တွေ့ဆုံပွဲ၏ အဆုံးသတ်
Vol. 15 Ch. 207
အခန်း(၂၀၇) : တွေ့ဆုံပွဲ၏ အဆုံးသတ်
ဝူဟုန်၊ စုယာ၊ လီကျွင်းနှင့် သူ့အဖွဲ့သားများ အကူအညီဖြင့် ဝမ်ဝေ့က သူတော်စင်အဆင့် ငှက်သားရဲ ခန္ဓာကို အရေခွာနိုင်ခဲ့သည်။ ထို့နောက် သူက အသားကို အရသာနယ်ရန် သိုလှောင်လက်စွပ်ထဲမှ အမျိုးမျိုးသော ဟင်းခတ်အမွေးအကြိုင်များကို ထုတ်လိုက်သည်။
ဝမ်ဝေ့က သူ့ကို ကျေနပ်စေသည့် အရသာကို မတွေ့ခင်အထိ အမျိုးမျိုးရောနှောပေါင်းစပ်ခဲ့ရသော်လည်း အဆုံးသတ်ကား တန်လေသည်။ ဟင်းခတ်အမွေးအကြိုင်များကို ပြီးပြည့်စုံစွာ ရောနှောလိုက်ပြီးနောက် ဝမ်ဝေ့က အစစ်အမှန်အုပ်ချုပ်သူ ယန်းချန် ဖန်တီးပေးထားသည့် မီးတောက်ဖြင့် သူတော်စင်အဆင့် အသားကို ချက်ပြုတ်လိုက်သည်။
ငှက်သားရဲကို ချက်ပြုတ်ရန် လိုအပ်သည့် အပူချိန်ကို ထိန်းညှိလိုက်ပြီးနောက် အခန်းထဲ အလွန်အားကောင်းကာ ညို့ယူဖမ်းစားနိုင်သည့် အနံ့လေး ထွက်ပေါ်လာသည်။ သူတို့ ကိုယ်ပိုင် နတ်ဆိုးအသားကို ချက်ပြုတ်နေကြသည့် ကောင်းကင်ရွေးချယ်ခံများက ဝမ်ဝေ့ရှိရာဘက် လှည့်ကြည့်လိုက်ကြသည်။
အားလုံးက အသားကင်နံ့သင်းသင်းလေးကြောင့် အနည်းငယ် သရေယိုလာမိသည်။ သူတို့က အနံ့တစ်ခုတည်းဖြင့် အရသာအလွန်ရှိမှန်း ပြောနိုင်လေသည်။
ထိုကောင်းကင်ရွေးချယ်ခံများက သူတို့အသားသည်လည်း သူတော်စင်အဆင့်ဖြစ်၍ အရသာရှိမည်မှန်း သိထားသော်လည်း ဝမ်ဝေ့ ပြင်ဆင်ထားသော အသားအရသာနှင့် ယှဉ်လိုက်လျှင် နောက်ကျကျန်ခဲ့သေး၏။
ဝမ်ဝေ့က အစားအစာကို ပြင်ဆင်လိုက်ပြီးနောက် သူ့သိုလှောင်လက်စွပ်ထဲမှ ပန်းကန်ပြားများ ထုတ်ယူကာ သူ့အား ကူညီပေးထားသူအားလုံးကို ဧည့်ခံလိုက်သည်။
ထို့နောက် ကျန်ရှိနေသော နတ်ဆိုးမျိုးနွယ်များအတွက် ကြောက်လန့်တကြား ဖြစ်သွားစေလေသည်။ အခန်းရှိ အားလုံးက သူတို့အစားအစာကို မြိန်ရည်ယှက်ရည် စတင် သုံးဆောင်နေကြ၏။ သူတို့အတွက်မူ သူတို့မျိုးနွယ်တူက အစားအစာအဖြစ် ပြောင်းလဲသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေရပြီး ဘာမှလုပ်နိုင်စွမ်း မရှိကြပေ။
လေးယောက်လုံးက ဝမ်ဝေ့ကြောင့် သတိလစ်သွားသည့် တခြားနတ်ဆိုးများသာ ဖြစ်ဖို့ ဆုတောင်းနေကြသည်။ သူတို့အတွက် ကံဆိုးသည်က သတိလစ်မသွားခဲ့ပေ။ သူတို့က ထိုလူသားများအပေါ် အမုန်းတရားအပြည့် ဖြစ်နေသော်လည်း တစ်ခုခု ပြန်လုပ်ဖို့ ကူကယ်ရာမဲ့နေသည်။
ကောင်းကင်ရွေးချယ်ခံများက အသားကင်များကို အားပါးတရ သုံးဆောင်နေကြလေသည်။ သူတော်စင်အဆင့် အသားက သူတို့ စိတ်ကူးထားသည်ထက် ဆန်းသစ်နေသည်။ အသားက အားလုံး၏ အရသာခံအဖုလေးများကို ပွင့်ထွက်သွားနိုင်စွမ်း ပိုင်ဆိုင်ထား၏။
အခြေခံ အရသာငါးမျိုးသာ ရှိသော်လည်း အသားကို တစ်ကိုက်စားပြီးလိုက်သည့်နောက် လူအားလုံးက အရသာရာချီကို ခံစားလိုက်ရသလိုမျိုး ဖြစ်၏။ တစ်ခုချင်းစီက ထူးခြားလှသည်။
ဝမ်ဝေ့က အစားအစာ စားသုံးနေရင်း ဝူဟုန်ကိုလည်း စိုက်ကြည့်နေသည်။
“သခင်လေးဝမ်ဝေ့ အဲလိုကြီး စိုက်ကြည့်တာ အရမ်းရိုင်းတယ်နော်” ဝူဟုန်က အသားတစ်ဖက်ကို သူမ၏ နှုတ်ခမ်းပါးလေးထဲ ထည့်ကာ ပြောလိုက်သည်။ သို့သော်လည်း သူမက ထိုစကားများကို ပြောနေစဉ် တစ်လျှောက်လုံး တည်ငြိမ်နေပုံရသည်။
“ မင်း အံ့ဩမသွားဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဘာကိုများလဲ” သူမကလည်း ပြန်မေးလိုက်၏။
“ ကျွန်တော် ဘယ်လိုဟင်းချက်တတ်တယ်ဆိုတာကိုပေါ့”
“ ရှင် ပြောချင်တာ နားမလည်ဘူး ”
ဝမ်ဝေ့က အခန်းပတ်လည်ကို ကြည့်လိုက်ရင်း “ ဒီအခန်းထဲက လူအားလုံးက ကျွန်တော် ဟင်းကောင်းကောင်းချက်တတ်တာကို အံ့ဩသွားကြပေမဲ့ မင်း မပါဘူး။ တကယ်တမ်း အနီးဆုံးလူတွေအပြင် ကျွန်တော်ရဲ့ ဟင်းချက်နိုင်စွမ်းကို ဘယ်သူမှ မသိထားကြဘူးလေ”
“သခင်လေးဝမ်ဝေ့က အတွေးလွန်နေပါပြီ။ ကျွန်မက အခြေအနေတိုင်းမှာ တည်ငြိမ်နေတာကိုပဲ သဘောကျလို့ပါ ”
“မိန်းကလေး စုယာက ကျွန်တော်ရဲ့ ဟင်းချက်စွမ်းရည်ကို မြင်ပြီး တည်ငြိမ်နေပေမဲ့ သူ့မျက်ဝန်းထဲ အံ့ဩသွားတဲ့ အရိပ်အယောင်ကို မြင်နိုင်တယ်။ မင်းကတော့ ကျွန်တော့်စွမ်းရည်ကို သိပြီးသား ဖြစ်နေသလိုမျိုးပဲ … အဲဒါကြောင့် မိန်းကလေးဝူဟုန် ကျွန်တော် ဟင်းချက်တတ်တာကို ဘယ်လိုသိနေတာလဲ ”
“ကျွန်မ ပြောသလိုပါပဲ။ ရှင်က အတွေးလွန်နေတာပါ …” ဝူဟုန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ဝမ်ဝေ့၏ မေးခွန်းကြောင့် အနည်းငယ် တုန်လှုပ်အံ့အားသင့်သွားမှုပင် မရှိချေ။
“စိတ်ဝင်စားစရာပဲ”ဝမ်ဝေ့က ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်သည် “ မင်းကို သိတာ နာရီပိုင်းပဲ ရှိသေးပေမဲ့ မင်းက ပဟေဠိတစ်ခုလိုပဲ … မင်းရဲ့ လျို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ချင်လာအောင် လုပ်နေတယ် ”
“အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ရဲ့ လျို့ဝှက်ချက်တွေကို စိတ်ဝင်စားလာရင် သူမက သူနဲ့ ချစ်ကျွမ်းဝင်ဖို့ အစပြုလာတာလို့ ဆိုကြတယ်မလား။ သခင်လေးဝမ်ဝေ့က အန္တရာယ်များတဲ့ လမ်းကို လျှောက်နေတာ သတိထားမိသင့်တယ်နော်” ဝူဟုန်က လှလှပပ ဆန်းကြယ်စွာ ပြုံးလိုက်သည်။
“မိန်းကလေးဝူဟုန်က ကျွန်တော် အန္တရာယ်များတာတွေ မလုပ်ဖို့ အမြဲတမ်း တားဆီးပေးနိုင်ပါတယ်။ ကျွန်တော်ရဲ့ နွမ်းပါးလှတဲ့ ဝိညာဉ်နဲ့ နှလုံးသား အချိန်အကြာကြီး ပျောက်ဆုံးနေတာကို ကယ်တင်ပေးလိုက်ပေါ့ ”
“ ကျွန်မက ဘာလို့လုပ်ပေးရမှာလဲ” ဝူဟုန်က ထိုစကားများကို ဝမ်ဝေ့နားထဲ ကပ်ပြောလိုက်သည်။
“ အဲဆိုရင် နောင်အနာဂတ်မှာ ကိုယ် တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူပေးရမယ်။ မင်းက ကိုယ့်ကို တာဝန်ယူရမယ်” ဝမ်ဝေ့ကလည်း သူမအနား ကပ်ပြောလိုက်သည်။
ထိုစဉ် အခန်းအတွင်းရှိ လူအားလုံးက ပရောပရည်လုပ်နေကြသည့် လူနှစ်ယောက်ကို ကြည့်လိုက်ကြပြီး အမူအရာအမျိုးမျိုး ဖြတ်ပြေးသွားလေသည်။
လီကျွင်း၊ ယန်းလီလင်းနှင့် ဝမ်ကျူတို့က ဝမ်ဝေ့ ဒီလိုပြုမူတာကို မမြင်ဖူးကြသည့်အတွက် အတော်လေး ထူးဆန်းနေသည်။ သူတို့ မြင်တွေ့နေကြ အမွေခံသားတော်က အမြဲတမ်းလိုလို တည်ငြိမ်အေးဆေးပြီး လျစ်လျူရှုထားနိုင်သည့် လူမျိုး ဖြစ်လေသည်။ မိန်းမလှလေးများကိုပင် သူက လျစ်လျူရှုထားနိုင်သည်။
နမူနာကောင်းက သူ တစ်ကမ္ဘာလုံးတွင် အလှဆုံးမိန်းကလေးဟု သတ်မှတ်ခံထားရသည့် မိန်းကလေးရှီရှစ်အပေါ် ဆက်ဆံပုံကို ကြည့်၍ သိနိုင်သည်။ သို့သော်လည်း ယခု သူက အမြဲတမ်း ပြုံးနေပြီး ဇဝနဉာဏ်ရွင်ရွင်ဖြင့် ဆွဲဆောင်နေသည်။ သူက ဝူဟုန်အပေါ် စိတ်ယိုင်နေပုံပေါ်၏။ သူက သူမနှင့် စကားပြောရသည်ကို နှစ်သက်ပျော်ရွင်နေကြောင်း ထည့်မပြောရေသေးပေ။
သူတို့အားလုံးက သူ့အတွက် ပျော်ကြသော်လည်း သူ့အာရုံစိုက်မှုပျောက်သွားအောင်အထိ ဖြစ်သွားမည်ကို စိုးရိမ်မိကြသည်။
စုယာအတွက်မူ သူမက မပြသသော်လည်း ထိုအခြေအနေနှင့် ပတ်သက်၍ မပျော်နေပေ။ ဝမ်ဝေ့သည် ရှေ့တည့်တည့်ထားကာ သူမကို လျစ်လျူရှုထားသည့်အချက်အား မကြိုက်ပေ။
သဘောတရားအရ ကမ္ဘာကြီး၏ ဒုတိယအလှဆုံးအနေနှင့် သူမက ဝူဟုန်ထက် ဆွဲဆောင်မှုပိုရှိသင့်သည် မဟုတ်ပါလော။ ထို့အပြင် သူမက ရှီရှစ်လိုမျိုး အလှပန်းအိုးလည်း မဟုတ်ပေ။
တကယ်တော့ စုယာက ဝမ်ဝေ့အတွက် ခံစားချက် မရှိပေ။ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများကို ထိန်းချုပ်နိင်သူတစ်ဦးအနေနှင့် သူမ၏ စိတ်ခံစားချက်များ အုတ်အော်သောင်းနင်း ဖြစ်စေဖို့ ခက်ခဲလှသည်။ အချုပ်အားဖြင့် သူမက လိုအပ်လာပါက စိတ်ခံစားချက် ကင်းမဲ့နိုင်သည်။ သူမက လျစ်လျူရှုခံထားရသည့် ခံစားချက်ကို မနှစ်သက်ရုံသာ ဖြစ်၏။
ဤသည်က သူမအနေနှင့် သူတို့နှစ်ယောက် အတူတူရှိနေသည်ကို မနှစ်သက်သည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ အဓိကအကြောင်းအရင်းက သူတို့နှစ်ဦးကြား မဟာမိတ်က တခြားကောင်းကင်ရွေးချယ်ခံများအတွက် နိမိတ်ကောင်းတော့ မဟုတ်ပေ။
ဝမ်ဝေ့က အလွန်အားကောင်းနေပြီ ဖြစ်၏။ သို့သော် သူ့ကို အားကောင်းကာ ဆန်းကြယ်လှသည့် ဝူဟုန်နှင့် အတူတူ တွဲထားပေးလိုက်လျှင် တာအိုအခွင့်အလမ်းဂိုဏ်း၏ အင်အားက သိသိသာသာ တိုးမြင့်လာလိမ့်မည်။ ခက်ထန်နေပြီးသား ကျားကို တောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
စုယာက သူတို့နှစ်ဦးကြား ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ကတောက်ကဆ ဖြစ်သွားဖို့ မျှော်လင့်နေမိသည်။ ထိုအခါ သူတို့နှစ်ယောက်က လက်တွဲဖော်အစား ရန်သူ ဖြစ်လာလိမ့်မည်။ သို့သော်လည်း ကိစ္စများက ထိုဘက်သို့ ဦးတည်နေဟန်မပေါ်ပေ။
တကယ်တော့ စုယာ တစ်ယောက်တည်း တွေးနေခြင်း မဟုတ်ပေ။ တခြားကောင်းကင်ရွေးချယ်ခံများကလည်း ဝမ်ဝေ့နှင့် ဝူဟုန် အတူတူရှိသွားမည့် အတွေးကို မကြိုက်ကြပေ။ သူတို့နှစ်ယောက်ကြား ပေါင်းစပ်မှုက ကစားပွဲကို ပြောင်းလဲပစ်နိုင်သည်။
မဟာမိတ်ဖွဲ့မည့် အတွေးမျိုးကို မကြိုက်ကြသော လူအများစုကပင် လုပ်ဆောင်ဖို့ တွေးမိလာကြသည်။ အကယ်၍ ကောင်းကင်ရွေးချယ်ခံများသာ သူတို့မာနကို လက်လွတ်ခံနိုင်လျှင် အနာဂတ်၌ သူတို့ဖန်တီးမည့် မဟာမိတ်၏ ခေါင်းဆောင်ကို ကောင်းကောင်းရွေးချယ်နိုင်လိမ့်မည်။
ဝမ်ဝေ့အတွက်မူ ထိုလူများ မည်သို့စဉ်းစားနေသည်ကို သိထားသော်လည်း ဂရုမစိုက်ပေ။ သူက ဝူဟုန်ကို သဘောကျခြင်းမှာ သူမ ယူဆောင်လာမည့် အကျိုးမြတ်များပေါ် အခြေခံထားခြင်း မဟုတ်ပေ။
တကယ်တော့ သူကိုယ်တိုင်လည်း သူမအပေါ် အဘယ်ကြောင့် သဘောကျသွားလဲ မသိသေးပေ။ သူမက သူ့အား ပြီးပြည့်စုံစေကြောင်း တွေ့ရှိခဲ့ရသည်။ သူက ဘယ်လိုလူစားမှန်း သူမက အမှန်တကယ် သိနေပုံပေါ်နေ၏။
ယခု ဆက်ဆံရေးအတွင်း သူတို့က တစ်ယောက်နှင့် တစ်ယောက် စကားပြောကာ ပရောပရည် လုပ်နေရုံမျှ ဖြစ်၏။ ဝမ်ဝေ့က သူတို့နှစ်ယောက်ကြား အတားအဆီးတချို့ ရှိလာမည်မှန်း ကြိုတင်မြင်နေမိသည်။ အထူးသဖြင့် ဝူဟုန် ဝန်းကျင်ရှိ လျို့ဝှက်ဆန်းကြယ်မှုနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။
ပုံမှန်အားဖြင့် ဝမ်ဝေ့က သူ့ကိုယ်သူ လျို့ဝှက်ချက်များစွာရှိသူထံ ချစ်ကျွမ်းဝင်သွားစေဖို့ ခွင့်ပြုမည့်သူ မဟုတ်ပေ။ သို့သော်လည်း သူမနှင့် ပတ်သက်လာသည့်အခါ သူက ဂရုမစိုက်မိတော့ပေ။
သူမနှင့် တွေ့ဆုံကတည်းက သူ့အလိုလိုသိစိတ်က ဤမိန်းကလေးကို ရဖို့ အရာအားလုံး လုပ်ဆောင်သင့်ကြောင်း သတိပေးနေသည်။ မဟုတ်ပါက သူ့အနေနှင့် တစ်ဘဝလုံး နောင်တရနေရလိမ့်မည်။ ဤသည်မှာ သူ့အတိတ်ဘဝမှ အလိုလိုသိစိတ် ဒီလောက်ပြင်းထန်ဖူးသည်မှာ ပထမဆုံး ဖြစ်၍ ဝမ်ဝေ့က သေချာစဉ်းစားလိုက်သည်။ ထို့ကြောင့် သူက အမြဲလိုလို နားထောင်ဖို့သာ ဆုံးဖြတ်လိုက်၏။
ဝူဟုန် ထိန်းသိမ်းထားသည့် လျို့ဝှက်ချက်များအတွက်မူ ဝမ်ဝေ့က သူတို့အချိန်များစွာ အတူတူကုန်ဆုံးနေသရွေ့ သူ့ဘာသာ ရှာတွေ့လာမည် ဖြစ်ကြောင်း သို့မဟုတ် သူမကိုယ်တိုင် ထုတ်ပြောလာမည် ဖြစ်ကြောင်း ယုံကြည်သည်။
အကယ်၍ သူမက ထုတ်မပြောလျှင် သူက မှားယွင်းသွားပြီး ဆက်ဆံရေးက တစ်ဖက်သတ်ဖြစ်ကြောင်း လက်ခံလိုက်ရမည်။ ထိုအချိန် ဝမ်ဝေ့က သူမနှင့် ကိစ္စများအား အဆုံးသတ်ပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
သူ ရှာဖွေနေသည်ကား လက်တွဲဖော် ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အရူးအမူး ဖြစ်နေသည့်သူ မဟုတ်ပေ။
သူတော်စင်အသားကင် စားသောက်ပွဲအပြီးတွင် ကောင်းကင်ရွေးချယ်ခံ တွေ့ဆုံပွဲက အဆုံးသတ်သွားလေသည်။ သို့သော်လည်း ထိုတွေ့ဆုံပွဲ၏ ဂယက်ရိုက်မှုက အကြာကြီး ကျန်ရှိနေပေဦးမည်။