက် ဝမ်ဝေ့နှင့် သူ့အဖွဲ့အား သတိထားမိလိုက်သည်။ သို့သော် သူက ဘာမှမပြောဘဲ သူ့ဘာသာ ဝင်ထိုင်လိုက်သည်။

လင်းဖန်ပြီးနောက် သိပ်မကြာခင် နောက်ထပ် လူတစ်ယောက်က စစ်ဆေးမှု အောင်မြင်သွားလေသည်။ ဤတစ်ကြိမ် အပြာရောင် ဆံပင်ရှည်ရှည်နှင့် မိန်းမလှလေး ဖြစ်၏။ သူမတွင် ယောက်ျားမိန်းမ မရွေး သူတို့ဘာသာ ပျောက်ဆုံးသွားစေနိုင်လောက်အောင် ဆွဲဆောင်နိုင်သည့် မျက်ဝန်းမျိုး ပိုင်ဆိုင်ထားသည်။

သူမ ရောက်လာသည်နှင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေသူများက သူမ အလှတရားကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူမက အပြုံးမရှိသလို မည်သည့်နည်းစနစ်မှလည်း ထုတ်သုံးမထားပေ။ သူမ၏ သဘာဝအလှတရားကိုက အပြင်ဘက်ရှိ တခြားပါရမီရှင်များကို ဆွဲဆောင်ဖို့ရာ လုံလောက်နေလေပြီ။

တချို့က သူတို့အသက်နှင့်ပင် ကျိန်ဆို၍ ကာကွယ်ပေးလိုကြသည်။ ညို့ဓာတ်ပိုင်ရှင် မိန်းမလှလေးက သူတို့စိတ်ခံစားချက်များကို သိသည့်အလား လှည့်ပြုံးပြလာသည်။ ထိုအပြုံးက ထိုသူများအား ပို၍ စွဲမက်သွားစေပြီး ခုခံဖို့ စိတ်ဆန္ဒအနည်းငယ်ရှိသူကိုပင် ဆွဲဆောင်နိုင်သွားသည်။

ထို့နောက် သူမက ဝမ်ဝေ့၏ စစ်ဆေးမှုကို အလွယ်လေး အောင်မြင်သွားတော့သည်။ သို့သော်လည်း ယခင်တစ်ယောက်ကဲ့သို့ သူမလည်း တံခါးနှင့် တစ်လှမ်းအကွာတွင် မျက်မှောင်ကြုတ်လျက် ရပ်လိုက်ရသည်။ သူမက နောက်ဆုံးတိုက်ခိုက်မှုကို တားဆီးခုခံဖို့အတွက် သူမရှေ့တွင် အရောင်မျိုးစုံ စာအုပ်ခုနှစ်အုပ် ထွက်ပေါ်လာသည်။ ထို့နောက် သူမက တည်းခိုဆောင်ထဲ ဝင်သွားလိုက်၏။

ဤတစ်ကြိမ် ရောက်ရှိလာသူက အဆင့်၃ ချီယွီလျိုချင် ရုပ်ခန္ဓာပိုင်ရှင် စုယာ ဖြစ်၏။

စုယာက အခန်းထဲဝင်လာပြီးနောက် အားလုံးကို ပြုံးပြလိုက်ကာ သူမဘာသာ နေရာယူ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမက ရောက်နေသူများကို အကဲခတ်လိုက်၏။

ထိုစစ်ဆေးမှုကို နောက်ထပ်အောင်မြင်သူမှာ ကျီစုန့် ဖြစ်ပေသည်။ သူက တံခါးဆီ ရောက်လာသည့်အခါ ကျီရှန့်၏ ဓမ္မခန္ဓာက သူ့နောက်မှ ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ အစစ်အမှန်စိတ်ဆန္ဒ ကျူးကျော်မှုကို တားဆီးပေးထားသောကြောင့် အထဲတွင် ခြေချနိုင်သွားသည်။

သူ အခန်းထဲဝင်လာသည်နှင့် ဝမ်ဝေ့ရှိရာဘက် ကြည့်လိုက်ကာ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်အပြည့် ထွက်ပေါ်လာသောကြောင့် ဘေးပတ်ဝန်းကျင်ကို မသက်မသာ ဖြစ်သွားစေသည်။ တည်းခိုဆောင် အပြင်ဘက်ရှိ လူများပင် ထိုသတ်ဖြတ်လိုစိတ်၏ ဖိအားကို ခံစားမိလိုက်ကြ၏။

သို့သော် အခန်းအတွင်းမှ အင်အားကြီးသူများ မပါဝင်ပေ။ လင်းဖန်က အလေးအနက်ဖြင့် ဘေးပတ်လည်ကို အကဲခတ်နေသည်။ စုယာက ပြုံးလျက်ရှိနေ၏။

ဝမ်ဝေ့က ပြုံးလိုက်ကာ  “ကျီစုန့် … ရောင်းရင်း မတွေ့ရတာ ကြာပြီပဲ။ ဘယ်လိုနေလဲ ”

“ငါ့ကို လာလှောင်နေတာလား” ကျီစုန့်က အံ့ကြိတ်ကာ မေးလိုက်သည်။

“ အဲလိုဆိုတော့ ဘာဖြစ်လဲ။ မင်းက အရှုံးသမားတစ်ယောက်အနေနဲ့ အဲလိုသဘောထားမျိုး ရှိသင့်တာပေါ့”

“ အရှုံးတစ်ခုက ဘာမှမဟုတ်ဘူး။ ဒီတစ်ခါ ငါက အနိုင်ရတဲ့သူ ဖြစ်မှာ ”

“ငါသာ မှတ်မိရင် မင်း ဒီလိုပြောခဲ့တာ သုံးကြိမ်မြောက်ပဲ။ အရင်နှစ်ကြိမ်ကလိုပဲ မင်းက ရှုံးနေဦးမှာပဲ ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

သို့သော်လည်း သူ့ကို အံ့အားသင့်သွားစေသည်က ကျီစုန့်က ဒေါသမထွက်သွားသလို တုံ့ပြန်လာခြင်းမျိုးလည်း မရှိပေ။ သူက ဝမ်ဝေ့ကိုသာ စိုက်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် အခန်းက တဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ သူ ကြားရသည်ကား တဂွတ်ဂွတ် သောက်သံများနှင့် အစားဝါးစားနေသည့် အသံများသာ ဖြစ်၏။ သို့သော် သိပ်မကြာခင် နောက်ထပ် လူတစ်ယောက် ဝင်လာသည်။

ဤတစ်ကြိမ် ဓားကို လွယ်လာသည့် ကျန့်ဝူရွှမ်း ဖြစ်၏။ သူက တည်းခိုဆောင်ထဲ ဝင်နိုင်ဖို့ ဖိအားနှင့် အပြိုင် အားပြင်းပြင်း ဓားအရှိန်အဝါတစ်ခု ထုတ်လွှင့်ခဲ့ရသည်။

တခြားသူများနှင့် မတူဘဲ ကျန့်ဝူရွှမ်းက အချိန်ပိုကြာလေသည်။ အကြောင်းမှာ သူက သူ့အငယ်လေးများထဲမှ တစ်ယောက်ကို ကူညီပေးနေရ၍ ဖြစ်သည်။ ထို့ကြောင့် အပိုလူ ပါလာသည့် ဝမ်ဝေ့အပြင် သူက ဒုတိယမြောက် ဖြစ်လေသည်။

အဓိကအခန်းထဲ ဝင်လာပြီးနောက် ကျန့်ဝူရွှမ်းက ဝမ်ဝေ့အား အရင်ကြည့်လိုက်သည်။ ခဲဖြူရောင် ဆံပင်နှင့် မျက်ဝန်းတို့က သတိထားစရာကောင်းလှသည်။

ယခင်စစ်ဆေးမှုအတွင်း သူက ဓားဆန္ဒဖြင့် ဝမ်ဝေ့၏ အစစ်အမှန် စိတ်ဆန္ဒကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့သော်လည်း သက်ရောက်မှု မရှိခဲ့ချေ။

ဝမ်ဝေ့အတွက်မူ သူက ငယ်ရွယ်သည့် ဓားသမားလေးကို ကြည့်နေသည်။ အကြောင်းအရင်းမှာ သူက ကျန့်ဝူရွှမ်း၏ ဓားဆန္ဒသည် သူ့အဖေနှင့် တူညီမှုတချို့ရှိသည်ဟု ခံစားမိနေ၍ ဖြစ်သည်။ ကျင့်ကြံသူတိုင်းက သူတို့ကိုယ်ပိုင် ထူးခြားသည့် ဓားဆန္ဒ ရှိတတ်ကြသောကြောင့် အနည်းငယ် ထူးဆန်းနေမိသည်။

သို့သော် ဝမ်ဝေ့က သူ ဘယ်လိုလုပ်နိုင်ခဲ့ကြောင်းအပေါ်  ပိုစဉ်းစားရခက်နေသည်။ သို့သော်လည်း သူက ထိုမေးခွန်းကို ဘေးဖယ်ထားပြီး နောက်မှ သူ့အဖေကို မေးတော့မည်ဟု မှတ်ထားလိုက်သည်။

ဝမ်ဝေ့ကို ခဏကြည့်လိုက်ပြီးနောက် ကျန့်ဝူရွှမ်းက တခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး နေရာဝင်ယူလိုက်သည်။ သို့သော်လည်း သူ့လူနှစ်ယောက်က ဝမ်ဝေ့ကို အမည်မသိ အကြောင်းအရင်းတချို့ကြောင့် သိပ်သဘောမကျသလို ဖြစ်နေပုံပေါ်သည်။

ထို့နောက် အခန်းက ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်သည့် အခြေအနေသို့ ပြန်ရောက်သွားသည်။ ထိုစဉ် တည်းခိုဆောင်အပြင်ဘက်၌ လူများစွာက တည်းခိုဆောင်ထဲ ဝင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပြီး လူတချို့ကသာ လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုလူများ အောင်မြင်သွားသည့်အခါ ဆိုးဆိုးရွားရွား ဖြစ်နေလေ၏။

သူတို့အဝတ်များက ချွေးများဖြင့် စိုရွဲနှစ်နေပြီး ဆံပင်များကလည်း ရှုပ်ပွနေကာ အသားအရောင်ပင် မကောင်းတော့ပေ။ သူတို့အသက်ရှုနှုန်းကလည်း မမှန်ကြပေ။ ထိုလူများက သူတို့အဆင့်အတန်းကို သတိထားမိဟန်ဖြင့် ဒုတိယတန်းတွင် ထိုင်ဖို့ ရွေးချယ်ခဲ့ကြသည်။

နောက်ထပ် အလွယ်တကူ အောင်မြင်လာသူက ဝမ်ဝေ့နှင့် ကျီစုန့်တို့၏ အသိအကျွမ်းဟောင်းဖြစ်သည့် မဟာဝူတော်ဝင်တိုင်းပြည်မှ စွင်းကျောင်းလုံ ဖြစ်ပေသည်။

မီးခိုးရောင်အရိပ်က သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားသည့်အခါ အံ့ဖွယ်ပင်လယ်ထဲရှိ လူသားကြမ္မာဓားက  ရွှေရောင်အလင်းများ တောက်ပလာကာ ကာဆီးပေးထားသောကြောင့် စွင်းကျောင်းလုံ အထဲဝင်လာနိုင်ခြင်း ဖြစ်၏။ သူက ပထမတန်းတွင် ဝင်ထိုင်လိုက်သည်။

သို့သော် ဝမ်ဝေ့က သူ့ကို စတင်အာရုံစိုက်မိသွားသည်။ အကြောင်းမှာ သူ အခန်းထဲဝင်လာသည်နှင့် ဤစွင်းကျောင်းလုံသည် ကံကြမ္မာသားတော် ဖြစ်နေကြောင်း ချက်ချင်း သိလိုက်၍ ဖြစ်သည်။

ကံကြမ္မာသားတော် တစ်ယောက် ဖြစ်လာနိုင်စွမ်းရှိသူတစ်ဦးအနေနှင့် ဝမ်ဝေ့က သူ မြင်လိုက်သည်နှင့် ထိုသူအား တန်းသိလိုက်လေသည်။ ထို့အပြင် သူသာ အသင်္ချေအင်ပါယာကမ္ဘာ၏ ကံကြမ္မာသားတော် ဖြစ်လာဖို့ ဆုံးဖြတ်လိုက်သည့် တစ်နေ့ကျ စွင်းကျောင်းလုံနှင့် ပြဿနာတက်နိုင်ခြေရှိကြောင်း ကြိုမြင်လာမိသည်။

ဒါပေမဲ့ ဒါကို ငါ့အရေးသာချက်အနေနဲ့ သုံးလို့ရတယ်ဆိုတော့ ဆိုးတော့မဆိုးပါဘူး …

ဝမ်ဝေ့က တိတ်တဆိတ် တွေးလိုက်မိသည်။

သူ ရရှိလိုက်သည့် နောက်ထပ်သတင်းက စွင်းကျောင်းလုံ လက်ထဲ လူသားကြမ္မာဓား ရှိနေခြင်း ဖြစ်၏။ သူ့ဆီရှိနေကြောင်း ထင်မြင်ခဲ့ကြသည်မှာ ဆယ်စုနှစ်အချို့ရှိပြီ ဖြစ်သော်လည်း သက်သေမပြနိုင်ခဲ့ကြပေ။ မဟာဝူတော်ဝင်တိုင်းပြည်က ထိုအချက်ကို ဆက်တိုက်ငြင်းနေသည့်အချက်ကို ထည့်မပြောရသေးပေ။

သို့သော်လည်း ယနေ့တွင် ဝမ်ဝေ့က စွင်းကျောင်းလုံ ခန္ဓာကိုယ်ထဲမှ များပြားလှသည့် ချီကံကောင်းမှုများကို အာရုံခံမိသောကြောင့် ဓားရှိနေကြောင်း အတည်ပြုလိုက်နိုင်သည်။

ဝမ်ဝေ့က အဝင်ပေါက်ဘက် ရုတ်ချည်း လှည့်ကြည့်လိုက်သည်။ သူက ဆံပင်ဖြူဖြူနှင့် အေးတိအေးစက် မျက်နှာထားရှိသည့် လူတစ်ယောက် တံခါးရှေ့ချည်းကပ်လာသည်ကို မြင်လိုက်ရသည်။ ထိုလူငယ်လေးတွင် ခန့်ညားသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်လည်း သူ့အေးတိအေးစက် အမူအရာကြောင့် သူ့အား ဝေးဝေးမှ ရှောင်စေရန် ပြုလုပ်နေသည်။

ထိုလူငယ်လေးတွင် ထူးခြားသည့် မျက်ဝန်းတို့ ရှိလေသည်။ သူ့မျက်ဝန်းက လောကဓံတရားတို့ကို ကြုံတွေ့ရင်ဆိုင်လာပြီး ဘေးပတ်လည်ရှိ အရာများကို ဘာမှမမှုတော့သလို ဖြစ်နေသည်။

သို့သော်လည်း ထိုမျက်ဝန်းများထဲ ကြည့်လိုက်ပါက မိုးမြေကြား ဘာမဆိုဖြိုခွင်းပစ်နိုင်သည့် စိတ်ဆန္ဒနှင့် ဝမ်းနည်းမှုကို မြင်တွေ့နိုင်လေသည်။

ထိုလူက တစ်လှမ်းအလိုအထိ ရောက်လာပြီးနောက် စက္ကန့်ပိုင်းလောက် ရပ်သွားကာ စဉ်းစားဟန်ပေါ်လာသည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ လှည့်ထွက်သွားလေသည်။

ထိုစဉ် တည်းခိုဆောင်အတွင်း ဝမ်ဝေ့က လေးနက်စွာ မေးလိုက်သည် “အဲဒါဘယ်သူလဲ ”

All Chapters