← Chapters

လူစုခွဲပြီးလှုပ်ရှားခြင်း

Vol. 113 Ch. 1584

လူစုခွဲပြီးလှုပ်ရှားခြင်း

Vol. 113 Ch. 1584

ရန်ကျောက်ကဲ 'မူလသမ္မာတရားကပ်ဘေး' ကို အောင်မြင်စွာကျော်ဖြတ်ပြီး ချီစွမ်းအားငါးမျိုးပေါင်းစည်းခြင်းဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာအတွက် အခမ်းနားဆုံးသော အခိုက်အတန့် ဖြစ်ခဲ့သည်။

ဖုယွင်ချီ ဦးဆောင်သော ကြာပန်းနီကမ်းပါးသာမက အခြားသော အင်အားစုများသည်လည်း ရန်ကျောက်ကဲကို ဂုဏ်ပြုရန်အတွက် ဝါဒတောင်သို့ စုရုံးရောက်ရှိလာကြသည်။

သတင်းကြားကြားချင်းပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကျောက်စိမ်းစမ်းချောင်းကောင်းကင်ဘုံတို့သည်လည်း ဂုဏ်ပြုလွှာများ၊ လက်ဆောင်ပဏ္ဏာများနှင့်အတူ ကိုယ်စားလှယ်အမြောက်အမြားကို စေလွှတ်ခဲ့ကြသည်။

ထိုစဉ် ရန်ကျောက်ကဲ နားထဲတွင် ရယ်မောသံနှင့်အတူ ဂုဏ်ပြုစကားတစ်ခွန်း ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"ရန်ဧကရာဇ်... ချီစွမ်းအားငါးမျိုးပေါင်းစည်းပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်ရှင်"

ဖန်းယွင်ရှန်းက ခပ်နောက်နောက်လေး ပြောလိုက်ခြင်းပင်။

ရန်ကျောက်ကဲက ချက်ချင်းပင် ပြုံးလျက် အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်သည်။

"တခြားသူတွေဆိုရင် ထားပါတော့... မင်းကပါ အဲဒီဘွဲ့နာမည်နဲ့ ခေါ်နေတာလား ၊ ဒါဆို ငါကလည်း စည်းကမ်းအတိုင်း မင်းကို ကောင်းကင်ဘုံအရှင်လို့ ပြန်ခေါ်ရမှာပေါ့”

ဖန်းယွင်ရှန်းက သာယာနာပျော်ဖွယ် အသံလေးဖြင့် ရယ်မောရင်း...

“သိုင်းသူတော်စင်အဆင့်တောင် မရောက်သေးခင်ကတည်းက ကျွန်မက ရှင့်ကို အဲဒီလိုပဲခေါ်ခဲ့တာလေ”

မဟာကပ်ဘေးမတိုင်ခင်ကတည်းက လူတိုင်းလိုက်နာခဲ့ကြသည့် အစဉ်အလာများရှိပေသည်။

အစစ်အမှန်နတ်ဘုရားအဆင့် အောက်ရှိသူကို 'အုပ်စိုးရှင်' ဟု မ‌ခေါ်ဆိုရသလို နက်ရှိုင်းနတ်ဘုရားအဆင့် အောက်ရှိသူကိုလည်း ဧကရာဇ် ဟု မခေါ်ဆိုရပေ။

ဤစည်းကမ်းကို ဖောက်ဖျက်သူများသည် အခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်သလို အမှန်တကယ် 'ဧကရာဇ်' သို့မဟုတ် 'အုပ်စိုးရှင်' ဘွဲ့ ရထားသူတို့၏ အမျက်ဒေါသကိုလည်း နှိုးဆွပေးသကဲ့သို့ ဖြစ်စေနိုင်သည်။

အတိတ်ကာလ 'မျောလွင့်ဝိညာဉ်ကမ္ဘာ' သို့ သွားရောက်ခဲ့စဉ်တွင် ရန်ကျောက်ကဲက ထိုကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သဖြင့် ‘ရန်ဧကရာဇ်’ ဟု ခေါ်ဆိုခဲ့ကြသည်။

မဟာကပ်‌ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဝါဒ ပြန်လည်ထူထောင်ချိန်တွင် အောက်ဘုံကမ္ဘာများမှပေးအပ်သည့် ဘွဲ့အမည်များကို ထိုကမ္ဘာများတွင်သာ အသိအမှတ်ပြုကြသည်။

အထက်ဘုံကမ္ဘာမှလူများ သိရှိသွားပါကလည်း ဟာသတစ်ခုအဖြစ်သာ သဘောထားကြပြီး မဟာကပ်ဘေးမတိုင်မီကကဲ့သို့ အလေးအနက်ထားကာ အပြစ်မယူကြပေ။

သို့သော် ယခုတော့ "ရန်ဧကရာဇ်" ဟူသော ဘွဲ့အမည်က ရန်ကျောက်ကဲ၏ လက်ရှိအဆင့်အတန်းနှင့် အမှန်တကယ်ပင် ကိုက်ညီသွားပေပြီ။

ယနေ့တွင် ရန်ကျောက်ကဲက နက်ရှိုင်းနတ်ဘုရားအဆင့်ကို ကျော်လွန်ကာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး 'ထျန်းကျွင်း' နယ်ပယ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အတိတ်ကို ပြန်ကြည့်လျှင် နှစ်ပေါင်းတစ်ရာကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

သာမန်လူသားတစ်ဦးအတွက်တော့ ဤအချိန်မှာ အလွန်ပင် ရှည်လျားလှသော်လည်း သိုင်းကျင့်ကြံသူများအတွက်မူ သတိပင်မထားမိလိုက်ဘဲ အချိန်များ ကုန်ဆုံးသွားမည် ဖြစ်သည်။

ထိုစဉ်က 'မျောလွင့်ဝိညာဉ်ကမ္ဘာ' တွင် မည်သူမျှ သိုင်းသူတော်စင်အဆင့်သို့ပင် မရောက်ရှိသေးသော်လည်း ရန်ကျောက်ကဲက တစ်နေ့တွင် "ရန်ဧကရာဇ်" ဟူသော ဘွဲ့နှင့် ထိုက်တန်သူ ဖြစ်လာလိမ့်မည်ဟု ဖန်းယွင်ရှန်းက ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့သည်။

ယခုတော့ ထိုအချိန်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပေပြီ။ သို့သော် "ရန်ဧကရာဇ်" ဆိုသည်မှာ အစပျိုးရုံမျှသာ ရှိပါသေးသည်။

"မင်းက ငါ့ထက်တောင် ပိုမြန်သေးတယ်လေ..."

ရန်ကျောက်ကဲက ရယ်မောရင်း ပြောလိုက်သည်။

ဖန်းယွင်ရှန်းက...

“ကျွန်မက တိုက်ဆိုင်မှုတွေ ရှိသွားလို့ပါ ၊ အဲဒီအတွက်ပဲ အနာဂတ်မှာ ကြီးမားတဲ့ကပ်ဘေးတစ်ခုက ကျွန်မကို စောင့်ကြိုနေမှာလေ”

ထိုကပ်ဘေးကို ရင်ဆိုင်ရမည့်သူမှာ သူမကိုယ်တိုင်မဟုတ်သည့်အလား ဖန်းယွင်ရှန်း၏လေသံက အေးဆေးတည်ငြိမ်နေသည်။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

"အခြေအနေက သူရဲကောင်းတွေကို ဖန်တီးသလို၊ သူရဲကောင်းတွေကလည်း အခြေအနေကို ဖန်တီးတတ်ကြစမြဲပါ ၊ သူရဲကောင်းတွေက ကံတရားကို အားမကိုးဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ၊ အနာဂတ်ကိစ္စတွေကတော့ ဘယ်သူမှ သေချာမသိနိုင်ဘူးလေ ၊ အခုချိန်မှာ အကောင်းဆုံး ကြိုးစားပြီး စိတ်ကိုအေးအေးထားဖို့ပဲ လိုတယ်"

ဖန်းယွင်ရှန်းက...

“ဒါဖြင့် အခုလောလောဆယ် ကျွန်မတို့လုပ်စရာရှိတာကို အကောင်းဆုံး ဆက်လုပ်ကြတာပေါ့”

ရန်ကျောက်ကဲ ပြုံးလိုက်ရင်း...

"ဟုတ်တယ်... ဒါက ငါတို့အဆင့်အတန်း မြင့်မားသွားဖို့အတွက် လှေကားထစ်ပဲ ၊ ဒီအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့ ကမ္ဘာသစ်တစ်ခုက ငါတို့ကို ကြိုဆိုနေလိမ့်မယ် ၊ ငါတို့ကိုယ်ပိုင် ခေတ်သစ်တစ်ခုကို တည်ဆောက်နိုင်လိမ့်မယ် ၊ မဟာကပ်ဘေးအပြီး နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ လမ်းမှန်တာအိုဝါဒရဲ့ အရှိန်အဟုန်ကို ပြောင်းလဲနိုင်ဖို့က ဒီအချက်ပေါ်မှာပဲ မူတည်နေတယ် ၊ မိုင်ပေါင်းသောင်းချီတဲ့ ခရီးစဉ်မှာ ဒါဟာ ပန်းတိုင်ဆီကို လှမ်းရမယ့် နောက်ဆုံးခြေလှမ်းပဲ"

ဂုဏ်ပြုပွဲအခမ်းအနား ပြီးဆုံးသွားသည့်တိုင် ဧည့်သည်အချို့က မပြန်ကြသေးပေ။

ကောင်းချင်းရွှမ် ၊ လုန်ရှင်းချွမ်နှင့် အခြားသူများ ဖြစ်ကြသည်။

ယခု ထျန်းစူးစကြာဝဠာ၏ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များအားလုံး ခန်းမတစ်ခုအတွင်း စုရုံးရောက်ရှိနေကြပြီး နောက်ထပ်လှုပ်ရှားမှုများအတွက် စတင်စီမံကိန်း ချနေကြလေသည်။

တစ်ချိန်တည်းမှာပင် ထျန်းစူးစကြာဝဠာ အပြင်ဘက်၌ ဗုဒ္ဓဘာသာကျွမ်းကျင်သူများနှင့် နတ်မိစ္ဆာမျိုးနွယ်မှ မဟာသူတော်စင်များက လမ်းမှန်တာအိုဝါဒကို နောက်ထပ်တစ်ကြိမ် ဝိုင်းရံပိတ်ဆို့ရန် ပြင်ဆင်နေကြသည်။

လူတိုင်းက ၄၉ နှစ်တာ အချိန်အပိုင်းအခြားကို အသေအချာ စောင့်ကြည့်နေကြခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်များအတွင်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသူများသည် ထျန်းစူးစကြာဝဠာကို ရှာဖွေရာတွင် တခါတရံ အရှိန်မြှင့်လိုက်၊ တခါတရံ အရှိန်လျှော့လိုက်ဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ထျန်းစူးစကြာဝဠာအတွင်းရှိ လူများကလည်း လှုပ်ရှားမှုများကို လျှော့ချထားပြီး စကြာဝဠာအတွင်းမှ အပြင်သို့ ထွက်ခွာခြင်းကို ကန့်သတ်ထားသဖြင့် ရန်သူများအတွက် ထျန်းစူးစကြာဝဠာ၏ တည်နေရာအတိအကျကို ရှာဖွေရန် ခက်ခဲနေခဲ့သည်။

သို့သော် ယခုအခါ ၄၉ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသူများက အသံတိတ် "ပူးပေါင်းဆောင်ရွက်" လာကြသည်။

သူတို့က လမ်းမှန်တာအိုဝါဒအပေါ် ဖိအားပေးမှုနှင့် လိုက်လံနှောင့်ယှက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာကြပြီး ရန်ကျောက်ကဲနှင့် အခြားသူများကို အကျပ်အတည်းဖြစ်အောင် ဖန်တီးကာ နတ်ဘုရားအဆုံးသတ်ဓားကို ရှာဖွေစေရန်အတွက် တွန်းအားပေးကြိုးပမ်းလာကြသည်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ စစ်ပွဲမှာလည်း မပြီးဆုံးသေးဘဲ နောက်ထပ် နှစ်တစ်ရာစစ်ပွဲကို ပြန်လည်ဆင်နွှဲနေကြသည့်အလားပင် ဖြစ်သည်။

ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်တက်ပြီးသည်နှင့် မငြိမ်းသောမီးအိမ်ရှောင်းဟောင်းဗုဒ္ဓ၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသူများထံမှ ကြီးမားသော "လက်ဆောင်" တစ်ခုကို လက်ခံရရှိလိုက်လေသည်။

ပင်လယ်ငြိမ်သက်ပုလဲပုလဲ ၂၄ လုံးသည် ကောင်းကင်ဘုံ ၂၄ ခုအဖြစ် ပြောင်းလဲသွားပြီး ထျန်းစူးစကြာဝဠာကို ဝိုင်းရံလိုက်ကြသည်။

သို့သော် ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောက်တွင် အဂ္ဂိရတ်ခန်းမက ပုလဲများ၏ အစွမ်းအပြည့်အဝ မထုတ်ဖော်နိုင်ခင်မှာပင် လွတ်မြောက်သွားခဲ့ပြီး ရန်သူများကို မျက်ခြေဖြတ်နိုင်ခဲ့သည်။

"ပင်ပန်းသွားပြီ ဂိုဏ်းတူအစ်ကိုရွှီ..."

ရန်ကျောက်ကဲက အပြင်မှ ပြန်လည်ရောက်လာသော ရွှီဖေးကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ယခုအကြိမ်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူတို့၏တည်နေရာကို ရှာဖွေနိုင်ခဲ့ပြီး ထျန်းစူးစကြာဝဠာကို ဝိုင်းရံပိတ်ဆို့နိုင်လုနီးပါး ဖြစ်ခဲ့ရခြင်းမှာ ရွှီဖေး အပြင်သို့ထွက်သွားသောကြောင့် ဖြစ်၏။

သို့သော် ဤကိစ္စများအားလုံးက ရန်ကျောက်ကဲ တံခါးပိတ်မကျင့်ကြံခင် အားလုံးနှင့်တိုင်ပင်ပြီး ဆုံးဖြတ်ထားသော အစီအစဉ်ဖြစ်၏။

ပုံမှန်အားဖြင့် ၄၉ နှစ်တာကာလ နီးကပ်လာပြီဖြစ်လေရာ လမ်းမှန်တာအိုဝါဒအနေဖြင့် တစ်စုံတစ်ရာသော အစီအစဉ်ကို လုပ်ဆောင်နေရမည် မဟုတ်ပါလား။

အကယ်၍ သူတို့ဘက်မှ မည်သည့်စွန့်စားမှုမှမလုပ်ဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေမည်ဆိုပါက ရန်သူ့ဘက်မှ သံသယဝင်သွားနိုင်သည်။

ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် သူတို့၏နောက်ဆက်တွဲလှုပ်ရှားမှုများအတွက် အခြေခံအုတ်မြစ်ချရန် ပြင်ပလောကနှင့် ပြန်လည်ဆက်သွယ်ရမည် ဖြစ်၏။

ရွှီဖေးက...

"ပြင်ဆင်မှုတွေ အားလုံးလုပ်ပြီးပြီ"

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...

"ဒါဆို စလိုက်ကြရအောင်"

ထို့နောက်က ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမနှင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ထိန်းချုပ်ခွင့်အား သူ၏မိခင် ရွှယ်ချူးချင်ထံ လွှဲပြောင်းပေးလိုက်သည်။

ဤသို့ပြုလုပ်သည်က သူ ထျန်းစူးစကြာဝဠာမှ ထွက်ခွာသွားချိန်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဝိုင်းရံမှုကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ရန်အတွက် ဖြစ်သည်။

ရွှယ်ချူးချင်က နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးသည်မှာ ကြာပြီဖြစ်သလို ကျင့်ကြံခြင်းအဆင့်လည်း တည်ငြိမ်နေပြီ ဖြစ်၏။

ထို့ပြင် သူမက အစီအရင်ပညာအလွန်တော်ပြီး အဂ္ဂိရတ်ခန်းမအကြောင်း ကျွမ်းကျင်မှုမှာလည်း ရန်ကျောက်ကဲပြီးလျှင် ဒုတိယပင် ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက သူမထံသို့ စိတ်ချလက်ချ လွှဲပြောင်းပေးခဲ့ခြင်းပင်။

ရန်ကျောက်ကဲသည် 'နတ်ဘုရားအဆုံးသတ်ဓား' ကို ရှာဖွေရန်အတွက် 'တောက်ရှင်ထျန်းကျွင်း' ၏ အကြွင်းအကျန်များမှတဆင့် အစီအရင်လုပ်ဆောင်ရန် အလောတကြီး မလုပ်ခဲ့ပေ။

သူက ရန်တိ၊ ရွှီဖေး၊ ကောင်းချင်းရွှမ်တို့နှင့်အတူ ထျန်းစူးစကြာဝဠာထဲမှ ထွက်ခွာလာခဲ့သည်။

ထို့နောက် သူတို့အားလုံး လမ်းခွဲလိုက်ကြ၏။

ဖန်းယွင်ရှန်းသည်လည်း ရန်ကျောက်ကဲ၏ မျက်လုံးထဲမှ ယာယီထွက်ခွာလိုက်ပြီး အခြားသော တာအိုနတ်ဘုရားများကဲ့သို့ပင် ဟင်းလင်းပြင်ထဲ၌ ကိုယ်ယောင်ဖျောက် ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲတို့အုပ်စု လမ်းခွဲလိုက်ပြီး အဆုံးမဲ့ပြင်ပဗလာနယ်ထဲတွင် ပျောက်ကွယ်သွားချိန် အခြားသောနေရာများတွင်လည်း လျှို့ဝှက်လှုပ်ရှားမှုများ ရှိလာခဲ့သည်။

အဂ္ဂိရတ်ခန်းမက သူတို့၏ ပိုက်စိပ်တိုက်ရှာဖွေမှုထဲမှ နောက်တစ်ကြိမ် လွတ်မြောက်သွားသော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ပေ။

သူက အေးဆေးစွာပင် အနောက်ဘက်သူတော်စင်ဘုံသို့ ပြန်သွားလေသည်။

ကွမ်ယင်ဗောဓိသတ္တက သက်ပြင်းချရင်း...

“အချိန်တန်ပြီပဲ... မင်းရဲ့အစီအစဉ် အောင်မြင်သွားပုံရတယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျက်...

"ဒီအထဲမှာ ကံတရားတွေ အများကြီး ပါဝင်ပတ်သက်နေတော့ အရာအားလုံးက ထင်သလို ဖြစ်မလာနိုင်ပါဘူး ၊ ငါကတော့ ငါလုပ်နိုင်သမျှ ပြင်ဆင်မှုတွေကိုပဲ လုပ်ထားတာပဲ ရှိတာပါ”

ကွမ်ယင်ဗောဓိသတ္တက ခေါင်းခါယမ်းလိုက်ရင်း...

"ဒီကိစ္စက စန်းချင်း(၃)ပါး အဆက်အနွယ်နဲ့ ပတ်သက်နေတာမို့ ငါတော့ မပါဝင်ချင်ဘူး ၊ မင်းဆန္ဒရှိတဲ့အတိုင်းသာ ဆက်လုပ်လိုက်ပါ”

ထို့နောက် သူက လက်အုပ်ချီလိုက်ပြီး လှည့်ထွက်သွားလေသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကလည်း ပြန်လည်လက်အုပ်ချီကာ ဂါရဝပြုရင်း ပြုံးလိုက်၏။ ထို့နောက် သူက အနောက်ဘက်သူတော်စင်ဘုံ ဗဟိုချက်ရှိ ဗုဒ္ဓနယ်မြေဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။

"တပည့်တော် ငရဲကိုးထပ်နဲ့ တွေ့ဆုံခွင့် ရချင်ပါတယ် ၊ ဒါကြောင့် အတားအဆီးတွေကိုကျော်ဖြတ်ဖို့ ကိုယ်ပွားတစ်ခု ဖန်တီးခွင့်ပေးပါ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်အုပ်ချီလျက် လျှောက်တင်လိုက်သည်။

ဗုဒ္ဓနယ်မြေအတွင်းမှ အစိမ်းရောင်ကြာပန်းတစ်ပွင့်သည် တိတ်ဆိတ်စွာ ပျံသန်းထွက်ပေါ်လာပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရှေ့တွင် ဆင်းသက်လာသည်။

ရှေးဟောင်းဗုဒ္ဓက အစိမ်းရောင်ကြာပန်းကို သိမ်းဆည်းလိုက်ပြီး အော်မီတော်ဖော်ဗုဒ္ဓကို ကျေးဇူးတင်စကားဆိုကာ ချက်ချင်းပင် ထွက်ခွာသွားသည်။

ငရဲကိုးထပ်၏ တည်နေရာမှာ သိုးလွိနန်းတော်ကဲ့သို့ လျှို့ဝှက်နက်နဲလွန်းသည်မဟုတ်ပေ။

အော်မီတော်ဖော်ဗုဒ္ဓ၏ လမ်းညွှန်မှုမပါသည့်တိုင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မည်သည့်နေရာသို့ သွားရမည်ကို သိရှိနေပြီးသားပင်။

တကယ်တော့ သူ့အနေဖြင့် ငရဲကိုးထပ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားနေစရာပင် မလိုပေ။

သူက အနောက်ဘက်သူတော်စင်ဘုံမှ ထွက်ခွာလာပြီးနောက် ဗလာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်ဖြင့်အာရုံပြုလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းထက်တွင် ထွန်းလင်းနေသော ဗုဒ္ဓအလင်းစက်ဝန်းအတွင်းမှ မီးလျှံများ တုန်ခါသွားသည်။

ထိုမီးလျှံမှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး တစ်ခဏအအတွင်းမှာပင် တောက်ပလင်းထိန်သွားသည်။

ထိုတောက်ပသည့်အလင်းတန်းများ စုစည်းသွားပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရှေ့တွင် အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

အဘိုးအိုက...

“မတွေ့တာကြာပြီပဲ... ဒီနေ့ ဘာကိစ္စရှိလို့ ကျုပ်နဲ့တွေ့ဖို့ ဆုံးဖြတ်ရတာလဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ရင်း...

"ဟုတ်တယ်... မတွေ့တာကြာပြီ"

ထို့နောက် သူက မူလစိတ်ဝိညာဉ်နတ်ဆိုးကို ကြည့်လိုက်ပြီး...

“ကျုပ် ဒီကိုလာတာ ဆွေးနွေးစရာကိစ္စတစ်ခု ရှိလို့ပါ”

All Chapters