ရည်ရွယ်ချက်များ
Vol. 23 Ch. 309
အံ့အားသင့်ခြင်း၊ မသေချာခြင်း၊ ယုံကြည်ရန် ခက်ခဲခြင်း...
အမျိုးမျိုးသော ခံစားချက်များက ဝေ့ဝူယင်၏ စိတ်ထဲတွင် ပြည့်နှက် ရှုပ်ထွေးနေသည်။ မရေမတွက်နိုင်သော ဒွိဟ မေးခွန်းများမှာ သူ့စိတ်ထဲတွင် တဖွားဖွား ပေါ်ထွက်နေ၏။ ကံဆိုးစွာပင် အနက်ရောင် အရိုးစုမှာမူ အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း...
ပြန်လည် မွေးဖွားခြင်းမှာ ကျိန်းသေ တည်ရှိနေသည်။ ကောင်းကင်တာအိုမှာလည်း ဒဏ်ရာရနိုင်သည်။ အချိန်ခရီးသွားခြင်းကား ဖြစ်နိုင်ချေရှိသည်။
စသည်ဖြင့်... သူ့စိတ်ထဲရှိ အခြေခံ ယုံကြည်ချက် အချို့မှာ ကြီးကျယ်စွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် အချိန် ခရီးသွားခြင်းနှင့် ဆင်တူသည့် အတွေ့အကြုံမျိုးကို ခရာတို၏ သေမျိုး ကြယ်တာရာ ကပ်ဘေး အပြီးတွင် တစ်ကြိမ် ကြုံတွေ့ဖူးသည်။ သို့သော်လည်း အမှန်တကယ် မဖြစ်နိုင်သည့် အိပ်မက်တစ်ခုသဖွယ်သာ သူ မှတ်ယူခဲ့သည်။
ဝေ့ဝူယင် တည်ငြိမ်မှု ပြန်လည် ရရှိရန် အတွက် အချိန် အတန်ကြာ ယူလိုက်ရ၏။ သူ စိတ်ခွန်အား အားလုံးကို သေချာပြန်လည် စုစည်းလိုက်သည်။ သို့သော်လည်း မေးခွန်းတစ်ခုကတော့ သူ့ခေါင်းထဲတွင် ကျန်ရှိနေဆဲ ဖြစ်သည်။
လောကီ ပြန်လည် မွေးဖွားခြင်း...
ထိုအရာက ဘာအဓိပ္ပာယ်နည်း။ သူ သေချာ နားမလည်ချေ။ ၎င်းက ဒုတိယမြောက် အခွင့်အရေးလော။ ကောင်းချီးခံ တစ်ယောက် ခန္ဓာကိုယ် အသစ်တွင် ပြန်လည် ဝင်စားခြင်းလော။ သူတို့၏ ကိုယ်ပိုင်ခန္ဓာလော။ သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံးကို အတိတ်သို့ ပို့ဆောင်လိုက်ခြင်းလော။ အဘယ်ကြောင့် ပြန်လည် မွေးဖွားခြင်းဟု ခေါ်ရသနည်း။
အနာဂတ် ဝိညာဥ် ပြန်လည် မွေးဖွားရန် အတွက် အတိတ်ဝိညာဥ်မှာ တစ်နည်းနည်းဖြင့် အရှင်းခံလိုက်ရသည်လော။
မဟုတ်သေး... ၎င်းက မဖြစ်နိုင်ချေ။ အကယ်၍ အတိတ်ဝိညာဥ်သာ ရှင်းလင်းခံရခြင်း သို့မဟုတ် ထောင်ချောက်ဆင်းခံရခြင်း ဆိုပါက ယင်းက အနာဂတ် ဝိညာဥ်ကိုပါ ထိခိုက်နိုင်ပေသည်။ ပစ္စုပ္ပန်တွင် ပြောင်းလဲသွားမည် ဆိုလျှင် အနာဂတ်တွင်ရော ဘာတွေဖြစ်လာမည်နည်း။ ပို၍ တွေးလေလေ ခေါင်းစဥ်များမှာ ပိုမို ကျယ်ပြန့်လာလေလေ ဖြစ်သည်။
“ကောင်းကင်ဧကရာဇ်ဝေ့...”
ရုတ်တရက် ထွက်ပေါ်လာသည့် ချီတုံချတုံ ခေါ်သံ တစ်ခုကြောင့် ဝေ့ဝူယင်မှာ လန့်ဖျန့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်၏။
ဟူရန်...
ထိုပုဂ္ဂိုလ်မှာ အနန္တဧကရာဇ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်ပြီး ကျော်ကြားသည့် အဂ္ဂိရတ် ဧကရာဇ် တစ်ပါးလည်း ဖြစ်သည်။ ဝေ့ဝူယင်ပင်လျှင် သူ့ကို မြင်ရုံဖြင့် မှတ်မိပေသည်။ ဟူရန်က ဝေ့ဝူယင်ကို အမူအရာဖြင့် သတိပေးလိုက်၏။
ထိုအခါတွင်မှ ဝေ့ဝူယင်မှာ လောကကြီး ပုံမှန် စီးဆင်းနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူ ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ လူများမှာ သူ့ကို ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“ငါ ဘယ်လောက်တောင် အတွေးနက်သွားတာလဲ...”
ဝေ့ဝူယင် ခေါင်းခါရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူ ချင်ကူးယင်ဘက်သို့ ပြန်လည် လှည့်လိုက်စဥ်မှာပင်...
“ဘာဖြစ်သွားတာလဲ... ခုနက ဘာဖြစ်သွားတာလဲ...”
ဝူယုက ထိတ်လန့်တကြားဖြင့် မေးလာ၏။
“ ... “
ဝေ့ဝူယင် အံ့အားသင့်သွားသည်။ ဝူယုက သတိထားမိသည်လား။ ထိုဝိညာဥ်မှာ အသက်ရှင်စဥ်တွင် အလွန် မြင့်မားသော ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်ရှိခဲ့သည့်တိုင် ဘယ်တုန်းကမှ သူတော်စင်တို့၏ အဆင့်နှင့် နီးကပ်ခြင်း မရှိခဲ့ချေ။ လျှို့ဝှက် အာဏာရှင် အဆင့်လောက်ဖြင့် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို သိရှိရန် ဘယ်တော့မှ အလှမ်းမှီလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်စဥ်မှာပင် ဝူယုက စကားဆက်လိုက်၏။
“မင်းရဲ့ ခန္ဓာကိုယ်က ဘယ်သူမှ သတိမထားမိနိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ ပုံစံ အမျိုးမျိုး ပြောင်းလဲသွားခဲ့တယ်...”
ထိုဝိညာဥ်၏ လေသံက မသေချာ မရေရာခြင်းများနှင့် ပြည့်နှက်နေသည်။ သူသည် ဝေ့ဝူယင်နှင့် အနီးဆုံး နေရာ၌ တစ်ချိန်တည်းရှိနေကာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည့်တိုင် မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့ကြောင်း နားမလည်နိုင်သေးချေ။
"ဪ...”
နောက်ဆုံး၌ ဝူယု တစ်ယောက် ခန္ဓာကိုယ် လှုပ်ရှားမှုလောက်ကိုသာ ရိပ်မိခဲ့ခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိသွားခဲ့ပြီ ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင် အဆင့်များ အပါအဝင် အခြားလူများမှာမူ နည်းနည်းမျှ ရိပ်မိပုံ မရချေ။
ဝေ့ဝူယင် အပြုံးတစ်ခုကို ဆင်မြန်းရင်း လက်နှစ်ဖက်ကို ယှက်လိုက်၏။
“တောင်းပန်ပါတယ်... ကျုပ် အတွေးထဲ နည်းနည်း နစ်မြောသွားလို့ပါ...”
“အဂ္ဂိရတ် ပညာရှင်ဝေ့... ကျွန်မရဲ့ စိန်ခေါ်မှုကို လက်ခံပါရဲ့လား”
သူ့အရှေ့တွင်တော့ ထာဝရ နတ်မိမယ်လေး အဖြစ် ကျော်ကြားသည့် ချင်ကူးယင် တစ်ယောက် ရှိနေသေးဆဲ ဖြစ်သည်။ သူမ၏ လေသံက မိမိကိုယ်ကို ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေ၏။ မိမိကိုယ်ကို သံသယ ရှိခြင်း၊ မသေချာ မရေရာခြင်း တစ်ခုမှ မရှိချေ။
များစွာသော လူများမှာ ထိုမြင်ကွင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြ၏။ သူတို့ အားလုံး၏ တူညီသော အမြင်၌ ထာဝရ နတ်မိမယ်လေးကသာလျှင် ထာဝရ ဧကရာဇ်၏ တစ်ဦးတည်းသော အရိုက်အရာ ဆက်ခံမည့်သူ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... အဆင့်ကိုး ထုတ်ကုန် တစ်ခုကို ဖော်စပ်ရန် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို လိုအပ်သည် မဟုတ်ပါလား။
သို့သော်လည်း အခြားတစ်ဖက်ရှိ ထာဝရ မင်းသားလေးမှာလည်း ခေသူ တစ်ယောက် မဟုတ်ချေ။ သူကား တစ်ခေတ်တစ်ယောက် ပေါ်ထွန်းခဲသည့် ပါရမီရှင်မျိုး ဖြစ်ကာ ပါရမီအရာ ထာဝရ နတ်မိမယ်လေးထက် နည်းနည်းမျှ မနိမ့်ကျချေ။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်မထားသည့် အားနည်းချက် တစ်ခုသာ သူ့တွင် ရှိသည်။
ယခုတွင်... ထာဝရ နတ်မိမယ်လေးမှာ အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရန် ထာဝရ မင်းသားလေးကို စိန်ခေါ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုစိန်ခေါ်မှုသာ ဖြစ်မြောက်လာပါက ဧကရာဇ် ဝူယုတို့ခေတ် နောက်ပိုင်း အကြီးကျယ်ဆုံးသော အဂ္ဂိရတ် တိုက်ပွဲ ဖြစ်လာလိမ့်မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
မိန်းကလေး ချင်ကူးယင်မှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ သို့သော်လည်း သူ ပို၍ စိတ်ဝင်စားနေသည်က စိန်ခေါ်မှုနောက်ကွယ်မှ အဂ္ဂိရတ် အစည်းအရုံး၏ ရည်ရွယ်ချက် ဖြစ်သည်။ ပထမ မဟာ ဝိညာဥ်ပြိုင်ပွဲ၊ ယခုတစ်ဖန် အဂ္ဂိရတ် တိုက်ပွဲ... အဂ္ဂိရတ် အစည်းအရုံးမှာ သူတို့ ရည်ရွယ်ချက်ကို အောင်မြင်ရန် အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေပုံ ရသည်။
“လက်ခံရမလား... ငါ မသိဘူး”
ဝေ့ဝူယင်က အပြုံးဖြင့် ပြောလိုက်၏။ သူ၏ တုန့်ပြန်မှုက လူငယ် ပါရမီရှင်များနှင့် ခေါင်းဆောင်များကို အံ့အားသင့်သွားစေခဲ့သည်။ ချင်ကူးယွင်၏ မျက်ခုံးများပင်လျှင် အလယ်၌ စုသွားကာ တည်ငြိမ်မှု ပျက်ရွင်းသွား၏။
ချင်ကူးယင်က မျက်မှောင်ကြုတ် လိုက်သည်။
“ရှင်မသိဘူးလား...”
“ဟုတ်တယ်... ငါမသိဘူး”
ဝေ့ဝူယင်၏ နှုတ်ခမ်းထောင့်ရှိ အပြုံးက အနည်းငယ် မှေးမှိန်သွားသည်။ သူက ခေါင်းအား ဖြည်းညင်းစွာ ခါယမ်းလိုက်၏။
“မင်း ငါ့ကို ဘာလို့ စိန်ခေါ်သလဲ ဆိုတာလည်း ငါမသိဘူး... နောက်ပြီး မင်းရဲ့ စိန်ခေါ်မှုကို ဘာကြောင့် လက်ခံသင့်လဲ ဆိုတာ ငါမသိဘူး... နောက်ပြီး မင်းမှာ ငါ့ကို စိန်ခေါ်နိုင်တဲ့ အရည်အချင်း ရှိသလား ဆိုတာလည်း ငါမသိဘူး”
“အရည်အချင်း...”
ချင်ကူးယင်မှာ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွားပြန်၏။ အရည်အချင်း... သူမတွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ရှိသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အကြီးကျယ် အခမ်းနားဆုံး ဖြစ်သောအဂ္ဂိရတ် အစည်းအရုံးမှာ သူမကို ပြုစု ပျိုးထောင်ပေးခဲ့သည်။ သူမတွင် အရည်အချင်း ရှိ၊ မရှိ ဆိုသည်က ဒွိဟတစ်ခုပင် မဟုတ်ချေ။
ဇာပုဝါနောက်ရှိ ချင်ကူးယင်၏ နှာခေါင်းလေးများက နီရဲလာ၏။ ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ရယ်မော လိုက်မိ၏။ အလွန်လှပသည့် မိန်းကလေး တစ်ဦး ဒေါသထွက်သော အခါ အလွန် ချစ်စရာ ကောင်းသည်။
ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားဟန် ပြုလိုက်ရင်း...
“ကောင်းပြီလေ... မင်းရဲ့ စိန်ခေါ်မှုကို ငါစဥ်းစားပေးမယ်... ဒါပေမဲ့ ခုတော့ မဟုတ်ဘူး... နောက်တစ်ကြိမ်ကျမှ ထပ်ဆွေးနွေးကြတာပေါ့”
ထို့နောက် သူ မျှော်လင့်ထားသည့် အတိုင်း... ချင်ကူးယင် စကားတစ်ခွန်းမှ မဆိုရသေးခင် ချင်ကူးယွင်မှာ စကားဝိုင်း အတွင်း ဝင်ရောက်လာလေ၏။
“အဂ္ဂိရတ် ပညာရှင်လေးဝေ့... သူက ကျုပ်ရဲ့ မြစ်ကလေးပါ... သူ့ရဲ့ အရည်အချင်းကို သံသယ ရှိစရာ မလိုပါဘူး... သူ့မှာ သမိုင်းရဲ့ အကြီးကျယ်ဆုံး အဂ္ဂိရတ် ပညာရှင် ဖြစ်လာနိုင်တဲ့ အလားအလာနဲ့ ပါရမီတွေ ရှိပါတယ်... ဒါကြောင့်ပဲ သူ လမ်းလျှောက်တတ်စ အရွယ်တည်းက ကျုပ်ကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာပါ... နောက်ပြီး သူ့ရဲ့ ပြိုင်ဆိုင်လိုစိတ်နဲ့ တိုးတက်လိုစိတ်က အရမ်းကို ပြင်းထန်ပါတယ်... နည်းနည်း တိုက်ရိုက်ဆန်တယ် ဆိုပေမဲ့ သူ ဘာကြောင့် ဒီလို စိန်ခေါ်ရသလဲ ဆိုတာ နားလည်ဖို့ မျှော်လင့်ပါတယ်... အဂ္ဂိရတ် ပညာရှင်လေးဝေ့ အနေနဲ့ ကျုပ်နဲ့ အဂ္ဂိရတ် အစည်းအရုံးရဲ့ မျက်နှာကို ထောက်ထားပြီး ဒီစိန်ခေါ်မှုကို လက်ခံပေးပါလို့ တောင်းဆိုချင်ပါတယ်”
"..."
ချင်ကူးယင်၏ စကားက လူများကို အံ့သြမှင်သက်သွားစေ၏။ ချင်ကူးယွင်က ဤတိုက်ပွဲကို ဆင်နွှဲရန် အတွက် အဂ္ဂိရတ် အစည်းအရုံးနှင့် သူကိုယ်တိုင်၏ နာမည်ကိုပါ သုံးနေသည်လား။ သူတို့မှာ ထာဝရ မင်းသားလေးနှင့် ထာဝရ မင်းသမီးလေးတို့ အကြားရှိ အဂ္ဂိရတ် တိုက်ပွဲကို တွေ့မြင်ချင်သည့်တိုင် အောင်နိုင်သူ၏ သက်ရောက်မှုများကို နားလည်ပေသည်။
ဝေ့ဝူယင် ချင်ကူးယွင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာပင် ပြုံးလိုက်သည်။
“အစည်းအရုံးသခင် ချင်ကူး... စိန်ခေါ်မှုကို ပယ်ချတယ် လက်ခံတယ် ဆိုတာက ရိုးရှင်းပါတယ်... ဒါပေမဲ့ ကျုပ် မေးခွန်းနည်းနည်း မေးလို့ ရမလား”
ဝေ့ဝူယင် ထိုလူအိုကြီး၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းကို မြင်နိုင်မလား သွေးတိုးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ချင်ကူးယွင်၏ မျက်ခုံးများက သိသိသာသာ အလယ်၌ ကျုံ့သွား၏။
“မေးနိုင်ပါတယ်... ကျုပ်နဲ့ အဂ္ဂိရတ် အစည်းအရုံးဟာ ယင်အာလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန် နေကြတယ် ဆိုပေမဲ့ ဆိုပေမဲ့ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ တဇွတ်ထိုးသမားတွေတော့ မဟုတ်ပါဘူး”
“အစည်းအရုံးသခင် ချင်ကူးက တကယ် နားလည်တတ်တာပဲ... ဒါဆို ကျုပ် အားမနာတော့ဘူး... ပထမဆုံး အနေနဲ့ မိန်းကလေး ချင်ကူးယင်ရဲ့ အဂ္ဂိရတ် တာအို အဆင့်ကို သိခွင့်ရှိမလား”
ဝေ့ဝူယင် ပထမဆုံး မေးခွန်းကို မေးလိုက်၏။