ချီစွမ်းအားငါးမျိုးပေါင်းစည်းခြင်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်
Vol. 113 Ch. 1582
လွန်ခဲ့သော ၄၉ နှစ်တာ ကာလအတွင်း ထျန်းစူးစကြာဝဠာ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။
ရန်ကျောက်ကဲ၏ ဓားရှာဖွေခြင်း အစီအရင်တစ်ခုနှင့်တစ်ခုကြား ကြာမြင့်ချိန်ကို အဆင့်မြင့်ကျင့်ကြံသူများက သိရှိကြသော်လည်း အများစုအတွက်ကတော့ လျှို့ဝှက်ချက်အဖြစ်သာ ရှိနေဆဲပင်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် လူသားများ ဆက်လက် မျိုးပွားရှင်သန်နေကြပြီး သိုင်းကျင့်ကြံသူများသည်လည်း စိတ်ရောကိုယ်ပါ ကျင့်ကြံလျှက်ရှိကြသည်။
လူတိုင်းက ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြလေသည်။
ရုတ်တရက်ဆိုသလို ဝါဒတောင်ထက်ရှိကောင်းကင်ယံတွင် အလင်းတန်းများ ထွက်ပေါ်လာပြီး အမတချီစွမ်းအားများက နေရာအနှံ့သို့ ပျံ့ကျဲသွားသည်။
ကျောက်ဂူအိမ်တော်တစ်ခု၏ အပြင်ဘက်တွင် အသက် ၃၀ ကျော် ၄၀ အရွယ်ခန့်ရှိသော ခန့်ညားသည့် လူရွယ်တစ်ယောက် မတ်တတ်ရပ်နေသည်။
သူ၏နားထင်စပ်ရှိဆံပင်များက အနည်းငယ်ဖြူနေသော်လည်း သူ၏ထူးခြားသော ကိုယ်ဟန်အမူအရာနှင့် ချောမောမှုကို မထိခိုက်စေနိုင်ပေ။
ထိုလူရွယ် ဤနေရာတွင် ဘာမှမလုပ်ဘဲ မတ်တတ်ရပ်နေရုံမျှဖြင့်ပင် ကမ္ဘာကြီး၏ဗဟိုချက်သဖွယ် အားလုံး၏စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိသည့် ခံစားချက်မျိုး ပေးစွမ်းသည်။
သူ့ရှေ့တွင် အလင်းတန်းများစွာက ကောင်းကင်ထက်သို့ ထိုးတက်သွားသည့်တိုက် သူ၏ခန့်ညားထည်ဝါမှုက အနည်းငယ်ပင် မှေးမှိန်သွားခြင်း မရှိပေ။
လူရွယ်၏မျက်နှာထက် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နက်နေပြီး သူ၏မျက်ဝန်းများတွင်လည်း ပျော်ရွှင်မှုများ ကိန်းအောင်းနေသည်။
ထို့နောက် သူက ကျောက်ဂူအိမ်တော်ဆီသို့ မျက်နှာမူကာ လေးလေးစားစား ဦးညွှတ်လိုက်ရင်း...
"နတ်ဘုရားလူသားကပ်ဘေးကို ကျော်ဖြတ်ပြီး နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဆရာ”
ထိုလူရွယ်၏နောက်တွင်လည်း လူအချို့ မတ်တတ်ရပ်နေကြသည်။
ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်က တစ်ယောက်နှင့်တစ်ယောက် တူညီခြင်းမရှိပေ။ အဆင့်မြင့်သူရှိသလို အဆင့်နိမ့်သူများလည်း ရှိကြသည်။
ထိုအုပ်စု၏ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသည်က အရပ်မြင့်မြင့်နှင့် ချောမောလှပသော အမျိုးသမီးတစ်ယောက် ဖြစ်၏။
ထိုလူစု၏မျက်နှာထက်တွင်လည်း ပျော်ရွှင်ဝမ်းမြောက်သည့်အရိပ်အယောင်များရှိနေကြပြီး ကျောက်ဂူအိမ်တော်ဆီသို့ တညီတညာတည်း လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
"နတ်ဘုရားလူသားကပ်ဘေးကို ကျော်ဖြတ်ပြီး နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဆရာ”
ထို့နောက် ကျောက်ဂူအိမ်တော်တံခါး ပွင့်သွားပြီး ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် ထွက်လာသည်။
သူက လူအုပ်စုကိုတွေ့တော့ တစ်ချက်ပြုံးလိုက်ပြီး စကားဆိုလိုက်သည်။
“မင်းတို့စောင့်ရတာ ကြာသွားပြီထင်တယ်”
ထိုအဘိုးအိုက ဝါဒတောင်ဂိုဏ်း ဂိုဏ်းချုပ်ဟောင်း 'ယွမ်ကျန်းဖုန်း' ပင် ဖြစ်သည်။
သူက ချောမောခန့်ညားသည့်လူရွယ်ကိုကြည့်ကာ သက်ပြင်းချလိုက်၇င်း...
“ရန်တိရာ... ကပ်ဘေးဖြတ်ကျော်တဲ့ သိုင်းသူတော်စင်တစ်ယောက်ကို ကာကွယ်ပေးဖို့ မင်းလို ထျန်းကျွင်းတစ်ယောက်က ကိုယ်တိုင်လာစောင့်နေရတယ်လို့... ဒီလိုကိစ္စမျိုး ဘယ်တုန်းကရှိဖူးလို့လဲ ၊ နတ်ဘုရားလူသားကပ်ဘေးဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ကျော်ဖြတ်ရတာပဲ၊ အပြင်လူက ဘာအကူအညီမှ ပေးလို့မရဘူးဆိုတာ မင်းလည်း သိသားနဲ့ ၊ ဒီမှာ လာစောင့်နေစရာ မလိုပါဘူးကွာ"
ရန်တိက အနည်းငယ်ပြုံးလိုက်ရင်း...
"တပည့်က ဆရာ့ကို ကာကွယ်ပေးတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်ဘဲ ဆရာ...”
"မင်းကတော့လေ..."
ယွမ်ကျန်းဖုန်းက စကားအပိုပြောတတ်သူ မဟုတ်သဖြင့် ခေါင်းကိုသာခါယမ်းရင်း ပြုံးလိုက်လေသည်။
“မင်း ဒီလိုစိတ်ဆန္ဒရှိတာနဲ့တင် လုံလောက်ပါပြီ ၊ ဘာလို့ ကိုယ်တိုင်လုပ်နေရသေးတာလဲ ၊ မင်းတို့လို မျိုးဆက်သစ်တွေကမှ ဒီကမ္ဘာရဲ့ တကယ့်ဇာတ်ဆောင်တွေပါကွာ ၊ မင်းတို့ကမှ ကောင်းကင်ဘုံကမ္ဘာရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်ကြတာ ၊ ဒီလို အသေးအဖွဲကိစ္စအတွက်နဲ့ မင်းတို့တွေ အချိန်ကုန်မခံကြနဲ့”
စကားပြောနေရင်း ယွမ်ကျန်းဖုန်းက တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့်...
“ဒါနဲ့... ၄၉ နှစ်ပြည့်မယ့်ရက်က နီးနေပြီ မဟုတ်လား"
ရန်တိက...
"ဟုတ်ပါတယ်"
သူက ဆက်ပြောလိုက်သည်။
"သေမျိုးလူသားခန္ဓာကိုစွန့်ခွာပြီး နတ်ဘုရားတစ်ပါး ဖြစ်လာတယ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် သာမန်ကိစ္စမှ မဟုတ်တာ ၊ ဒီတော့ ကျွန်တော်ကိုယ်တိုင် လာပြီး ဂါရဝမပြုလို့မဖြစ်ဘူးလေ”
ယွမ်ကျန်းဖုန်းက ပြုံးလျက် လက်ဝှေ့ယမ်းလိုက်ရင်း...
"မျိုးဆက်သစ်တွေက ငါတို့ထက် ပိုတော်ကြတာပဲ။ ငါတို့ဂိုဏ်း ဒီလောက်အထိ တိုးတက်စည်ပင်နေတာကို မြင်ရရုံနဲ့တင် ငါ ကျေနပ်ပါပြီ"
သူက ဆက်ပြောလိုက်သည်။
"တကယ်တော့ ငါ အခုလို နတ်ဘုရားခန္ဓာကို ရရှိတာကလည်း မင်းတို့လို လူငယ်တွေကြောင့်ပါ ၊ အထူးသဖြင့် ကောင်းကင်ဘုံကမ္ဘာရဲ့ လက်ရှိပတ်ဝန်းကျင်နဲ့ ငါတို့ဂိုဏ်းရဲ့ အင်အားကြောင့်ပဲပေါ့ ၊ ငါ့လိုအဘိုးကြီးရဲ့ အရည်အချင်းကတော့ ဘာမှချီးကျူးစရာ မရှိပါဘူး”
ရန်တိက ပြုံးလိုက်ရင်း...
"ဆရာ... ဆရာ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အရွယ်ကောင်းတုန်းရှိပါသေးတယ် ၊ လူငယ်တစ်ယောက်လို့တောင် ပြောလို့ရနေသေးတယ် ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဘိုးကြီးလို့ ပြောနေရတာလဲ”
ယွမ်ကျန်းဖုန်းက ရယ်မောလိုက်ရင်း...
"အကျင့်ဖြစ်နေလို့ပါကွာ ၊ ပြီးတော့ ငါ့စိတ်ဓာတ်လည်း အိုမင်းနေပြီဆိုတာ ပြတာပဲ”
သူက သက်ပြင်းချရင်း...
"မင်းတို့သာ ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ လူငယ်ဘဝက တက်ကြွမှုတွေကို ပြန်လည်နိုးထအောင် မလုပ်ပေးခဲ့ဘူးဆိုရင် အခုလို သက်တမ်းရှည်လာတာကလည်း ငါ့အတွက် ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူး”
ရန်တိ၏ဘေးတွင် ရပ်နေသော အရပ်မြင့်မြင့် အမျိုးသမီးက ဝင်ပြောလိုက်သည်။
“ဆရာ့ရဲ့ မလျှော့တဲ့ဇွဲလုံ့လကြောင့်သာ အခုလို အောင်မြင်ခဲ့တာပါ ၊ အနာဂတ်မှာ ဆရာ့ရဲ့အောင်မြင်မှုတွေက အခုထက်တောင် ပိုပြီးမြင့်မားဦးမယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
ဤအမျိုးသမီးက ရန်တိ၏ဂိုဏ်းတူအစ်မ ၊ ယွမ်ကျန်းဖုန်း၏တပည့်ရင်း 'ဖူအန်းစု' ပင် ဖြစ်သည်။
ရန်တိနှင့် သူမ၏ဘေးတွင် ဖုန်းချီနှင့် အခြားသူများလည်း ရှိနေကြသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်များက တစ်ယောက်နှင့်တစ်ယောက် မတူညီကြသော်လည်း ၊ သူတို့အားလုံးက ဆရာဖြစ်သူ၏အောင်မြင်မှုကို ဂုဏ်ပြုရန်ရောက်လာကြသူများ ဖြစ်ကြသည်။
ပြောရမည်ဆိုလျှင် ယွမ်ကျန်းဖုန်း၏ သိုင်းပညာပါရမီက အလွန်ပင်မြင့်မားသည်။
အကယ်၍ သူသာ အောက်ဘုံကမ္ဘာတွင် မကြီးပြင်းခဲ့ဘဲ လက်ရှိ ဝါဒတောင်ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့မည်ဆိုပါက သူ၏အောင်မြင်မှုများက ယခုထက် များစွာပိုမိုတောက်ပနေမည်မှာ အသေအချာပင်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူကြုံတွေ့ခဲ့ရသည့် ပတ်ဝန်းကျင်နှင့် အတွေ့အကြုံများက အတိုင်းအတာတစ်ခုအထိ ယွမ်ကျန်းဖုန်းကို နောက်သို့ ဆွဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူ၏အစွမ်းအစများအားလုံး အပြည့်အဝ ထုတ်ဖော်နိုင်မည့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ခြင်း မရှိတော့ပေ။
သို့သော် ကံကောင်းစွာဖြင့်ပင် သူက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာနှင့် ဝါဒတောင်ဂိုဏ်းတို့ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကာလအထိ အသက်ရှင်သန်ခွင့် ရခဲ့သည်။
မည်သည့် အနှောင့်အယှက်မှမရှိဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နိုင်ခဲ့သဖြင့် လူအများစု တစ်သက်လုံး မထိတွေ့နိုင်သည့် အမြင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပေသည်။
ထို့ကြောင့်ပင် သူက အတိတ်အတွက်နောင်တမရသလို ကံကြမ္မာကိုလည်း အပြစ်မတင်ခဲ့ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်ဂိုဏ်း၏ အမှောင်မိုက်ဆုံးသော ခေတ်ကာလများကို ဖြတ်သန်းခဲ့ရသူတစ်ဦးဖြစ်လေရာ သူ၏စိတ်နေစိတ်ထားက အလွန်ပင်တည်ငြိမ်သည်။
သူ၏ ဆရာဖြစ်သူ 'ကျန်းရှီလော့'၊ ဆရာဦးလေး 'ကျန်းဒေါင်ဂီ' အပါအဝင် အခြားသောခေတ်ပြိုင်များနှင့်ယှဉ်လျှင် သူက အလွန်ပင်ကံကောင်းသည်ဟု ဆိုရပေမည်။
ယွမ်ကျန်းဖုန်းက ပြုံးလိုက်ရင်း...
“ရှေ့ဆက်တိုးတက်ဖို့ဆိုတာတော့ မခက်တော့ဘူးပေါ့ ၊ ဒါပေမဲ့... ငါတို့ တာအိုဝါဒ ထွန်းကားပြန့်ပွားရေးဆိုတဲ့ အစီအစဉ်ကြီးနဲ့ယှဉ်လိုက်ရင် ငါ့ရဲ့ အောင်မြင်မှုက ပန်းတောင်ထဲမှာ ပန်းတစ်ပွင့် တိုးလာသလောက်ပါပဲ"
သူက ဆက်ပြောလိုက်သည်။
“တကယ်တော့ အနာဂတ်ကိုတည်ဆောက်ရမှာ မင်းတို့တွေပါ ၊ ဒီလိုနေရာမှာ ငါလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်"
ဖုန်းချီက...
“ကျွန်တော်တို့တာအိုဝါဒ တိုးတက်ထွန်းကားလာမယ့် အရိပ်အယောင်တွေလည်း ပိုပြီးသိသာထင်ရှားလာပါပြီ ၊ ဒီနှစ်ပိုင်းအတွင်းမှာပဲ တာအိုဝါဒကနေ တန်ခိုးစွမ်းအားရှင်တွေ အမြောက်အမြား ထွက်ပေါ်လာခဲ့တယ် ၊ ဆရာ နတ်ဘုရားတံခါးကိုတွန်းဖွင့်နိုင်ခဲ့သလို... မြောက်ဖေးတောင်ထွတ်၊ ကြာပန်းနီကမ်းပါးက ပိုးသားဧကရာဇ်လည်း မကြာခင်ကပဲ ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါ ရရှိပြီး သမ္မာတရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တယ် ၊ အခုဆို သူလည်း နက်ရှိုင်းနတ်ဘုရားအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ”
ယွမ်ကျန်းဖုန်း အံ့အားသင့်သွားပြီး...
“အိုး... ဟုတ်လား... ဒါက တကယ့်သတင်းကောင်းပဲ...”
သိုးလွိနန်းတော်မှ ယန်ကျန်းနှင့် မတွေ့ဆုံခင်ကတည်းက ရန်ကျောက်ကဲက ဖုယွင်ချီ၊ ချောင်ကျယ်တို့နှင့်အတူ 'ထိုက်ချင်' အဆက်အနွယ် ပညာရပ်များကို လေ့လာခဲ့ပြီး လျှို့ဝှက်နက်နဲသည့် ‘ခံစားချက်မျိုးကွဲကျင့်စဉ်' ကို ဖော်ထုတ်နိုင်ခဲ့သည်။
ထို့ကျင့်စဉ်ကြောင့်ပင် ပိုးသားဧကရာဇ် 'ဖုယွင်ချီ' ၏ ရှေ့ဆက်ရမည့်လမ်းကြောင်းက ပြန်လည်ပြီး ရှင်းလင်းဖြောင့်ဖြူးသွားခြင်းပင်။
ဤနှစ်များအတွင်း သူက အတော်လေး ကြိုးစားအားထုတ်ပြီး သူ၏သမီးနှစ်ယောက်အပေါ်တွင် ကိုယ်စီ သံယောဉ်ရှိကြသည့် ကိုယ်ပွားနှစ်ခု ဖန်တီးနိုင်ခဲ့သည်။
သံယောဇဉ်ရှိခြင်းနှင့် သံယောဇဉ်ကို မေ့ပျောက်ထားခြင်းက ခံစားချက်မဲ့ခြင်းနှင့် မတူညီပေ။
ထိုသို့ဖြင့် လမ်းမှန်သို့ပြန်ရောက်လာသည့် ပိုးသားဧကရာဇ်က ယခင်က ကျင့်ကြံခြင်းအဆင့်တက်ရန် ထိုက်ယိဟွာတိမ်တိုက်ကို လိုအချင်ခဲ့သည့် အနက်ရောင်ပိုးသားဧကရာဇ်ထက်ပင် ကျင့်ကြံခြင်းအဆင့် မြင့်မားသွားခဲ့ပေပြီ။
အစစ်အမှန် နတ်ဘုရားအဆင့်တွင်ရှိနေသည့် အခက်အခဲများအားလုံးကို ဖြေရှင်းပြီးနောက် ဖုယွင်ရှိက သမ္မာတရားကပ်ဘေးကို စိန်ခေါ်နိုင်ခဲ့သည်။
နောက်ဆုံး ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါကိုရရှိကာ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် နောက်ထပ် တန်ခိုးစွမ်းအားရှင်တစ်ပါး ထပ်မံပေါ်ပေါက်လာခဲ့သည်။
ယွမ်ကျန်းဖုန်းက...
"အင်း... ဒါဆိုရင် ငါလည်း ကြာပန်းနီကမ်းပါးကို သွားပြီး ဂုဏ်ပြုရမှာပေါ့"
ဖူအန်းစုက ခပ်ဖွဖွ ပြုံးလိုက်ပြီး...
“ဆရာ... မလောပါနဲ့ ၊ ပိုးသားဧကရာဇ်ကိုယ်တိုင် ဒီကိုလာဖို့ ရှိနေပါတယ်”
ပုံမှန်ဆိုလျှင် ဤသို့ ကြီးကျယ်ခမ်းနားသည့် ဝမ်းမြောက်စရာကိစ္စများကို လျှို့ဝှက်မထားဘဲ လူသိရှင်ကြားကြေညာခဲ့သည်ဆိုလျှင် ရန်ငြိုးရန်စရှိသော အင်အားစုမျာမှလွဲပြီး အခြားအင်အားစုများက ကာယကံရှင်ကို ကိုယ်တိုင်လာရောက် ဂုဏ်ပြုလေ့ရှိကြသည်။
အကယ်၍ မတူညီသော သိုင်းဂိုဏ်းနှစ်ခုမှ လူနှစ်ယောက် တစ်ချိန်တည်း နတ်ဘုရားအဆင့်သို့ တက်ရောက်မည်ဆိုလျှင်လည်း သူတို့အချင်းချင်း အပြန်အလှန်ဂုဏ်ပြုစကား ပါးကြစမြဲပင်။
တစ်ချိန်တည်းမှာပင် အခြားသိုင်းဂိုဏ်းများကလည်း သူတို့နှစ်ဦးလုံးဆီသို့ လူများစေလွှတ်ပြီး ဂုဏ်ပြုကြလေ့ရှိသည်။
သို့သော် တစ်ဖက်မှတန်ခိုးစွမ်းအားရှင်က ပိုးသားဧကရာဇ်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည်ဆိုလျှင် သိုင်းဂိုဏ်းအားလုံး၏အစဉ်အလာအရ ဝါဒတောင်၏ အသစ်စက်စက် အစစ်အမှန်နတ်ဘုရား ‘ယွမ်ကျန်းဖုန်း’ က ကြာပြန်းနီကမ်းပါးသို့ ကိုယ်တိုင်သွားရောက် ဂုဏ်ပြုရမည် ဖြစ်၏။
ယွမ်ကျန်းဖုန်းက ဖုယွင်ချီကို သွားရောက်ဂုဏ်ပြုရင်း တစ်ချိန်တည်းပင် အခြားသူများ၏ ဂုဏ်ပြုစကားကိုလည်း လက်ခံယူရမည်ဖြစ်သည်။
ဤသို့သော် ကြုံတောင့်ကြုံခဲအခြေအနေက ယခင်ကလည်း ရှိခဲ့ဖူးသဖြင့် လူတိုင်းက အစဉ်အလာအတိုင်း လိုက်နာကြရမည်သာပင်။
သို့ပေသိ ဖူအန်းစု၏ကားကြောင့် ယွမ်ကျန်းဖုန်း အံ့အားသင့်သွားရသည်။
လက်ရှိ ဝါဒတောင်အနေအထားက ကြာပန်းနီကမ်းပါးထက် အဆပေါင်းများစွာ သာလွန်နေသည်ဆိုသော်လည်း ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် ဝါဒတောင်က စည်းကမ်းမလိုက်နာဘဲ အနိုင်ကျင့်ဗိုလ်ကျတတ်သည့် သိုင်းဂိုဏ်းမျိုး မဟုတ်ပေ။
ထို့ကြောင့် ဤသို့သောကိစ္စမျိုးတွင် အစဉ်အလာများကို ချိုးဖောက်စရာ အကြောင်းမရှိပေ။
သို့ဖြစ်ရာ ဖုယွင်ချီက ကြာပန်းနီကမ်းပါးမှ ဝါဒတောင်သို့ ကိုယ်တိုင်လာမည်ဆိုလျှင် ဖြစ်နိုင်ခြေက တစ်ခုသာလျှင် ရှိသည်။
ဝါဒတောင်တွင် ကျင့်ကြံသူတစ်ယောက်က နက်ရှိုင်းနတ်ဘုရားအဆင့်ထက် ပိုမြင့်သည့်အဆင့်သို့ တက်ရောက်သွားခြင်းကြောင့် ဖြစ်သည်။
ယွမ်ကျန်းဖုန်း ခဏမျှစဉ်းစားပြီးသည်နှင့် သူ၏မျက်နှာထက် ဝမ်းသာပီတိအရိပ်အယောင်များ ပြည့်နက်သွားသည်။
“ဒါဖြင့်... ကျောက်ကဲများ...”
သူ့စကားမဆုံးခင်မှာပင် ဝါဒတောင်အနောက်ဘက် အခြားသော ကျောက်ဂူအိမ်တော်တစ်ခုဆီမှ ငါးရောင်ခြယ် မြူခိုးအလင်းတန်းများ ကောင်းကင်ယံသို့ ဝုန်းခနဲ ထိုးတက်သွားကြောင်း တွေ့မြင်လိုက်ရသည်။
တလိမ့်လိမ့်တက်လာသည့် ထိုမြူခိုးများက တောင်တန်းတစ်ခွင် လွှမ်းခြုံသွားသည်။
ထိုငါးရောင်ခြယ်မြူခိုးများက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အလား ပြင်ပလောကဆီသို့ပင် အရှိန်အဟုန်ဖြင့် ဆက်လက် ပျံ့နှံ့သွားလေတော့သည်။