← Chapters

တွေ့ရတာဝမ်းသာပါတယ်...ငါက ရီဖျောင်ဖျောင်ပါ

Vol. 1 Ch. 389

တွေ့ရတာဝမ်းသာပါတယ်...ငါက ရီဖျောင်ဖျောင်ပါ

Vol. 1 Ch. 389

"ဘယ်လို"

ကျန်းရီ၏ ကိုယ်သည် ဆတ်ခနဲ ဖြစ်သွားခဲ့သည်။ ထိုသည်မှာ ကြယ်တံခွန်ကျွန်းသို့ သူလာရောက်သည့် အကြောင်းအရင်းလည်းဖြစ်သည်။ ရွှေယို့လန်သည် သူနှင့်တွေ့တွေ့ချင်း အဖြေပေးလာလိမ့်မည်ဟု သူမထင်ထားမိခဲ့ချေ။

သူသည် ချက်ချင်း မေးလိုက်သည်။

"သခင်မ...သူမ အသက်ရှင်နေနိုင်ချေက ဘယ်လောက်ရာနှုန်းရှိလဲ"

ရွှေယို့လန်သည် ခပ်ရေးရေးပြုံးကာ ကျောက်စိမ်းဖြူနှယ် လက်များကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် လက်ဟန်ပြရင်း ပြန်ဖြေလာခဲ့သည်။

"ခုနှစ်ဆယ်ရာခိုင်နှုန်း"

ကျန်းရီ၏ မျက်လုံးများသည် ကြယ်များအလား တောက်ပသွားခဲ့သည်။ ရွှေယို့လန်ကဲ့သို့ အဆင့်အတန်းနှင့် လူတစ်ယောက်သည် သူ့ကိုနောက်ပြောင်မနေလောက်ပေ။ ထို့ပြင် သူမသည် လျှော့ပေါ့၍တောင် ပြောလောက်သည်။ ထို့ကြောင့် ရီဖျောင်ဖျောင် အသက်ရှင်နိုင်ချေမှာ ရှစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိလောက်သည်။

"ဒါဆိုရင်..."

သူသည် တံတွေးမြိုချလိုက်ပြီး တုန်ယင်နေသည့် အသံနှင့် စကားပြောလာခဲ့သည်။

"အမေ မသေသေးဘူးဆိုရင် ဘာလို့ သူမက သေဆုံးခြင်းကို အတုလုပ်ခဲ့တာလဲ။ သူမ မသေသေးရင် အခု ဘယ်ရောက်နေလဲ။ ဒီနှစ်တွေမှာ သူမ ဘာလို့ ကျွန်တော့်ကို လာမတွေ့ခဲ့ရတာလဲ"

"ကျန်းရီ...စိတ်မလောနဲ့။ ဇာတ်လမ်းတစ်ပုဒ်ကို အရင်နားထောင်"

ရွှေယို့လန်သည် လက်ကို ခါယမ်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှည့်သွားခဲ့သည်။ သူမသည် တစ်ခဏရပ်တန့်သွားခဲ့ပြီးနောက် တည်ငြိမ်စွာ ဆက်ပြောလာခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က...ငါက ရွှေယွဲ့လျန်မျှော်စင်ရဲ့ သခင်မ မဟုတ်သေးသလို အဲ့ဒီမျိုးဆက်ရဲ့ ထူးချွန်တဲ့ တပည့်လည်း မဟုတ်ခဲ့ဘူး။ ဆရာက ငါ့ကို တော်တော်သဘောကျခဲ့တာ...ဒါပေမယ့် သူမရဲ့သက်တမ်းက ကုန်တော့မယ်။ သူမက ငါ့ကို နောက်တက်မယ့် သခင်မရာထူးပေးဖို့ ဆုံးဖြတ်လိုက်တယ်"

"အဲ့တုန်းက ငါ့ဆရာတူအစ်မက ဗာဂျရာအဆင့်ကို ရောက်ပြီးနေပြီ။ ဆရာက မျှော်စင်သခင်မရာထူးကို ငါ့ဆီ ပေးတော့မယ်မှန်း သူမသိတဲ့အခါ ဒေါသထွက်သွားပြီး ငါ့ကို  ကြယ်တံခွန်ကျွန်းရဲ့ အရှေ့ဘက်ပင်လယ်ဒေသဆီ လူလွှတ်ပြီး မျှားခေါ်ခိုင်းခဲ့တယ်။ ပြီးတော့ သူမက ပင်လယ်နတ်ဆိုးသားရဲတစ်အုပ်ကို မျှားခေါ်လာပြီး ငါ့ကို သတ်ဖို့ အကွက်ချခဲ့တယ်"

"ပင်လယ်နတ်ဆိုးသားရဲတွေ အကုန်လုံးကို သတ်ပြီးတဲ့နောက် ငါ့တစ်ကိုယ်လုံး သွေးတွေရွှဲနေတယ်။ ငါ့ကိုယ်မှာ ဒဏ်ရာတွေလည်း အပြင်းအထန်ရနေပြီ။ အဲ့အချိန်မှာ ငါ့ဆရာတူအစ်မ ရောက်လာတယ်။ ပင်လယ်နတ်ဆိုးသားရဲတွေက ငါ့ကိုမသတ်နိုင်တော့ သူမက ငါ့ကို ကိုယ်တိုင်သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီတုန်းက ငါက စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်မှာပဲ ရှိသေးတာကြောင့် ငါ့အစ်မရဲ့ ပြိုင်ဘက်လုံးဝ မဟုတ်ခဲ့ဘူး။ ပြီးတော့ ဒဏ်ရာတွေလည်း ပြင်းပြင်းထန်ထန် ရထားခဲ့သေးတယ်"

"ငါ မျှော်လင့်ချက်မဲ့ပြီး စိတ်ကိုလွှတ်ချလိုက်တဲ့ အချိန်မှာပဲ ပင်လယ်ပြင်ရဲ့ အရှေ့ဘက်ခြမ်းကနေ ရထားလုံးကြီးတစ်စင်း ပျံသန်းလာခဲ့တယ်။ အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်မြေကလို စစ်တပ်သုံးရထားလုံး လုံးဝမဟုတ်ဘူး။ စတုတ္ထအဆင့် နတ်ဆိုးသားရဲဘုရင်နှစ်ကောင်က ဆွဲလာတဲ့ တကယ့်ရထားလုံးအစစ်ပဲ။ ရထားလုံးပေါ်မှာ မိန်းကလေးတစ်ယောက် ထိုင်လိုက်လာတယ်။ သူမက ငါတစ်သက်နဲ့တစ်ကိုယ် မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ စွဲဆောင်မှုအရှိဆုံး မိန်းကလေးပဲ။ သူမက မင်းရဲ့အမေပေါ့"

"မင်းအမေက ငါ့ကိုကယ်ပြီး ငါ့ဆရာတူအစ်မကို တိုက်ကွက်တစ်ခုတည်းနဲ့ ဒဏ်ရာအပြင်းအထန်ရသွားအောက် လုပ်ခဲ့တယ်။ ငါ့ဆရာတူအစ်မက ကြယ်တံခွန်ကျွန်းကို ပြန်ထွက်ပြေးသွားပြီး အဲ့ဒါက ငါ့အမှားဆိုပြီး အော်တော့တယ်။ သူမက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတဲ့ ငါတို့ရဲ့ အစောင့်အရှောက်အကြီးအကဲကိုတောင် အကူအညီတောင်းလိုက်သေးတယ်။ မျှော်စင်က စွမ်းအားမြင့်တဲ့သူတွေ ရောက်လာတော့ ငါရှင်းပြတော့မယ့် အချိန်မှာ မင်းအမေက စောင့်ရှောက်သူအကြီးအကဲနဲ့ ငါ့ဆရာကို ထပြီးတိုက်ခိုက်တော့တာပဲ။ သူမက နှစ်ယောက်လုံးကို ဖိနှိပ်ထားနိုင်ပြီး နောက်ဆုံးတော့ သူတို့ နားလည်သွားအောင် ရိုက်နိုင်ခဲ့တယ်"

"တိုက်ပွဲပြီးတော့ ငါ့ဆရာတူအစ်မက အခြေအနေမကောင်းတော့မှန်း သိသွားတယ်။ သူမက ချက်ချင်းပဲ မိကျောင်းမျက်ရည်တွေနဲ့ တပည့်တစ်သောင်းလောက်ရဲ့ရှေ့မှာ ငါနဲ့ငါ့ဆရာကို ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်တော့တယ်။ သူမက ပြောင်းလဲမယ့်အကြောင်း၊ မျှော်စင်သခင်မနေရာကို မျက်စတောင်မပစ်တော့ပါဘူးဆိုတဲ့အကြောင်းနဲ့ ငါ့ကို စိတ်ပါလက်ပါ ကူညီပေးပါမယ်ဆိုတဲ့အကြောင်း ပြောလာတယ်။ ငါလည်း မနေနိုင်တော့ဘဲ သူမကိုကူပြီး ဆရာ့ဆီ အသနားခံပေးမိတယ်။ ဒါပေမယ့် မင်းအမေက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ငါ့ဆရာတူအစ်မကို သတ်လိုက်တယ် "

"မင်းအမေက အဲ့ဒီနေ့ကို ရွှေယွဲ့လျန်မျှော်စင်မှာ နေသွားပြီးတော့ ညနေဘက်မှာ ငါနဲ့ နှစ်နာရီကြာ စကားပြောပြီး လမ်းညွှန်ပေးခဲ့တယ်။ အဲ့ဒါက ငါ့ရဲ့သုံးနှစ်ကျော်ကြာ ရပ်တန့်နေခဲ့တဲ့ နောက်ဆုံးအတားအဆီးကို ဖြတ်ကျော်ပြီး ဗာဂျရာအဆင့်ကို ရောက်သွားအောင် ကူညီပေးခဲ့တယ်။ အဲ့ဒီနှစ်က ငါ့အသက်က နှစ်ဆယ့်ငါးနှစ်ပဲရှိသေးတယ်။ ဒါကြောင့် ငါ့ကိုယ်ငါ ဗာဂျရာအဆင့်ကို တက်လှမ်းနိုင်တဲ့ အသက်အငယ်ဆုံး ပါရမီရှင်လို့ ယူဆခဲ့တယ်။ နောက်မှ မထင်မှတ်ထားဘဲ ငါသိလိုက်ရတာက မင်းအမေက အဲ့ဒီနှစ်မှာ ဆယ့်ခုနှစ်နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ သူမက ဗာဂျရာ ပဉ္စမအဆင့်ကို ရောက်ပြီးလို့ မရေမတွက်နိုင်တဲ့ ရတနာတွေကိုလည်း ပိုင်ဆိုင်နေပြီ။ သူမရဲ့ အင်အားက ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတယ်"

"အဲ့ဒီနောက်တော့ မင်းအမေက ကောင်းကင်ကြယ်တာရာနယ်မြေကို ခြေဆန့်ပြီးတော့ လမ်းတစ်လျှောက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ်။ ဇင်ဘုရားကျောင်းရဲ့ ဗုဒ္ဓခန်းမကို ဖျက်စီးတာတို့၊ မိုးပြာနဂါးအင်ပါယာက အလင်းခန်းမရဲ့ နဖူးစည်းစာတန်းကြီးကို ဖျက်စီးပစ်ခဲ့တာ စသဖြင့် အများကြီးပေါ့။ ကောင်းကင်ကြယ်တာရာနယ်မြေက စွမ်းအားမြင့်သူတွေရဲ့အမြင်မှာ သူမက ရိုင်းစိုင်းတဲ့၊ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ဂိုဏ်းကြီးတစ်ခုက သခင်မလေးပေါ့။ တကယ်တမ်းမှာ ငါသူမကို သေချာသိတယ်၊ သူမက အကြောင်းမဲ့သက်သက် ပြဿနာမရှာတတ်ဘူး။ ဒါပေမယ့် သူမက ကလဲ့စားချေတတ်တဲ့ မကောင်းဆိုးဝါး တစ်ကောင်လိုမျိုး အကြည့်ခံခဲ့ရတယ်။ ဘယ်သူမှ သူမကို ရန်သွားမစရင် သူမကလည်း တခြားသူကို ရန်သွားစမှာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က သူမကို ဒေါသထွက်အောင်လုပ်ရင် သူမက သက်ညှာပေးမှာမဟုတ်ဘူး"

"နောက်ပိုင်းကိစ္စတွေက မင်းသိပြီးသားပဲ။ မင်းအမေက ကျန်းပိုင်လီနဲ့တွေ့ပြီး နှစ်ယောက်က နှစ်ဦးသဘောတူ ချစ်ကြိုက်သွားခဲ့ကြတယ်။ မင်းအမေက ကျန်းပိုင်လီအတွက် အများကြီးလုပ်ပေးခဲ့ပေမယ့် သူ့ရဲ့နောက်ကျောဓားနဲ့ထိုးမှုကို ခံခဲ့ရတယ်။ သူမ အသည်းကွဲသွားပြီး ကိုယ်ဝန်ကြီးနဲ့ ထွက်လာခဲ့တယ်။ နောက်တော့ ဝေးတဲ့နေရာတစ်ခုကိုသွားပြီး ချောင်ကျကျ မြို့ငယ်လေးတစ်မြို့မှာ မင်းကိုမွေးခဲ့တယ်"

"မင်းကိုမွေးပြီးတဲ့ နောက်တစ်နှစ်မှာ ကြယ်တံခွန်ကျွန်းကို သူမတစ်ခေါက်ပြန်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ငါက ရွှေယွဲ့လျန်မျှော်စင်ရဲ့ သခင်မဖြစ်နေပြီ။ အဲ့ညမှာ သူမက ငါနဲ့စကားတွေ အကြာကြီးပြောခဲ့တယ်။ ကိစ္စတော်တော်များများကို ငါတို့ပြောဖြစ်ခဲ့ကြတယ်။ သူမက ငါ့ကို နောက်လပိုင်းအတွင်း အင်အားတွေအများကြီး တိုးတက်သွားအောင် အချက်တစ်ချို့ကိုလည်း ညွှန်ပြပေးခဲ့သေးတယ်။ အဲ့ဒီနောက် ပင်လယ်ရဲ့တခြားတစ်ဖက်ကို သူမထွက်သွားပြီး လအနည်းငယ်ကြာတဲ့အခါမှာ ပြန်ရောက်လာတယ်။ သူမနဲ့အတူ ကလေးလေးတစ်ယောက် ပြန်ပါလာခဲ့တယ်...အဲ့ဒီကလေးလေးက မင်းရဲ့အစေခံကောင်မလေး ကျန်းရှောင်နူပေါ့"

"ရှောင်နူ"

ကျန်းရီသည် ထိုနေရာအထိ နားထောင်ပြီးသောအခါ သူ့ကိုယ်မှာ ဆတ်ခနဲဖြစ်သွားခဲ့သည်။ ရှောင်နူ၏ ဇာတ်မြစ်သည် အမှန်တကယ်ကို ထူးခြားနေပြီး သူမသည် ကောင်းကင်ကြယ်တာရာနယ်မြေမှ မဟုတ်ပေ။ သူမသည် ထူးခြားသည့် မျိုးနွယ်စုတစ်ခုမှဖြစ်ပြီး သူ့အမေမှ ရှောင်နူအား သူ၏အစေခံမိန်းကလေးလုပ်ရန် အထူးတလည် ခေါ်လာခဲ့ခြင်းဖြစ်သည်။

ကျန်းရီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး သူမေးကြည့်လိုက်သည်။

"အမေ အသက်ရှင်နေနိုင်သေးတယ်လို့ သခင်မက ဘယ်လိုလုပ်ပြီး မှတ်ချက်ချနိုင်တာလဲ"

"ဒါကြောင့်ပဲ"

ရွှေယို့လန်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် တောက်ပသွားခဲ့ပြီး သစ်သားရုပ်တုလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုသစ်သားရုပ်တုလေးသည် အပြင်ဘက်မှ ကျောက်စိမ်းဖြူရုပ်တုကြီးနှင့် တစ်ထေရာတည်းဖြစ်သည်။ ၎င်းသည် အလွန်သေးငယ်ပြီး လက်တစ်ဖက်တည်းနှင့် ကိုင်နိုင်သည့် အနေအထားဖြစ်သည်။ ထိုသစ်သားရုပ်တုမှာ ပို၍အသေးစိတ်ကျပြီး စွဲဆောင်မှုတစ်မျိုး ရှိနေလေသည်။

ရွှေယို့လန်သည် သစ်သားရုပ်တုလေးအား ကျန်းရီထံ ကမ်းပေး၍ ပြောလာခဲ့သည်။

"မင်းအမေက ငါ့ကို ဒါပေးပြီး စကားတစ်ခွန်းပြောခဲ့တယ်။  ကြယ်တံခွန်ကျွန်းကို မင်းကိုယ့်အစွမ်းအစနဲ့ကိုယ် လာနိုင်ခဲ့ရင် ဒီရုပ်တုလေးကို မင်းဆီ ပေးလိုက်ပါတဲ့။ ဒီရုပ်တုကို ချန်ထားခဲ့ပြီးတဲ့နောက် ကောင်းကင်ကြယ်တာရာနယ်မြေကို သူမပြန်သွားခဲ့တယ်။ ငါ့ရဲ့ ကင်းထောက်တွေက သူမကွယ်လွန်သွားပြီလို့ သတင်းရခဲ့တယ်။ ငါကိုယ်တိုင် အဲ့ဒီဂူသချုႋင်းကိုသွားပြီး ကြည့်လိုက်တော့ အထဲမှာ ဘာမှမရှိကြောင်း ငါတွေ့ခဲ့တယ်။ မင်းအမေက အရမ်းသန်မာတယ်။ သူမက ကျန်းပိုင်လီကြောင့် ရင်နာကောင်းရင်နာနိုင်ပေမယ့် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားစရာ အကြောင်းမရှိဘူးလို့ ငါထင်တယ်"

ကျန်းရီသည် သစ်သားရုပ်တုလေးကို ရရှိချိန်တွင် မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် အသာပြုံးရင်း ရုပ်တုလေး၏ မျက်နှာအား ထိတွေ့ကြည့်လိုက်သည်။

ထို့နောက် ခေါင်းမော့၍ ရွှေ့ယို့လန်အား မေးလိုက်ပြန်သည်။

"သခင်မ...အမေ မသေသေးဘူးဆိုရင် သူမရဲ့ဂိုဏ်းကို ပြန်သွားတာများလား။ သူမ ဘယ်ကလာတယ်ဆိုတာ သခင်မကို ပြောခဲ့သေးလား။ ပြီးတော့ နှစ်တွေအများကြီးကြာသွားတာတောင် သူမ ပြန်မလာခဲ့ဘူး။ သူမမှာ ပြောပြလို့မရတဲ့ အခက်အခဲတွေ ရှိနေလို့များလား။ သူမ တစ်ခုခုပြောခဲ့ဖူးသေးလား"

"မပြောတတ်ဘူး"

ရွှေယို့လန်သည် ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။

"သူမ ဘယ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ သူမ ဘာကြောင့်ပြန်မလာတာလဲဆိုတာ ကျန်းပိုင်လီ သိကောင်းသိနိုင်တယ်။ ငါအဲ့ဒါကို မသိဘူး...မင်း ကိုယ့်ဟာကိုယ် စုံစမ်းကြည့်မှ ရလိမ့်မယ်"

"အိုး..."

ကျန်းရီသည် ဆက်မမေးတော့ဘဲ ခေါင်းငုံ့၍ လက်ထဲမှ သစ်သားရုပ်တုလေးအား ကြည့်လိုက်သည်။ ရွှေယို့လန်သည် သစ်သားရုပ်တုလေးအား ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသော ကျန်းရီကို မြင်သည့်အခါ သက်ပြင်းအသာချကာ ကျန်းရီကို တစ်ယောက်တည်း ချန်ရစ်၍ ချင်ထန်ကုန်းဗိမ္မာန်မှ ထွက်လာခဲ့လိုက်သည်။

"မင်းအမေက ငါ့ကို ဒါပေးပြီး စကားတစ်ခွန်းပြောခဲ့တယ်။  ကြယ်တံခွန်ကျွန်းကို မင်းကိုယ့်အစွမ်းအစနဲ့ကိုယ် လာနိုင်ခဲ့ရင် ဒီရုပ်တုလေးကို မင်းဆီ ပေးလိုက်ပါတဲ့"

အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ကျန်းရီ၏စိတ်သည် ရီဖျောင်ဖျောင် ရွှေယို့လန်အား ပြောကြားခဲ့သည့်စကားကို ပြန်တွေးမိသွားသည်။ သူသည် မျက်မှောင်ကျုံ့လိုက်ပြီး ရေရွတ်လိုက်သည်။

"ငါ့ဒန်တျန်းက ငယ်ငယ်လေးထဲက ချိတ်ပိတ်ခံထားရတာ၊ ချိတ်ပိတ်သင်္ကေတကို မချိုးဖျက်နိုင်ခဲ့ဘူးဆိုရင် ကြယ်တံခွန်ကျွန်းကို ကိုယ့်အစွမ်းအစနဲ့ ကိုယ် ရောက်လာနိုင်မှာ မဟုတ်ဘူး။ ဒီချိတ်ပိတ်သင်္ကေတက ငါ့အမေလုပ်ခဲ့တာ မဖြစ်နိုင်ဘူး ဒါပေမယ့် သူမရဲ့ အင်အားနဲ့ဆိုရင် ဒီသင်္ကေတရဲ့ တည်ရှိမှုအကြောင်းကို သိထားလောက်တယ်"

"သူမဆိုလိုတာက ငါအဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံပြီးရင် သူမအကြောင်းကိုသိဖို့ အရည်အချင်းမှီပြီလို့ ပြောချင်တာများလား။ ငါ တစ်သက်လုံး မကျင့်ကြံနိုင်ခဲ့ရင် ကောင်းကင်တောင်ပံမြို့မှာပဲ အေးအေးချမ်းချမ်း နေသွားရမှာပေါ့။ ဒါဆိုရင် ဒီသစ်သားရုပ်တုလေးမှာ ရှင်းပြချက်တွေ ရှိလောက်တယ်"

ကျန်းရီ၏ စိတ်သည် အကြံတစ်ခု ရသွားခဲ့သည်။ သူသည် အတွင်းအားတို့ကို ထုတ်ဖော်၍ သစ်သားရုပ်တုလေးအား ရစ်ပတ်စေလိုက်သည်။ သူသည် သစ်သားရုပ်တုလေးကို စိတ်လှုပ်ရှားစွာကြည့်၍ တစ်ခုခု ဖြစ်လာမည်အား စောင့်ဆိုင်းနေလိုက်သည်။

ဝှစ်...

သူ့ခန့်မှန်းချက် မမှားပေ။ သစ်သားရုပ်တုလေးသည် ရုတ်တရက် စူးရှလွန်းသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီမှာ ချက်ချင်းမျက်လုံးမှိတ်လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် သစ်သားရုပ်တုလေးသည် သူ့လက်ထဲမှ ကွယ်ပျောက်သွားခဲ့သည်။

သူ ထိတ်လန့်နေချိန်တွင် ပုံရိပ်တစ်ခုသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ ထိုပုံရိပ်သည် ပြိုင်ဘက်ကင်းအောင်လှသည့် မိန်းမလှလေးဖြစ်ပြီး သူ့အား ချစ်မြတ်နိုးစွာကြည့်၍ နူးညံ့စွာ စကားပြောလာခဲ့သည်။

"ငါ့ကလေးလေး...တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ရီဖျောင်ဖျောင်ပါ...မင်းရဲ့အသုံးမကျတဲ့ အမေပေါ့"

***

All Chapters