← Chapters

သရုပ်ဆောင်ပြိုင်ရမယ့်အချိန်ရောက်ပြီ

Vol. 113 Ch. 1579

သရုပ်ဆောင်ပြိုင်ရမယ့်အချိန်ရောက်ပြီ

Vol. 113 Ch. 1579

အနောက်ဘက်သူတော်စင်ဘုံတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏အဆင့်အတန်းက နတ်မိစ္ဆမျိုးနွယ်တွင် တာအိုသခင်’လုယာ၏ အဆင့်အတန်းနှင့် တူညီသည်။

အော်မီတော်ဖော်ဗုဒ္ဓက အချိန်အများစုတွင် လောကီရေးရာများအား ဝင်ရောက်စွက်ဖက်သူ မဟုတ်ပေ။

ထို့ကြောင့် အနောက်ဘက်သူတော်စင်ဘုံ၏ ကိစ္စအဝဝကို စီမံဆောင်ရွက်ရန် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအား လွှဲအပ်ထားလေရာ သူက အနောက်ဘက်သူတော်စင်ဘုံ၏ ဒုတိယခေါင်းဆောင် ရှေးဟောင်းဗုဒ္ဓတစ်ပါးအဖြစ် ရပ်တည်နေသူ ဖြစ်၏။

ပြောရမည်ဆိုလျှင် သူသည်လည်း တာအိုသခင်’လုယာ’ ကဲ့သို့ပင် လောကအလယ်ထွက်ပေါ်လာသည်မှာ ခပ်ရှားရှားပင်။ အထူးသဖြင့် အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့၏စစ်ပွဲတွင် ပါဝင်ခြင်းမရှိသလောက် ဖြစ်သည်။

ယခုတော့ လမ်းမှန်ဗုဒ္ဓဘာသာ၏ အင်အားအကြီးဆုံး ထိပ်သီး(၃)ပါးတွင် အပါအဝင်ဖြစ်သည့် ဤပုဂ္ဂိုလ် ထွက်ပေါ်လာပြီ ဖြစ်သည်။

သူ၏ ပစ်မှတ်မှာ နတ်မိစ္ဆာမျိုးနွယ်လည်း မဟုတ်၊ အဖြူရောင်ကြာပန်းသုခဘုံလည်း မဟုတ်ဘဲ ထျန်းစူးစကြာဝဠာ ဖြစ်နေသည်။

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...

“ပင်လယ်ငြိမ်သက်ပုလဲ... အတော်ရှားပါးတဲ့ပစ္စည်းပဲ...”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ ပင်လယ်ငြိမ်သက်ပုလဲအပြင် တခြားကျွမ်းကျင်သူတွေလည်း ရှိနေနိုင်သေးတယ်”

ရွှယ်ချူးချင်၊ ရွှီဖေး၊ ရန်ကျောက်ကဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့စိတ်ထဲ နာမည်တစ်ခု ထွက်ပေါ်လာလေသည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်။

အတိတ်တစ်ချိန်က တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏သားဖြစ်သူ ဖုလော်ကျီက ရန်ကျောက်ကဲတို့လက်ချက်ဖြင့် နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင် သေဆုံးခဲ့ရသည်။

ထို့ကြောင့် သူက လမ်းမှန်တာအိုဝါဒကို ရန်ငြိုးထားနေသူ ဖြစ်၏။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်မှာ အချိန်အများစုတွင် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများနှင့် တိုက်ခိုက်နေကြရသော်လည်း ထျန်းစူးစကြာဝဠာကိုရှာဖွေရန် အခွင့်အရေးရလာပါက လက်လွှတ်မည် မဟုတ်ချေ။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ကောင်းကင်နတ်ဘုရားများထဲတွင် အလျှင်မြန်ဆုံးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

သူနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ပူးပေါင်းလိုက်ပါက ဤမျှကြီးမားသည့်ကပ်ဘေးကြီး ဖြစ်ပေါ်လာခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။

ရန်ကျောက်ကဲသာ အချိန်တိုင်းသတိရှိနေပြီး မူမမှန်ကြောင်းခံစားမိသည်နှင့် လှုပ်ရှားခဲ့သဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

မဟုတ်ပါက သူတို့ကို ရန်သူများ ဝိုင်းထားလောက်ပေပြီ။

ရွှီဖေးက...

“အကြီးအကဲ’လုန်’ နဲ့ တခြားသူတွေကို ဝူတန့်မယ်တော်နဲ့ တေင်ပိုင်းချန်စန်းဧကရာဇ်က ကူညီပေးထားမယ်ဆိုရင် စိုးရိမ်စရာမရှိတော့ဘူး”

ကောင်းကင်နတ်ဘုရားများက လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး သူတို့ဆန္ဒရှိသည့်အတိုင်း ကိုယ်ယောင်ဖျောက်နိုင်သည်ဖြစ်ရာ သူတို့ကို ဟန့်တန်းနိုင်သူ ရှားပါးပေသည်။

ထျန်းစူးစကြာဝဠာနှင့် ဆက်သွယ်နိုင်သည်နှင့် လုန်ချင်းရွှမ်တို့ကို ချက်ချင်း ပြန်လည်ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

ရွှယ်ချူးချင်က သက်ပြင်းချရင်း...

“အဓိကပြဿနာက... ငါတို့တွေ အရင်လို ထျန်းစူးစကြာဝဠာကနေ အလွယ်တကူထွက်လို့ မရနိုင်တော့ဘူး ၊ ပြင်ပဗလာနယ်ထဲသွားဖို့ ပိုပြီးခက်ခဲသွားလိမ့်မယ် ၊ မဟုတ်ရင် သူတို ထပ်ပြီးသတိပြုမိသွားနိုင်တယ်”

သူမက ဆက်ပြောလိုက်သည်။

“မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်အပြင် တခြားကောင်းကင်နတ်ဘုရားတွေလည်း ပါနိုင်သေးတယ် ၊ ဒီရန်သူတွေက နေရာတိုင်းမှာရှိနေမယ်ဆိုရင် ကောင်းကင်နတ်ဘုရားအဆင့်အောက် ကျင့်ကြံသူတွေ အနေနဲ့ ဖုံးကွယ်ရခက်ခဲသွားနိုင်တယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ကောင်းကင်နတ်ဘုရားများထဲမှာပင် အင်အားကြီးသူများ ဖြစ်ကြသည်။

ဤထိပ်တန်းပုဂ္ဂိုလ်များ၏ ခြိမ်းခြောက်မှုမှာ တိုက်ပွဲအချိန်တွင်သာမဟုတ်ဘဲ အချိန်တိုင်းတွင် ရှိနေနိုင်သည်။

သူတို့၏တည်ရှိမှုကပင် အသက်ရှူကြပ်စေသောဖိအားကို ဖြန့်ကျက်ထားပြီး နေရာတိုင်းတွင်ရှိနေသည်ဟု ခံစားရစေသည်။

ယခု အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့၏စစ်ပွဲက ဆက်လက်ဖြစ်ပွားနေသော်လည်း အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့က ယာယီငြိမ်းချမ်းရေးယူလိုက်ဟန်ရှိသည်။

ထို့ကြောင့် လမ်းမှန်တာအိုဝါဒအတွက် အခြေအနေ ဆိုးရွားသွားခြင်း ဖြစ်၏။

ရန်ကျောက်ကဲက ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့် လူသားအမြုတေကျောက်တုံးအပိုင်းအစ၏ သတင်းအတု ဖန်တီးခဲ့ပြီး ပြင်ပကျင့်ကြံသူများ၏စစ်ပွဲကို လှုံ့ဆောက်ခဲ့သည်။

ဤသို့ပြုလုပ်ခြင်းက လမ်းမှန်တာအိုဝါဒအတွက် အချိန်ပိုမိုရရှိစေပြီး လွတ်လပ်စွာလည်း လှုပ်ရှားနိုင်လာသည်။

သို့သော် သူဖြန့်လိုက်သည့်သတင်းအတုက မထင်မှတ်ဘဲ သတင်းမှန်ဖြစ်သွားပြီး ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ ရုပ်ကြွင်းကို လူသားအမြုတေကျောက်တုံးအပိုင်းအစနှင့်အတူ တွေ့ရှိသွားခဲ့သည်။

၎င်း၏အကျိုးဆက်အနေဖြင့် ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခု ယခုအချိန်ထိ စစ်မီးတောက်လောင်နေခဲ့သည်။ ရန်ကျောက်ကဲတို့အုပ်စုအတွက် ဤသည်က အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်ခဲ့သည်။

သို့သော် ယခုတော့ ထိုသို့သာယာသောအချိန်များ အဆုံးသတ်သို့ ရောက်ရှိလာပုံရလေပြီ။

နတ်ဘုရားသုတ်သင်အစီအရင်နှင့် နတ်ဘုရားသုတ်သင်ဓား(၄)လက်မှာ လမ်းမှန်တာအိုဝါဒ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားသုတ်သင်အစီအရင် လောကတွင် တစ်ကျော့ပြန် ပေါ်ထွက်လာနိုင်သည်။

ဤအချက်က တာအိုသခင်’လုယာ’ နှင့် အခြားသော နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင် များကိုပါ ဖိအားဖြစ်စေခဲ့သည်။

ထို့ကြောင့်ပင် သူတို့သည် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏တောင်းဆိုမှုကိုလက်ခံပြီး ရန်ကျောက်ကဲတို့အုပ်စုကို အရင်ဆုံးဖိနှိပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရွှီဖေးက ခေါင်းခါယမ်းရင်း...

“အတော်ရယ်စရာကောင်းတာပဲ...”

သူက ဆက်ပြောလိုက်သည်။

"အမတခုံရုံး နဲ့ အဖြူရောင်ကြာပန်းသုခဘုံ တိုက်ပွဲကြောင့် အနောက်ဘက်သူတော်စင်ဘုံက မိုးကြိုးလျှပ်စီးဗုဒ္ဓက ဗုဒ္ဓဘာသာကိုယ်တော်တွေကိုဦးဆောင်ပြီး နတ်မိစ္ဆာတွေနဲ့ တိုက်ခိုက်နေတယ် ၊ ဒါတောင် ရှေးဟောင်းဗုဒ္ဓက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နဲ့ပူးပေါင်းပြီး နောက်ထပ်စစ်ပွဲတစ်ခု ဖန်တီးဖို့ကြိုးစားနေတာလား”

ဤအခြေအနေက အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းနေသော်လည်း အလွန်တရာ စိုးရိမ်ဖွယ်ကောင်းလှသည်။

စစ်မြေပြင်၏တစ်ဖက်တွင် အနောက်ဘက်သူတော်စင်ဘုံမှဗုဒ္ဓများက နတ်မိစ္ဆာများနှင့် အပြင်းအထန် တိုက်ခိုက်နေသည်။

စစ်မြေပြင်၏အခြားတစ်ဖက်မှာတော့ ဗုဒ္ဓဘာသာအဖွဲ့တစ်ဖွဲ့က အခြားသောနတ်မိစ္ဆာများနှင့်ပူးပေါင်းကာ လမ်းမှန်တာအိုဝါဒကို လာရောက်တိုက်ခိုက်နေသည်။

ရန်ကျောက်ကဲက...

“သူတို့လုပ်ရပ်က မမျှော်လင့်ထားတဲ့ကိစ္စတော့ မဟုတ်ပါဘူး ၊ ဒါမျိုးတွေက ဖြစ်တတ်တဲ့သဘောတွေပါပဲ”

နတ်ဘုရားသုတ်သင်အစီအရင်က လောကတွင် ထပ်မံထွက်ပေါ်လာပြီ ဖြစ်သည်။

စောမင်ကျန့်နှင့် ဖန်းယွင်ရှန်းက မူလကောင်းကင်ကပ်ဘေးကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီး ကောင်းကင်နတ်ဘုရားများ ဖြစ်လာခဲ့သည်။

ဤသည်က လမ်းမှန်တာအိုဝါဒကို များစွာ အင်အားကြီးမားသွားစေသည်။

ရန်ကျောက်ကဲ တီထွင်ခဲ့သည့် နတ်သက်ကြွေဓားသိုင်းမှာလည်း အလွန်အစွမ်းထက်သည်ဟု သတ်မှတ်ခံရလေရာ သူ၏ဂုဏ်သတင်းသည်လည်း ကြောက်မက်ဖွယ်ရာ ကြီးမားခဲ့သည်။

ထို့ပြင် ထျန်းစူးစကြာဝဠာက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုကို ပုံဆိုင်ပြီး မဟာသူတော်စင်၏ အစစ်အမှန်ပုံစံ ကိုယ်ပွားကိုလည်း အသုံးချနိုင်စွမ်း ရှိသည်။

ထို့ပြင် ရူယိရွှေတုတ်ကိုလည်း ပိုင်ဆိုင်ထားသေး၏။

လွန်ခဲ့သော ရာစုနှစ်များအတွင်း စန်းချင်း(၃)ပါးအဆက်အနွယ်၏ အင်အားတိုးတက်လာမှုမှာ အခြားသူများကို အမှန်တကယ် အံ့သြထိတ်လန့်စေခဲ့သည်။

ဤသို့သောအခြေအနေတွင် အခြားအင်အားစုများက ခြိမ်းခြောက်မှုခံစားရပြီး အာရုံစိုက်လာကြမည်မှာ သဘာဝပင်။ ထို့ကြောင့် ရန်သူများသည်ပင် ယာယီမဟာမိတ်ဖွဲ့ပြီး လမ်းမှန်တာအိုဝါဒကို အရင်ဆုံးဖိနှိပ်သည်အထိ ဖြစ်လာရသည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဒါပေမဲ့... မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရဲ့လုပ်ရပ်တွေကတော့ အဓိပ္ပါယ်နည်းနည်းကွဲနေတယ်”

သူက ဆက်ပြောလိုက်သည်။

“အနောက်ဘက်သူတော်စင်ဘုံက တခြားဗုဒ္ဓတွေ သိလား မသိလားဆိုတာ ဘေးဖယ်ထားလိုက်... မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကတော့ နတ်ဘုရားသုတ်သင်ဓား ဘယ်မှာရှိလဲဆိုတာ သိနိုင်ခြေများတယ် ၊ ဒီတော့ အခု သူ့ရဲ့လုပ်ရပ်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ကူညီရာရောက်တယ်”

“သူက အမှန်တရားကိုဖုံးကွယ်ပြီး နတ်မိစ္ဆာမျိုးနွယ်တွေကို လှည့်ဖြားပူးပေါင်းတယ် ၊ ပြီးတော့ ငါတို့ကို ဖိနှိပ်တယ် ၊ ဒါက အနာဂတ်မှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဆင်ထားတဲ့ထောင်ချောက်ထဲကို ငါတို့ခုန်ဆင်းဖို့အတွက် တွန်းအားပေးတဲ့သဘောပဲ”

ရွှယ်ချူးချင်က သက်ပြင်းချရင်း...

“အမှန်ပဲ... စောစောကသာ သူတို့တွေ ငါတို့ကို ရှာတွေ့သွားမယ်ဆိုရင် အတော်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြမှာ”

သူမက ဆက်ပြောလိုက်သည်။

“သူတို့က ငါတို့ကို ပစ်မှတ်ထားလာတယ်ဆိုတော့... ငါတို့ဘက်က စိတ်ပူပန်ပြီး နတ်ဘုရားသုတ်သင်အစီအရင် အပြည့်အဝထုတ်ဖော်ဖို့အတွက် နတ်ဘုရားအဆုံးသတ်ဓားကိ အသည်းအသန်ရှာဖွေကြမယ် ၊ ဒါဆိုရင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ထောက်ချောက်ထဲ သေချာပေါက် ကျရောက်သွားမယ်...”

ရွှီဖေးက မျက်မှောင်ကျုံ့လိုက်ပြီး...

“ဒါပေမဲ့... ဓားကိုရှာချင်တယ်ဆိုလည်း နောက်ထပ် (၄၉)နှစ် စောင့်ရဦးမှာပဲလေ...”

သူက ဆက်ပြောလိုက်သည်။

“သူတို့က အခုလို ရုတ်တရက်ကြီးထလုပ်တော့... ကျွန်တော်တို့ဘက်က သံသယဝင်သွားနိုင်တယ် မဟုတ်ဘူးလား”

ရန်ကျောက်ကဲက နားထင်ကို လက်ဖြင့်အသာပွတ်လိုက်ရင်း...

“မဟုတ်ဘူးလေ... တကယ်လို့ နတ်ဘုရားအအဆုံးသတ်ဓားက အမတခုံရုံးလက်ထဲ ရောက်နေတဲ့အကြောင်းသာ ငါတို့ မသိခဲ့ဘူးဆိုရင်... ဒီလိုအခြေအနေကြုံတာနဲ့ ငါတို့က (၄၉)နှစ်စောင့်မှာ မဟုတ်ဘူး ၊ ဓားကိုရှာဖို့ ချက်ချင်း ကြိုးစားကြမှာပဲ”

ကျန်လူများအားလုံး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့အနေဖြင့် ရန်သူများအခြေအနေကိုကြည့်ပြီး လိုက်ပါစီးမျောရုံသာ ရှိသည်။

အကယ်၍ ဤသို့သောအခြေအနေ ကြုံတွေ့ရပါလျှက် ရန်ကျောက်ကဲတို့ဘက်က ဓားကိုရှာဖွေရန် မကြိုးစားဘူးဆိုလျှင် နတ်ဘုရားအဆုံးသတ်ဓား အမတခုံရုံးတွင်ရှိနေကြောင်း သိရှိနေပါသည်ဟု လူသိရှင်ကြား‌ ကြေညာလိုက်သကဲ့သို့ ဖြစ်သွားပေမည်။

အဆုံးသတ်မှာတော့ လူတိုင်းက ပြဇာတ်ကနေခြင်းသာ ဖြစ်သည်။

လက်ရှိမှာတော့ မည်သူက ပိုပြီးသရုပ်ဆောင်နိုင်သလဲ ဆိုသည့်အပေါ် မူတည်နေပေပြီ။

ရန်ကျောက်ကဲတို့အတွက်တော့ အဆိုးဆုံးရလဒ်မှာ သူတို့၏အစီအစဉ်များ ပေါက်ကြားသွားပြီဖြစ်ကြောင်း ရန်သူများ သိရှိသွားခြင်းပင် ဖြစ်၏။

အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ငါးစာကိုမချဘဲ လက်ရှောင်လိုက်ရုံသာ ရှိသည်။

သူ့အတွက် နတ်ဘုရားသုတ်သင်အစီအရင်ကို မရရှိသည့်တိုင် ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားအဆုံးသတ်ဓားကို မရရှိခြင်းလောက် အရေးမကြီးပေ။

တာအိုအဓိပတိတစ်ပါး၏လက်ထဲမှ ဓားတစ်လက်ကိုလုယူရန်မှာ အလွန်ခက်ခဲပင်ပန်းကြောင်း ငြင်းဆိုမရနိုင်ပေ။

သို့ဖြစ်ရာ ရန်သူ၏ငါးစာကိုပင် ပြန်လည်အသုံးချပြီး တန်ပြန်အစီအစဉ်ဆွဲခြင်းက လမ်းမှန်တာအိုဝါဒအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

ရန်ကျောက်ကဲက ဆံပင်ကိုတစ်ချက်သပ်ရင်း ပြုံးလိုက်သည်။

“ဘဝဆိုတာ ပြဇာတ်တစ်ခုလိုပါပဲ... အရာအားလုံးက ငါတို့ ဘယ်လောက်သရုပ်ဆောင် ကျွမ်းကျင်လဲဆိုတဲ့အပေါ် မူတည်တယ် ၊ ကဲ... အခုတော့ ဘယ်သူက ပိုသရုပ်ဆောင်ကောင်းမလဲဆိုတာ ပြိုင်ရမယ့်အချိန် ရောက်ပြီပေါ့”

All Chapters