အချိန်ကစကားပြောမည်
Vol. 113 Ch. 1575
ဝိညာဉ်ခေါ်ခေါင်းလောင်းက ဖန်းယွင်ရှန်း တိုက်ပွဲအနိုင်ရသဖြင့် ရရှိခဲ့သောပစ္စည်းဆိုလျှင်လည်း မမှားပေ။ ရန်ကျောက်ကဲက သူမကို ဘက်လိုက်ပြီးပေးခြင်းမျိုးမဟုတ်ဘဲ အမှန်အတိုင်း ဆုံးဖြတ်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဖန်းယွင်ရှန်းကလည်း ငြင်းပယ်ရန်မသင့်ဟုတွေးမိသည်။
ခဏမျှစဉ်းစားပြီးနောက် သူမက ပြုံးလိုက်ရင်း...
“ဒါဖြင့် ကောင်းပြီလေ”
သူတို့နှစ်ယောက် စကားတပြောပြောဖြင့် ထျန်းစူးစကြာဝဠာသို့ ပြန်လည်ရောက်ရှိလာကြပြီး ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာသို့ ဝင်ရောက်ခဲ့ကြသည်။
ရွှီဖေး ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက စောစီးစွာပင် ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်၏။
ရွှီဖေး၊ ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန် တို့က တံခါးပိတ်ကျင့်ကြံရင်း ရုပ်ခန္ဓာကို ပြန်လည်ပြုပြင် ထိန်းညှိနေကြသည်။
ကောင်းချင်းရွှမ်ကတော့ ဝါဒတောင်သို့ လာရောက်လည်ပတ်ရင်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ပြန်အလာကို စောင့်ကြိုနေ၏။
အားလုံးဆုံတွေ့ကြသည်နှင့် ရန်ကျောက်ကဲက နတ်ဘုရားအဆုံးသတ်ဓားနှင့်ပတ်သက်သည့် ပြဿနာအချို့ကို ပြောပြခဲ့ပြီး ယန်ကျန်းနှင့်ပတ်သက်သည်များကိုတော့ မပြောဘဲ ချန်လှပ်ထားခဲ့သည်။
သူက ကောင်းချင်းရွှမ်၊ ရွှယ်ချူးချင်နှင့် အခြားသူများကို မယုံကြည်သောကြောင့် မဟုတ်ပေ။
လက်ရှိအခြေအနေအရ ဤကိစ္စကို လူသိနည်းလေ ပိုကောင်းလေ ဖြစ်လေသည်။ သိရှိသူများလေ သဲလွန်စများကျန်ရစ်ခဲ့ပြီး ရန်သူများဘက်မှ ခန့်မှန်းတွက်ချက်ရန် ပိုမိုလွယ်ကူသွားနိုင်သည်။
ကောင်းချင်းရွှမ်နှင့် အခြားသူများကလည်း ဤအချက်ကို ကောင်းစွာ နားလည်ကြသည်။
သို့သော် နတ်ဘုရားအဆုံးသတ်ဓားနှင့် ပတ်သက်သည့်ကိစ္စကို ကြားရုံမျှဖြင့် သူတို့စိတ်များ လေးလံထိုင်းမှိုင်းသွားကြတော့၏။
ရန်ကျောက်ကဲက...
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ သေအချာမပြောနိုင်ဘူး။ အချိန်ကပဲ စကားပြောသွားလိမ့်မယ်..."
ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“လောလောဆယ်တော့ ဘာမှမသိသလိုမျိုးပဲ ဟန်ဆောင်နေကြတာပေါ့ ၊ ဒါမှလည်း တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရနိုင်မှာပါ”
ရွှယ်ချူးချင်၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ကောင်းချင်းရွှမ်က...
“ဒါဖြင့်... ငါတို့တွေ နောက်ထပ်(၄၉)နှစ်ကြာမှာ ပြဇာတ်တစ်ခု ထပ်ကကြတာပေါ့”
သူမက မတ်တတ်ထရပ်လိုက်ရင်း...
“မင်းပြောတဲ့အတိုင်းဆိုရင် တာအိုအဓိပတိတွေက မင်းအစီအရင်လုပ်တဲ့ အချိန်ကာလကြားက ကြာချိန်ကို တွက်ချက်နိုင်နေလောက်ပြီ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ၊ နောက်ထပ် (၄၉)နှစ်နေရင် အစီအရင်ကို ထပ်လုပ်လို့ရပြီဆိုတော့... အဲဒီအချိန်ကျ အမတခုံရုံးဘက်ကလူတွေ ငါးစာချဖို့ အကောင်းဆုံးအချိန်ပဲ ၊ သူတို့ငါးစာလာချမှပဲ ကျွန်တော်တို့လည်း အဲဒီငါးစာကိုဟပ်ဖို့ အခွင့်အရေးရှီလိမ့်မယ် ၊ မဟုတ်ရင် သူတို့က နတ်ဘုရားအဆုံးသတ်ဓားကို ဝှက်ထားတာဆိုတော့ ကျွန်တော်တို့အတွက် ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး”
ရွှယ်ချူးချင်က...
“ဒါပေမဲ့... ငါတို့ဘက်က အခြေအနေကြည့်ပြီး လှုပ်ရှားကြရမှာပဲ ၊ လာမယ့်နှစ်တွေမှာ ပြင်ပကျင့်ကြံသူတွေကြားက တိုက်ပွဲကို အနီးကပ်စောင့်ကြည့်ဖို့လိုတယ်”
နတ်ဘုရားအဆုံးသတ်ဓားနှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများကို ရှင်းပြပြီးနောက် ရွှယ်ချူးချင်က ပြင်ပကျင့်ကြံသူဂိုဏ်းများအကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေကို ပြောပြလေသည်။
ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေနေချိန် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ကြားမှ တိုက်ပွဲက ယခင်ကထက်ပင် ပိုမိုပြင်းထန်နေသည်။
လွန်ခဲ့သော နှစ်ပေါင်း(၅၀)က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ထံမှ ရရှိခဲ့သော လူသားအမြုတေကျောက်တုံးအပိုင်းအစကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ အားပြိုင်နေကြသည်။
ဘုရားလောင်းက ကျောက်တုံးအပိုင်းအစကို ရရှိသွားသော်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ထိုအတိုင်း လက်လျှော့လိုက်ရန် ဆန္ဒမရှိပေ။
ထို့ကြောင့် သူတို့နှစ်ယောက်က လက်ရှိအချိန်ထိ တောက်လျှောက်ဆိုသလို တိုက်ခိုက်နေခဲ့ကြသည်။
အမတခုံရုံး၊ အဖြူရောင်ကြာပန်းသုခဘုံသာမက အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များသည်လည်း စစ်ပွဲထဲ ပါဝင်ပတ်သက်နေကြသည်။
အခြားသူများအနေဖြင့် တာအိုအဓိပတိနှစ်ပါး၏ တိုက်ပွဲရလဒ်ကို မပြောင်းလဲနိုင်သော်လည်း ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခု၏ ယုံကြည်ခြင်းစွမ်းအား လုယူသည့်တိုက်ပွဲသည်လည်း ပိုမိုပြင်းထန်သည်ပင်။
အကယ်၍ တစ်ဖက်ဖက်မှ အလွန်အကျွံ အထိနာမည်ဆိုလျှင် သူတို့ဘက်မှ တာအိုအဓိပတိကိုယ်တိုင်ထွက်၍ ကူညီပေးတတ်သည်။
မည်သို့ပင်ဖြစ်စေ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ အနှစ်(၅၀)နီးပါး ကြာမြင့်သော စစ်ပွဲကြီက သမိုင်းတစ်လျှောက်အလွန်ရှားပါးသော အခြေအနေတစ်ခု ဖြစ်၏။
ယခင်က နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်သောစစ်ပွဲများ ရှိခဲ့ဖူးသော်လည်း အလွန် နည်းပါးလှသည်။
ယုံကြည်ခြင်းစွမ်းအားကို ထိန်းညှိရန်အတွက် စစ်တိုက်ရုံသာမက အနားယူရန်လည်း လိုအပ်သဖြင့် အချိန်အခါကို ကြည့်၍ ရှေ့တိုးနောက်ဆုတ် လုပ်လေ့ရှိကြသည်။
သို့သော် ယခုတော့ လူသားအမြုတေကျောက်တုံးနှင့် ဆက်စပ်နေသဖြင့် အင်အားစုနှစ်ခုလုံးက အင်အားအလုံးအရင်းဖြင့် သူသေကိုယ်သေ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
စစ်ပွဲနှင့်ယှဉ်လျှင် နတ်ဘုရားသုတ်သင်ဓား ထွက်ပေါ်လာသည်ကပင် သူတို့အတွက် သိပ်ပြီးအရေးမပါသည့် ကိစ္စတစ်ခုပမာ ဖြစ်နေသည်။
ရွှယ်ချူးချင်က...
"နတ်မိစ္ဆာမျိုးနွယ်နဲ့ အဖြူရောင်ကြာပန်းသုခဘုံက နတ်ဘုရားသုတ်သင်ဓားကို လုယူဖို့အတွက် တန်ခိုးစွမ်းအားရှင်တွေအများကြီး စေလွှတ်ခဲ့တယ် ၊ ဒါကြောင့်ပဲ အခုစစ်ပွဲမှာ သူတို့ဘက်က အားနည်းသွားခဲ့တယ်”
အမတခုံရုံးဘက်မှ ယင်ကျောက် ရောက်ရှိလာခဲ့ပြီး အဖြူရောင်ကြာပန်းသုခဘုံဘက်ကတော့လမ်းခြောက်သွယ်ဓားသခင် - ချွိစု ရောက်လာခဲ့သည်။
ယင်ကျောက်က ရှေးခေတ်ကာလကတည်းက နာမည်ကျော်ကြားသူ ဖြစ်သော်လည်း ပြင်ပကျင့်ကြံသူ ကောင်းကင်နတ်ဘုရားချင်း ယှဉ်မည်ဆိုလျှင် သူက ချွိစုလောက် စွမ်းအားကြီးခြင်း မရှိပေ။
အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးထက် ကောင်းကင်နတ်ဘုရားနှင့် ထိုက်ရွှီးမူလနတ်ဘုရား အရေအတွက် ပိုမိုများပြားသည်။
ထို့ကြောင့် ချွိစုမရှိခြင်းက သူတို့ဘက်မှ အသာစီးရမှုကို ပျက်ဆီးသွားစေနိုင်သော်လည်း အမတခုံရုံးနှင့် အင်အားတူညီသွားသည့်အနေအထားရှိသဖြင့် လက်ခံနိုင်ဖွယ်ရှိသည်ဟု ဆိုရမည်။
တကယ်တမ်း စစ်ရေးအလှည့်အပြောင်းကို ဖြစ်စေသည်မှာ နတ်မိစ္ဆာမျိုးနွယ်များ ဖြစ်သည်။
ကွမ်းချန်ထျန်းကျွင်းလက်ထဲမှ နတ်ဘုရားသုတ်သင်ဓားကို လုယူရန်အတွက် အဝါရောင်လေပြင်းနတ်မိစ္ဆာ ၊ ဆင်နတ်ဘုရားနှင့် ခြင်္သေ့နတ်ဘုရားတို့ (၃)ယောက် ရောက်ရှိလာကြသည်။
တစ်ဖက်တွင်တော့ အနောက်ဘက်သူတော်စင်ဘုံမှ ပတ္တမြားတံခွန်ဗုဒ္ဓ တစ်ပါးတည်းသာ ရောက်လာခဲ့၏။
ထို့ကြောင့် နတ်မိစ္ဆာမျိုးနွယ်များက လစ်ဟာသွားသည့်အင်အားကို အခြားနည်းလမ်းများဖြင့် အစားထိုးခဲ့ရသည်။ အနောက်ဘက်သူတော်စင်ဘုံကလည်း ဤအခွင့်အရေးကို ကောင်းကောင်း အသုံးချလိုက်၏။
ဤအချက်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့၏ တိုက်ပွဲကို တိုက်ရိုက်သက်ရောက်စေခဲ့ပြီး ဘုရားလောင်းအနေဖြင့် အမတခုံရုံးလက်ထဲမှ သိမ်းပိုက်ထားသော နယ်မြေများအပေါ် ပို၍ အာရုံစိုက်ရန် ဖိအားပေး ခံလိုက်ရသည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ပြင်းထန်သော ဖိအားပေးမှုကြောင့် ဘုရားလောင်းမှာ လူသားအမြုတေကျောက်တုံးကို သန့်စင်ရန်ပင် အချိန်မရတော့ပေ။
ပိုဆိုးသည်မှာ အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်ဘက်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ လေးဦးအထိ စေလွှတ်ခဲ့သော်လည်း နတ်ဘုရားသုတ်သင်ဓားကို ရယူနိုင်ခဲ့ခြင်း မရှိသည့်အပြင် ဆင်နတ်ဘုရားပါ အသက်ဆုံးရှုံးခဲ့ရသည်။
ပတ္တမြားတံခွန်ဗုဒ္ဓ ဒဏ်ရာအပြင်းအထန်ရရှိပြီး စစ်မြေပြင်မှ ခေတ္တထွက်ခွာခဲ့ရသော်လည်း အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံ၏အခြေအနေက အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့၏ အခြေအနေလောက် ဆိုးရွားခြင်း မရှိပေ။
ရွှယ်ချူးချင်က...
“အစကတော့ သူတို့အုပ်စု(၄)ခုက လူသားအမြုတေကျောက်တုံးအပိုင်းအစကိုပဲ အဓိကထားပြီး နတ်ဘုရားသုတ်သင်ဓားကိုတော့ ကံစမ်းတဲ့သဘောနဲ့ လာလုကြတယ်လို့ပဲ ထင်ခဲ့တာ”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အခုကြည့်ရသလောက်... ဒါက တိုက်ဆိုင်မှုမဟုတ်ဘူး ၊ အမတခုံရုံးက အစကတည်းက ကြိုတင်စီစဉ်ထားခဲ့တာပဲ”
ရန်ကျောက်ကဲက...
“အမှန်ပဲ ၊ သူတို့က လူသားအမြုတေကျောက်တုံးအပိုင်းအစကို ပိုပြီးးဦးစားပေးတာမျိုး မရှိဘူး ၊ အဲဒါနဲ့ ပြောင်းပြန်တောင် ဖြစ်နေသေးတယ်”
သူက ခဏမျှစဉ်စားလိုက်ရင်း...
“ကျွန်တော့်အထင်တော့... ကျွန်တော်တို့ နတ်ဘုရားအဆုံးသတ်ဓားကို ရှာဖွေမယ့်အချိန် နောက်ထပ်(၄၉)နှစ်အထိ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဘုရားလောင်းကို ဆက်ပြီးတိုက်ခိုက်နေလိမ့်မယ်”
ထိုစကားကြားတော့ ဖန်းယွင်ရှန်း၊ ရွှယ်ချူးချင်နှင့် ကောင်းချင်းရွှမ်တို့၏ အကြည့်များမှာ တည်ကြည်လေးနက်သွားကြသည်။
ရန်ကျောက်ကဲ ဘာကိုဆိုလိုကြောင်း သူတို့နားလည်ကြသည်ပင်။
ရန်ကျောက်ကဲက...
“အဲဒီအချိန်ကျရင် သူက လူသားအမြုတေကျောက်တုံးကို စွန့်လွှတ်ပြီး ငါတို့ဘက်ကို ရုတ်တရက်လှည့်လာပြီး နှိမ်နင်းတော့မှာ”
ရန်သူ့ဘက်မှ အစီအစဉ်အတိုင်းသာဖြစ်လာပါက အမတခုံရုံး အနေဖြင့် နတ်ဘုရားသုတ်သင်ဓား(၄)လက် သာမက ပြီးပြည့်စုံသော နတ်ဘုရားသုတ်သင်အစီအရင်ကိုပါ ရရှိသွားပေမည်။
ထိုတန်ဖိုးက လူသားအမြုတေကျောက်တုံးအပိုင်းအစထက် များစွာသာလွန်ပေ၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“သူတို့အုပ်စုနှစ်ခု တိုက်ခိုက်နေသရွေ့ ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒက လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မေယ်လေ ၊ ကျွန်တော်တို့ နတ်ဘုရားအဆုံးသတ်ဓားကို ရှာဖွေတဲ့အထိ သူတို့ဘက်က စစ်ပွဲမပြီးသေးဘူးဆိုရင် ကျွန်တော်တို့ဘက်ကလူတွေ ပိုပြီးအတင့်ရဲလာကြမယ်”
ဤသည်က အသွင်ပြောင်းထားသည့် ငါးစာသာဖြစ်၏။
“ငါတို့ အခုလှုပ်ရှားနေတာတွေကို အမတခုံရုံးက အရေးမစိုက်သလိုလုပ်နေတာ... နောက်ထပ်(၄၉)နှစ်ကြာမှာ ငါတို့အကုန်လုံးကို တစ်ခါတည်းရှင်းပစ်မယ်လို့ တွေးနေတာ ဖြစ်ရမယ်”
ထိုသို့တွေးမိသည်နှင့် ရန်ကျောက်ကဲကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်မိသည်။
သူက ခေါင်းကိုခါယမ်းရင်း -
“ကဲ... ဒီတော့ ပြင်ပကျင့်ကြံသူတွေရဲ့တိုက်ပွဲကို သေချာစောင့်ကြည့်ထားကြတာပေါ့”
***
အနောက်ဘက်သူတော်စင်ဘုံရှိ ဗုဒ္ဓနယ်မြေတစ်ခု၌...။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အစိမ်းရောင်ကြာပလ္လင်ထက်တွင်ထိုင်ရင်း မျက်စိမှိတ်ကာ အတွေးထဲနစ်မျောနေသည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ သူက မျက်လုံးများကိုဖွင့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“စောလွန်းမနေဘူးလား...”
ထို့နောက် သူက အစိမ်းရောင်ကြာပလ္လင်ထက်မှ မတ်တတ်ထရပ်လိုက်ပြီး အနောက်ဘက်သူတော်စင်ဘုံ၏ ဗဟိုချက်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။
“အော်မီတော်ဖော်ဗုဒ္ဓကို ရှိခိုးပါတယ် ၊ သိုးလွိနန်းတော်ကို သွားရောက်ဖို့ လမ်းညွှန်ပေးစေချင်ပါတယ်”