← Chapters

မိုးသောက်ဦး ဧကရာဇ် 

Vol. 23 Ch. 310

မိုးသောက်ဦး ဧကရာဇ် 

Vol. 23 Ch. 310

ချင်ကူးယွင်မှာ ထိုမေးခွန်းကို ဖြေရန် အနည်းငယ် အင်တင်တင် ဖြစ်နေ၏။ ပြိုင်ဘက်ထံတွင် မိမိအကြောင်းကို အိတ်သွန်ဖာမှောက် ပြောပြခြင်းမှာ ကောင်းသော ကိစ္စ မဟုတ်ချေ။ 

သို့သော်လည်း ချင်ကူးယင်မှာမူ ထိုလောက် အများကြီး တွေးသူ မဟုတ်ချေ။ သူမက ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း ခပ်မြန်မြန်ပင် ဖြေလိုက်သည်။ 

“ကျွန်မက အဆင့်ခုနစ် စမ်းသပ်မှုတွေကို အောင်မြင်ပြီး တရားဝင် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် ဖြစ်နေပါပြီ”

 လူတိုင်းမှာ သူမ၏ လေသံမှ တစ်ဆင့် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရန် မည်မျှ စိတ်အားထက်သန်နေကြောင်း ခံစားလိုက်ကြရသည်။ ဝေ့ဝူယင်ကမူ ထိုအရာက ချစ်စရာကောင်းသည်ဟုသာ တွေးလိုက်မိ၏။ သူက ခေါင်းတစ်ချက် ညိတ်ရင်း ထပ်မေးလိုက်သည်။ 

“ဒါဆို အဂ္ဂိရတ် တိုက်ပွဲက ဘယ်လို ပြိုင်ပွဲမျိုးလဲ ဆိုတာ‌ရော ကျုပ်ကို ပြောပြလို့ရမလား...” 

ချင်ကူးယင်က မတုန့်မဆိုင်းပင် ပြန်‌ဖြေလိုက်၏။ 

“အဂ္ဂိရတ် တိုက်ပွဲ ဆိုတာက အဆင့်တူညီတဲ့ အဂ္ဂိတ် ပညာရှင်တွေကြား ဘယ်သူ ပိုတော်လဲ ဆိုတာ လက်ရည်စမ်းတဲ့ ပြိုင်ပွဲမျိုးပါ”

“အဆင့်တူညီတဲ့ အဂ္ဂိရတ် ပညာရှင်တွေ ကြားမှာပဲပေါ့...” 

ဝေ့ဝူယင်က ပြုံးကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူက နောက်ထပ် မေးခွန်းတစ်ခွန်းမှ ထပ်မမေးတော့ပဲ ချင်ကူးယွင်ကိုသာ ကြည့်လိုက်သည်။ ချင်ကူးယွင်၏ တည်ငြိမ်ကာ ယုံကြည်မှု ရှိသော အမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။ ထိုအရာက ဘာအဓိပ္ပာယ်နည်း။ 

လုံချန်မှာ အဝေးတစ်နေရာမှ နေ၍ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် ဧကရာဇ် အဖြစ်သာ ကိုယ့်ကိုယ်ကို ပုံဖော်ထားသည့်တိုင် အမှန်တကယ်တွင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်ရှိပြီး ဖြစ်ကြောင်း သူသိရှိပြီး ဖြစ်သည်။ ထာဝရ မင်းသမီးလေးမှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည့်တိုင် ဝေ့ဝူယင်ကို မည်သို့မှ ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။ 

ထိုအချိန်တွင်ပင် ဝေ့ဝူယင်က အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ခေါင်းအား ဘယ်ညာခါယမ်း လိုက်သည်။ 

“မိန်းကလေး ချင်ကူးယင်ကို အားနာပေမဲ့ ကျုပ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ရတော့မှာပဲ... ကျုပ်ဟာ ခုချိန်ထိ အဂ္ဂိရတ် အစည်းအရုံးရဲ့ တရားဝင် အသိအမှတ် ပြုမှုကို မရရှိသေးတဲ့ သာမန် အဂ္ဂိရတ် ပညာရှင်လေး တစ်ယောက်ပါပဲ... အဂ္ဂိရတ် အစည်းအရုံးရဲ့ သံမဏိ စည်းမျဥ်းတွေ အရ အဂ္ဂိရတ် တိုက်ပွဲဟာ အဆင့်တူသူတွေ အကြားမှာပဲ ဖြစ်ခွင့်ရှိတယ် မဟုတ်လား”

“ ... “ 

လူအုပ်ကြီး တစ်ခုလုံးမှာ ချင်ကူးယင်တို့ဘက်သို့ လှည့်ကြည့်လိုက်မိကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ဝမ်းသာအားရသော အရိပ်အယောင်များက ခပ်ရေးရေး ဖြစ်ပေါ်နေသည်။ အဂ္ဂိရတ် အစည်းအရုံးကား ကိုယ်ဖော်သည့်ဆေး ကိုယ်တိုင် စားခဲ့ရခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် နှစ်ရာချီအတောအတွင်း ကောင်းကင်တာအိုမှ တရားဝင် ခန့်အပ်ထားသည့် အဂ္ဂိရတ် ကိုယ်စားလှယ် အလား သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အဂ္ဂိရတ် လောကကို ထိန်းချုပ်ထားခဲ့ကြသည်။ မည်မျှပင် ထူးချွန်စေကာမူ... သူတို့၏ စစ်ဆေးမှုများကို ဝင်ရောက် ဖြတ်ကျော်ခြင်း မပြုလျှင် တရားဝင် အဂ္ဂိရတ် ပညာရှင် အဖြစ်ပင် မသတ်မှတ်ခဲ့ချေ။  

ဝေ့ဝူယင်သည် အဂ္ဂိရတ် အစည်းအရုံး၏ စမ်းသပ်မှုကို ဘယ်တုန်းကမှ ဝင်မဖြေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် စည်းမျဥ်းစည်းကမ်းများ အရပြောရလျှင် သူသည် တရားဝင် အဂ္ဂိရတ် ပညာရှင် မဟုတ်ချေ။ 

ချင်ကူးယင်မှာ ဘာပြန်ပြောရမှန်း မသိရာ ချောင်းသာ ဆိုးလိုက်မိ၏။ ဝေ့ဝူယင်ကို အရှက်မဲ့သူ ဟု ခေါင်းစဥ် တပ်ချင်မိသည့်တိုင် မည်သည့် အမှားတစ်ခုမှလည်း သူမ ရှာမရပြန်ချေ။ ပြောရလျှင် ဝေ့ဝူယင်မှာ အဂ္ဂိရတ် အစည်းအရုံး၏ စည်းမျဥ်းများကိုပင် လေးစားသမှု ပြုသွားခဲ့သေးသည်။ 

အခြားတစ်ဖက်ရှိ ချင်ကူးယွင်မှာလည်း ကူရာကယ်ရာမဲ့စွာဖြင့် ငြိမ်သက်နေ၏။ ဘယ်ဘက်က ကြည့်ကြည့် သူ့အရှုံးချည်းသာ ဖြစ်သည်။ အကယ်၍ သူ့ဘက်မှ ထပ်မံ တွန်းအားပေးလျှင် အဂ္ဂိရတ် အစည်းအရုံး၏ သံမဏိ စည်းမျဥ်းများမှာ ဘောင်မဝင်သလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေရှိ အဂ္ဂိရတ် ပညာရှင်များ အကြားတွင် ကိုယ်ပိုင် အရည်အချင်းကို ဆုံးဖြတ်ရန် အဂ္ဂိရတ် အစည်းအရုံး မလိုအပ် ဟူသော အတွေးပင် ဝင်သွားနိုင်သည်။

အားလုံး ငြိမ်သက်နေကြစဥ်မှာပင် ဝေ့ဝူယင်က စကားဆက်လာ၏။ 

“အစည်းအရုံးသခင် ချင်ကူး... အရိုးသားဆုံး ဝန်ခံရရင် အဂ္ဂိရတ် တိုက်ပွဲတစ်ခု ဝင်ပြိုင်ဖို့ ဆိုတာက ကျုပ်အတွက် ဘာပြဿနာ မရှိပါဘူး... ဒါပေမဲ့ ထောင်ချောက်ဆင်ခံရတာကိုတော့ ကျုပ် မကြိုက်ဘူး... ကျုပ် တည့်ပဲ မေးမယ်... ခင်ဗျား ကျုပ်ဆီက ဘာလိုချင်တာလဲ”

“ ... “

များစွာသော လူများမှာ စိတ်ဝင်တစားဖြင့် ဝေ့ဝူယင်ကို တစ်လှည့်၊ ချင်ကူးယွင်ကို တစ်လှည့် ကြည့်လိုက်မိကြ၏။ သူတို့ အကြားတွင် မည်သည့် ပြဿနာများ ရှိနေခဲ့သနည်း။ တစ်ခုခုတော့ တစ်ခုခုပင်။ 

ချင်ကူးယင်မှာမူ အနည်းငယ် မျက်မှောင်ကြုတ် နေ၏။ သူမ ကြားခဲ့ရသည့် ကောလဟလများ အရဆိုလျှင် ထာဝရ မင်းသားလေးမှာ ရက်စက် ကြမ်းကြုတ်သည့် တဇောက်ကန်း တစ်ယောက် ဖြစ်သည်။ သူ ပိုင်ဆိုင်သည့် ကောင်းကင် နတ်မြင်းပျံကို ရိုက်နှက်မိသည့် အတွက် အနန္တဧကရာဇ်ဂိုဏ်းမှ ကောင်းကင်နိုဘယ် ဦးစီးသည့် အဖွဲ့ကြီး တစ်ခုမှာ ရှင်းလင်း ခံခဲ့ရသည်။ ထို့အပြင် သူသည် မိန်းမတစ်ယောက် အတွက် အလွန် ကြီးမားသော မျိုးနွယ်ကြီး တစ်ခုကိုပင် ဘာအကျိုးဆက်မှ ထည့်မစဥ်းစားပဲ ရှင်းပစ်ခဲ့သေးသည်။ 

သို့သော်လည်း ယခု ကြည့်ရသည်က ဝေ့ဝူယင် အကြောင်း ကောလဟလများမှာ အလုံးစုံ မှန်ကန်ပုံ မရချေ။ ထိုလူငယ်မှာ မယုံကြည်နိုင်လောက်အောင် ပါးနပ်သူ ဖြစ်သည်။ အခြားလူများက ဤစိန်ခေါ်ပွဲကို ဂုဏ်သိက္ခာ အတွက်၊ ထင်ပေါ် ကျော်ကြားမှု အတွက်ဟု ထင်နေကြချိန်တွင်... သူကမူ အရူးလုပ် မခံခဲ့ရချေ။  

“အစည်းအရုံးသခင် ချင်ကူး... ခင်ဗျားရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကိုသာ ပြောပါ... ဒါဆို စိန်ခေါ်မှုကို ကျုပ် လက်ခံမယ်...” 

ထိုမေးခွန်းက လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်ကတည်းက သူ့ခေါင်းထဲတွင် ရှိနေသာ အရာ ဖြစ်သည်။ သူတို့တွင် ထာဝရ မင်းသမီးလေး ဆိုသော ပါရမီရှင် တစ်‌ယောက် ရှိနေပြီး ဖြစ်သည်။ အဘယ်ကြောင့် သူ့ကို လိုအပ်ရမည်နည်း။ 

“ ... “ 

ချင်ကူးယွင်မှာ အတန်ကြာ တိတ်ဆိတ်ပြီးနောက်မှ သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ဖြည်းညင်းစွာပင် မေးလိုက်သည်။ 

“မင်းရဲ့ အဂ္ဂိရတ် ပါရမီ အဆင့်က ဘယ်လောက်လဲ” 

ဝေ့ဝူယင်မှာ ထိုမေးခွန်းကြောင့် အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ သူ၏ စိတ်အစဥ်က လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ဧဒင်ကမ္ဘာဂိုဏ်းဆီမှ နေ့ရက်များသို့ ပြန်လည် ရွေ့လျားသွားသည်။ ရေးတေးတေး ဖြစ်နေသော်လည်း ကျောက်တုံးတစ်ခုဖြင့် စစ်ဆေးခံခဲ့ရသည်ကိုတော့ သူ မှတ်မိသည်။ ထိုနေ့ နောက်ပိုင်းတွင် ဂိုဏ်းချုပ် ကိုယ်တိုင်က သူ့အား တပည့် အဖြစ် လက်ခံခဲ့ကာ အကောင်းဆုံးသော နည်းလမ်းများဖြင့် သင်ကြားပေးခဲ့သည်။ 

ဝေ့ဝူယင်သည် ကိုယ့်ကိုယ်ကို အဂ္ဂိရတ် ပါရမီ မြင့်မားကြောင်းကိုတော့ သိသည်။ သို့သော်လည်း အဆင့်ကိုတော့ သူ မသိချေ။ ထို့အပြင် ၎င်းကို သိရှိရန် သူ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးချေ။ 

ဝေ့ဝူယင် ချင်ကူးယွင်ကို ကြည့်လိုက်၏။ 

“အဲဒါက အရေးကြီးလို့လား...” 

ချင်ကူးယွင်မှာ ထိုမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်ဟန်ရသည်။ သူက တည်ငြိမ်သော အပြုံးဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ 

“အရမ်းကို အရေးကြီးတယ်... ယင်အာရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်တာနဲ့ နိုင်နိုင် ရှုံးရှုံး ငါ မင်းကို ပြောပြမှာပါ” 

ဝ့ဝူယင်မှာ ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ သူက ချင်ကူးယင်ဘက်သို့ လှည့်ကာ ဇာပုဝါအောက်ရှိ မျက်နှာလေးကို ကြည့်လိုက်မိသည်။ သူမ၏ ပုံစံက တစ်စုံတစ်ရာကို ပြောရနိုးဖြင့် အနည်းငယ် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေပုံ ရသည်။ 

ဝေ့ဝူယင် သူမ တွေးနေသည့် အရာကို ချက်ချင်းပင် တန်းကာ သိရှိလိုက်သည်။ သူက အလိုက်တသိပင် ချင်ကူးယွင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ 

“ဆို‌တော့ကာ ကျုပ်တို့ ထပ်လောင်းကြဦးမယ်ပေါ့... လောင်းကြေးက ဘာဖြစ်မလဲ ကျုပ်ခန့်မှန်း ကြည့်လိုက်ရအောင်... ရှုံးတဲ့သူက နိုင်တဲ့သူရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးရမယ်... အသက် အန္တရာယ်တော့ မပေးရဘူး... ဟုတ်တယ်မလား”  

ချင်ကူးယွင်က ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်း၌ ပရိသတ်များမှာမူ သူတို့ နှစ်‌ယောက် ပြောနေသည့် စကားများကို သိပ်နားမလည်နိုင်အောင် ဖြစ်နေကြသည်။ 

ရှုံးနိမ့်သူက ‌အောင်နိုင်သူ၏ တောင်းဆိုမှုကို ဖြည့်ဆည်း ပေးရမည်။

အဂ္ဂိရတ် အစည်းအရုံး လိုချင်နေသည့် လောင်းကြေးက အတော်လေး ကြီးမားလှသည်။ ထိုနောက်ကွယ်တွင် မည်သို့သော ရည်ရွယ်ချက်များ ရှိနေမည်နည်း။ အချို့က ချင်ကူးယွင်မှာ ဝေ့ဝူယင်ကို ထာဝရ မင်းသမီးလေးနှင့် လက်ဆက်ပေးကာ အဂ္ဂိရတ် အစည်းအရုံးထဲ ဆွဲသွင်းရန် ကြိုးစားနေသည်ဟုပင် တွေးနေမိကြသည်။ 

“ကောင်းပြီလေ...” 

နောက်ဆုံး၌ ဝေ့ဝူယင်မှာ သဘောတူညီလိုက်ရတော့၏။ အဂ္ဂိရတ် အစည်းအရုံး၏ အကြံအစည်များကို မခန့်မှန်းနိုင်သေးသည့်တိုင် သူတို့တွင် မကောင်းသော ရည်ချက်ချက် မရှိဟု သူ ခံစားရသည်။ 

သူက သက်ပြင်းတစ်ချက် ချရင်း လက်ထဲရှိ အဆင့်ရှစ် ဝိညာဥ်ဆေးလုံးကို ငုံ့ကြည့်လိုက်၏။ 

“ခုတော့ လေလံပွဲကို စလိုက်ကြတာပေါ့လေ” 

... 

အချိန်များမှာ အလွန် လျှင်မြန်စွာပင် ရွေ့လျားနေ၏။ မဟာ ဝိညာဥ် စမ်းသပ်ပွဲရှိ အဖြစ်အပျက်များ ပြီးဆုံးသွားခဲ့သည်မှာ နှစ်လတိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ 

ဝေ့ဝူယင်၏ အဆင့်ရှစ် ဝိညာဥ်ဆေးပြားသည် တက်ရောက်လာသည့် အင်အားစုများ အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ကာ မရေမတွက်နိုင်သော လူများမှာ ပိုင်ဆိုင်ခွင့် ရရှိရန် ဝင်ရောက် လေလံဆွဲခဲ့ကြသည်။ ဒြပ်စင် ကောင်းကင်နန်းတော်၊ အသူရာ နတ်ဆိုး တောင်တန်း၊ အထွတ်အမြတ် အလင်းနန်းတော်... စသည့် မဟာဂိုဏ်းကြီးပါ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည့်တိုင် အံ့အားသင့်စွာပင် နောက်ဆုံး အနိုင်ရရှိသွားခဲ့သည်က ရွှေဒင်္ဂါး နန်းတော်သာ ဖြစ်သည်။ 

အဂ္ဂိရတ် အစည်းအရုံးမှာမူ လေလံပွဲကို ဝင်မပြိုင်ခဲ့ချေ။ ထာဝရ မင်းသမီးလေးနှင့် မကြာခင် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲမည့် ပြိုင်ဘက် ဝေ့ဝူယင် ဖော်စပ်သည့် ဆေးကို အခြားလူများနှင့် ဝင်ရောက်လုရခြင်းမှာ အရှက်ရဖွယ် ကိစ္စတစ်ခုသာ ဖြစ်သည်။ 

ဘာဖြစ်ဖြစ်... သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ဘဏ္ဍာရေး အင်အား အတောင့်တင်းဆုံး အဂ္ဂိရတ် အစည်းအရုံး၏ လက်ရှောင်မှုက ရွှေဒင်္ဂါး နန်းတော် အတွက်တော့ ဆုလာဒ် တစ်ခုလိုပင်။ သူတို့က ကြယ်တာရာ ကျောက်တုံး ၃၀၀၀ ဖြင့် အဆင့်ရှစ် ဝိညာဥ်ဆေးကို အပိုင်သိမ်းနိုင်ခဲ့သည်။ 

ဝေ့ဝူယင်နှင့် ချင်ကူးယင်တို့ အကြားရှိ အဂ္ဂိရတ် တိုက်ပွဲကိုမူ မဟာ ဝိညာဥ်စမ်းသပ်ပွဲ အပြီး နောက်သုံးလ အကြာတွင် အဂ္ဂိရတ် အစည်းအရုံး၏ အဲဗားမိုးဂြိုဟ်ပေါ်၌ ကျင်းပမည် ဖြစ်သည်။ ထိုသတင်းက မဟာ ဝိညာဥ်စမ်းသပ်ပွဲလိုပင် လူအများ၏ စိတ်ဝင်စားမှုကို ကိုင်လှုပ်နိုင်ခဲ့သည်။ 

ထာဝရ မင်းသားလေးနှင့် ထာဝရ နတ်မိမယ်လေး... 

အတွေးလွန်သူများက ထိုအရာကို ချစ်သူများ အကြားမှ မြေစမ်းခရမ်းပျိုး ရန်ဖြစ်မှု အဖြစ် ယုံကြည်နေကြချိန်တွင် လက်တွေ့သမားများကမူ ထာဝရ ဧကရာဇ်၏ အစစ်အမှန် ဆက်ခံသူကို ဖော်ထုတ်ပေးမည့်ပွဲဟု ရည်ညွှန်းနေကြသည်။ 

သို့သော်လည်း အချို့ကမူ အဂ္ဂိရတ် ကြယ်တာရာ နှလုံးသား မရှိသည့် ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ အရိုက်အရာကို ဘယ်တော့မှ ဆက်ခံနိုင်လိမ့်မည် မဟုတ်ဟု ငြင်းချက်ထုတ် နေကြသည်။ သူတို့က ဝေ့ဝူယင် အတွက် မိုးသောက်ဦး အာဏာရှင် ဧကရာဇ် ဟူသော နာမည် အသစ် တစ်ခုကိုပင် စတင် ဖြန့်နေကြသည်။ 

မိုးသောက်ဦး အာဏာရှင် ဧကရာဇ်...

အထူးတလှယ် ဂုဏ်ထူးများ ပါဝင်နေခြင်း မရှိသည့်တိုင် ၎င်းက အလွန် အဓိပ္ပာယ်ရှိသည့် နာမည် တစ်ခု ဖြစ်သည်။ သူတို့ အမြင်အရ ဝေ့ဝူယင်မှာ ဒုတိယမြောက် ထာဝရ ဧကရာဇ်  မဟုတ်ချေ။ ဝေ့ဝူယင်မှာ  ထာဝရ ဧကရာဇ် ကဲ့သို့ အဂ္ဂိရတ် လမ်းစဉ် တစ်ခုတည်းတွင်ပင် ထူးချွန်သူ မဟုတ်ချေ။ အဖက်ဖက်တွင် ပြီးပြည့်စုံကာ ထူးချွန်သူ ဖြစ်သည်။ 

ပြောရလျှင် ထိုလူငယ်လေးမှာ ကိုယ်ပိုင် ခေတ်သစ်တစ်ခုကို စတင်မည့်လူ ဖြစ်သည်။ ကြီးကျယ်ခမ်းနားသော သမိုင်းတစ်ခုကို ရေးထိုးမည့်သူ ဖြစ်သည်။ အာဏာရှင် ဆိုသော အဖွဲ့နှင့် အတူ မိုးသောက်ဦးကို ဖန်တီးနေသူ ဖြစ်သည်။ သို့ဖြစ်လေရာ… ထာဝရ မင်းသားလေး ဆိုသော အသုံးအနှုန်း အစား  မိုးသောက်ဦး အာဏာရှင် ဟူသော နာမည်ကသာလျှင် သူနှင့် ပို၍ လိုက်ဖက်ပေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထာဝရ ဧကရာဇ်မှာ ခေတ်တစ်ခေတ်ကို တည်ထောင်ကာ သမိုင်းကို ဖန်တီးခဲ့သည်။ သူက ကိုယ့်လမ်းကြောင်းကို ကိုယ်လျှောက်ခဲ့သည်။ ယခုတစ်ဖန် ဝေ့ဝူယင် ဆိုသော လူငယ်လေးမှာလည်း အားမာန်အပြည့်၊ ပါရမီ အပြည့်ဖြင့် ခေတ်သစ်တစ်ခုကို စတင်ရန် တာဆူနေခဲ့ပြီ ဖြစ်သည်။ 

အသစ်သစ်သော ခေတ်ပေါင်းများစွာကို ဖြတ်ကျော်ပြီး နောက်တွင် သူ၏ ဖြစ်တည်မှု သမိုင်းမှာ ဒဏ္ဍာရီများ သဖွယ် လူများ၏ နှုတ်ဖျား၌ တဖွဖွ ကျန်ရစ်မည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။ ထိုအခါ အခြားလူ တစ်ဦးတစ်ယောက်၏  အငွေ့အသက်တို့ ဖုံးလွှမ်းနေသည့် ထာဝရ မင်းသားလေး ဆိုသည့် နာမည်အစား… 

"မိုးသောက်ဦး အာဏာရှင် ဧကရာဇ်…" 

၎င်းကသာလျှင်  သူ့အတွက် အသင့်တော်ဆုံး နာမည် ဖြစ်ပေလိမ့်မည်။ 

***

All Chapters