← Chapters

ကဗျာ

Vol. 15 Ch. 202

ကဗျာ

Vol. 15 Ch. 202

အခန်း(၂၀၂) :  ကဗျာ

စုယာအလှည့်အပြီးတွင် သူမက ရှီရှစ်အား စိုက်ကြည့်လိုက်ပြီးနောက် အကြည့်လွဲလိုက်သည်။ ထို့နောက် တခြားကောင်းကင်ရွေးချယ်ခံများက သူမကို ချီးကျူးကြလေသည်။ ဝမ်ဝေ့ပင် ခြွင်းချက် မဟုတ်ပေ။ သူသည်လည်း သူမ၏ ဗျပ်စောင်းစွမ်းရည်ကို အသိအမှတ်ပြု၏။

ထို့နောက် သူတို့၏ အရည်အချင်းနှင့် ပါရမီပြသဖို့ တခြားကောင်းကင်ရွေးချယ်ခံများ အလှည့် ကျရောက်လာသည်။

ပထမဆုံးလူက အဆင့် ၁ ရုပ်ခန္ဓာပိုင်ရှင် လင်းဖန် ဖြစ်၏။ သူက ရှီရှစ်၏ အံ့မခန်းအလှတရားကို ဖော်ညွှန်းသည့် ကဗျာရွတ်ဆိုခဲ့သည်။ သူမ၏ တည်ရှိမှုက ကောင်းကင်ဘုံကိုယ်တိုင်မှ ကောင်းချီပေးထားသော ဆုလာဘ်ဖြစ်ကြောင်း၊ သူမကို မြင်လိုက်သူအားလုံးကို ပျော်ရွင်မှုများ ဆောင်ကျဉ်းပေးလာနိုင်ကြောင်း တင်စားခဲ့၏။

ဝမ်ဝေ့က ဤလင်းဖန်သည် ရှီရှစ်အား မျက်နှာနီရဲလာအောင် လုပ်နိုင်သည့်အတွက် လေပေးဖြောင့်သူ ဖြစ်ကြောင်း အသိအမှတ်ပြုရပေမည်။ နောက်ဆုံးတွင် သူက လင်းဖန်၌ မောင်းမဆောင် မည်မျှကြီးမားကြောင်း သဘောပေါက်သွားခဲ့သည်။

လင်းဖန် အလှည့်အပြီးတွင် ကျီစုန့် အလှည့် ကျရောက်လာသည်။ လင်းဖန်လိုမျိုး သူကလည်း ဒီဖြစ်ရပ်အတွက် ကိုယ်တိုင်ကဗျာရွတ်ဆိုခဲ့သည်။ သူ့ကဗျာက လင်းဖန်လိုမျိုး ချိုမြိန်မနေပေ။

သို့သော် သူက ရှီရှစ်သာ သူ့အပိုင်ဖြစ်လာပါက သူမကို တစ်သက်တာလုံး သစ္စာရှိသွားမည် ဖြစ်ကြောင်း၊ အသင်္ချေအင်ပါယာကမ္ဘာတစ်ခွင် အချစ်မြတ်နိုးခံရဆုံးသော မင်းသမီးတစ်ပါးအဖြစ် ဆက်ဆံပေးမည် ဖြစ်ကြောင်း ဖော်ညွှန်းထား၏။ သူက အရမ်းလေးနက်ကာ စိတ်အားထက်သန်နေသည်။

“အဲဒီလူကြမ်းကြီးက ဒီလိုမျိုး အချစ်သဘာဝကို ဖော်ကျူးပြတယ်ဆိုတာ မယုံနိုင်ဘူး” ဝမ်ဝေ့က တီးတိုးပြောလိုက်သော်လည်း  ဝူဟုန်က ခေါင်းစောင်းကြည့်လာသည်။

“အဲဒါက မထင်မှတ်ထားစရာတော့ မဟုတ်ပါဘူး။ တော်ဝင်တိုင်းပြည်ရဲ့ မင်းသားတစ်ပါးအနေနဲ့ ကျီစုန့်က တခြားအမွေဆက်ဆံသူတွေလိုမျိုး ငယ်ငယ်လေးနဲ့ ကဗျာ၊ အရေးအသား၊ စစ်တပ်ဗျူဟာတွေ သင်ကြားထားခံရမှာပဲ။ သူက အဲဒီလိုမျိုး ပြုမူမနေပေမဲ့ တကယ်တော့ သူ့အရိုးထဲအထိ စွဲနေပြီးပြီလေ ”

“အဲဒါကို သိပါတယ်။ သူ့ဆီက ပထမဆုံးအမြင်ကို ဖယ်ရှားဖို့ အခက်တွေ့နေရုံလေးပါ။ ဒီကြားထဲ အတူတူတွေ့ခဲ့တာတွေ ထည့်မပြောနဲ့ဦး။ သူ့ကို ကျွန်တော်က အရူးလို့ သတ်မှတ်ထားတာ ”

“အဲဒါက သူ့နောက်က သူ့အစ်ကိုကြောင့် ဖြစ်နိုင်တယ်။ ငယ်ငယ်လေးကတည်းက သူ့အစ်ကိုကြီးက အကုန်လုပ်ပေးနေတာဆိုတော့ သူက ဘာမှတွေးနေစရာ မလိုဘူးလေ” ဝူဟုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်ပြီးနောက် တခြားသူများ၏ ဖျော်ဖြေမှုကို ကြည့်ရှုလိုက်သည်။

စင်ပေါ်တက်လာသည့် နောက်ထပ်လူက ကျန့်ဝူရွှမ်း ဖြစ်၏။ သို့သော်လည်း ယခင်နှစ်ယောက်နှင့် မတူဘဲ သူက ကဗျာမရေးစပ်ဘဲ လက်ရေးလှ အရေးအသားကို အသုံးပြုခဲ့သည်။

သူ့လက်တစ်ချက်အဝေ့တွင် အခန်းအလယ်၌ စက္ကူရွက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ကျန့်ဝူရွှမ်းက စုတ်တံကို လက်ထဲကိုင်ဆောင်ကာ လေထဲ ပျံသန်းလိုက်သည်။

သူ့လက်ထဲ စုတ်တံရောက်သွားသည်နှင့် ကျန့်ဝူရွှမ်း၏ ပင်ကိုစရိုက်က ပြောင်းလဲသွားသည်။ သူက အဆုံးမဲ့အဟုန်ဖြင့် အထွတ်အထိပ် ဓားသမားတစ်ဦး ဖြစ်လာသည်။ သူက စုတ်တံကို ဓားတစ်ချောင်းလိုမျိုး ဝေ့ယမ်းကာ “ စိတ်အား ပြင်းပြမှု” ဟူသော စာလုံးကို ရေးသားခဲ့သည်။

ထို့နောက် သူ့စာလုံးမှ အားပြင်းသည့် အငွေ့အသက်များ ထွက်ပေါ်လာကာ ထိုအငွေ့အသက်များက သူ့အချစ် သို့မဟုတ် ရှီရှစ်အပေါ်ပင် စိတ်အားပြင်းပြမှု ဖြစ်နေကြောင်း ပြသနေသည်။ သူ့ဓားအတွက် ချစ်ခြင်းမေတ္တာနှင့် ညီမျှလုနီးပါး စိတ်အားပြင်းပြမှုတစ်ခု ဖြစ်ပေသည်။ ဓားသမားတစ်ဦးအနေနှင့် အရာအားလုံးထက် သူတို့ဓားကိုသာ အချစ်ဆုံး ဖြစ်ကြသည်။

သူတို့အများစုက တစ်ဘဝလုံး ဓားအပေါ်သာ ပုံအပ်ထားသောကြောင့် သို့မဟုတ် အထွတ်အထိပ်ဓားလမ်းစဉ်ဆီ ရောက်ဖို့ အမျိုးမျိုးသော တာအိုများကို လေ့ကျင့်နေသည့်အတွက် တစ်ကိုယ်တည်းသမားများသာ  များကြလေသည်။

သို့သော်လည်း ကျန့်ဝူရွှမ်းက ကွဲပြား၏။  အထွတ်အထိပ်ဓားလမ်းစဉ်ကို ရောက်ဖို့အတွက် အရာအားလုံးကို လက်လျော့ဖို့ မလိုအပ်ကြောင်း သူ့စီနီယာများဆီမှတဆင့် သင်ယူထားလေသည်။ သူတို့စံအိမ်၏ ဘိုးဘေးများ ခက်ခက်ခဲခဲ သင်ယူခဲ့ရသည့် သင်ခန်းစာ ဖြစ်၏။

ထို့ကြောင့် သူက ရှီရှစ်၏ အလှတရားကြောင့် နှစ်သက်မိသွားကာ သူ့ဓားနှင့် အတူတူ တစ်ဘဝလုံး သူမအား အဖော်ပြုခွင့်ရဖို့ ရွေးချယ်ခံရဖို့ရာ မျှော်လင့်နေမိသည်။

သူ့နောက်တွင် စွင်းကျောင်းလုံး အလှည့် ဖြစ်၏။ ကျန့်ဝူရွှမ်းလိုမျိုး သူကလည်း လက်ရေးလှ အရေးအသားဖြင့် စွမ်းရည် ပြသသွားသည်။ သူ ရေးသားလိုက်သည့် စာလုံးက “ စူးစိုက်မှု” ဖြစ်သည်။

စွင်းကျောင်းလုံက စာရေးသားနေစဉ် ဓားလိုမျိုး အငွေ့အသက်ကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ဓားသမားသပ်သပ် အငွေ့အသက်မျိုး မဟုတ်ပေ။ အုပ်ချုပ်သူဓားလိုမျိုး ဖြစ်၏။ သူ့ဓားအငွေ့အသက်က ဓားကိုသုံးကာ ရန်သူ၏ တိုင်းပြည်အား ဖျက်ဆီးပစ်ပြီး သူ့လူများထံ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ဆောင်ကျဉ်းလာမည့် အထွတ်အထိပ် အုပ်စိုးသူလိုမျိုး ဖြစ်သည်။ ဓားက စွမ်းအားကြီးမားမှုနှင့် လေးစားဖွယ် ပုံမျိုး ထုတ်ဖော်နေသည်။

သူ ရေးသားလိုက်သည့် စာလုံးအတွက်မူ ရှီရှစ်အား သူ့ဧကရီဖြစ်စေကာ သူ့ဘဝဖြင့် ကာကွယ်ပေးသွားပြီး ချစ်သွားမည်ဟု တိုင်တည်လိုက်ခြင်း ဖြစ်သည်။ သူတစ်ယောက်တည်းသာ သူမဆီ နှစ်မြှပ်စေထားခြင်း မဟုတ်ဘဲ သူ့တိုင်းပြည်မှ လူအားလုံးလည်း ပါဝင်သည်။ ထို့ကြောင့် သူမက သူ့ချစ်ခြင်းမေတ္တာကို ရရုံသာမက သူ့တိုင်းပြည်တစ်ခုလုံး၏ ချစ်ခြင်းမေတ္တာကို ရရှိလိမ့်မည် ဖြစ်၏။

ထိုစဉ် ရှီရှစ်က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ကြိတ်ပျော်နေမိသည်။ သူမက ဝန်မခံသော်လည်း သူမအပေါ် အာရုံစိုက်မှုအားလုံးကို နှစ်သက်လေသည်။ ထိုအရာများက သူမကို ထူးခြားအရေးပါသည်ဟု ခံစားရစေ၏။

သူမက ကမ္ဘာပေါ်တွင် အလှဆုံး မိန်းကလေးဟု သတ်မှတ်ခံထားရသော်လည်း ထိုခေါင်းစဉ်က မျိုးဆက်တစ်ခုစီတွင် တစ်ယောက်ယောက်ကို ပေးသော ခေါင်းစဉ်မျှ ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သူမက ထိုခေါင်းစဉ်သည် သူမအပေါ်  ပါရမီရှင်တချို့၏ အရေးပေးမှုယှဉ်လိုက်လျှင် တူညီသည့် ပျော်ရွင်မှုမျိုး မခံစားမိစေပေ။

သူမက အခန်းအတွင်းရှိ အားလုံးသည် အသင်္ချေအင်ပါယာကမ္ဘာ၏ ထိပ်တန်းအင်အားစုများ ဖြစ်လာနိုင်စွမ်း ရှိကြောင်း သိထားသည်။ တစ်ယောက်တည်းကသာ မဟာဧကရာဇ် ဖြစ်လာလိမ့်မည်။ ထိုအရာက လမ်းစဉ်တစ်လျှောက် မည်သူမှ မသေဆုံးကြောင်း ထည့်တွက်ထားသည့် အခြေအနေမျိုး ဖြစ်သည်။

ရှီရှစ်က ဝူဟုန်ကို လှမ်းကြည့်လိုက်သည်။ ယခု သူမအလှည့်ကျရောက်လာလေပြီ။ သို့သော်လည်း သူမက ခေါင်းအသာယမ်းကာ မပါဝင်ကြောင်း ပြသလိုက်သည်။ လူများစွာက သူမ၏ ဖျော်ဖြေမှုကို မကြည့်ရ၍ စိတ်ပျက်သွားကြသော်လည်း သူမကတော့ လျစ်လျူရှုထားလေသည်။

“ မင်းရဲ့ ဖျော်ဖြေမှုက တကယ်ကို ထူးခြားလိမ့်မယ်လို့ ခံစားမိနေတယ် ” ဝမ်ဝေ့က ရုတ်ချည်း ပြောလိုက်သည်။

ဝူဟုန်က သူ့အား ကြည့်လိုက်ပြီးနောက် ညို့ယူဖမ်းစားသည့် အပြုံးဖြင့် ပြုံးလိုက်ကာ  “ ရှင် ပြောတာ ဘယ်လောက်မှန်တယ်ဆိုတာ သိမှာ မဟုတ်ပါဘူး ”

“အခုလေးတင် မင်းက ငါရဲ့သိလိုစိတ်ကို နှိုးဆွလိုက်တာပဲ ”

“ကောင်းပြီ သခင်လေးဝမ်ဝေ့ … တကယ်လို့ ရှင့်ကတ်တွေကို မှန်မှန်ကန်ကန် ကစားနိုင်မယ်ဆိုရင် တစ်ယောက်ချင်းစီ ကြည့်ခွင့်ရနိုင်ခြေ ရှိလာနိုင်တယ်” ဝူဟုန်က ဝမ်ဝေ့နားထဲ ကပ်ကာ ပြောလိုက်သည်။

ဝမ်ဝေ့က တံတွေးကိုသာ မျိုချလိုက်၏  “ အဲဆိုရင်တော့ မျှော်လင့်နေမိပြီ ”

ထို့နောက် သူက သူမဆီမှ ခက်ခက်ခဲခဲ အကြည့်လွဲလိုက်ကာ သူမနှုတ်ခမ်းထောင့်မှ လှောင်ပြုံးကို လျစ်လျူရှုထားလိုက်သည်။ ထိုစဉ် သူက လူများစွာသည် သူ့အား ဆွံအစွာ ကြည့်နေကြောင်း မြင်လိုက်ရ၏။

ထိုလူများက အမှန်တကယ် ဆွံ့အနေသည်မှာ အမှန်ဖြစ်ပေသည်။ အားလုံးက သူတို့ ဖျော်ဖြေဖို့ စောင့်ဆိုင်းနေစဉ် သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက်က ကျီစယ်နေကြ၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က အရေထူ၍ ထိုအကြည့်အားလုံးကို လျစ်လျူရှုထားလိုက်သည်။

“အဲဆိုတော့ အခု ငါ့အလှည့်ပေါ့ …” သူက ပြောလိုက်ပြီးနောက် ဘာလုပ်ရမလဲ ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူက အတိတ်တုန်းက နာမည်ကြီးခဲ့သည့် လီပိုင်၏ နာမည်ကျော် ကဗျာကို အမှတ်ရသွားသည်။

သူက ချောင်းဟန့်ကာ

“ ပင်လယ်ကြီးကို မြင်တွေ့တဲ့အခါ မြစ်ကို မေ့သွားနိုင်တယ် …

ဝူရှန်းတောင်တန်းက တိမ်တိုက်တွေလိုမျိုး ဘယ်တိမ်ကမှ အံ့ဩဖို့ မကောင်းဘူး ..

ငါ ပန်းခင်းတချို့ကို ဖြတ်ကျော်လာရင်း တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ခဲ့ဘူး … တာအိုကို လေ့လာရင်း တစ်စိတ်တစ်ပိုင်းက မင်းအကြောင်းကို တွေးနေမိတယ်”

ဝမ်ဝေ့က သူ့ကဗျာရွတ်လိုက်သည်နှင့် အခန်းထဲရှိ လူအားလုံးက ထိုကဗျာ၏ လှလှပပ ဝမ်းနည်းဖွယ် သက်ရောက်မှုကို ခံလိုက်ရသည်။ အရမ်းချစ်မြတ်နိုးရသူတစ်ယောက်ကို တမ်းတမ်းတတ လွမ်းဆွတ်နေကြောင်း တွေးမိလိုက်ရုံဖြင့် ဝမ်းနည်းလာမိသည်။

ထိုလူက တစ်နေရာရာတွင် ရှိနေနိုင်သော်လည်း မရောက်ရှိနိုင်ပေ။

ထိုကဗျာကို သဘောအကျဆုံးလူမှာ စုယာသာ ဖြစ်၏။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်သူတစ်ယောက်အနေနှင့် ထိုကဗျာ၏ လှပမှုနှင့် ရှုပ်ထွေးမှုများကို အမှန်တကယ် သဘောကျကာ ထိုအခြေအနေထဲ ဝင်ရောက်ခံစားမိသည်။

ထို့ကြောင့် သူမက ဝမ်ဝေ့၏ ကဗျာပါရမီအား အတော်လေးအံ့အားသင့်သွားမိပြီး ဒီလိုမျိုး ကဗျာကို နက်နက်နဲနဲ တွေးနေသည့် တာအိုအခွင့်အလမ်းဂိုဏ်းက သခင်လေးက ဘယ်လိုလူများလဲဟု စဉ်းစားခန်းဖွင့်နေသည်။

အခန်းတစ်ခုလုံး စက္ကန့်ပိုင်းလောက် ငြိမ်ကျသွားကာ လူများလည်း ကဗျာထဲ စိတ်နှစ်မျှောနေကြသည်။

ရှီရှစ်က မေးလိုက်သည် “ သခင်လေးဝမ်ဝေ့ ဒါက လှပတဲ့ကဗျာလေးပါ။ ဒီနေရာမှာတင် တွေးမိသွားတာလား ”

ဝမ်ဝေ့က ထိုမေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားကာ ဖြေလိုက်သည်။

“ မဟုတ်ပါဘူး။ ဒီကဗျာကို  တာ့ထန်မင်းဆက်လို့ ခေါ်တဲ့ ပျက်သုန်းသွားတာ ကြာပြီဖြစ်တဲ့ ခေတ်ကာလမှာ မွေးဖွားခဲ့တဲ့ လီပိုင်ဆိုသူက ရေးခဲ့တာပါ။ ကျုပ် ခရီးထွက်တုန်း တွေ့လာမိတာ … ဒီလိုကဗျာကောင်းက လူမသိ သူမသိ မဖြစ်နေသင့်ဘူး တွေးမိလို့ အခုရွတ်လိုက်တာပါ .. ”

All Chapters