ပင်လယ်ငြိမ်သက်ပုလဲ
Vol. 113 Ch. 1578
ထို "ဆူနာမီ" လှိုင်းလုံးကြီးများက ပတ်ဝန်းကျင် တစ်ခွင်လုံးအား ဖုံးလွှမ်းသွားသည့်အဆင့်သို့ မရောက်သေးသော်လည်း ယခုရှိနေသည့် အတိုင်းအတာထက် ပိုမိုကြီးမားလာတော့မည်ဟု ရန်ကျောက်ကဲ၏သိစိတ်က သတိပေးနေသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုလှိုင်းတံပိုးများက ပိုမိုကြမ်းတမ်းလာကာ ထျန်းစူးစကြာဝဠာကိုဗဟိုပြု၍ ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ပျံ့နှံ့သွားပြီး ဗလာနယ်တစ်ခုလုံးကို သတ်မှတ်ထားသည့်နေရာတစ်ခုအတွင်း ပိတ်မိသွားစေနိုင်သည်။
ထို "ဆူနာမီ" လှိုင်းအားလုံးက ဗဟိုချက်ဆီသို့ စုပြုံဖိနှိပ်လာကြပြီး နောက်ဆုံးတွင် ထျန်းစူးစကြာဝဠာကို လုံးဝနှစ်မြှုပ်ပစ်လိုက်ပေမည်။
ရလဒ်အနေဖြင့် ထျန်းစူးစကြာဝဠာမှာ ရှောင်တိမ်းစရာ နေရာမရှိတော့ဘဲ လောကအလယ်တွင် ဘူးပေါ်သလို ပေါ်လာရပေတော့မည်.
တကယ်တော့ ထျန်းစူးစကြာဝဠာက ဟာလာဟင်းလင်းပြင်ထဲတွင် ငြိမ်သက်နေသော စကြာဝဠာတစ်ခု မဟုတ်ပေ။
ဤစကြာဝဠာက အမြဲတမ်း ရွေ့လျားနေသည့် စကြာဝဠာတစ်ခု ဖြစ်၏။ သို့သော် ယခု ရိုက်ခတ်လာသည့် "ဆူနာမီ" လှိုင်းလုံးများ၏အရှိန်အဟုန်က သိသိသာသာပင် မြန်ဆန်လွန်းလှသည်။
ပို၍ဆိုးသည်မှာ ဤကပ်ဘေးကို ဖန်တီးနေသော ရင်းမြစ်များက တစ်ခုထက်မက ရှိနေခြင်းဖြစ်သည်။
ကြည့်ရသည်မှာ ထိုလှိုင်းတံပိုးများကို စတင်စေသည့်ရင်းမြစ်များမှာလည်း ဗလာနယ်ထဲတွင် လှည့်လည်သွာလေနေခြင်း ဖြစ်နိုင်၏။
ထို့ကြောင့်ပင် သူတို့က တည်နေရာများကိုဆက်တိုက်ပြောင်းလဲပြီး ထျန်းစူးစကြာဝဠာကိုရှာဖွေခြင်း သို့မဟုတ် ဝိုင်းရံပိတ်ဆို့ခြင်းများ ပြုလုပ်နေခြင်း ဖြစ်နိုင်၏။
ဟုတ်ပေ၏။
ပြင်ပဗလာနယ် အစွန်အဖျားဆိုသည်က အတိုင်းအဆမရှိအောင် ကျယ်ပြောလွန်းလှသည်။
ထျန်းစူးစကြာဝဠာဖြစ်စေ၊ ထိုလှိုင်းတံပိုးများ၏ရင်းမြစ်ဖြစ်စေ ထိုကျယ်ပြောမှုနှင့်ယှဉ်လျှင် မြူမှုန်လေးများပမာ သေးငယ်လွန်းလှသည်။
အကယ်၍ သူတို့က ထျန်းစူးစကြာဝဠာကို ဝိုင်းရံပိတ်ဆို့ရန် ရည်ရွယ်ထားလျှင် အနည်းဆုံးတော့ စတင်ရမည့် အချက်တစ်ခု သို့မဟုတ် ခန့်မှန်းခြေ နယ်မြေတစ်ခုကို အရင်ဆုံး သိရှိထားရန် လိုအပ်သည်။
ထိုသို့ သိရှိပြီးမှသာ အရပ်မျက်နှာအနှံ့မှ "ဆူနာမီ" လှိုင်းလုံးများကို ထုတ်လွှတ်ပြီး ဗလာနယ်ကိုတုန်ခါစေကာ ထျန်းစူးစကြာဝဠာ တည်ရှိရာနေရာကို အတိအကျ ဖော်ထုတ်နိုင်မည် ဖြစ်သည်။
“အရင်က အပြင်ထွက်သွားတဲ့သူတစ်ယောက် အခု ပြန်လာတဲ့အချိန်မှာ ရန်သူတွေသတိထားမိသွားတာပဲ”
ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ်တုန်ခါသွားပြီး အကြောင်းရင်းကို အကြမ်းဖျင်း ရိပ်မိလိုက်သည်။
သူက လှမ်း၍ မေးလိုက်၏။
"အားဟူ... လတ်တလော ထျန်းစူးစကြာဝဠာကနေ ဘယ်သူတွေ ထွက်သွားသေးလဲ"
ထျန်းစူးစကြာဝဠာရှိ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ သို့မဟုတ် ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတို့မှ ကျင့်ကြံသူများက ဗလာနယ်ထဲသို့ အမြဲတမ်း ဝင်ထွက်သွားလာနေကြသည်ပင်။
ပုံမှန်ဆိုလျှင် ထိုသို့လုပ်ဆောင်သည်က မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
သို့သော် လမ်းမှန်တာအိုဝါဒ၏ လက်ရှိအခြေအနေကြောင့်လည်းကောင်း ၊ ထျန်းစူးစကြာဝဠာ၏ ထူးခြားမှုကြောင့်လည်းကောင်း ၊ ထျန်းစူးစကြာဝဠာမှ ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသူများ ၊ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် အဝင်အထွက်မှတ်တမ်းများ ရေးသွင်းရလေ့ရှိသည်။
ဤသို့ပြုလပ်ခြင်းက သူတို့နှင့်ဆက်သွယ်ရန်လည်း ပိုမိုလွယ်ကူမည်ဖြစ်သလို ထျန်းစူးစကြာဝဠာသို့ ပြန်လည်ဝင်ရောက်ရန်လည်း အဆင်ပြေစေမည်။
ထျန်းစူးစကြာဝဠာ၏ ကန့်သတ်ချက်များမှ လွတ်လပ်စွာသွားလာနိုင်သူအရေအတွက်မှာ အနည်းငယ်သာရှိသဖြင့် ဤသို့မှတ်တမ်းယူထားခြင်းက အဆင်မပြေမှု သိပ်မရှိကြပေ။
အားဟူက...
“ကျွန်တော်တို့ ကောင်းကင်ဘုံကမ္ဘာကဆိုရင်... ချင်းရှောင်းတောင် ၊ ကွေလေနန်းတော်ရဲ့ နန်းတော်သခင်'လျို'၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ရှုခင်းသာတောင်ထွတ် ၊ စီးဆင်းကောင်းကင်မိုးကုတ်စက်ဝိုင်းက ‘လုန်’ သခင်ကြီး ၊ ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံက အေးခဲကြယ်စင်တောင် ၊ ငြိမ်သက်ကျောက်သားဂူက မိုးနတ်ဧကရီနဲ့ စတုရန်းတောင်သခင်’ရွှမ်းယွမ်ဧကရာဇ်’ တို့ အပြင်ထွက်သွားကြပါတယ်”
အားဟူတင်ပြသည့်စာရင်းအရ ထျန်းစူးစကြာဝဠာမှထွက်ခွာသွားသူများမှာ ကောင်းကင်ဘုံကမ္ဘာမှ လျိုကျန်းကူ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လုန်ရှင်းချွမ် ၊ ကျောက်စိမ်းချောင်းကောင်းကင်ဘုံမှ ထုန်ရှင်းလင်နှင့် မကြာသေးခင်က အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့သည့် ‘ရွှမ်းယွမ်ဧကရာဇ်’ တို့ ဖြစ်လေသည်။
ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတွင် အေးခဲကြယ်စင်တောင်နှင့် စတုရန်းတောင်က ခင်မင်သောဆက်ဆံရေး ရှိကြသည်။
ရွှမ်းယွမ်ဧကရာဇ်က နတ်ဘုရားအဆင့်သို့တက်ရောက်ပြီး ကျင့်ကြံခြင်းအဆင့် တည်ငြိမ်သွားသည့်အခါ အခွင့်အရေးများရှာဖွေရန်အတွက် ပြင်ပလောကသို့ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။
ထုန်ရှင်းလင်ကတော့ ရွှမ်းယွမ်ဧကရာဇ်၏တောင်းဆိုမှုကြောင့် သူနှင့် အဖော်လိုက်သွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲက...
“ဆက်သွယ်လို့ရမယ့်သူတွေကို ချက်ချင်းဆက်သွယ်ပါ ၊ လောလောဆယ် ထျန်းစူးစကြာဝဠာထဲ ပြန်မဝင်ကြဖို့ ပြောပါ ၊ ငါက တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ ဝူတန့်မယ်တော်ကိုဆက်သွယ်ပြီး သူတို့ကို စောင့်ရှောက်ပေးဖို့ နည်းလမ်းရှာမယ်”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ အမေနဲ့ ဂိုဏ်းတူအစ်ကို'ရွှီ' ကို ဒီကိုခေါ်လိုက်ပါ။”
အားဟူက ခေါင်းညိတ်ပြီး လျှင်မြန်စွာ ထွက်ခွာသွားသည်။
ခဏအကြာမှာတော့ ရွှယ်ချူးချင်နှင့် ရွှီဖေး ခရမ်းရောင်ဝိညာဉ်ခန်းမသို့ ရောက်ရှိလာသည်။
ရွှယ်ချူးချင်က...
“ကျောက်ကဲ... ဘာဖြစ်လို့လဲ”
ရန်ကျောက်ကဲက...
“အပြင်ဘက်မှာ ကျွန်တော်တို့ကို ရှာနေတဲ့သူတွေရှိတယ် ၊ သူတို့လာတဲ့ပုံစံက အတော်လေး ပြင်းထန်တယ် ၊ ကိုင်တွယ်ဖို့ မလွယ်လောက်ဘူး ၊ ဒီကိစ္စကို ဂရုတစိုက် ဖြေရှင်းမှရမယ်”
သူက ဆက်ပြောလိုက်သည်။
“ခဏနေရင် ကျွန်တော်က အဂ္ဂိရတ်ခန်းမကို အကြီးစားပြောင်းရွှေ့မှုလုပ်မယ် ၊ အမေက အစီအရင်ကို သေချာဦးဆောင်ပေးပါ ၊ ဂိုဏ်းတူအစ်ကို’ရွှီ’ က ဘေးနားက အသင့်စောင့်နေပေးပါ ၊ တကယ်လို့ ကြီးကြီးမားမား ကပ်ဘေးတစ်ခုကြုံလာရင် ကျွန်တော့်ကိုကူညီပြီး ကောင်းကင်ဘုံကမ္ဘာရဲ့အခြေအနေကို ထိန်းချုပ်ပေးပါ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထူထဲသည့်မြူခိုးများ အလွှာလိုက်ဝန်းရံလာသည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် အလင်းတန်းများထွက်ပေါ်လာပြီး ရန်ကျောက်ကဲရှေ့တွင်ရှိနေသည့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်သို့ ကျရောက်သွားပြီး သံကြိုးများပမာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နှောင်ဖွဲ့သွားသည်။
ထို့နောက် ကြီးမားသောမီးပြင်းဖိုကြီး၏အဖုံး ပွင့်ဟလာ၏။
ထိုအချိန် အားဟူပြန်ရောက်လာပြီး သတင်းပို့လေသည်။
"သခင်လေး... ကျွန်တော် သူတို့ကို ဆက်သွယ်ပြီးပါပြီ"
သူက ဆက်ပြောလိုက်သည်။
"အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လုန်သခင်ကြီးက ပြန်လာဖို့ ပြင်ဆင်နေတာပါ ၊ ကျွန်တော်တို့ဆီက သတိပေးချက်ရတော့ သူ တခြားဘက်ကိုပြန်လှည့်သွားပြီး တောင်ပိုင်းချန်စန်းဧကရာဇ် ဒါမှမဟုတ် ဝူတန့်မယ်တော်တို့ လာကြိုပေးမယ့်အချိန်ကို စောင့်နေပါတယ်"
ရန်ကျောက်ကဲက...
"ကောင်းပြီ"
ထို့နောက် သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထဲသို့ ခုန်ဝင်သွားပြီး မီးပြင်းဖိုအဖုံးကို ပိတ်လိုက်လေသည်။
ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲမှ ဖန်းယွင်ရှန်းက...
"ဂိုဏ်းတူအစ်ကို’ရွှီဖေး’ ၊ ပန်ပန်နဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အနားယူဖို့လိုသေးတယ်ဆိုတော့... ရန်သူတွေကိုရင်ဆိုင်ဖို့ မဟာသူတော်စင်ရဲ့ရွှေခန္ဓာကို အသုံးပြုနိုင်ဦးမှာ မဟုတ်ဘူး ၊ ကျွန်မ သွားလိုက်ရမလား”
ရန်ကျောက်ကဲက...
“သူတို့ အဲဒီလောက်အထိ လုပ်ရဲတယ်ဆိုကတည်းက ငါတို့တာအိုဝါဒ ကောင်းကင်နတ်ဘုရားတွေကိုရင်ဆိုင်ဖို့ သေချာပြင်ဆင်ထားတဲ့ပုံပဲ ၊ ဒါပေမဲ့ လောလောဆယ်မှာ မင်းရော ၊ အကြီးအကဲ’စော’ ၊ ဝူတန့်မယ်တော်နဲ့ တခြားသူတွေရော လှုပ်ရှားဖို့မသင့်တော်သေးဘူး”
သူက ဆက်ရှင်းပြသည်။
“ကောင်းကင်နတ်ဘုရားအဆင့်အောက် ကျင့်ကြံသူတွေကိုပစ်မှတ်မထားဖို့ ဟိုးအရင်ကတည်းက တာအိုအဓိပတိတွေ အပြန်အလှန်သဘောတူထားကြတယ် ၊ ဒါကြောင့် မင်းတို့သာလှုပ်ရှားလိုက်ရင် ဒီကပ်ဘေးက မင်းတို့ဆီကိုပဲ ကျရောက်လာလိမ့်မယ်”
“ပြီးတော့ အော်မီတော်ဖော်ဗုဒ္ဓနဲ့ အရှေ့ဧကရာဇ်ကိုယ်တိုင် ဒီတိုက်ပွဲထဲ ပါဝင်မလာဘူးဆိုရင်တောင်... ရန်သူက လုံလောက်တဲ့ပြင်ဆင်မှုတွေလုပ်ထားတယ်ဆိုတာ ငါ သေချာပေါက် ပြောရဲတယ် ၊ သူတို့ဘက်က ဒီလောက်အကြီးအကျယ် လှုပ်ရှားလာတယ်ဆိုတာ မပိုင်ဘဲလုပ်တာ မဟုတ်ဘူး ၊ ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခုက အချင်းချင်းတိုက်ခိုက်နေကြတုန်းဆိုပေမယ့် အနောက်ဘက်သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေက ငါတို့ကို အရင်ဆုံးနှိမ်နင်းဖို့ သဘောတူလိုက်ကြတယ်ထင်တယ်”
စကားပြောပြီးသည်နှင့် ရန်ကျောက်ကဲ၏ဝိညာဉ်က ခန္ဓာကိုယ်မှထွက်ခွာသွားလေသည်။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထဲတွင် သူ၏ရုပ်ခန္ဓာက ဝိညာဉ်ကင်းမဲ့သော အိမ်အလွတ်တစ်ခုပမာ ကျန်ရစ်ခဲ့ပြီး သူ၏ဝိညာဉ်က အဂ္ဂိရတ်ခန်းမနှင့် အလုံးစုံ တစ်သားတည်း ဖြစ်သွားလေသည်။
ထို့နောက် ထျန်းစူးစကြာဝဠာထဲတွင် “ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ပုံရိပ် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
တစ်ချိန်တည်းပင် ထျန်းစူးစကြာဝဠာ၏ ရွေ့လျားနှုန်းနှင့် မြန်နှုန်းမှာလည်း အဆင့်တစ်ခုသို့ မြင့်တက် သွားလေသည်။
ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ထျန်းစူးစကြာဝဠာက ပင်လယ်လှိုင်းတံပိုးများကြား၌ ကူးခတ်နေသော လျင်မြန်သည့် ငါးတစ်ကောင်ပမာ ပြောင်းလဲသွားပြီး ရေအောက်လှိုင်းများနှင့် အရှိန်ပြင်းသော ရေစီးကြောင်းများကို ဂရုတစိုက် ရှောင်ရှားထွက်ခွာသွားသည်။
ရန်ကျောက်ကဲက "ဆူနာမီ" လှိုင်းလုံးကြီးများကို ရှောင်ရှားပြီး ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ထွက်ခွာသွားသော်လည်း ၊ သူက လုံးဝသတိမပေါ့ဘဲ နိုးနိုးကြားကြား ရှိနေခဲ့သည်။
ထိုခိုက်မှုမရှိသောနေရာများတွင်လည်း ဆူနာမီလှိုင်းလုံးအန္တရယ် လုံးဝမရှိဟု မပြောနိုင်ပေ။
မူလဇစ်မြစ်များစွာမှ ထွက်ပေါ်လာသော ဆူနာမီလှိုင်းလုံးများက ဗဟိုချက်ဆီသို့ ဖြည်းဖြည်းချင်းပိတ်ဆို့လာခြင်း ဖြစ်သည်။
သို့သော် သတ်မှတ်နေရာသို့မရောက်မီ မူလဇစ်မြစ်နေရာနှင့် ဆူနာမီလှိုင်းလုံးများကြား အကွာအဝေးက အနည်းငယ် ကြီးမားပေမည်။
အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့ဗလာနယ်က အလွန်ကျယ်ပြန့်လှသောကြောင့် ဖြစ်၏။
ထို့ကြောင့် ထိခိုက်မှုမရှိသောနေရာများမှာလည်း ပိုက်ကွန်များကြားလစ်လပ်နေသည့် အကွာအဝေးတစ်ခုမျှသာ ဖြစ်လေသည်။
ရန်ကျောက်ကဲနှင့်အခြားသူများက ပိုက်ကွန်စုပြီးထွက်ပေါက်မပိတ်ခင် ပိုက်ကွန်ကြားမှ ထွက်ခွာရန် စီစဉ်နေခြင်း ဖြစ်၏။
ယခုကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့မှုမှ အလျှအမြန် ရှောင်ပြေးနိုင်မည်ဆိုလျှင် ထျန်းစူးစကြာဝဠာအနေဖြင့် မည်သည့်ထိခိုက်မှုမှမရှိဘဲ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်သည်။
ယခင်က ထျန်းစူးစကြာဝဠာက ချီစွမ်းအားသုံးစွဲမှုပမာဏများပြားသဖြင့် ထျန်းစူးစကြာဝဠာကိုယ်တိုင်ကပါ ဆူနာမီလှိုင်းလုံးများဖြစ်ပေါ်စေသည့် မူလဇာစ်မြစ်တစ်ခုဖြစ်ခဲ့သဖြင့် အခြားသူများ လွယ်ကူစွာ သတိပြုမိစေခဲ့သည်။
ရန်ကျောက်ကဲ၏ဝိညာဉ် ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီး မျက်လုံးများဖွင့်ကြည့်လိုက်သည်။
ထို့နောက် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းမှ ထွက်လိုက်ပြီး...
“ပတ်ဝန်းကျင်မှာ ပိုက်ကွန် အနည်းဆုံး(၁၀)ခုလောက်ရှိတယ် ၊ အဲဒီထက်တောင် ပိုများချင်များနိုင်တယ်”
ရွှီဖေးက...
“ကျွမ်းကျင်သူတွေ ဒီလောက်အများကြီး စုဝေးလာတာဆိုတော့... ငါတို့တာအိုဝါဒ ကောင်းကင်နတ်ဘုရားတွေကို သတိထားနေတာ ဖြစ်နိုင်တယ် ၊ သူတို့တွေ တစ်ယောက်ယောက်ကို ရှာဖွေရုံပဲဆိုရင် ဒီလောက် အင်အားအများကြီးသုံးမှာ မဟုတ်ဘူး”
ရွှယ်ချူးချင်က ဖြစ်နိုင်ခြေရှိသည်များကို စတင်တွေးတောလိုက်သည်။
“တကယ်လို့ သူတို့က ရတနာပစ္စည်းတစ်ခုခုကို အသုံးချတာဆိုရင်ရော...”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ရွှယ်ချူးချင်ကို လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်... ကျွန်တော်လည်း လူတစ်ယောက်ကို ပြေးမြင်မိတယ်”
ထို့နောက် သူတို့နှစ်ယောက်လုံး တပြိုင်တည်း ရေရွတ်လိုက်ကြသည်။
"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရဲ့ ပင်လယ်ငြိမ်သက်ပုလဲ...”
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် ယွိချင်အဆက်အနွယ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သူ 'ကျောက်ကုန်းမင်' တွင် အလွန်တရာ တန်ခိုးကြီးမားလှသော ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံး ရှိခဲ့ဖူးသည်။
ကျောက်ကုန်းမင် စစ်ရှုံးနိမ့်ပြီး မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ရောက်ရှိသွားပြီးနောက် ထိုပုလဲများက မငြိမ်းသောမီးအိမ်တာအိုဆရာလက်ထဲသို့ ကျရောက်သွားသည်။
မငြိမ်းသောမီးအိမ်တာအိုဆရာဆိုသည်က လက်ရှိ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓပင် ဖြစ်၏။
ဤပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံးက ကောင်းကင်ဘုံ(၂၄)ခုအဖြစ် ဖန်ဆင်းပြောင်းလဲနိုင်စွမ်း ရှိသည်။
ထိုပုလဲများတွင် အလွန်တရာကြီးမားသော ဒြပ်ထုပမာဏရှိသလို ဗလာနယ်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်သည့် နက်နဲသော အစီအရင်များလည်း ကိန်းအောင်းနေသည်။
ထိုပုလဲများက ထျန်းစူးစကြာဝဠာကို ပိတ်ဆို့ဝိုင်းရံရန်အတွက် အသင့်တော်ဆုံးသော ရတနာပစ္စည်းများပင် ဖြစ်ပေသည်။