← Chapters

ဝူဟုန်

Vol. 15 Ch. 201

ဝူဟုန်

Vol. 15 Ch. 201

အခန်း(၂၀၁) :  ဝူဟုန်

ယခင် မျှော်နန်းဆောင် စစ်ဆေးမှုအတွင်း ဝမ်ဝေ့ထံ ထူးထူးဆန်းဆန်း တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်။ သူ့စစ်ဆေးမှုထဲ မတူညီသည့် အမျိုးသမီးနှစ်ယောက်ကို ကြုံတွေ့ခဲ့လေသည်။ ထိုအရာက မဖြစ်နိုင်သလောက် ဖြစ်၏။

ထို့နောက် သူက မျှော်နန်းဆောင် ဖန်တီးခဲ့သူများဆီ သွားကာ မေးမြန်းကြည့်သည့်အခါ ထိုသို့မဖြစ်သင့်ကြောင်း ပြောခဲ့သည်။ မူမမှန်မှုကို စစ်ဆေးရန်အတွက် စစ်ဆေးမှုပင် လုပ်ခဲ့သေးသည်။ သို့သော် ဘာမှရှာမတွေ့ခဲ့ပေ။

အကောင်းဆုံး ရှင်းပြချက်မှာ မျှော်နန်းဆောင် ချွတ်ယွင်းသွားတာမျိုး သို့မဟုတ် တစ်ယောက်ယောက်က ပြင်လိုက်တာမျိုး ဖြစ်၏။ သို့သော်လည်း ဘယ်အရာမှ အဓိပ္ပါယ်မရှိချေ။ ဧကရာဇ်တစ်ပိုင်းအဆင့် အသုံးအဆောင်ပစ္စည်းအနေနှင့် မျှော်နန်းဆောင်က သူ့ဘာသာ ချွတ်ယွင်းသွားဖို့ မဖြစ်နိုင်ပေ။

နောက်ထပ် ရှင်းပြချက်အတွက် လူတစ်ယောက် မည်မျှအားကောင်းနေစေကာမူ ဂိုဏ်းရှိ အင်အားကြီးလူများကို မသိစေဘဲ လုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ သဘာဝလွန်နယ်ပယ်အဆင့် ရောက်လာပြီးနောက် ဝမ်ဝေ့က ဂိုဏ်း၏ လျို့ဝှက်ချက်အနည်းငယ်ကို သိလာသောကြောင့် အမှန်တကယ် မည်မျှအားကောင်းကြောင်း သိလာခဲ့သည်။

သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ အမွေအနှစ်အစစ်အမှန်များသည် တကယ်တော့ လျို့ဝှက်နယ်မြေများအတွင်း အိပ်စက်နေသည့် တာအိုဘိုးဘေးများနှင့် ထာဝရအရှင်များ ဖြစ်ကြောင်း သိလိုက်သည်။ ထိုလူများက ဂိုဏ်း ဖျက်ဆီးခံရလုနီးပါး သို့မဟုတ် ဂိုဏ်းအတွင်း နောက်ထပ် မဟာဧကရာဇ်တစ်ပါး ပေါ်မလာမချင်း ဝင်ပါမည် မဟုတ်ပေ။

ထို့ကြောင့် မျှော်နန်းဆောင်ကို ထိုလူများ၏ အကြည့်အောက် လှုပ်ရှားနိုင်ဖို့ ထိုလူက အင်မတန် အားကောင်းနေမှ ဖြစ်လိမ့်မည်။

ပို၍ အရေးကြီးသည်က ဒီလိုအရာမျိုး ဘာလို့လုပ်ရသနည်း။

မျှော်နန်းဆောင် စစ်ဆေးမှုပြီးကတည်းက ဝမ်ဝေ့သည် ထိုအမျိုးသမီး၏ မျက်နှာကို အမြဲအမှတ်ရနေခဲ့သည်။ သူမ၏ ပင်ကိုစရိုက်က ထိုစဉ်နှင့် မတူတော့သော်လည်း အလှတရားက မပြောင်းမလဲ ကျန်ရှိနေသေး၏။

“ အဲဒါဘယ်သူလဲ” သူက ဝမ်ကျူအား အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။

“သခင်လေး အဲဒါ တတိယမြောက် အလှဆုံးဆိုတဲ့ ဝူဟုန်ပါ။ သူမက အရမ်းအားကောင်းပြီးတော့ ဆန်းကြယ်တဲ့ ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပါ ”

“နောက်ထပ် ဘာသိရသေးလဲ”

“သူမက သာမန်သေမျိုးမိသားစုမှာ မွေးဖွားလာပေမဲ့ ဧကရီဝူရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့ပါတယ်”

“ဧကရီဝူလား ”

“ ဟုတ်ပါတယ်။ တကယ်တော့ လူတော်တော်များများက သူမကို ဧကရီဝူရဲ့ မျိုးဆက် ဒါမှမဟုတ် သူမ ပြန်လည်ဝင်စားတာလို့ ယုံနေကြတာပါ။ သူမက နာမည်အတူတူ ရှိရုံတင်မကဘူး။ ရုပ်ရည်ကလည်း တစ်ပုံစံတည်းပဲတဲ့ ”

ဝမ်ဝေ့က စဉ်းစားနေရင်း ခေါင်းညိတ်လိုက်သည်။ ဧကရီဝူသည် မိစ္ဆာခေတ်ကာလတွင် နေထိုင်ခဲ့သူ ဖြစ်ပြီး သူမက အသင်္ချေအင်ပါယာကမ္ဘာအတွင်း အားအကောင်းဆုံး မဟာဧကရာဇ်များထဲမှ တစ်ယောက်ဟု မှတ်ယူနိုင်လေသည်။

အကယ်၍ ဒီကမ္ဘာ၏ အားအကောင်းဆုံး မဟာဧကရာဇ်ဆယ်ယောက်အကြောင်း စာရင်းပြုစုမည်ဆိုလျှင် သူမက ပထမနေရာ မဟုတ်လျှင်ပင် ထိပ်တန်းသုံးယောက်ထဲ ရောက်လိမ့်မည်။ ပြီးပြည့်စုံသည့် နမူနာတစ်ခုက တားမြစ်နယ်မြေများ ဖြစ်၏။ မိစ္ဆာခေတ်ကာလမတိုင်ခင် တားမြစ်နယ်မြေ ဆယ်ခု ရှိခဲ့လေသည်။ သို့သော် သူမက တစ်ယောက်တည်းဖြင့် တားမြစ်နယ်မြေလေးခုကို ဖျက်ဆီးပစ်ခဲ့သောကြောင့် ယခုတွင် ခြောက်ခုသာ ကျန်ရှိတော့သည်။

လူတော်တော်များများက သူမ၏ အခါမသင့် ပျောက်ကွယ်သွားမှုကြောင့်သာ မဟုတ်လျှင် အားလုံးကို ဖျက်ဆီးပစ်ခဲ့လိမ့်မည်ဟု ယုံကြည်ထားကြသည်။

“သူမအကြောင်း ဘာထပ်သိသေးလဲ” ဝမ်ဝေ့က ထပ်မေးလိုက်သည်။

“ သူမက အတော်လေး လျို့ဝှက်ဆန်းကြယ်တယ်။ သူမရဲ့ နိမ့်ကျတဲ့ နောက်ခံရယ်၊ လှပမှုနဲ့ ပါရမီတွေကြောင့် အင်အားစုအများစုက သူမကို ဂိုဏ်းထဲဝင်ဖို့ ဖိတ်ကြားချင်နေကြတာ။ ဒါပေမဲ့ သူမဆီ လွှတ်လိုက်တဲ့ ဘယ်သူမှ ပြန်မလာနိုင်ကြဘူး”

“သူတို့ ပြန်မရောက်လာဘူးဆိုတာ ဘာပြောတာလဲ”

“ လေဟာနယ်ပြိုပျက်ခြင်း နယ်ပယ်အဆင့်၊ သူတော်စင် ဒါမှမဟုတ် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံး သူမနောက်လိုက်ပြီးရင် ပျောက်သွားကြတယ်။ အဲဒီလူတွေ သေဆုံးသွားပြီလို့ ယူဆကြတယ်။ အဲဒါကြောင့် သူမက ရိုးရိုးရှင်းရှင်းမဟုတ်တဲ့အကြောင်း သတိထားမိလာကြတာ ”

“သူမဆီ တာအိုကာကွယ်သူ ရှိနေတာလား”

“ အဲဒါက ပြဿနာပါပဲ။ သူမကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ လူတစ်ယောက်မှ အာရုံမခံမိကြဘူး။ သူမ ခရီးသွားတိုင်း အမြဲတမ်း တစ်ယောက်တည်းလိုလိုပဲ ”

ဝမ်ဝေ့က ဝမ်ကျူနှင့် စိတ်ဖြင့်ဆက်သွယ်ကာ ပြောနေစဉ် သူ့အကြည့်များက သူမအပေါ်မှ ခွာသွားခြင်းမျိုး မရှိပေ။ ထို့နောက် ဝူဟုန်က သူ့အကြည့်ကို ခံစားမိဟန်ဖြင့် ဝမ်ဝေ့အား ပြန်ကြည့်လာပြီး ပြုံးပြလိုက်သည်။

သူတို့အကြည့်ချင်းဆုံလိုက်သည်နှင့် ဝမ်ဝေ့က သူ့အမြင်တို့ ပြောင်းလဲသွားသလို ရုတ်ချည်း ခံစားလိုက်ရသည်။ အတိအကျဆိုရလျှင် သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာက အသက်ဝင်လာပြီး သူနှင့်သူမကြား ဆက်နွယ်နေသည့် အနီရောင်ကြိုးမျှင်ကို မြင်လိုက်ရသည်။

ထိုအခါ သူ အံ့ဩမိသွားသည်။ အကြောင်းမှာ ထိုကံကြမ္မာကြိုးမျှင်က မည်မျှအားကောင်းနေမှန်း ခံစားမိ၍ ဖြစ်သည်။ ဝမ်ဝေ့နှင့် ဆက်နွယ်နေသည့် ကံကြမ္မာ ကြိုးမျှင်များစွာ ရှိသော်လည်း သူ့မိဘများကသာ အားအကောင်းဆုံး ဖြစ်ခဲ့သည်။

သူ့အနေနှင့် သူတို့က သူ့ကို မွေးဖွားပေးခဲ့၍ မိသားစုနှင့် အားကောင်းသည့် ကံကြမ္မာ ကြိုးမျှင် ရှိခြင်း ဖြစ်လိမ့်မည်ဟု မှန်းဆထားခဲ့သည်။ သို့သော် ယနေ့တွင် သူက သူ့မိသားစုထက် ပိုအားကောင်းသည့် ကံကြမ္မာကြိုးမျှင် ပိုင်ရှင်ကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူမအကြောင်း ပို၍ စိတ်ဝင်စားလာမိသည်။

ဝူဟုန်အတွက်မူ ဝမ်ဝေ့ကို ခဏမျှသာ ကြည့်လိုက်ပြီးနောက် သူမနေရာ ဝင်ထိုင်လိုက်သည်။ သို့သော်လည်း သူမ ထိုင်ပြီးသိပ်မကြာခင် ဝမ်ဝေ့က သူမအနား ချည်းကပ်လာကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။

“မင်္ဂလာပါ ကျွန်တော်က ဝမ်ဝေ့ပါ ”

“ ရှင် ဘယ်သူလဲ သိပါတယ်” သူမက အနည်းငယ်ပြုံးကာ ပြန်ဖြေလိုက်သည် “အမွေခံသားတော် … ရှင်က ကမ္ဘာမှာ နာမည်ကြီးနေတာပဲလေ”

“ အဲဒါကို သိပါတယ်။ ဒါပေမဲ့ လူသစ်တွေနဲ့ တွေ့တဲ့အခါ ကိုယ့်ဘာသာ အမြဲမိတ်ဆက်ရတယ်လေ”

“အဲလိုလား … ရှင်က လူမှုကျင့်ဝတ်တွေကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူးလို့ ခံစားမိနေတာ”

“အဲလိုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက တစ်ခါတလေ အရမ်းအသုံးဝင်တယ်လေ။ ပြောရရင် တခြားသူတွေဆီကနေ ကျွန်တော့်မိဘတွေက ကျွန်တော်ကို ကောင်းကောင်းမပျိုးထောင်ခဲ့ဘူးလို့ မကြားချင်ဘူးလေ ”

“အဲဒါ တကယ့်အကြောင်းအရင်းရော ဟုတ်ရဲ့လား”

“ အမ် ” ဝမ်ဝေ့က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည် “ အဲဆို တကယ့်အကြောင်းအရင်းက ဘာလို့ထင်လဲ ”

“ရှင်က ခန့်ညားချောမောတဲ့ ရုပ်ရည်ကို အသုံးပြုပြီး တခြားသူတွေ ရှင့်အပေါ် သတိလျော့ချစေချင်နေတာ ဖြစ်နိုင်တယ်။ အဲဒီနောက် ရင်းနှီးလာပြီး မိတ်ဆွေတွေ ဖြစ်လာမယ် ဒါမှမဟုတ် ရှင့်အတွက် အသုံးဝင်တဲ့ သူတို့လျို့ဝှက်ချက်တွေအကြောင်း သိလာမယ် … ”

“ အဲလိုအဆိုးမြင်နေတာက နည်းနည်းခေါင်းခြောက်စရာဆိုပေမဲ့ ကျွန်တော့်ကို ခန့်ညားချောမောတယ်လို့ ဝန်ခံထားတဲ့အပေါ် အချက်ပေါ်မှာ ကျော်သွားလိုက်ပါ့မယ် ”

“ရှင် ခန့်ညားချောမောတယ်ဆိုတာ အငြင်းပွားစရာ ရှိလို့လား” ဝူဟုန်က ယုံကြည်ချက်ရှိစွာ မေးလိုက်သည်။

“ မဟုတ်ပါဘူး … ဒါပေမဲ့ အမျိုးသမီးတစ်ယောက်က မျက်နှာချင်းဆိုင် ပြောတာကိုတော့ မကြာခဏကြုံလေ့မရှိဘူးလေ”

“ကောင်းပြီ သခင်လေးဝမ်ဝေ့ … ကျွန်မက သာမန်အမျိုးသမီးတွေလို မဟုတ်ဘူး။ ကျွန်မ လတ်တလော သိထားသလောက် ရှင့်အကြောင်းကိုတော့ အဲဒီတစ်ခု သေချာတယ် ”

ထိုလူနှစ်ယောက်က အချင်းချင်း တီးတိုးပြောနေစဉ် ရှီရှစ်က သူမ၏ ကျော်ကြားမှုကို ဝူဟုန် ခိုးယူသွားသောကြောင့် စိတ်မပျော်တော့ပေ။

တွေ့ဆုံပွဲ ပထမပိုင်းတွင် သူမက ဗျပ်စောင်း တီးခတ်ပြ၏။ သူမက ပါရမီပါလွန်းကာ ဆရာကြီးအဆင့် ဖြစ်ပေသည်။ ထို့အပြင် ဗျပ်စောင်း၏ ဂီတသံက နားထောင်သူတို့၏ စိတ်ထဲမှ ပူပင်မှုအားလုံးကို ပြေလျော့သွားစေကာ တည်ငြိမ်လာစေသည်။ ထိုတည်ငြိမ်သည့် အခြေအနေက မိုးမြေကြားမှ စည်းမျဉ်းများကို နားလည်ဖို့ များစွာအကျိုးရှိလေသည်။

သူမ ဖျော်ဖြေနေစဉ် ဝူဟုန်နှင့် ဝမ်ဝေ့တို့ နှစ်ယောက်လုံး ဂီတကို ခံစားနေကြပြီး ဘာမှမပြောကြတော့ပေ။ သူတို့နှစ်ယောက်လုံးက မျက်လုံးမှိတ်ထားကာ စိတ်ငြိမ်းချမ်းသည့် အနေအထားသို့ ရောက်သွားကြသည်။ သူတို့သာ မကပေ။ အခန်းအထဲရှိ လူအားလုံးလည်း ပါဝင်ပေသည်။

ရှီရှစ်က တီးခတ်သွားပြီးနောက် တခြားကောင်းကင်ရွေးချယ်ခံများ၏ ပါရမီပြသဖို့ အလှည့်ကျရောက်လာသည်။

နောက်ထပ် ပါရမီပြမည့်လူက စုယာ ဖြစ်၏။ သူမကလည်း ဗျပ်စောင်းကို ထုတ်ကာ လှလှပပ တီးခတ်လိုက်သည်။ သို့သော်လည်း သူမက ရှီရှစ်နှင့် လုံးဝကွဲပြားနေသည်။

သူမက အားလုံးကို စိတ်ခံစားချက်အပြည့်၊ အတက်အကျ အနိမ့်အမြင့် စီးမျှောလိုက်ပါနိုင်မည့် မှော်ဆန်ဆန် ခရီးတစ်ခု ခေါ်ဆောင်သွားသည်။ မိနစ်ပိုင်းလေးအတွင်း ကောင်းကင်ရွေးချယ်ခံအားလုံးက တည်ရှိသမျှ စိတ်ခံစားချက်မျိုးစုံကို ကြုံတွေ့လိုက်ရသည်။ အတွေ့အကြုံက ကြောက်မက်ဖွယ် အထင်းသား ဖြစ်နေသေးသည်။

နာကျင်မှုဖြစ်စေ၊ ဝမ်းနည်းမှုဖြစ်စေ သို့မဟုတ် ချစ်ခြင်းမေတ္တာဖြစ်စေ စိတ်ခံစားချက်များ၌ ကွဲပြားချက်များစွာ ရှိလေသည်။ ထိုလူများက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် ဘဝတစ်သက်တာ အချစ်တို့ ပျောက်ဆုံးရသည့် နာကျင်မှုတို့ ခံစားခဲ့ရသည်။ သူတို့က လက်တွဲဖော်အစား မိသားစုဝင် ဆုံးရှုံးသွားရသည့် နာကျင်မှုကိုလည်း ကြုံတွေ့ခံစားခဲ့ရသည်။

စုယာက ထိုနာကျင်မှုနှစ်မျိုးကြားမှ ခြားနားချက်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ခဲ့သည်။

ထို့နောက် အားလုံး စိတ်ထဲ ကိုယ်ပိုင် သံသယများနှင့် စိတ်မလုံခြုံမှုများအထိ ရောက်လာခဲ့သည်။ သူမက ကောင်းကင်ရွေးချယ်ခံများ၏ စိတ်ထဲ အားလုံးကို ယူဆောင်ပေးခဲ့သည်။ ထိုသို့ဖြစ်နိုင်ခြင်းမှာ လူတချို့က သူမကို သတိကြီးကြီးမထားထား၍ ဖြစ်သော်လည်း ကြောက်မက်ဖွယ် စွမ်းရည်တစ်ခု ဖြစ်နေဆဲသာ ဖြစ်၏။

“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အမျိုးသမီးပဲ” ဝမ်ဝေ့က တီးတိုးပြောလိုက်သည်။

“ ရှင် ပြောတာ မှန်တယ်” ဝူဟုန်က ပြန်ဖြေလိုက်သည် “ အဲဒါက ချီယွီလျို့ချင် ရုပ်ခန္ဓာက ကောင်းကင်ရုပ်ခန္ဓာထဲ အဆင့် ၃ ဖြစ်နေတဲ့ အကြောင်းအရင်းပဲ။ ရှင်က သူတော်စင်ဖြစ်ဖြစ်၊ မဟာဧကရာဇ်ဖြစ်ဖြစ် အဲဒီစိတ်ခစားချက်တွေကနေ မလွတ်မြောက်နိုင်ဘူး။ အထူးသဖြင့် သူတို့တာအိုလမ်းစဉ်နောက်လိုက်ဖို့ အားကြီးချင်တဲ့ စိတ်ဆန္ဒနဲ့ ပတ်သက်လာရင်ပေါ့ ”

“ အမှန်ပဲ … လူတစ်ယောက်က တာအိုအမျိုးမျိုးကို ကျင့်ကြံရင်တောင် ဒီစိတ်ခံစားချက် အချုပ်အနှောင်ကြားကနေ လွတ်မြောက်နိုင်ဦးမှာ မဟုတ်ဘူး”

ကြည့်ရတာ ငါ စုယာကို ပိုသတိထားမှ ဖြစ်တော့မယ် … ဒါပေမဲ့ သူမလိုမျိုး စိတ်ခံစားချက်တွေနဲ့ ကစားရတာ သဘောကျတဲ့လူတွေက သူတို့ဘာသာ စိတ်ခံစားချက်ကြောင့် အလွယ်လေး ကျရှုံးသွားတတ်ကြတယ် …

ဝမ်ဝေ့က သူ့ဘာသာ တိတ်တဆိတ် တွေးလိုက်မိသည်။

ထိုစဉ် ဝူဟုန်က သူ့အား ရုတ်တရက် ကြည့်လာပြီး “ ရှင် သူမကို ဘယ်လိုအနိုင်ယူရမလဲလို့ စဉ်းစားနေတာမလား ”

“ မင်း ဘာပြောနေမှန်း မသိဘူး ” ဝမ်ဝေ့က အမူအရာအပြောင်းအလဲမရှိ ပြန်ဖြေလိုက်သည်။

“ရှင် ကြိုက်သလို ပြောထားပေါ့ ”

All Chapters