ကြိုးလေးချောင်းသာကျန်တော့သည့်ဗျပ်စောင်း
Vol. 113 Ch. 1580
ရွှယ်ချူးချင်က....
“နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံး ပိုင်ဆိုင်သွားပြီးတဲ့နောက် ငါတို့ဆီကလာမယ့် ခြိမ်းခြောက်မှုတွေကိုတောင် လျစ်လျူရှုထားနိုင်လောက်တဲ့အထိ ၊ ပြီးတော့ ထျန်းစူးစကြာဝဠာကို လိုက်ရှာနေတာ ရပ်တန့်သွားစေလောက်တဲ့အထိ ဆွဲဆောင်မှုရှိတဲ့ အကြောင်းပြချက်မျိုး သူတို့အတွက် ရှာပေးဖို့ လိုအပ်နေပြီပေါ့"
သူမက ဆက်ပြောလိုက်သည်။
"ဒီအကြောင်းပြချက်ကို ပြင်ပကျင့်ကြံသူတွေနဲ့ အနောက်ဘက်သူတော်စင်ဘုံက အပြည့်အဝ ယုံချင်မှ ယုံလိမ့်မယ် ၊ ဒါပေမဲ့ အကြောင်းပြချက်သာ လုံလုံလောက်လောက် ခိုင်မာမယ်ဆိုရင် သူတို့က ငါတို့ခင်းတဲ့ လမ်းကြောင်းအတိုင်း လိုက်လာကြလိမ့်မယ် ၊ ငါတို့ကို ဖမ်းဆီးဖို့နဲ့ ငါတို့အပေါ်ထားတဲ့ ဖိအားတွေကို လျှော့ချပေးသလိုမျိုး ဟန်ဆောင်ကြလိမ့်မယ်"
သူမက မျက်မှောင် အနည်းငယ်ကြုတ်ရင်း...
“ဒါပေမဲ့ ဒီလောက်ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး ဘယ်လိုဖန်တီးရမလဲ”
ဟုတ်ပေ၏။
တာအိုအဆင့်အောက်တွင် နတ်ဘုရားသုတ်သင်အစီအရင်နှင့် ယှဉ်နိုင်သည်မှာ ဘယ်နှစ်ခု ရှိပါသနည်း။
တန်ခိုးစွမ်းအားပိုင်းကိုအသာထား အခြားတန်ဖိုးရှိသည့်အရာများစွာထဲတွင် ထိုအစီအရင်ကို ယှဉ်နိုင်သည့်အရာက အလွန်ပင် ရှားပါးလှသည်။
ရွှီဖေးလည်း မျက်မှောင်ကြုတ်သွားပြီး...
"ငါတို့ ညီမလေး’စစ်ခုန်’ ကိုတော့ အန္တရာယ်ထဲ အကျခံပြီး အသုံးမချနိုင်ဘူး မဟုတ်လား"
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အတွက် ပျောက်ဆုံးနေသည့် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစက ဘုရားလောင်းလက်ထဲ၎ှလုယူနေသည့ လူသားအမြုတေကျောက်တုံးထက် အဆပေါင်းများစွာ ပိုပြီး အရေးပါလေသည်။
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
"တကယ်လို့ အခြေအနေက တအားကို ကျပ်တည်းလာပြီဆိုရင်တော့ ငါတို့ ကောင်းဟန်ကိုပဲ သူတို့ဆီ ထိုးကျွေးလိုက်ရုံပေါ့"
သူက ဆက်ပြောလိုက်သည်။
"သူများတွေကို ရောင်းစားတတ်တဲ့လူက ကိုယ်တိုင်လည်း ပြန်အရောင်းခံရဖို့ ပြင်ဆင်ထားသင့်တာပဲလေ ၊ နေဝန်းထက်ယံအရှင်သခင်ကလည်း ဒီအချက်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"
ရန်ကျောက်ကဲကိုကြည့်ပြီး ရွှယ်ချူးချင်နှင့် ရွှီဖေးတို့ ရယ်မောမိသွားကြသည်။
ရွှယ်ချူးချင်က...
"ငါတို့က အရေးကြီးတဲ့အချိန်ကို ရောက်နေတာနော် ၊ နည်းနည်းလောက် တည်တည်တံ့တံ့ ရှိစမ်းပါဦး"
ရန်ကျောက်ကဲက မျက်နှာပိုးသပ်လိုက်ပြီး..
“ဟုတ်ပါပြီ... ကောင်းကင်အမြုတေကျောက်တုံးကို အသုံးမပြုဘဲ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အစီအစဉ်ကို အတည်ပြုပေးဖို့ ဝူတန့်မယ်တော်ရဲ့အကူအညီတော့ လိုအပ်တယ်”
ရွှယ်ချူးချင်က တစ်ချက်စဉ်းစားလိုက်ပြီး...
"စန့်ချင်အဆက်အနွယ်ရဲ့ ရတနာတစ်ခုခုလား ၊ မင်း အရင်ကပြောခဲ့သလိုဆိုရင် ကျောက်စိမ်းဝိညာဉ်နန်းတော်တောင် အလွတ်ကြီး ဖြစ်နေမှတော့ အပြာရောင်ခရီးရှည်နန်းတော်လည်း အတူတူပဲ ဖြစ်မှာ မဟုတ်ဘူးလား"
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
"ကိုယ်တိုင်မဝင်ကြည့်ဘဲ ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ"
ထို့နောက် သူက အဂ္ဂိရတ်ခန်းမထဲမှထွက်ကာ အဝေးတစ်နေရာ မိုးကုပ်စက်ဝိုင်းဆီမှ ပြောင်းလဲနေသော မြင်ကွင်းများကို လှမ်းမျှော်ကြည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လှုပ်ရှားတော့မယ်ဆိုရင် ဒီပြဇာတ်ကို အဆုံးထိ ကပရမယ် ၊ ၄၉ နှစ် ပြည့်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ရအောင် ၊ ရန်သူတွေ ငါးစာချလာမယ့် အချိန်ကို အေးအေးဆေးဆေးပဲ စောင့်ကြတာပေါ့"
သူက ဆက်ပြောလိုက်သည်။
"အဲဒီအချိန်ကျမှ ကျွန်တော်တို့က ငါးမျှားချိတ်ကိုဖြုတ်ပြီး ငါးစာကိုမြိုမလား၊ ဒါမှမဟုတ် ရန်သူ့ငါးမျှားတံရဲ့ ဆွဲခေါ်တာကိုပဲ ခံရမလားဆိုတာကတော့ ကျွန်တော်တို့ရဲ့ အရည်အချင်းပေါ်မှာ မူတည်လိမ့်မယ်"
ဘေးတွင် ရပ်နေသော ရွှီဖေးနှင့် ရွှယ်ချူးချင်တို့လည်း ခေါင်းညိတ်လိုက်ကြလေသည်။
***
ချန်စန်းရှင်းဟိုင် ၊ ထိုက်စုလွင်ပြင်ကောင်းကင်ဘုံ။
ကောင်းကင်ယံထက်မှအလင်းရောင်က ပတ်ဝန်းကျင်ရှုခင်များဆီသို့ ဖြာကျနေလေသည်။
အဆုံးမရှိသော ကောင်းကင်တစ်ခွင် သက်တန့်ရောင် တိမ်တိုက်များက ဖုံးလွှမ်းလျက် ရှိသည်။
ဖူစန်းနတ်သစ်ပင်ကြီးထက်တွင် ရွှေရောင်နှင့်အနီရောင်ပေါင်းစပ်ထားသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အထက်သို့ တဖြည်းဖြည်း တက်သွားလေသည်။
ထိုအလင်းရောင်က အတိုင်းအဆမဲ့ မြင့်မားသော ဟင်းလင်းပြင်ထဲတွင် ရှိသည့် နတ်ဘုရားနန်းတော်ဆီသို့ ဦးတည်နေ၏။
နွီဝါးလွင်ပြင်၊ အရှေ့ဧကရာဇ်နန်းတော်။
ဤနေရာက အရှေ့ဧကရာဇ်'ထိုက်ယိ' စံမြန်းရာ နေရာဖြစ်သည်။
အလင်းတန်းက နွီဝါးလွင်ပြင်သို့ ဝင်ရောက်လာပြီးနောက် တာအိုသခင်'လုယာ' အဖြစ် ပြောင်းလဲသွားသည်။
သူက အရှေ့ဧကရာဇ်နန်းတော်သို့ ချဉ်းကပ်သွားပြီးနောက် နန်းတော်ထဲသို့မဝင်ဘဲ အပြင်ဘက်မှပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။
"သိုးလွိနန်းတော် တည်ရှိတဲ့နေရာကို ညွှန်ပြပေးဖို့ အရှေ့ဧကရာဇ်ဆီ လာရောက်တောင်းဆိုတာပါ...”
နန်းတော်အတွင်းမှ မည်သည့်စကားသံမှထွက်ပေါ်မလာဘဲ ခေါင်းလောင်းသံတစ်ချက်သာ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထို့နောက် တာအိုသခင်'လုယာ' ၏ ခြေဖဝါးအောက်တွင် လေပွေတစ်ခု ဖြစ်ပေါ်လာပြီး သူ့ကို နွီဝါးလွင်ပြင်မှတစ်ဆင့် ထိုက်စုလွင်ပြင်ကောင်းကင်ဘုံ ၊ ထိုမှတစ်ဆင့် ချန်စန်းရှင်းဟိုင်အပြင်ဘက် အဆုံးအစမဲ့သော ဗလာနယ်ထဲသို့ ဆွဲခေါ်သွားလေသည်။
တာအိုသခင်'လုယာ' အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်သန်းသွားစဉ် သူ၏စိတ်ထဲ အချိန်ဆိုသော အသိစိတ်ပင် ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်မည်မျှ ကြာသွားသည်မသိ ၊ နောက်ဆုံး အလွန်ပင် ထူးခြားဆန်းပြားသော နတ်ဘုရားဘုံတစ်ခုဆီသို့ ရောက်ရှိသွားသည်။
ထိုနတ်ဘုရားဘုံတွင် ရိုးရှင်းသော နန်းတော်တစ်ခု တည်ရှိနေသည်။
ထိုနန်းတော်က ‘သိုးလွိ’ နန်းတော်ပင် ဖြစ်၏။
နန်းတော်တံခါးရှေ့တွင် ရပ်နေသော နတ်သူငယ်လေးက တာအိုသခင်'လုယာ' ကို မြင်သည်နှင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"အဝေးက ကြွလာတဲ့ တာအိုသခင်ကို ဂါရဝပြုပါတယ်"
"ရွှမ်တုကိုယ်တော်နဲ့ မြေကမ္ဘာဘုရင်မတို့ ရှိကြလား..."
တာအိုသခင်'လုယာ' က မေးမြန်းလိုက်သည်။
နတ်သူငယ်လေးက...
"သခင်လေးကတော့ ဆေးလုံးဖော်စပ်ဖို့ တံခါးပိတ်ကျင့်ကြံနေပါတယ် ၊ မယ်တော်ကတော့ ကျင့်ကြံနေရင်းနဲ့ တာအိုသခင် ရောက်လာရင် သူ့ဆီကို တိုက်ရိုက်လာလို့ရတယ်လို့ မှာထားပါတယ်"
ပြောပြီးသည်နှင့် နတ်သူငယ်လေးက ရှေ့မှ လမ်းပြခေါ်ဆောင်သွားလေသည်။
တာအိုသခင်'လုယာ' လည်း နတ်သူငယ်လေးနောက်မှ လိုက်ပါလာပြီး သိုးလွိနန်းတော်အတွင်းဝင်ရောက်ကာ သီးသန့်အခန်းတစ်ခုဆီသို့ ရောက်ရှိလာသည်။
ထိုအခန်းထဲတွင် ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် တိမ်တိုက်ကုတင်တစ်ခုထက်တွင် ထိုင်နေလေသည်။
သူမက တာအိုသခင်'လုယာ' ကို မြင်သည်နှင့် မတ်တတ်ရပ်ကာ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး...
"တာအိုသခင်... ရောက်လာပြီပဲ"
သူမ နံဘေးတွင်တော့ ရှေးဟောင်းဖန်မီးအိမ်တစ်လုံး ရှိနေသည်။
ထိုမီးအိမ်မှ ထွက်ပေါ်နေသော အလင်းတန်းများက နက်ရှိုင်းလှသော အသိတရားများကို ထင်ဟပ်နေစေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် စိတ်ဝိညာဉ်ကို ထူးခြားဆန်းပြားမှုများဖြင့် လွှမ်းမိုးသွားစေနိုင်သော အစွမ်းရှိသည်။
တာအိုသခင်'လုယာ' က အခန်းထဲသို့ ဝင်လာပြီး ထိုမီးအိမ်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားရင်း...
“မြေကမ္ဘာဘုရင်မကို နှုတ်ဆက်ပါတယ် ၊ ကျုပ် ဒီနေ့ရောက်လာတာ ဟိုတစ်နေ့က ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းပေးဖို့ပါ”
ထို့နောက် သူ့လက်ထဲတွင် ရှေးဟောင်းဗျပ်စောင်းတစ်လက် ထွက်ပေါ်လာသည်။
ထိုဗျပ်စောင်းဆီမှ အလွန်ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ထိုဗျပ်စောင်းကိုမြင်လိုက်သည်နှင့် ရှေးဟောင်းဝတ်စုံဝတ်မိန်းကလေးမှာ ကောင်းကင်တာအို၏ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး အဆုံးမဲ့နက်ရှိုင်းသော အဓိပ္ပာယ်များကို သိမြင်သွားသည့်အလား ခံစားလိုက်ရသည်။
သို့သော် ထိုဗျပ်စောင်းတွင် ကြိုးလေးမျှင်သာ ကျန်ရှိတော့ပြီး အခြားစောင်းကြိုးများက ပြတ်တောက်နေပေပြီ။
မြင်ကွင်းကိုကြည့်ပြီး ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးက အံ့အားသင့်သွားခြင်း မရှိပေ။
ဤဗျပ်စောင်းက ပျက်စီးနေသောအရာတစ်ခုဖြစ်ကြောင်း သူမ အစောကြီးကတည်းက သိရှိထားသည်ပင်။
သူမက...
"မီးအိမ်က ဒီမှာရှိပါတယ် ၊ တာအိုသခင် စိတ်ကြိုက်လုပ်နိုင်ပါတယ် ၊ မီးနတ်ဆိုးဝိညာဉ်ကို ယူသွားလို့ရပေမယ့် မီးအိမ်ကိုတော့ သိုးလွိနန်းတော်မှာပဲ ထားခဲ့ရပါလိမ့်မယ် ၊ ဒီတောင်းဆိုချက်အတွက်တော့ ခွင့်လွှတ်ပေးစေချင်ပါတယ်”
"ရပါတယ်... ကျုပ် နားလည်ပါတယ်"
တာအိုသခင်'လုယာ' က မီးအိမ်အလင်းတန်းကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ၏မျက်ဝန်းများထဲတွင် မီးလျှံများ တောက်လောင်လာလေသည်။
ထိုမီးလျှံများက ကနဦးကောင်းကင် ကာလကတည်းက မွေးဖွားခဲ့သော မီးလျှံများဖြစ်ပြီး ကမ္ဘာပေါ်ရှိမီးအမျိုးမျိုးတို့၏ မူလအစဖြစ်ကာ အလွန်တရာ နက်နဲသောစွမ်းအားများ ကိန်းအောင်းနေသည်။
သို့သော် ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်မှ အလင်းတန်းကိုတော့ မည်သို့မျှထိခိုက်ခြင်းမရှိခဲ့ပေ။ မီးအိမ်အတွင်းမှမီးတောက်က အေးချမ်းစွာပင် လောင်ကျွမ်းနေ၏။
သို့ပေသိ ထိုမီးတောက်၏ အနက်ရှိုင်းဆုံးနေရာမှ ထူးဆန်းသော မီးပွားလေးများလွင့်ပျံလာပြီး မီးအိမ်အတွင်းရှိ လေထုထဲသို့ ကခုန်ထွက်ပေါ်လာကြသည်။
မီးအိမ်အတွင်းမှ မီးတောက်ကချုပ်နှောင်ထားသဖြင့် ထိုမီးပွားလေးများမှာ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။
တာအိုသခင်'လုယာ' ၏ မျက်ဝန်းများထဲမှ 'ကနဦးကောင်းကင် မီးလျှံအမြုတေ' က အပြင်သို့ထွက်လာပြီး ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်အတွင်းမှ မီးတောက်ဆီသို့ ကျရောက်သွားသည်။
ထိုအခါ မီးတောက်များအတွင်းမှ လမ်းကြောင်းတစ်ခု ပွင့်ဟလာပြီး ကခုန်နေသော မီးပွားလေးများ အပြင်ဘက်သို့ ပျံထွက်လာကြသည်။
ချက်ချင်းဆိုသလိုပင် လုယာက ကနဦးကောင်းကင် မီးလျှံအမြုတေကို အသုံးပြုပြီး ထိုမီးပွားလေးများကို သူ၏မျက်ဝန်းထဲသို့ သိမ်းယူလိုက်သည်။
မီးအိမ်မှ မီးတောက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ရှေးဟောင်းမီးအိမ်လေးသည် အခန်းထဲတွင် တိတ်ဆိတ်စွာ ဆက်လက်တောက်လောင်နေကာ အခန်းတစ်ခုလုံးအား အလင်းရောင်များဖြင့် လွှမ်းခြုံထားလေသည်။
တာအိုသခင်'လုယာ' က ပြုံးလိုက်ပြီး...
“ဒါဖြင့် ကျုပ်ကို ခွင့်ပြုပါဦး ၊ လောင်ကျွင်းနဲ့ ရွှမ်တုကိုယ်တော်ကိုလည်း နှုတ်ဆက်တယ်လို့ပြောပေးပါ”
ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေးက...
"ကောင်းပါပြီ... ကျွန်မ လိုက်မပို့တော့ဘူးနော် ၊ လမ်းခရီးမှာ ဘေးကင်းပါစေ"
သိုးလွိနန်းတော်၌ အပေးအယူလုပ်ခြင်းတွင် မည်သူမှ လှည့်စားခံရမည်ကို စိုးရိမ်စရာမလိုပေ။
လောင်ကျွင်းက အေးချမ်းစွာနေတတ်သူ ဖြစ်သော်လည်း သူ၏တည်ရှိမှုကပင် မည်သည့် မရိုးမသား ပြုလုပ်မှုမျိုးကိုမဆို တားဆီးထားနိုင်စွမ်း ရှိသည်။
တာအိုသခင်'လုယာ' ထွက်ခွာသွားသည်နှင့် မိန်းမပျိုက ပျက်ဆီးနေသော ဗျပ်စောင်းကြိုးမျှင်လေးများကို လက်ချောင်းများဖြင့်ထိခတ်ပြီး တည်ငြိမ်စွာ တီးခတ်လိုက်သည်။
ထိုအချိန် ရွှမ်တုကိုယ်တော်၏အသံ ထွက်ပေါ်လာလေသည်။
"နောက်ဆုံးအချိန် ရောက်လာဖို့ကိုပဲ တိတ်တိတ်လေး စောင့်ကြတာပေါ့"
တစ်ချိန်တည်းမှာပင် ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့်မိန်းကလေးမှာလည်း ယန်ကျန်း၏မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။
သူက ခေါင်းညိတ်လိုက်ပြီး...
"ဟုတ်ကဲ့ပါ"
***
အခြားတစ်ဖက်တွင်မှာတော့ တာအိုသခင်'လုယာ' သိုးလွိနန်းတော်မှ ထွက်ခွာလာပြီး ချန်စန်းရှင်းဟိုင်သို့ ပြန်လည်ရောက်ရှိလာသည်။
သူက ထိုက်စုလွင်ပြင်ကောင်းကင်ဘုံရှိ ကိုယ်တိုင်စံမြန်းရာနေရာဖြစ်သော ဖူစန်းနတ်သစ်ပ်ကြီးအောက်သို့ ဆင်းသက်လိုက်၏။
ထို့နောက် အနီရောင်ဘူးသီးခြောက်ကိုထုတ်ယူကာ အဖုံးကိုဖွင့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် သိမ်းဆည်းထားသည့် ‘မီးနတ်ဆိုးဝိညာဉ်’ ကို ထုတ်ယူကာ ဘူးသီးခြောက်ထဲသို့ထည့်သွင်း သိမ်းဆည်းလိုက်သည်။
"နေကျီးကန်း..."
တာအိုသခင်'လုယာ' က တိုးညှင်းစွာ ခေါ်လိုက်သည်။
သူ၏ခေါ်သံအဆုံးသတ်သွားသည်နှင့် အလွန်ကြီးမားသော နေမင်းကြီးတစ်စင်း အဝေးမှထွက်ပေါ်လာပြီး ဖူစန်းနတ်သစ်ပင်ထက်သို့ ဆင်းသက်လာသည်။
ထို့နောက် နေရောင်ခြည်များစုစည်းသွားပြီး ခြေထောက်သုံးချောင်းရှိသော ကျီးကန်းတစ်ကောင်အသွင် ပြောင်းလဲသွားသည်။
ထိုကျီးကန်းက တာအိုသခင်'လုယာ' အနီးသို့ ချဉ်းကပ်လာပြီး ရိုသေလေးမြတ်စွာဖြင့်...
"ဘိုးဘေး..."
ဟု နှုတ်ဆက်လိုက်သည်။
"ဒါကို ယူသွားလိုက်... ၊ ချန်စန်းရှင်းဟိုင်မှာရှိတဲ့တစ်ယောက်ယောက်က တုံ့ပြန်သလားဆိုတာ သေချာစောင့်ကြည့်ပါ”
တာအိုသခင်'လုယာ' က အနီရောင်ဘူးသီးခြောက်ကို ခြေသုံးချောင်းကျီးကန်းထံ ကမ်းပေးရင်း အမိန့်ပေးလိုက်သည်။
ကျီးကန်းက ဘူးသီးခြောက်ကိုလက်ခံပြီးသည်နှင့်...
"စိတ်ချပါ ဘိုးဘေး... ဘိုးဘေးရဲ့အမိန့်အတိုင်း အသေးစိတ် သေချာဂရုစိုက်ဆောင်ရွက်ပါ့မယ်"
တာအိုသခင်'လုယာ' က...
"သိပ်ပြီးတော့လည်း လောစရာမလိုပါဘူး ၊ မင်းဘက်က သတိထားပြီး စောင့်ကြည့်နေရုံပဲ"
"ဟုတ်ကဲ့ပါ ဘိုးဘေး..."
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခြေသုံးချောင်းကျီးကန်းက တိုးညှင်းသောလေသံဖြင့်...
"ဘိုးဘေး... ဟို ဗျပ်စောင်း..."