အခန်း (၁၅၈)
Vol. 15 Ch. 158
ဧကရီသည် လီယောင်၏ ကျောပြင်ပေါ်သို့ လက်တင်လိုက်ပြီး သူမ၏ သွေးများကို သန့်စင်ရန်အတွက် စွမ်းအင်များကို စတင်စီးဆင်းစေလိုက်သည်။ ဧကရီ၏ စိတ်ထဲတွင်မူ လူသားဧကရီ သွေးမျိုးဆက်ကို ဖွင့်လှစ်ခြင်းမှာ သီအိုရီအရဆိုလျှင် အလွန်အမင်း ခက်ခဲလှသည်တော့ မဟုတ်ဟု တွေးနေမိသည်။ လူသားတစ်ယောက် ဖြစ်နေခြင်းကပင် ဤသွေးမျိုးဆက်ကို ရရှိရန် လိုအပ်သော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ ဒုတိယအချက်မှာမူ ပို၍ တိကျသည်။ လူတစ်ဦးသည် တရားဝင် ဧကရာဇ်ထီးနန်း၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် အသိအမှတ်ပြုခံရပြီး လက်ရှိဧကရာဇ်ထံမှ ဧကရာဇ်အနှစ်သာရကို ရရှိရန် လိုအပ်သည်။
"ငါ သေဆုံးသွားပြီး ငါနဲ့အတူ အင်ပါယာကြီး ပျက်သုဉ်းသွားခဲ့ပေမဲ့…"
ဧကရီက တွေးလိုက်သည်။
"ငါ ဘယ်တုန်းကမှ တရားဝင် အမွေဆက်ခံသူ မရွေးချယ်ခဲ့ဘူး။ ဒါကြောင့် ငါဟာ လူသားဧကရီအဖြစ် ရှိနေဆဲပဲ။ အခု ငါ အမွေဆက်ခံသူ တစ်ယောက်ကို ခန့်အပ်လို့ ရတာပေါ့"
[အဆင်သင့်ပြင်ထား]
ဧကရီက ညွှန်ကြားလိုက်သည်။
လီယောင်သည် မကြာမီ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့မည့် သွေးမျိုးဆက် အနှစ်သာရများကို လည်ပတ်စေရန် စွမ်းအင်များကို စုစည်းထားလိုက်သည်။ သူမ၏ အသက်ရှူသံမှာ တည်ငြိမ်သွားပြီး အပြည့်အဝ အာရုံစိုက်ထားသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ဧကရီသည် သူမ၏ အတွင်းပိုင်း အခြေအနေကို ဆက်လက် အကဲဖြတ်နေသည်။
"ငါ့ရဲ့ အထွက်အထိပ် အချိန်တုန်းကဆိုရင် စစ်မှန်တဲ့ သွေးမျိုးဆက် အနှစ်သာရကို အလွယ်တကူ ထုတ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ အခု ငါ့ဝိညာဉ်က အရွယ်ရောက်ရုံ အဆင့်မှာပဲ ရှိသေးတော့ ငါ့ရဲ့ ဧကရာဇ် ခန္ဓာကိုယ်ကို ပြန်မဖန်တီးနိုင်သေးဘူး"
ဤကန့်သတ်ချက် ရှိနေသော်လည်း သွေးမျိုးဆက် အနှစ်သာရကို ထုတ်ပေးနိုင်သေးကြောင်း သူမ သိသည်။ သွေးတစ်ဝက်အဆင့်လောက်သာ ရှိဦးမည် ဖြစ်သော်လည်း လောလောဆယ်အတွက်တော့ ဤသည်မှာ လုံလောက်ပါသည်။
ဧကရီသည် သူမ၏ ဝိညာဉ်စွမ်းအင်အားလုံးကို စုစည်းကာ လီယောင်၏ ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် သွေးအနှစ်သာရများမှာ ဝိညာဉ်စွမ်းအားများမှတစ်ဆင့် ပုံပေါ်လာတော့သည်။ လီယောင်ကလည်း ချက်ချင်းပင် တုံ့ပြန်ကာ ထိုအနှစ်သာရများကို သူမ၏ ဝိညာဉ်သွေးကြောများတစ်လျှောက် လည်ပတ်စေပြီး သူမ၏သွေးထဲသို့ ဧကရာဇ်အရှိန်အဝါများ စိမ့်ဝင်စေလိုက်သည်။ ထိုအနှစ်သာရမှာ သွေးကြောများထဲ စီးဝင်သွားပြီး သူမ၏ သာမန်သွေးများကို ဒဏ္ဍာရီလာ လူသားဧကရီ သွေးမျိုးဆက်အဖြစ် အသွင်ပြောင်းလဲပေးလိုက်သည်။
အကြိမ်ပေါင်းများစွာ လည်ပတ်ပြီးနောက် လီယောင်သည် နောက်ဆုံးတွင် ကိုယ်ကို လျှော့လိုက်နိုင်ပြီဖြစ်သည်။ သူမသည် သွေးမျိုးဆက် အနှစ်သာရ အားလုံးကို အောင်မြင်စွာ သန့်စင်
နိုင်ခဲ့ပြီဖြစ်သည်။ ယခုအခါ သူမ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော သွေးများ၏ တစ်ဝက်မှာ လူသားဧကရီ၏ အနှစ်သာရများ ပါဝင်နေပြီဖြစ်သည်။
ဧကရီသည် သူမ၏ လက်ကို ပြန်ရုပ်လိုက်သည်။ သူမ၏ ဝိညာဉ်ပုံရိပ်မှာ အရင်ကထက် သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။
[သွေးမျိုးဆက် အနှစ်သာရတွေကို ပေါင်းစည်းပေးဖို့အတွက် ငါ့ရဲ့ စွမ်းအင်အများစုကို သုံးလိုက်ရတယ်]
သူမက ရှင်းပြသည်။ သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း ပိုမို ပွင့်လင်းမြင်သာလာပြီး [ငါ ခဏလောက် အနားယူတော့မယ်] ဟု ပြောကာ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
လီယောင်သည် ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
"ကျွန်မလည်း အလုပ်ပြန်စရတော့မယ်"
ထိုသို့ပြောကာ သူမ၏ လက်ခြေများကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် သူမ၏ မျက်နှာအမူအရာက ရုတ်တရက် စူးရှသွားသည်။
"ထွက်လာခဲ့ကြတော့လေ"
သူမက ဟာလာဟင်းလင်း ဖြစ်နေသော တောအုပ်ဆီသို့ လှမ်းအော်လိုက်သည်။ "ဘယ်လောက်အထိ ဆက်ပုန်းနေကြဦးမှာလဲ"
"ဟားဟား..."
လှောင်ပြောင်သော ရယ်သံတစ်ခုနှင့်အတူ သစ်ပင်တစ်ပင်နောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။
"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပုံတူပွားနည်းစနစ် သုံးထားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါကြောင့်လည်း ငါတို့ ပတ်ဝန်းကျင်မှာ တခြားလူမရှိတာကို သတိမထားမိတာကိုး"
အခြားလူရိပ်များလည်း ပေါ်ထွက်လာပြီး လီယောင်ကို ဝိုင်းရံထားလိုက်ကြသည်။ ထိုကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် ယုတ်မာသော ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
"ဒါပေမဲ့ မင်းရဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားပြီဆိုတော့ အဲဒီနည်းစနစ်ကို ထပ်သုံးနိုင်မှာ မဟုတ်တော့ဘူး"
ခေါင်းဆောင်ဖြစ်သူက တောကောင်တစ်ကောင်ကဲ့သို့ ပြုံးရင်း ဆက်ပြောလိုက်သည်။
"နှမြောစရာကြီးပဲ"
"ငါတို့ အတူတူ ပျော်ပျော်ပါးပါး ကစားကြလို့ ရတာပေါ့"
နောက်တစ်ဦးက သူ၏ ဓားသွားကို လျှာဖြင့် သပ်ရင်း ထပ်မံပြောဆိုလိုက်ပါသည်။
"ဒီလောက်အထိ အစစ်နဲ့တူတဲ့ ပုံတူပွားမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"ပုံတူပွါးလား။ သူတို့က ဧကရီကို ပြောနေတာလား"
လီယောင်က ခေတ္တမျှ တွေးတောလိုက်မိသော်လည်း များစွာ ဂုဏ်မစိုက်တော့ပေ။ ဤလူအုပ်စုသည် သူမ၏ အိမ်တံခါးဝသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပို့ဆောင်ပေးကြခြင်းပင်။
"အဆင့်တက်ပြီးရင် ငါ့အစွမ်းကို ဘယ်လိုစမ်းရမလဲလို့ စဉ်းစားနေတာ"
လီယောင်၏ မျက်နှာတွင် ဗီလိန်အပြုံးကြီးတစ်ခု ပေါ်ပေါက်လာပါသည်။
"နင်တို့က အချိန်ကိုက် ရောက်လာတာပဲ"
သူမ၏ ကိုယ်ဟန်မှာ အသင့်အနေအထားသို့ ပြောင်းလဲသွားပြီး "အားလုံး အတူတူ လာခဲ့ကြစမ်း။ အချိန်ဖြုန်းမနေနဲ့တော့"
လီယောင်၏ စိတ်အာရုံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူမသည် အဆင့်မတက်မီကတည်းက ရွှေရောင်အူတိုင် အထွက်အထိပ်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နိုင်စွမ်း ရှိခဲ့ခြင်းပင်။ ယခုအခါ သူမ၌ အထူးအူတိုင်၊ အထူးခန္ဓာကိုယ်နှင့် အထူးသွေးမျိုးဆက်များ ရှိနေပြီဖြစ်ရာ သူမ ဘယ်လောက်အထိ အစွမ်းထက်လာနိုင်မလဲ။ နတ်သားသန္ဓေသားအဆင့်ပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်မည်လောဟူသော အတွေးက သူမအား ရင်ခုန်စေပါသည်။
ကျင့်ကြံသူ ၁၀ ဦးမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီး တစ်ပြိုင်တည်း ရယ်မောလိုက်ကြပါသည်။
"ခေါင်းဆောင်... ကြားလား။ သူက ကျွန်တော်တို့ အားလုံးကို အတူတူလာခဲ့ဖို့ ပြောနေတယ်ဗျ"
လူတစ်ဦးက တဟားဟား ရယ်မောလိုက်ပါသည်။
"ဟားဟားဟား... ဒီလောက် ရယ်စရာကောင်းတဲ့ စကားမျိုး တစ်ခါမှ မကြားဖူး"
နောက်တစ်ဦး၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ လီယောင်သည် သူ၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး ဦးခေါင်းကို လက်ဖြင့် လှည့်ပစ်လိုက်သဖြင့် မျက်နှာမှာ နောက်ကျောဘက်သို့ လှည့်သွားခဲ့ပါသည်။
အသက်ကင်းမဲ့နေသော အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားသည့်အချိန်တွင် တစ်အုပ်စုလုံး တိတ်ဆိတ်သွားပါတော့သည်။
"တစ်ယောက်တော့ သွားပြီ ကိုးယောက် ကျန်သေးတယ်"
လီယောင်က အေးဆေးစွာ ကြေညာလိုက်သည့်အချိန်၌ ကျန်ရှိသော လူများ၏ မျက်နှာပေါ်မှ ယုံကြည်မှုများမှာ ချက်ချင်း ကွယ်ပျောက်သွားပါသည်။
...
ခေါင်းဆောင်ဖြစ်သူမှာ တောအုပ်အတွင်း၌ အသက်လု၍ ထွက်ပြေးနေရသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
သူသည် အသက်ကို လုရှူရင်း တွေးတောနေမိသည်။ သာမန် ကျင့်ကြံသူတစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ခဲ့သော သူတို့၏ အစီအစဉ်မှာ ဘယ်လိုလုပ်မျှ မထင်မှတ်ထားသည့် အိပ်မက်ဆိုးကြီး ဖြစ်သွားခဲ့ပြီ ဖြစ်ပါသည်။
သူတို့သည် အဆင့်တက်ပြီးခါစ မောပန်းနေသည့် ကျင့်ကြံသူထံမှ ပစ္စည်းများကို လုယက်
ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကာလွယ်ကူသော သားကောင်ဟု သူတို့ ထင်မှတ်ခဲ့ကြပါသည်။
ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်ခုက တောအုပ်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သဖြင့် သူ၏ ကျောရိုးထဲအထိ စိမ့်တက်သွားခဲ့သည်။ အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော အသံမှာ ရှေ့နားဆီမှ ထွက်ပေါ်လာခြင်းကြောင့် သူသည် ချက်ချင်း လမ်းကြောင်းပြောင်းလဲကာ ဆန့်ကျင်ဘက်သို့ ပြေးပါတော့သည်။
အမလေး ဒီကမ္ဘာမှာ ဒီလောက်တောင်ကြောက်ဖို့ကာင်းတဲ့ မိစ္ဆာမမျိုးရှိနေပြီလား။
သူမသည် ရွှေရောင်အူတိုင်အဆင့်သို့ ယခုမှ တက်လှမ်းခြင်း ဖြစ်သော်လည်း နှစ်ပေါင်းရာချီ၍ ကျင့်ကြံထားသူများကို ပိုးဟပ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်နေခြင်းပင်။
သူ၏ ခြေထောက်များ အားပျော့လာသဖြင့် သစ်ပင်တစ်ပင်ကို မှီလိုက်ရသည်။ ချွေးများမှာလည်း ရွှဲနစ်နေပြီး ရင်ဘတ်အတွင်း၌ မောဟိုက်နေပြီ ဖြစ်ကာ သစ်ပင်များကြားမှ သူ ကြည့်ရှုလိုက်သည့်အခါ သူ၏ အဖော်တစ်ဦးမှာ ဝေဟင်မှ ပျံသန်း၍ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရပါသည်။
"အော် ငမိုက်သားရယ် မိုက်လိုက်တာ အပေါ်မှာဆိုရင် နင်က ရှင်းရှင်းလင်းလင်းကို ပစ်မှတ်ကြီး ဖြစ်နေတာပေါ့"
သူ၏ အဖော်ကို သတိပေးရန် အသံပင် မထွက်ရဲဘဲ စိတ်ထဲမှသာ ပြောလိုက်သည်။ နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံမှ လျှပ်စီးတစ်တန်းသည် ကြောက်မက်ဖွယ်ကောင်းသော တိကျမှုဖြင့် ဆင်းသက်လာကာ ပျံသန်းနေသည့် ကျင့်ကြံသူကို ထိမှန်သွားသည်။ အလင်းရောင်မှာ စူးရှလွန်းလှသဖြင့် ခေါင်းဆောင်ဖြစ်သူ မျက်လုံးပြန်လည်ဖွင့်ကြည့်သည့်အခါ မီးကျွမ်းနေသော အလောင်းတစ်ခု သစ်ကိုင်းများကြားမှ သက်မဲ့စွာ ပြုတ်ကျလာသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။
ခေါင်းဆောင်ဖြစ်သူသည် အသက်ရှူသံကို အတတ်နိုင်ဆုံး ထိန်းသိမ်းရင်း သစ်ပင်ကို ကပ်နေမိသည်။
"ရတယ်... အဆင်ပြေသွားမှာပါ"
သူ့ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေမိသည်။ သူ၏ ဝတ်ရုံအတွင်း ဝှက်ထားသော မျက်ကွယ်ပြု အဆောင်စာရွက်ကို တင်းတင်းဆုပ်ကိုင်ရင်း "ငါ အဆောင်စာရွက် သုံးထားတာပဲ သူ ငါ့ကို ရှာမတွေ့နိုင်ပါဘူး" ဟု တွေးတောနေမိသည်။
သူသည် သစ်ပင်ဘေးမှနေ၍ သတိထားကာ အသာလေး ချောင်းကြည့်လိုက်သည်။ တောအုပ်တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားပြီ ဖြစ်ကာ တိုက်ပွဲသံများ၊ အော်ဟစ်သံများနှင့် ပြေးလွှားသံများ တစ်စုံတစ်ရာမျှ မရှိတော့ပေ။ သူသည် ဤအိပ်မက်ဆိုးမှ လွတ်မြောက်သွားပြီဟု ထင်မှတ်ကာ စိတ်သက်သာရာရစွာဖြင့် သစ်ပင်ကို မှီချလိုက်ပြီး အသက်ကို ဝဝရှူထုတ်လိုက်ပါသည်။
သို့သော် ထိုစိတ်သက်သာရာရမှုမှာ ခဏတာမျှသာ ရုတ်တရက် သူ၏ တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားပြီး လှုပ်ရှား၍မရအောင် ဖြစ်သွားခဲ့သည်။ တစ်စုံတစ်ခုက သူ့အား အပေါ်သို့ မော့ကြည့်ရန် သတိပေးနေသကဲ့သို့ ခံစားရသဖြင့် မော့ကြည့်လိုက်သည့်အခါ သူ၏ အဆိုးရွားဆုံးသော ကြောက်စိတ်များက မျက်စိရှေ့၌ လက်တွေ့ဖြစ်လာတော့သည်။
ထိုနေရာတွင် ရှိနေသည်မှာ မိစ္ဆာမလေးပင်။ သူ၏ ဦးခေါင်းပေါ်ရှိ သစ်ကိုင်းတွင် ဇောက်ထိုးတွဲလောင်း ခိုနေခြင်းပင်။ သူမ၏ မျက်နှာမှာ လှပသော်လည်း မျက်လုံးများအတွင်းမှ ပုံမှန်မဟုတ်သော တောက်ပမှုနှင့် ပါးပြင်ပေါ်မှ သွေးစက်များကြောင့် ကြောက်မက်ဖွယ် ကောင်းနေသည်။ သူမသည် ကလေးငယ်တစ်ဦးက ပိုးဟပ်တစ်ကောင်ကို မသတ်ဖြတ်မီ စူးစမ်းကြည့်ရှုနေသကဲ့သို့ သူ့အား အေးဆေးစွာ ကြည့်နေ၏။
သူသည် အော်ဟစ်ရန် ကြိုးစားသော်လည်း ကြောက်လန့်လွန်းသဖြင့် အသံထွက်မလာတော့ပေ။ မျက်လုံးချင်း ဆုံလိုက်သည့်အခါ သူက ကြောက်လန့်တုန်ရင်နေသော်လည်း သူမကမူ သားကောင်ကို တွေ့ရှိသည့် ကျားတစ်ကောင်ကဲ့သို့ ပျော်ရွှင်နေပါသည်။
"ကိုးယောက်တော့ သွားပြီ"
သူမက ချောက်ချားဖွယ်ကောင်းသော လေသံဖြင့် ပြောဆိုလိုက်သည်။
"နင်က နံပါတ်ဘယ်လောက် ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်မလား?"
သေမင်း၏ မျက်နှာကို စိုက်ကြည့်နေရသော ခေါင်းဆောင်ကြီးမှာမူ တစ်စုံတစ်ရာ ပြန်လည်မပြောနိုင်သကဲ့သို့ မျက်တောင်ပင် မခတ်နိုင်ရှာတော့ပေ။
"အင်း... မခန့်မှန်းချင်ဘူးလား။ အဲဒါဆိုရင်တော့ ပျင်းစရာကြီး"
သူမက သူ ပါဝင်ဆင်နွှဲခြင်း မရှိသဖြင့် အမှန်တကယ် စိတ်ပျက်သွားသည့် ပုံစံမျိုးဖြင့် နှုတ်ခမ်းဆူပြလိုက်ပါသည်။
ထို့နောက် သူမသည် အေးဆေးစွာပင် လက်လှမ်းလိုက်ပြီး သူ၏ ဦးခေါင်းကို လှည့်ပစ်လိုက်သည်။ သူ၏ လည်ပင်းရိုး ကျိုးသွားသည့်အသံမှာ သိသိသာသာ ထွက်ပေါ်လာသည်။ သူသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရမီမှာပင် အရာအားလုံး အမှောင်ကျသွားပါတော့သည်။
လီယောင်သည် သစ်ပင်ပေါ်မှ ကျော့ကျော့မော့မော့ ဆင်းသက်လာပြီး လဲကျနေသည့် အလောင်းဘေးတွင် ရပ်လိုက်သည်။ တိုက်ပွဲကြောင့် စိတ်လှုပ်ရှားနေမှုမှာ သူမ၏ ပါးပြင်များကို နီမြန်းနေစေဆဲပင်။ သူမသည် လဲနေသော ကျင့်ကြံသူကို မထေမဲ့မြင် ပြုသည့်အနေဖြင့် ခြေထောက်ဖြင့် ခပ်ပြင်းပြင်း တစ်ချက် ကန်လိုက်ပါသည်။
"အမှိုက်ကောင် သွေးပူလေ့ကျင့်ခန်းတောင် မဖြစ်ဘူး"
သူမက ရေရွတ်လိုက်ပါသည်။
သူ၏ ခန္ဓာကိုယ် လိမ့်သွားသည့်အချိန်တွင် ဝတ်ရုံအတွင်းမှ သားရေစာရွက်တစ်ရွက် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ လီယောင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသည့် စိတ်များနေရာတွင် သိချင်စိတ်က အစားထိုးဝင်ရောက်လာခဲ့သည်။ သူမသည် မြေပြင်မှ မြေပုံကို ကောက်ယူကြည့်ရှုလိုက်ပါသည်။
"မြေပုံလား"
သူမက ရေရွတ်ရင်း ဟိုဘက်ဒီဘက် လှန်လှောကြည့်ရှုလိုက်ပါသည်။
မြေပုံပေါ်မှ အမှတ်အသားများကို မြင်တွေ့လိုက်ရသည့်အခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပါသည်။
ကြာပန်းကျောက်စိမ်းနန်းတော်နှင့် သံဝိညာဉ်တောင်တန်းတို့ကို တိတိကျကျ မှတ်သားထားပြီး လမ်းကြောင်းများနှင့် အနေအထားများကို အသေးစိတ် ရေးဆွဲထားခြင်းပင်။ သူမ ချက်ချင်း သဘောပေါက်သွားသည်မှာ ဤလူများသည် ဝူမင်ဂိုဏ်းမှ လူများပင်။ အခြေအနေအရ ဆိုပါက ဤလူများမှာ စစ်ကူများသာ ရှိသေးပြီး အဓိက အင်အားစုများမှာမူ သူတို့ သွားရောက်မည့် နေရာများသို့ ရောက်ရှိနေလောက်ပြီပင်။
"ငါ ချက်ချင်း ပြန်မှဖြစ်တော့မယ်"
လီယောင်သည် ပျော်ပါးလိုသည့် စိတ်များကို အကုန်အစင် ဖျောက်ဖျက်လိုက်ပြီး စွမ်းအားများကို စုစည်းကာ ကောင်းကင်ယံသို့ မြားတစ်စင်းကဲ့သို့ ပျံတက်သွားတော့သည်။