အံ့သြတုန်လှုပ်ဖွယ်ရာ
Vol. 113 Ch. 1583
တောက်ပနေသော မြူခိုးများက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ တစ်ခုလုံးကို ဝါးမြိုရုံသာမက နယ်နိမိတ်များကိုပင် ကျော်လွန်ကာ ထျန်းစူးစကြာဝဠာအတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ထိုခဏတွင် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာနှင့် ဆက်နွှယ်နေသော အစွန်းရောက်ရှစ်ပါးကမ္ဘာ၊ သမုဒ္ဒရာကမ္ဘာနှင့် အခြားသော အောက်ဘုံကမ္ဘာများစွာသည်လည်း ကြီးမားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်သည့်အလား တုန်ခါသွားကြသည်။
အောက်ဘုံကမ္ဘာများရှိ လူသားများက ဘာဖြစ်သွားမှန်း နားမလည်နိုင်အောင် ဖြစ်ကြရသည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာရှိ လူသားတို့ကတော့ ခဏမျှသာ ထိတ်လန့်သွားပြီး ထိုမြူခိုးများ ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာက ဝါဒတောင် တည်ရှိရာနေရာဖြစ်ကြောင်း သိလိုက်သည်နှင့် ချက်ချင်းပင် အဖြေကို သိရှိသွားကြသည်။
ဝါဒတောင်တန်း ၊ ကျောက်စိမ်းကျောက်ဆောင်တွင်ရှိနေသော ဓားဧကရာဇ်'ယွဲ့ကျန့်ပေ' ၏ တည်ကြည်သော မျက်နှာထက်၌ ထူးခြားသော အပြုံးတစ်ခု ပေါ်လာသည်။
သူက ဝါဒတောင် ပင်မတောင်ထွတ်ဆီသို့ မျက်နှာမူကာ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
သူ၏ တပည့်အားလုံး၏မျက်နှာများသည်လည်း တည်ငြိမ်လေးနက်နေကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ဝမ်ဖူက ရှေ့ဆုံးမှ ဦးဆောင်ကာ ဝါဒတောင် ပင်မတောင်ထွတ်ဆီသို့ ဦးညွှတ်လိုက်သည်။
ပုံမှန်အားဖြင့် သူတို့က ရန်ကျောက်ကဲကို သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးအဖြစ် သတ်မှတ်ထားကြလေရာ ယခုကဲ့သို့ ထူးခြားဖြစ်စဉ် ကြုံတွေ့သည့်အခါ ဝမ်ဖူ၊ ချိုးကျားဟိုင်နှင့် တခြားသူများက အလေးအနက်ထားကာ တညီတညွတ်တည်း ဂုဏ်ပြုစကားဆိုလိုက်ကြသည်။
"ရန်ဧကရာဇ်... ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကို ရရှိပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...."
***
ကျင်းထင်တောင်ထက်တွင် ချောင်ကျယ် မတ်တတ်ရပ်လျှက် ရရှိသည်။
သူ့နောက်တွင် ထန်ယုံဟောင်၊ လုန်ဟန့်ဟွာ၊ မုကျွင်း၊ အရှေ့တောင်နတ်ဓားမယ်နှင့် အခြားသူများက ဝန်းရံလျက် ရှိနေကြသည်။
ကောင်းကင်ယံတစ်ခုလုံးအား ဖုံးလွှမ်းသွားသည့် တောက်ပသော မြူခိုးများကို စူးစိုက်ကြည့်ရင်း သူတို့ရင်ထဲမှ ခံစားချက်များက ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာရှိ အခြားသူများထက် ပို၍ ရှုပ်ထွေးလှသည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်ဂိုဏ်း၏ အစောဆုံးကာလများတွင်ပင် သူတို့က ထိတွေ့ဆက်ဆံခဲ့ကြခြင်းဖြစ်ပြီး ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့ တရှိန်ထိုး တိုးတက်လာပုံကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြသူများလည်း ဖြစ်သည်။
ဘာမှမဟုတ်သော သာမန်လူတစ်ယောက်ဘဝမှ သူရဲကောင်းတစ်ယောက် ဖြစ်လာသည်အထိ ဒဏ္ဍာရီတစ်ခု မွေးဖွားလာပုံကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ပင်။
ကျင်းထင်တောင်ထက်တွင် လူတိုင်းလက်ထဲ ဓားများကိုယ်စီကိုင်ထားလျှက် တည်ကြည်လေးနက်သော မျက်နှာများဖြင့် ဝါဒတောင် ပင်မတောင်ထွတ်ဆီသို့ ဦးညွှတ်လိုက်ကြသည်။
"ရန်ဧကရာဇ်... အမတချီစွမ်းအားငါးခုပေါင်းစည်းခြင်းကိုရရှိပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်..."
***
ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ ၊ တောင်ဘက်ကုန်းမြေ...။
ထိုနေရာတွင် အသစ်ပြန်လည်တည်ဆောက်ထားသော ဝူထုန်တောင်စောင်းရှိသည်။
ယခု ဝူထုန်တောင်စောင်း၏ လက်ရှိဂိုဏ်းချုပ် ဇာမဏီအော်မြည်သံ’မောက်ယွမ်ရှန်း’ က မြောက်ဘက်ကောင်းကင်ယံဆီသို့ ထိတ်လန့်အံ့သြသော အမူအရာဖြင့် လှမ်းကြည့်နေမိသည်။
တစ်လောကလုံးအား တောက်ပသည့်အလင်းတန်းများဖြင့် လွှမ်းခြုံထားသဖြင့် အရပ်မျက်နှာကိုပင် ကွဲကွဲပြားပြား တွေ့မြင်ရခြင်း မရှိတော့ပေ။
သို့သော် ဤအလင်းတန်းများက မြောက်ဘက်အရပ်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မောက်ယွင်ရှန်းကတော့ သိရှိနေသည်။
ထိုနေရာက ကောင်းကင်ဘုံကမ္ဘာ၏ အလယ်ပိုင်းကုန်းမြေ ၊ ဝါဒတောင်တည်ရှိရာ အရပ်မျက်နှာပင် ဖြစ်၏။
ဝါဒတောင်တွင် ရှိနေသော တန်ခိုးစွမ်းအားရှင်များအားလုံးကို ပြန်လည် စဉ်းစားကြည့်မည်ဆိုလျှင် ဤမျှကြီးမားသော လှုပ်ခတ်မှုကိုဖန်တီးနိုင်သူဆို၍ တစ်ဦးတစ်ယောက်သာ ရှိပေမည်။
ထိုသူက အတိတ်တစ်ချိန်တုန်းက ဝူထုန်တောင်စောင်းအား ကပ်ဘေးကျရောက်အောင် ဖန်တီးခဲ့သူ ဖြစ်သည်။
ထိုသူက ဝါဒတောင်အား လက်ရှိ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သူ ဖြစ်သည်။
ထိုသူက အတိုင်းအတာတစ်ခုအထိ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှင့် တာအိုဝါဒ ပြန်လည်ထွန်းကားရေးအတွက် အရေးအပါဆုံးသော ကျေးဇူးရှင်လည်း ဖြစ်သည်။
ပတ်ဝန်းကျင်အနေအထား တိုးတက်လာသဖြင့် ဝူထုန်တောင်စောင်းသည်လည်း ထိုအရှိန်အဟုန်ကို စီးနင်းကာ သူတို့၏ အင်အားများကို လျင်လျင်မြန်မြန် ပြန်လည် ကုစားနိုင်ခဲ့သည်။
ယခုဆိုလျှင် ယခင်ကထက်ပင် ပိုမိုသာလွန်သည့် အခြေအနေသို့ ရောက်ရှိလုနီးပါး ဖြစ်နေပေပြီ။
အတိတ်တစ်ချိန်က အငြိုးအတေးများအားလုံးမှာ ယခုတော့ မည်သူမှန်သည် ၊ မည်သူမှားသည်ကို ခွဲခြားနိုင်စွမ်းမရှိအောင် ဖြစ်သွားခဲ့ပေပြီ။
သို့ပေသိ တစ်ဖက်က လုံးဝခြားနားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားချိန်တွင် အခြားတစ်ဖက်ကတော့ မူလနေရာ၌သာ ကျန်ရစ်နေခဲ့သည်မှာ သံသယဝင်စရာမရှိခဲ့ပေ။
ရှေးဆိုရိုးတစ်ခုရှိပေသည်။
“နွေဦး၏ရနံ့က ဘယ်သောအခါမှ ထာဝရတည်မြဲခြင်းမရှိ” ဟူ၍။
ဖြစ်နိုင်သည်ကတော့ နောင်နှစ်ပေါင်း သောင်းနှင့်ချီပြီး ကုန်လွန်သွားချိန်တွင် သူတို့၏ သာယာဝပြောခဲ့သော ရွှေရောင်အချိန်များသည်လည်း အချိန်ဆိုသော ထူးဆန်းသည့်အရာအောက်တွင် မြှုပ်နှံခံရပေလိမ့်မည်။
လက်ရှိမှာတော့ မောက်ယွမ်ရှန်း သက်ပြင်းသာ ခပ်ဖွဖွချရင်း ဝါဒတောင်ဘက်သို့ ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
"ရန်ဧကရာဇ်... ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကို ရရှိပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်..."
***
ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်း နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ဝမ်းမြောက်စရာသတင်းအပြီးတွင် ဝါဒတောင်ဂိုဏ်းသားများအတွက် နောက်ထပ် အံ့အားသင့်ဖွယ်ရာတစ်ခု ထပ်မံရောက်ရှိလာခဲ့လေည်။
ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် တောက်ပသော မြူခိုးများကို ငေးကြည့်ရင်း ရင်သပ်ရှုမောဖွယ်မြင်ကွင်းကြောင့် လူတိုင်း မှင်တက်နေမိကြသည်။
သတိပြန်ဝင်လာချိန်မှာတော့ ကျား ၊ မ ၊ လူငယ် ၊ လူရွယ် ၊ သက်ကြီးရွယ်အိုမရွေး အားလုံးက တညီတညွတ်တည်း ကြွေးကြော်အော်ဟစ် အောင်ပွဲခံကြလေသည်။
ထိုအချိန်မှာပင် ကောင်းကင်ထက်၌ ခရမ်းရောင်ချီများက တိမ်တိုက်ပင်လယ်သဖွယ် မိုင်ပေါင်းသောင်းနှင့်ချီပြီး ဖြန့်ကျက်ဝင်ရောက်လာသည်။
သို့သော် ငါးရောင်ခြယ်မြူခိုးများ၏ တောက်ပမှုအောက်တွင် ထိုခရမ်းရောင်ချီများက မှေးမှိန်သွားပြီး တိမ်တိုက်ပင်လယ်ကြီးတစ်ခုလုံးမှာလည်း ငါးရောင်ခြယ်အလင်းတန်းများအဖြစ် ကူးစက်ပြောင်းလဲသွားသည်။
တိမ်တိုက်များ ပျံ့လွင့်သွားချိန်မှာတော့ လူအချို့၏ ပုံရိပ်များ ထွက်ပေါ်လာသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူက ချောမောခန့်ညားပြီး ထူးခြားသောအရှိန်အဝါရှိသည့် လူရွယ်တစ်ယောက်ဖြစ်သည်။
အခြားသူမဟုတ် ၊ လောလောလတ်လတ်မှာပင် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်သွားသည့် “ပိုးသားဧကရာဇ်” ပင် ဖြစ်သည်။
သူ့နောက်တွင် ဖုထင်၊ မန်ဝမ်၊ ဟယ်ရှီးရှင်နှင့် တခြားသူများ လိုက်ပါလာကြသည်။
လက်ရှိတွင် ကြာပန်းနီကမ်းပါး၏ အင်အားကလည်း အံ့မခန်းဖြစ်လေသည်။
ဟယ်ရှီးရှင်က ယွမ်ကျန်းဖုန်းထက် အနည်းငယ်စော၍ နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ပြီး 'ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်' သို့ ရောက်ရှိခဲ့သည်။
"ကြာပန်းနီဒေဝီ" ဟု တင်စားခံရသော 'ဖုထင်' ကတော့ ဟယ်ရှီးရှင်ထက်ပင် ပို၍စောစီးစွာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူဖြစ်သည်။
ဖုထင်နှင့်အတူ 'ကြာပန်းနီကမ်းပါး၏ အလှနတ်သမီးနှစ်ဖော်' ဟု နာမည်ကျော်သော 'မန်ဝမ်' မှာလည်း သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဖုယွင်ချီ၏ သမီးနှစ်ယောက်လုံးက အလှအပရော၊ ပါရမီပါ ပြည့်စုံလွန်းလှသဖြင့် လူအများ၏ လေးစားအားကျမှုကိုခံယူရသလို အိမ်ထောင်ဖက်အဖြစ် ကမ်းလှမ်းလိုသူများမှာလည်း မြောက်ဖေးတောင်ထွတ်တစ်ခုလုံးအား ဖိသိပ်ပစ်နိုင်လောက်သည်အထိ များပြားလှသည်။
ယခုအချိန်မှာတော့ ဖုယွင်ချီ၏ ဦးဆောင်မှုနှင့်အတူ ကြာပန်းနီကမ်းပါးမှလူအားလုံး တည်ကြည်လေးနက်သော အမူအရာဖြင့် တိမ်တိုက်ပေါ်မှ ဆင်းသက်လာကြသည်။
ထို့နောက် သူတို့အားလုံး ငါးရောင်ခြယ်မြူခိုးများ ဖုံးလွှမ်းနေသည့် ဝါဒတောင်ဆီသို့ ဦးညွှတ်လိုက်ကြပြီး...
"ရန်ဧကရာဇ်... ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကို ရရှိပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
ထိုအချိန် ဝါဒတောင်အနောက်ဘက်ရှိ ကျောက်ဂူအိမ်တော်တံခါး ဖွင့်လှစ်သွားပြီး ရန်ကျောက်ကဲက ခန့်ညားစွာပင် အပြင်သို့လှမ်းထွက်လာသည်။
သူက အရင်ဆုံး အဝေးတွင်ရှိနေသည့် ရန်တိနှင့် ယွမ်ကျန်းဖုန်းကို ဦးညွှတ်ဂါရဝပြုလိုက်၏။
ယခုကဲ့သို့ ထူးခြားကိစ္စရပ်မျိုးတွင် ရန်တိနှင့် ယွမ်ကျန်းဖုန်းတို့အုပ်စုသည်လည်း တည်ကြည်လေးနက်မှု ၊ ဝမ်းမြောက်မှုတို့နှင့်အတူ ဂါရဝပြန်ပြုကြလေသည်။
ထို့နောက် ဝါဒတောင်ဂိုဏ်းသားများက ဖုယွင်ချီ၊ ဖုထင်၊ မန်ဝမ်နှင့် တခြားသူများကို နွေးထွေးစွာ ကြိုဆိုကြသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
"အကြီးအကဲ’ဖု’... သမ္မာတရားကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"
ဖုယွင်ချီက...
“ကျုပ် ဒီလိုကျော်ဖြတ်နိုင်တာ ကျောက်ကဲနဲ့ ချောင်ကျယ်တို့ ကူညီပေးလို့ပါ ၊ မဟုတ်ရင် အချိန်တွေ ဘယ်လောက်ကုန်မလဲ မသိနိုင်ဘူး”
ရန်ကျောက်ကဲက...
“အရမ်းလည်း အားနာမနေပါနဲ့ အကြီးအကဲ’ဖု’”
သူက ဆက်ပြောလိုက်သည်။
“တကယ်တော့ ကျုပ်တို့ လမ်းမှန်တာအိုဝါဒအတွက် ထိုက်ချင်အဆက်အနွယ်က နက်ရှိုင်းနတ်ဘုရားတစ်ပါး ထွက်ပေါ်လာတာဟာ လူတိုင်းအတွက် ဝမ်းမြောက်စရာကိစ္စပဲလေ"
ဖုယွင်ချီက သက်ပြင်းချရင်း...
“ကျုပ်ကတော့ အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်နေတုန်းပဲ ၊ အရင်ကလည်း ဒီလိုပဲ ၊ အခုလည်း မပြောင်းလဲသေးဘူး ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုရောင်းရင်း'ကောင်း' လိုမျိုး တည်ငြိမ်မှုမရှိဘူး။ ရှေ့ဆက်ရမယ့် လမ်းကြောင်းမှာလည်း ဘေးထွက်ဆိုးကျိုးတွေကို သတိထားရင်း တရွေ့ရွေ့ လျှောက်လှမ်းရဦးမှာပါ”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့သားအဖကျတော့ နဂိုကတည်းက အခြေခံအုတ်မြစ် ခိုင်မာကြတယ် ၊ အချိန်တန်လို့ အရှိန်ရလာရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က တဟုန်ထိုး တက်လှမ်းသွားမှာပဲ ၊ ဒါက သိပ်ကို အံ့သြစရာကောင်းလွန်းပါတယ်”
လက်ရှိ ထျန်းစူးစကြာဝဠာအတွင်းမှ ကမ္ဘာများဖြစ်သော ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတို့တွင် နက်ရှိုင်းနတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံးသူများမှာ ဖုယွင်ချီအပြင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကောင်းရွှယ်ပေါ်၊ လုန်ရွှယ်ကျီး တို့ ရှိကြသေးသည်။
လုန်ရွှယ်ကျီးက ပါရမီထူးခြားသူဖြစ်ပြီး သူ၏ဓားသိုင်းစွမ်းရည်က အတိုင်းထက်အလွန် မြင့်မားသည်။
တူညီသည့်ကျင့်ကြံခြင်းအဆင့် ရှိသူများထဲတွင် သူနှင့် တိုက်ခိုက်ရေးစွမ်းရည် ယှဉ်နိုင်သူ အလွန်ရှားပါးသည်။
သို့ပေသိ တစ်ဖက်မှာတော့ သူ၏ကျင့်ကြံခြင်း အရှိန်အဟုန်က ရန်တိ၊ နျဲ့ကျင်းရှန်၊ ယွီယဲ့နှင့် ချန်ချန်းဟွာ တို့လောက် လျှင်မြန်ခြင်း မရှိပေ။
အထူးသဖြင့် သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အဆင့်တက်ရန် ပို၍ခက်ခဲသည်။
လက်ရှိတွင် သူက အစစ်အမှန်နတ်ဘုရားအဆင့် အထွတ်ထိပ်တွင် ရှိနေသော်လည်း နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လာရန် လိုအပ်ချက်များစွာ ရှိနေသေးသည်။
'ကောင်းရွှယ်ပေါ်' ကတော့ လူသားအထွတ်ထိပ်အဆင့်မှာ ရှိစဉ်ကတည်းက နှစ်ပေါင်းထောင်နှင့်ချီပြီး ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း ပြုလုပ်ခဲ့သဖြင့် သူ၏အခြေခံအုတ်မြစ်က အလွန်ပင် ခိုင်မာလှသည်။
ထို့ကြောင့် သူ ဓားထုတ်လိုက်သည်နှင့် နတ်ဘုရားလူသားကပ်ဘေးကို ချက်ချင်းကျော်ဖြတ်နိုင်ခဲ့ပြီး နတ်ဘုရားတံခါးကို တွန်းဖွင့်ကာ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူက အချိန်ကြာမြင့်စွာ ဓားကိုကျင့်ကြံထားသဖြင့် ငြိမ်သက်ဧကရာဇ်၊ ဟုတ်တိဧကရာဇ်၊ ဖုယွင်ချီနှင့် လုန်ရွှယ်ကျီးတို့ထက် နက်ရှိုင်းနတ်ဘုရားအဆင့်နှင့် ပိုပြီး နီးစပ်ခဲ့သည်။
သို့ပေသိ ကောင်းရွှယ်ပေါ်က အစစ်အမှန်နတ်ဘုရားအဆင့်မှာလည်း သူ၏ဓားကိုဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ပြီး သမ္မာတရားကပ်ဘေးကို စိန်ခေါ်ရန်အတွက် အလောတကြီး မလုပ်ခဲ့ပေ။
ထို့ကြောင့် သူက ဖုယွင်ချီနောက်တွင် ကျန်နေခဲ့ခြင်း ဖြစ်သည်။
ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့၏ ဖခင်ဖြစ်သူ 'လုန်ရှင်းချွမ်' ကတော့ သူ၏ထက်မြက်လှသည့် ဓားအရှိန်အဝါကို ထုတ်ဖော်ပြသခဲ့ပြီး 'မူလသမ္မာတရားကပ်ဘေး' ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ယခုဆိုလျှင် ချီစွမ်းအားငါးမျိုးပေါင်းစည်းခြင်းကို ရရှိခဲ့ပြီး ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေပြီ။
သူက အတိတ်တစ်ချိန်က ကောင်းချင်းရွှမ်ကို ရှုံးနိမ့်ခဲ့သော်လည်း လက်ရှိမှာတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို လွှမ်းမိုးထားနိုင်သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
လုရှင်းချွမ်နှင့် ရန်တိတို့နောက်မှာတော့ ရန်ကျောက်ကဲသည်လည်း ချီစွမ်းအားငါးမျိုးပေါင်းစည်းခြင်းကို ရရှိခဲ့သည်။
သူက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် ထွက်ပေါ်လာသည့် တတိယမြောက် ထျန်းကျွင်းတစ်ပါး ဖြစ်လာခဲ့သည်။
ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ်တို့နှင့်ယှဉ်လျှင် ရန်ကျောက်ကဲနှင့် ရန်တိတို့၏ အံ့မခန်းတိုးတက်မှုနှုန်းက လူတိုင်းကို မှင်တက်စေပြီး အလွန်တရာ အံ့သြတုန်လှုပ်ခဲ့ကြရလေသည်။