မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ
Vol. 113 Ch. 1577
“စကြာမုနိဗုဒ္ဓ ချန်ထားခဲ့တဲ့ သရီရဓာတ်တော်... ဟုတ်လား”
ယန်ကျန်း အတွေးထဲ နစ်မြုပ်သွားသည်။
“စွန်းဝူခုန်းရဲ့ ရွှေခန္ဓာ လောကမှာ ပြန်ပေါ်လာပြီးတဲ့နောက်... လောင်ကျွင်း မိန့်ကြားခဲ့တာကို သတိရမိတယ်”
သူက ဆက်ပြောလိုက်သည်။
“လင်စန်းတောင် ၊ တာ့လေယင်းကျောင်းတော်က စကြာမုနိဗုဒ္ဓက အနောက်ဒေသ ဘိုးဘိုးနှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ တာအိုဆရာ’ကျူးထီ’ တဲ့”
ရွှမ်တုကိုယ်တော်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ငါလည်း အဲဒီလို ခန့်မှန်းထားပြီးသားပါ ၊ အခုတော့ ငါ့ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့တာပေါ့”
ယန်ကျန်းက သဘောပေါက်သွားဟန်ဖြင့်...
“ကြည့်ရတာ... သရီရဓာတ်တော်ကို လိုချင်တဲ့သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ မဟုတ်ဘဲ ခုန်ရွှမ်းများလား”
ရွှမ်တုကိုယ်တော်က...
“ငါလည်း အဲဒီအတိုင်း ခန့်မှန်းမိတယ်...”
ယန်ကျန်းက...
“သရီရဓာတ်တော်က စုစုပေါင်း ဘယ်နှစ်ခုရှိတာလဲ”
ရွှမ်တုကိုယ်တော်က...
“လောင်ကျွင်းပြောတာတော့ (၅)ခု ရှိတယ်တဲ့”
ယန်ကျန်းက...
“ခုန်ရွှမ်းဆီမှာ အခုဆို ဘယ်နှစ်ခု ရှိနေပြီလဲ မသိဘူး...”
ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်ပြီး...
“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ခုန်ရွှမ်းအတွက် အကုန်လိုက်စုဆောင်းပေးရလောက်အောင်တော့ စေတနာရှိမယ့်သူမျိုး မဟုတ်နိုင်ဘူး ၊ သူက အဲဒီဓာတ်တော်ကိုအသုံးချပြီး မဟာမာရူယိရဲ့အကူအညီကို ထပ်ယူချင်တာ ဖြစ်ရမယ်”
ရွှမ်တုကိုယ်တော်က...
“မဟာမာရူယိဟာ နတ်မိစ္ဆာမျိုးနွယ်နဲ့ ဗုဒ္ဓဘာသာကြား အမြဲတမ်း ဘက်မလိုက်ဘဲနေခဲ့တာ ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ (၄၉)နှစ်က ရုတ်တရက် တိုက်ပွဲထဲဝင်လာပြီး နတ်မိစ္ဆာတွေကို တိုက်ခိုက်ခဲ့တယ် ၊ သူ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဓာတ်တော်ကြောင့်ပဲလေ”
ပြောပြီးသည်နှင့် ရွှမ်တုကိုယ်တော်က ယန်ကျန်းကို လှမ်းကြည့်လိုက်သည်။
“ဒါကြောင့်... နတ်ဘုရားအဆုံးသတ်ဓားအတွက် နောက်တစ်ကြိမ်တိုက်ပွဲဖြစ်တဲ့အခါ မဟာမာရူယိ ထပ်ပြီးဝင်လာနိုင်ခြေ ရှိတယ်”
ယန်ကျန်းက အနည်းငယ် ပြုံးလိုက်ပြီး...
“ရှေးခေတ်ကာလ မဟာစစ်ပွဲကြီးဖြစ်တုန်းက သူက ကောင်းကင်နတ်ဘုရားအဆင့် ၊ ကျွန်တော်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်လေ ၊ အဲဒီနောက်ပိုင်း ကျွန်တော်တို့ ထပ်ပြီး မတိုက်ခိုက်တော့ဘူး ၊ တကယ်လို့ အခွင့်အရေးရရင် သူနဲ့ထပ်ပြီး တိုက်ခိုက်ချင်မိပါတယ် ၊ ဒါပေမဲ့... ကျွန်တော် ရှေ့ထွက်လိုက်ရင် တခြားတာအိုအဓိပတိတွေ ကျွန်တော့်ဆီ ရောက်လာနိုင်တယ်”
ရွှမ်တုကိုယ်တော်က...
"မင်းရဲ့ ပါရမီနဲ့ စွမ်းအားကိုတော့ ဘယ်သူမှ သံသယမရှိပါဘူး။ ဒါပေမဲ့လည်း 'မဟာမာရူယိ' က မင်းကို မယှဉ်နိုင်ဘူးဆိုရင်တောင်... သူ့ရဲ့ ရောင်စဉ်ငါးသွယ် အလင်းတန်းတွေက ဘယ်လိုမှော်ဝင်ပစ်စည်းကိုမဆို အသုံးပြုလို့မရအောင် လုပ်နိုင်စွမ်းရှိတယ် ၊ ဒါကြောင့် သူက အတော်လေး ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ ၊ ပိုဆိုးတာက... ဗုဒ္ဓဘာသာထဲ ဝင်သွားပြီးတဲ့နောက် သူ့အစွမ်းက သိသိသာသာ တိုးတက်လာတယ် ၊ ဒီတော့ မင်းအနေနဲ့ သတိထားတာ အကောင်းဆုံးပဲ"
ရွှမ်တုကိုယ်တော်က ဆက်ပြောလိုက်သည်။
“မင်းရဲ့ ယင်ယန်နက်ရှိုင်းပညာရပ်ဆိုတာက မင်းကိုယ်တိုင် တီထွင်ဖန်တီးထားတာ မဟုတ်လား ၊ ဒီတော့ မင်းရဲ့ ကျင့်ကြံခြင်းတိုးတက်မှုအတွက် ဘယ်သူမှ လမ်းညွှန်ပေးနိုင်မှာ မဟုတ်ဘူး ၊ မင်းကိုယ်တိုင်ပဲအားကိုးရမှာဆိုတော့... အရာရာကို သတိကြီးကြီးထားဖို့ ငါ အကြံပေးချင်တယ်"
ယန်ကျန်းက ခေါင်းညိတ်လိုက်ရင်း...
"နားလည်ပါပြီ... အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူက မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။
ရွှမ်တုကိုယ်တော်က ဘေးခန်းဆောင်တွင် ဆက်လက်ထိုင်နေရင်း ယန်ကျန်း ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။
ထို့နောက် သူ၏အကြည့်များက ကြမ်းပြင်ထက်မှ ပိုးသေတ္တာလေးထက်သို့ ရောက်ရှိသွားပြီး အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
***
သိုးလွိနန်းတော်မှ ထွက်လာပြီးနောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနောက်ဘက်သူတော်စင်ဘုံသို့ တန်းမပြန်ဘဲ ပြင်ပဗလာနယ်အစွန်အဖျားတွင် ရပ်တန့်နေခဲ့သည်။
ခဏအကြာမှာတော့ ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် ကရုဏာတရားများ လွှမ်းခြုံနေသည့် ဗောဓိသတ္တတစ်ပါး ဗလာနယ်ထဲမှ ထွက်ပေါ်လာသည်။
ရှေးဟောင်းဗုဒ္ဓကိုမြင်တော့ သူက ခေါင်းညိတ်ပြလိုက်ပြီး...
"ကြည့်ရတာ မင်းရဲ့ရည်ရွယ်ချက် အောင်မြင်သွားတဲ့ပုံပဲ...”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကလည်း ခေါင်းညိတ်လျှက် ပြုံးလိုက်ပြီး...
"ကံကောင်းလို့ ငါ့ရဲ့ကြိုးစားမှုက အချည်းနှီးမဖြစ်ခဲ့ဘူး ၊ နောက်ထပ် လုပ်ရမှာက ရွှေရောင်အလင်းနတ်ဘုရားကတစ်ဆင့် ချန်စန်းရှင်းဟိုင်ကို သတင်းစကားပါးဖို့ မင်းကိုပဲ အကူအညီတောင်းရတော့မယ်”
ရွှေရောင်အလင်းနတ်ဘုရားဆိုသည်က တာအိုဝါဒသို့ဝင်ရောက်ခဲ့သည့် ရှေးဟောင်းမျိုးနွယ်ဝင် ရွှေရောင်အမွှေးရှိသော မီးခြူးသတ္တဝါဖြစ်သည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် သူက လင်ပေါင်ထျန်းကျွင်း၏ တရားဒေသနာများကို နာယူဖူးသည်။
သို့သော် နတ်ဘုရားများအပ်နှင်းခြင်းကာလ ၊ စစ်ပွဲကြိးအပြီးတွင် ယွိချင်အဆက်အနွယ်မှ တန်ခိုးစွမ်းအားရှင်ဖြစ်သော “ချီဟန်ကျန်းရန်” ၏ နှိမ်နင်းခြင်းကိုခံရပြီး သူမ၏စီးတော်အဖြစ် အတင်းအကျပ်စေခိုင်းခြင်းခံခဲ့ရသည်။
နောက်ပိုင်း ချီဟန်ကျန်းရန်က ဗုဒ္ဓဘာသာသို့ဝင်ရောက်ပြီး “ကွမ်ယင်ဗောဓိသတ္တ” ဖြစ်လာသည့်အခါ ရွှေရောင်အလင်းနတ်ဘုရားသည်လည်း ဗုဒ္ဓဘာသာထဲသို့ အတင်းအကျပ် သွတ်သွင်းခံခဲ့ရသည်။
ယခု မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရှေ့တွင် မတ်တတ်ရပ်နေသော ဗောဓိသတ္တမှာ ယခင်က ယွိချင်အဆက်အနွယ်မှ ထိပ်တန်းကျွမ်းကျင်သူ ၊ ယခု ဗုဒ္ဓဘာသာမှဗောဓိသတ္တတစ်ပါးဖြစ်သော ‘ကွမ်ယင်ဗောဓိသတ္တ’ ပင် ဖြစ်သည်။
ကွမ်ယင်ဗောဓိသတ္တကို “ဗောဓိသတ္တ” ဟု ခေါ်ဝေါ်သော်လည်း သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် မဟုတ်ပေ။ သူက ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကတည်းက ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေပေပြီ။
အမှန်တော့ အလယ်ခေတ်တွင် အနောက်ဘက်သူတော်စင်ဘုံသို့ ရောက်ရှိပြီး အော်မီတော်ဖော်ဗုဒ္ဓထံတွင် တပည့်ခံကျင့်ကြံခဲ့ပြီး ဉာဏ်အလင်းရရှိခဲ့သူဖြစ်သဖြင့် သူ့ကို “တထာဂတ” ဟုလည် ခေါ်ဝေါ်ကြသည်။
သူက အော်မီတော်ဖော်ဗုဒ္ဓ ဂုဏ်ယူရသော တပည့်များထဲမှတစ်ယောက် ဖြစ်၏။
စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်ပြီးနောက် မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံအား အဖြူရောင်ကြာပန်းသုခဘံအဖြစ် ပြောင်းလဲလိုက်ချိန် ကွမ်ယင်ဗောဓိသတ္တသည်လည်း အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများစွာနှင့်အတူ အနောက်ဘက်သူတော်စင်ဘုံသို့ လိုက်ပါသွားခဲ့သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏စကားကို ကြားသည်နှင့် ကွမ်ယင်ဗောဓိသတ္တက မေးမြန်းလိုက်သည်။
“နတ်မိစ္ဆာမျိုးနွယ်က ကျင့်ကြံသူတွေနဲ့ဆက်သွယ်တာက... လူသားအမြုတေကျောက်တုံးအတွက် တိုက်ခိုက်နေတာကို မထိခိုက်စေဘူးလား”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျှက် ခေါင်းညိတ်လိုက်ပြီး...
“မထိခိုက်ပါဘူး...”
ကွမ်ယင်ဗောဓိသတ္တက သက်ပြင်းချရင်း...
“ဒါက စန်းချင်း(၃)ပါး အဆက်အနွယ်အတွက်လား...”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...
“မင်း ခန့်မှန်းတာ မှန်ပါတယ်...”
သူက ဆက်ပြောလိုက်သည်။
“ငါတို့တွေ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ စန်းချင်း(၃)ပါးအဆက်အနွယ်တွေက ကြားထဲကအမြတ်ထွက်နေတယ်”
“အခုဆိုရင် သူတို့လက်ထဲမှာ နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲက (၃)လက်ကို ရရှိထားပြီးပြီ ၊ ဒီလောက်အရေးကြီးတဲ့အချိန်မှာ နည်းနည်းလောက် ဂရုမစိုက်မိတာနဲ့ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားနိုင်တယ် ၊ ဒါကြောင့် ငါတို့လုပ်ရမယ့် အလုပ်တွေရှိတယ် ၊ နတ်မိစ္ဆာမျိုးနွယ်ဘက်ကလည်း သဘောတူမယ်လို့ ယုံကြည်တယ်”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဆက်ပြောလိုက်သည်။
“မိုးကြိုးလျှပ်စီးဗုဒ္ဓနဲ့ တခြားသူတွေက တိုက်ပွဲဝင်နေကြရတယ် ၊ သူတို့ကို မနှောက်ယှက်ပါနဲ့ ၊ ဆက်ပြီးတိုက်ခိုက်ပါစေ ၊ ငါတို့က နည်းလမ်းပြောင်းပြီး ရွှေရောင်အလင်းနတ်ဘုရားကိုတောင်းဆိုပြီး သူတို့နဲ့ဆက်သွယ်နိုင်ဖို့ လုပ်ဆောင်ရမယ် ၊ ဒါမှ ငါတို့အနေနဲ့ ချန်စန်းရှင်းဟိုင်က တိုက်ပွဲမဝင်ဘဲ နားနေကြသေးတဲ့ နတ်မိစ္ဆာတွေနဲ့ ဆက်သွယ်ဆွေးနွေးနိုင်မှာပေါ့”
ထို့နောက် သူက ပြုံးလိုက်ပြီး...
"စန်းချင်း(၃)ပါးအဆက်အနွယ်တွေက ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာကို ရရှိသွားရုံတင်မကဘူး ၊ သူ့ရဲ့မူလအစစ်အမှန် ကိုယ်ပွားကိုတောင် အသုံးပြုနေနိုင်ပြီ ၊ သူတို့တွေ နတ်ဘုရားသုတ်သင်ဓားအတွက် အပြင်းအထန် တိုက်ခိုက်ထားတာဆိုတော့ အခုလောက်ဆိုရင် အနားယူနေကြလောက်ပြီ ၊ ဒီအချိန်မှာ ငါတို့ဘက်က ဘိုးဘေးဗုဒ္ဓမသိအောင် လှုပ်ရှားကြရမယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကွမ်ယင်ဗောဓိသတ္တ ခေါင်းညိတ်လိုက်ပြီး...
"ခဏစောင့်ပါ ရှေးဟောင်းဗုဒ္ဓ... ငါ 'ရွှေရောင်အလင်းနတ်ဘုရား' ကို ဒီကို ခေါ်လိုက်ပါ့မယ်"
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ က လက်အုပ်ချီလိုက်ပြီး...
"ကျေးဇူးပါပဲ...”
***
ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ ဝါဒတောင်၌...။
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမ၏ ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် မျက်လုံးများမှေးမှိတ်လျှက် ငြိမ်သက်စွာ ကျင့်ကြံနေသည်။
ရုတ်တရက် သူ့စိတ်ထဲ တစ်စုံတစ်ခု အာရုံခံမိသွားသည်။
ထိုအာရုံခံစားမှုက ကျင့်ကြံခြင်းမှလာခြင်းမဟုတ်ဘဲ အဂ္ဂိရတ်ခန်းမ၏ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ရန်ကျောက်ကဲ၏ စိတ်အာရုံမှာ အဂ္ဂိရတ်ခန်းမနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရပြီး သူ၏အတွေးများက ကျယ်ပြောလှသော ထျန်းစူးစကြာဝဠာတစ်ခွင်သို့ ပျံ့နှံ့သွားကာ စကြာဝဠာအစွန်းအဖျားများကို ဖြတ်ကျော်လျက် အဆုံးမဲ့ဗလာနယ်ထဲသို့ ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက အဆုံးမရှိကျယ်ပြန့်လှသဖြင့် သူသည်လည်း အဆုံးအစမရှိသော ပင်လယ်ပြင်ထဲရောက်နေသည့်ပမာ ခံစားလိုက်ရသည်။
ရုတ်တရက် ပတ်ဝန်းကျင် ပင်လယ်ရေထုကြီးက သူ့ကိုလာရောက်ဖိနှိပ်နေသလို ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
ကြီးမားလှသော လှိုင်းလုံးကြီးများထလာပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ ဝေးလံသော ပင်လယ်ပြင်တစ်နေရာတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်နေသကဲ့သို့ပင်။
ထိုမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့်လှိုင်းတံပိုးများမှာလည်း အရပ်မျက်နှာအသီးသီးသို့ စီးဆင်းသွားပြီး ရန်ကျောက်ကဲထံသို့ပါ သက်ရောက်နေသည်။
"တစ်ခုခုတော့ မှားနေပြီ..."
ရန်ကျောက်ကဲစိတ်ထဲ လေးလံသွားသည်။
ဗလာနယ်အစွန်အဖျားနေရာများတွင် ဤမျှကြီးမားသည့်လှိုင်းထန်မှုမျိုးက အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုပင်
သို့သော် ဤသို့ဖြစ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ထျန်းစူးစကြာဝဠာမှ သာမက အထက်ဘုံကမ္ဘာတည်ရှိရာ တာအိုစကြာဝဠာ ၊ အမတခုံရုံး၊ အဖြူရောင်ကြာပန်းသုခဘုံနှင့် အခြားနေရာများသည်လည်း ဤသို့သောနိမိတ်ပုံမျိုးကို ယခင်က ကြုံတွေ့ခဲ့ရဖူးသည်။
သို့ရာတွင် ရန်ကျောက်ကဲသိသလောက် ဤသို့သော ဖြစ်ရပ်မျိုးက များသောအားဖြင့် ဦးတည်ရာ တစ်ခုတည်းမှသာ စတင်တတ်သည်။
အဝေးမှချဉ်းကပ်လာပြီး တဖြည်းဖြည်း ထျန်းစူးစကြာဝဠာကို လာရောက်ရိုက်ခတ်မည် ဖြစ်သည်။
သို့သော် ယခု သူ အာရုံခံမိသည်က အချိန်စက်ဝန်း၏ ကြီးမားသောလှိုင်းလုံးများက ဦးတည်ရာ အများအပြားမှ ရောက်လာနေခြင်း ဖြစ်၏။
ရန်ကျောက်ကဲက သူ၏စိတ်အာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အတွေးများကို စုစည်းလိုက်သည်။
“ဒီခံစားချက်က... တစ်ယောက်ယောက်က ငါတို့ကို ရှာဖွေနေတဲ့ပုံပဲ”