ပိုမိုမြင့်မားသောခြေလှမ်းတစ်ခုဆီသို့
Vol. 113 Ch. 1581
‘အရှေ့သခင်’ နေကျီးကန်းက တာအိုသခင်'လုယာ' ရှေ့တွင် သူ၏ နတ်မိစ္ဆာစွမ်းအားအားလုံးကို ရုပ်သိမ်းထားသဖြင့် အပိုပါနေသော ခြေတစ်ချောင်းမှလွဲ၍ အခြားကျီးကန်းများနှင့် မခြားနားလှပေ။
သို့သော် သူက တာအိုဝါဒ၏ “ကောင်းကင်ဘုံအရှင်” အဆင့်နှင့် ရင်ပေါင်တန်းနိုင်သော နတ်မိစ္ဆာ “မဟာသူတော်စင်” တစ်ပါး ဖြစ်သည်။
ရှေးခေတ်ကာလက လုယာ ပိုင်ဆိုင်ခဲ့သော နတ်မိစ္ဆာအသွင်သဏ္ဌာန်ကို အခြေခံ၍ နွီဝါးဧကရီက 'ရွှေကျီးကန်း' မျိုးနွယ်စုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဤပတ်သက်မှုကြောင့် ရွှေရောင်ကျီးကန်းမျိုးနွယ်စု တာအိုသခင်'လုယာ' ကို သူတို့၏ ဘိုးဘေးအဖြစ် အသိအမှတ်ပြုထားကြပြီး လုယာကလည်း ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် သူတို့၏ ရင်းနှီးသော ပတ်သက်မှုသည် ယနေ့တိုင် တည်ရှိနေခြင်း ဖြစ်သည်။
အရှေ့သခင်’နေကျီးကန်း’ က မျိုးနွယ်စုထဲတွင် တစ်ဦးတည်းသော မဟာသူတော်စင်ဖြစ်လေရာ သူက မျိုးနွယ်စုထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။
သို့သော် သူက မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ဆက်ခံခြင်းမရှိသလို ရွှေကျီးကန်းတို့၏ ဘိုးဘေးမြေတွင်လည်း နေထိုင်ခြင်းမရှိပေ။
သူက တာအိုသခင်'လုယာ' နောက်သို့ တပည့်တစ်ဦးကဲ့သို့သော်လည်းကောင်း၊ ယုံကြည်ရသော လက်ရုံးတစ်ဦးကဲ့သို့သော်လည်းကောင်း အနီးကပ် လိုက်ပါနေခဲ့သည်။
သူ၏ အသိပညာ ဗဟုသုတမှာလည်း အခြားသူများထက် များစွာသာလွန်ပြီး တာအိုသခင်'လုယာ' နှင့် စကားပြောရာတွင်လည်း အားနာစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုရဲသူဖြစ်သည်။
တာအိုသခင်'လုယာ' ကလည်း သူ့အပေါ် မည်သည့်အရာမှ ဖုံးကွယ်ထားခြင်း မရှိပေ။
တာအိုသခင်'လုယာ' က...
"အဲဒီ ဗျပ်စောင်းကို သိုးလွိနန်းတော်ကို ပေးလိုက်ပြီ... အင်း... စန်းချင်း(၃)ပါး အဆက်အနွယ်ကို ပေးလိုက်တာလို့ ပြောရင် ပိုမှန်လိမ့်မယ်"
နေကျီးကန်း၏ မျက်နှာတွင် နှမြောတသဖြစ်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
တာအိုသခင်'လုယာ' က ပြုံးလိုက်ရင်း...
“တစ်ခုလိုချင်ရင် တစ်ခုကိုတော့ စွန့်လွှတ်ရမှာပေါ့ ၊ ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စပဲလေ”
နေကျီးကန်းက စိုးရိမ်တကြီးဖြင့်...
"အဲဒီ ဗျပ်စောင်းသာ သူတို့လက်ထဲ ရောက်သွားရင် နတ်ဘုရားအဆုံးသတ်ဓား ထွက်ပေါ်လာတဲ့အခါ သူတို့အတွက် အများကြီးပိုပြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား"
သူက ဆက်ပြောသည်။
“သူတို့လက်ထဲမှာ နတ်ဘုရားသုတ်သင်အစီအရင်က ရှိနေပြီးသားလေ ၊ တကယ်လို့ နောက်ဆုံးဓားကိုပါ ရသွားရင် သူတို့ကိုရင်ဆိုင်ဖို့ ပိုပြီးခက်ခဲသွားမှာပေါ့”
ထိုစကားကြားတော့ တာအိုသခင်'လုယာ' ၏ နှုတ်ခမ်းများတွန့်ကွေးသွားသည်။
သူက မုတ်ဆိတ်မွှေးကို အသာပွတ်သပ်ရင်း...
“အဲဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး ၊ ငါ သေချာတော့ မပြောနိုင်ပေမယ့်... ငါခန့်မှန်းတာ မမှားဘူးဆိုရင် 'နတ်ဘုရားအဆုံးသတ်ဓား' က အမတခုံရုံးမှာ ရှိနေနိုင်တယ် ၊ ဒါမှမဟုတ် အနောက်ဘက်သူတော်စင်ဘုံမှာလည်း ဖြစ်နိုင်တယ် ၊ အဲဒီနေရာတွေမှာ မရှိဘူးဆိုရင်တော့ ငရဲကိုးထပ်မှာ သေချာပေါက် ရှိနေရမယ်”
"အိုး... ဟုတ်လား"
နေကျီးကန်း အံ့အားသင့်သွားရသည်။
တာအိုသခင်’လုယာ’ က ပြုံးလိုက်ရင်း...
“မြေကမ္ဘာဘုရင်မရဲ့လေသံအရဆိုရင် လမ်းမှန်တာအိုဝါဒက 'နတ်ဘုရားအဆုံးသတ်ဓား' ရှိနိုင်မယ့် နေရာကို ရိပ်မိနေကြပြီ"
သူက ဆက်ပြောသည်။
"ဒါပေမဲ့ သူတို့က အခုထိ ဘာမှမလှုပ်ရှားဘဲ ငြိမ်နေကြတယ္ ၊ ဘာလို့လဲ သိလား... ဘာလို့လဲဆိုတော့ အဲဒီဓားမှာ ပိုင်ရှင်ရှိနေလို့ပဲ ၊ အဲဒီပိုင်ရှင်က တာအိုအဆင့် အဓိပတိကြီးတွေထဲက တစ်ယောက်တောင် ဖြစ်နေနိုင်တယ်"
“ဒီဓားက ချန်စန်းရှင်းဟိုင်မှာလည်း မရှိဘူး၊ အလယ်ပိုင်းသုခဘုံမှာလည်း မရှိဘူးဆိုရင်တော့ ဖြစ်နိုင်ခြေက ဟို(၃)ဖွဲ့ပဲ ရှိတော့တယ်လေ ၊ ဟုတ်တယ်... ငရဲကိုးထပ်မှာ ရှိနေနိုင်ခြေကတော့ အမတခုံရုံးနဲ့ အနောက်ဘက်သူတော်စင်ဘုံတို့မှာ ရှိနေနိုင်ခြေထက် အများကြီးနည်းပါးပါတယ်”
တာအိုသခင်'လုယာ' က ရယ်မောလိုက်ရင်း...
"လမ်းမှန်တာအိုဝါဒက အဲဒီဓားကို တကယ်လိုချင်တယ်ဆိုရင် သူတို့လက်ထဲ ဗျပ်စောင်းရောက်သွားတာက ငါတို့ရဲ့ရန်သူတွေကိုရင်ဆိုင်ဖို့အတွက် အသုံးဝင်သွားမှာပေါ့”
နေကျီးကန်းက စဉ်းစားလိုက်ပြီး...
“အဲဒီလိုကိုး... ဒါကြောင့် အမတခုံရုံးနဲ့ အနောက်ဘက်သူတော်စင်ဘုံက နတ်ဘုရားသတ်ဖြတ်ဓားကို လိုက်ရှာဖို့ လူအင်အားအများကြီး မသုံးခဲ့ကြ ဖြစ်ရမယ် ၊ သူတို့က ယုံကြည်ချက်အပြည့်ရှိနေတယ်လေ”
သူက ဆက်ပြောလိုက်သည်။
"ဒါနဲ့ မြေကမ္ဘာဘုရင်မက ဒီသတင်းကို ဘိုးဘေးဆီ တမင်တကာ ပြောပြခဲ့တာလား"
လုယာက...
“ဒါပေါ့... ငါတို့သာ ဒီကိစ္စထဲဝင်ပါမယ်ဆိုရင် အခြေအနေတွေ ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ် ၊ အဲဒီအချိန်ကျ သူတို့စိတ်ကြိုက်လှုပ်ရှားဖို့ ပိုပြီးအခွင့်အရေး ရသွားတာပေါ့”
သူက ဆက်ပြောလိုက်သည်။
“မဟုတ်ရင်တော့ သူတို့ကိုတိုင်ဆင်းခဲ့တဲ့ ဒီထောင်ချောက်ထဲကနေ လောင်ကျွင်းရဲ့ အကူအညီမပါဘဲ လွတ်မြောက်ဖို့ဆိုတာ မလွယ်လှဘူး”
ထို့နောက် တာအိုသခင်'လုယာ' က ခပ်သဲ့သဲ့ရယ်မောလိုက်ရင်း...
"နှစ်ဖက်လုံးမှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေကြပေမယ့် ဘယ်သူနိုင်မလဲဆိုတာတော့ မသေချာသေးဘူး ၊ နတ်ဘုရားသုတ်သင်အစီအရင်ဆိုတာက အရမ်းအရေးပါတယ် ၊ ဒါကြောင့် ငါတို့ ချန်စန်းရှင်းဟိုင်ကလည်း အဲဒါကို ရအောင်ယူရမှာပဲ"
သူက နေကျီးကန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး...
“လောလောဆယ်တော့ နတ်ဘုရားသုတ်သင်ဓား(၄)လက်အကြောင်းကို သိပ်ပြီး မစိုးရိမ်နဲ့ဦး ၊ အခုလုပ်ရမယ့်အလုပ်ကိုပဲ အာရုံစိုက်ရအောင်”
နေကျီးကန်းက ဦးညွှတ်လိုက်ပြီး...
"ဟုတ်ကဲ့ပါ ဘိုးဘေး"
ထို့နောက် သူက အနီရောင်ဘူးသီးခြောက်ကို သိမ်းဆည်းကာ တောင်ပံများဖြန့်လျှက် ဖူစန်းနတ်ဘုရားသစ်ပင်ကြီးမှ ပျံသန်းထွက်ခွာသွားလေသည်။
နေကျီးကန်း ထွက်ခွာသွားသည်နှင့် တာအိုသခင်'လုယာ' က သစ်ကိုင်းတစ်ကိုင်းထက်တွင် တင်ပျဉ်ခွေထိုင်ရင်း အတွေးထဲနစ်မျောသွားလေသည်။
“ဒီတော့... လမ်းမှန်တာအိုဝါဒက ဟိုအုပ်စုရဲ့အစီအစဉ်တွေကို ဘယ်လိုများ ရိပ်မိသွားတာလဲ ၊ ပြီးတော့ နတ်ဘုရားအဆုံးသတ်ဓားမှာ ပိုင်ရှင်ရှိတယ်ဆိုတာကို သူတို့ ဘယ်လိုသိတာလဲ”
"ပြီးတော့ မြေကမ္ဘာဘုရင်မက နတ်ဘုရားသတ်ဖြတ်ဓားကို အသုံးချပြီး ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲဝင်ဖို့ လုပ်ခဲ့တယ် ၊ အဲဒီဓားက တစ်ချိန်လုံး သိုးလွိနန်းတော်မှာ ရှိနေခဲ့တာများလား”
***
"သိုးလွိနန်းတော်က သတင်းစကား ရောက်လာပြီ"
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ ဝါဒတောင်ရှိ အဂ္ဂိရတ်ခန်းမထဲတွင် ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း ရန်တိ၊ ရွှယ်ချူးချင်နှင့် ရွှီဖေးတို့ကို ပြောလိုက်သည်။
"ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ကတစ်ဆင့် ရခဲ့တဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီ”
သူက ဆက်ရှင်းပြသည်။
"အောင်မြင်ဖို့အတွက် အများကြီးလိုသေးပေမယ့်... အနည်းဆုံးတော့ ကျွန်တော်တို့အတွက် မျှော်လင့်ချက်ပိုရှိလာတာပေါ့”
ရန်တိက...
"ငါတို့တွေ လုပ်စရာရှိတာကို အကောင်းဆုံး ဆက်လုပ်ထားကြတာပေါ့၊ ပြီးမှ အခွင့်အရေးရမယ့် အချိန်ကို စောင့်ကြမယ်လေ”
ငြိမ်သက်နေသည့်ရေပြင်အောက်တွင် လူတိုင်းက ကိုယ်ပိုင်အတွေးကိုယ်စီဖြင့် လှုပ်ရှားနေကြသည်။
နေရာအနှံ့တွင်ဖြစ်ပေါ်နေသည့် ရှုပ်ထွေးလှသောဖြစ်ရပ်များက အပေါ်ယံကြည့်ရုံဖြင့် နားလည်နိုင်မည်မဟုတ်ပေ။ အလွန်ပင် ခက်ခဲနက်နဲလှ၏။
တိုက်ပွဲများစွာ၏ရလဒ်များက တိုက်ပွဲအစမပြုမီကပင် အဆုံးအဖြတ်ပေးပြီးသား ဖြစ်နေတတ်သည်။ တကယ်တော့ တိုက်ပွဲများက လူအများခန့်မှန်းထားသည်ထက်ပင်ပိုပြီး စောစီးစွာစတင်နေခဲ့ပြီ ဖြစ်၏။
သို့သော် လက်ရှိတွင် အင်အားစုများက သူတို့၏ရည်ရွယ်ချက်အမှန်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားကြသဖြင့် မည်သူက အသာစီးရနေသည်ကို အလွယ်တကူ မခွဲခြားနိုင်သေးပေ။
လူတိုင်းကိုယ်စီ စွမ်းအားများကို လျှို့ဝှက်စုဆောင်းနေကြပြီး အနိုင်ရရှိနိုင်ခြေကိုမြှင့်တင်ရန်အတွက် ဗျူဟာမြောက်ကစားရင်း အသာစီးရမည့်အခွင့်အရေးကို ရှာဖွေနေကြသည်။
ထျန်းစူးခန်းမအတွင်း ရှိနေကြသည့် ရန်ကျောက်ကဲတို့အုပ်စုအတွက်တော့ နောက်ပိုင်းရက်များက အရင်လို သက်သောင့်သက်သာ ရှိနိုင်တော့မည် မဟုတ်ပေ။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကိုယ်တိုင် ဦးဆောင်ပြီး နတ်မိစ္ဆာမျိုးနွယ်မှ ထိပ်သီးပုဂ္ဂိုလ်ဖြစ်သော တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့နှင့်အတူ ထျန်းစူးစကြာဝဠာကို ဝိုင်းရံပိတ်ဆို့ထားရန် စီစဉ်နေကြသည်။
ရန်ကျောက်ကဲတို့အုပ်စုက သူတို့၏တည်နေရာကို သိရှိသွားမည်စိုးသဖြင့် ပြင်ပဗလာနယ်ထဲသို့ထွက်ခွာခြင်းကို တားဆီးထားလိုက်သည်။
ပြင်ပဗလာနယ်ထဲသို့ထွက်ခွာပါက သူတို့ထဲမှတစ်ယောက်ယောက်ကို သတိပြုမိသွားမည်ဆိုလျှင်ထျန်းစူးစကြာဝဠာ၏ တည်နေရာကို ရိပ်မိသွားနိုင်ပြီး 'ပင်လယ်ငြိမ်သက်ပုလဲ' ကဲ့သို့သော နည်းလမ်းများကို အသုံးပြုကာ ဝိုင်းရံပိတ်ဆို့မှု ပြုလုပ်လာနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲ၏ ပြင်ပလောကအခြေအနေများကို စုံစမ်းထောက်လှမ်းည့်ကွန်ယက် သိသိသာသာ ထိခိုက်သွားခဲ့သည်။
ဤအချက်က သူတို့အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလာသည်။
ဗလာနယ်ထဲတွင် ရှာဖွေတွေ့ရှိသော ရတနာမှန်သမျှက ထျန်းစူးစကြာဝဠာအတွင်း နေထိုင်ကြသည့် သိုင်းကျင့်ကြံသူများအတွက် အလွန်ပင်တန်ဖိုးရှိသော အရာများ ဖြစ်လာသည်။
ကံကောင်းသည်မှာ ထျန်းစူးစကြာဝဠာထဲမှာပင် အဖိုးတန်ရတနာများနှင့် ကျင့်ကြံခြင်းရင်းမြစ်များစွာကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းရှိနေခြင်းပင်။
ထို့ကြောင့် ပြဿနာက အလွန်တရာကြီးမားသွားခြင်း မရှိခဲ့ပေ။
အနည်းဆုံးတော့ ရင်းမြစ်များ တဖြည်းဖြည်း ခန်းခြောက်လာသည်ကို ထိုင်ကြည့်ရင်း ပျက်သုဉ်းမည့်နေ့ကို စောင့်ဆိုင်းနေရသည့် 'ကျောက်စိမ်းစမ်းချောင်းကမ္ဘာ' ကဲ့သို့ အခြေအနေမျိုးတော့ မဟုတ်ခဲ့ပေ။
သို့တိုင် အချို့သော ရင်းမြစ်ပစ္စည်းများကတော့ အဆုံးမဲ့ဗလာနယ်ထဲတွင်သာ ရှာဖွေတွေ့ရှိနိုင်သည့်အရာများ ဖြစ်ကြ၏။
ထျန်းစူးစကြာဝဠာမှ တစ်စုံတစ်ယောက်က ထိုပစ္စည်းများကို ရှာဖွေချင်သည်ဆိုလျှင် ရင်ဆိုင်ရမည့် အခက်အခဲမှာ အဆမတန် မြင့်မားသွားပေမည်။
သို့ဖြစ်ရာ အလွန်အရေးကြီးသော ရတနာတစ်ခုခုကို အသည်းအသန်လိုအပ်သည့်တိုင် အခွင့်အရေးရလာမည့်အချိန်ကို စောင့်ဆိုင်းရုံမှတပါး အခြားမရှိပေ။
သို့သော် ဤသို့သောအခြေအနေမျိုးက လူနည်းစုသာဖြစ်သဖြင့် ယေဘုယျအားဖြင့် ကြီးမားသော ပြောင်းလဲမှုမျိုး မရှိခဲ့ပေ။
ရန်ကျောက်ကဲတို့အုပ်စုကို ပိုပြီးစိုးရိမ်စေသည့်အချက်မှာ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း တရှိန်ထိုး တိုးတက်လာခဲ့သော လမ်းမှန်တာအိုဝါဒ၏ 'အရှိန်အဟုန်' မှာ ယခုအခါ ရပ်တန့်သွားသလို ဖြစ်နေခြင်းပင်။
ထို 'အရှိန်အဟုန်' ဆိုသည့်အရာက မျက်စိဖြင့် မြင်ရခြင်း၊ လက်ဖြင့် ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း လက်တွေ့တွင် အမှန်တကယ် တည်ရှိနေသော အရာဖြစ်သည်။
ဤအခြေအနေက ကောင်းချင်းရွှမ်၊ ယွဲ့ကျန့်ပေ၊ လုန်ရှင်းချွမ် တို့ကဲ့သို့ လူဟောင်းများအတွက် ကြီးကြီးမားမား သက်ရောက်မှုမရှိပေ။
သူတို့က ယခုထက်ပိုပြီး မှောင်မိုက်ပြီး ကြမ်းတမ်းသော ခေတ်ကာလများကို ဖြတ်သန်းခဲ့ကြဖူးသည်ပင်။
သို့သော် လူငယ်မျိုးဆက်သစ်များ ၊ အထူးသဖြင့် ထျန်းစူးစကြာဝဠာ တည်ထောင်ပြီးနောက်မှ မွေးဖွားလာသူများအတွက်မူ ဤသို့နှယ် မသာယာသည့် အခြေအနေက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်စေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ထျန်းစူးစကြာဝဠာတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုက ဆက်လက် တွန်းအားပေးနေဆဲဖြစ်သည်။
အမှန်တော့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက အရင်ကထပ်ပင် ပိုမိုမြန်ဆန်နေခဲ့သည်။ သို့သော် သူတို့၏ တိုးတက်မှုအရှိန်အဟုန်ကတော့ ယခင်ကကဲ့သို့ ထက်မြက်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲနှင့် တခြားသူများကတော့ တည်ငြိမ်အေးဆေးစွာပင် ရှိနေကြပြီး ဤအခြေအနေကြောင့် တုန်လှုပ်ချောက်ချားခြင်း မရှိခဲ့ကြပေ။
သူတို့က လျှို့ဝှက်စွာဖြင့် အင်အားကို တိတ်တဆိတ်စုဆောင်းနေပြီး အကောင်းဆုံးအချိန်ရောက်လာမည်နေ့ကို ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေခဲ့ကြသည်။
မိုမိုအားကောင်းသော ပေါက်ကွဲအားတစ်ခုကိုဖန်တီးနိင်ရန်အတွက် ယာယီငြိမ်သက်နေခြင်းသာ ဖြစ်၏။
နောက်ထပ် ကြုံတွေ့ရမည့် အဟန့်အတားသည် သူတို့အတွက် ပိုမိုအဆင့်အတန်း မြင့်မားသွားစေမည့် လှေကားထစ်တစ်ခုသာ ဖြစ်လာပေမည်။
နောက်ပိုင်းနှစ်များတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသူများ၏ မရပ်မနား လိုက်လံနှောင့်ယှက်မှုများ၊ ဉာဏ်ရည်တိုက်ပွဲများနှင့် ရဲစွမ်းသတ္တိပြိုင်ပွဲများကို ရင်ဆိုင်ရင်း ရန်ကျောက်ကဲနှင့် ထျန်းစူးစကြာဝဠာမှလူအများက နေ့ရက်များကို ဖြတ်သန်းခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း အချိန်များလျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထိုသို့ဖြင့် နောက်ထပ် (၄၉)နှစ်ဆိုသောအချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်လေသည်။