ငါတို့ရဲ့ဘွဲ့အမည်တွေနဲ့ပတ်သက်ပြီး မင်းမှာပြောပိုင်ခွင့်မရှိဘူး
Vol. 113 Ch. 1587
မဟာဉာဏ်အလင်းဗောဓိသတ္တ ထွက်ပေါ်လာသည်နှင့် အဆုံးမရှိသော အလင်းတန်းများစီးဆင်းလည်ပတ်လာပြီး လောက၏ညစ်နွမ်းမှုမှန်သမျှကို ဆေးကြောသန့်စင်ပေးလိုက်သည်။
ပြင်းထန်စွာတိုးဝှေ့နေသည့် မိုးကြိုးလျှပ်စီးများပင်လျှင် ထိုအလင်းတန်းများ၏ဝါးမျိုခြင်းကိုခံရကာ တဖြည်းဖြည်း ပြိုကွဲပျက်စီးသွားရသည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က သူ၏ မိုးကြိုးစစ်ရထားပေါ်တွင် မတ်တပ်ရပ်ရင်း ရှေ့သို့ လက်ညှိုးညွှန်လိုက်၏။
ကမ္ဘာဦးကာလ ပရမ်းပတာအခြေအနေကိုဆောင်သော မိုးကြိုးတစ်စင်းက အဆုံးမရှိသော အလင်တန်းများကြားသို့ ကျရောက်ပြီး ပေါက်ကွဲထွက်သွားသည်။
ကနဦးကောင်းကင် ဗလာနယ်စွမ်းအားကိုအသုံးပြုပြီး ဖန်ဆင်းထားသော ကြီးမားလှသည့် မိုးကြိုးစွမ်းအားက စကြာဝဠာတစ်ခုလုံးကို အတင်းအကျပ်ဆွဲဖြဲလိုက်ပြီး အဆုံးမရှိသော အလင်းတန်းများကို အပိုင်းပိုင်းပြတ်တောက်သွားစေသည်။
ဤသည်က မူလအဓိပတိမိုးကြိုးစွမ်းအားပင် ဖြစ်သည်။
ကောင်းကင်ကိုးထပ်၏ နတ်ဘုရားမိုးကြိုးများထဲတွင် အဆင့် (၁) ရှိသော မိုးကြိုးပညာရပ် ဖြစ်၏။
မိုးကြိုးပစ်သံနှင့်အတူ အဆုံးမရှိသောအလင်းတန်းများက ဆက်လက်တည်ရှိနေဆဲဖြစ်သော်လည်း အောက်သို့ နိမ့်ဆင်းသွားကြပြီး ပြီးပြည့်စုံသော ပုံသဏ္ဍာန်တစ်ခုအဖြစ် တည်ရှိနိုင်ခြင်း မရှိတော့ပေ။
ထိုအလင်းတန်းများ ပြန်လည်ပေါင်းစည်းနိုင်ခြင်း မရှိသေးခင်မှာပင် တောင်ပိုင်းချန်စန်းဧကရာဇ်က နောက်ထပ် တန်ခိုးစွမ်းအားတစ်ခု ထပ်မံထုတ်ဖော်လိုက်သည်။
ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးတစ်စင်း ထပ်မံထွက်ပေါ်လာလေသည်။
ထိုမိုးကြိုးစွမ်းအားက ဘေးသို့ဖြန့်ကျက်သွားခြင်းမရှိဘဲ ဗဟိုချက်တည့်တည့်သို့ ပြိုဆင်းသွားသည်။
ထိုခဏမှာပင် အလွန်ကြီးမားသော စုပ်အားကြီးတစ်ခုထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အဆုံးမဲ့အလင်းတန်းများကို ဝါးမျိုလိုက်သည်။
အလင်းတန်းများမှာ အမှောင်ထုထောင်ချောက်တစ်ခုအတွင်း ပိတ်လှောင်ခံရသည့်အလား ဗဟိုချက်ဆီသို့ ပြိုဆင်းသွားကြသည်။
မဟာဉာဏ်အလင်းဗောဓိသတ္တ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်လာလေသည်။
သူက ခဏအတွင်းမှာပင် ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးဖြင့်ဖွဲ့စည်းထားသော မိုးကြိုးလုံးကြီးနံဘေးသို့ရောက်ရှိသွားပြီး လက်အဖြင့်အသာအယာ တစ်ချက်ပုတ်လိုက်၏။
ထိုအခါ မှောင်ထုထောင်ချောက်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာအက်ကွဲသွားပြီး အဆုံးမရှိသောအလင်းတန်းများက အရှိန်အဟုန်ဖြင့် တဖန်ပြန်လည်ထွက်ပေါ်လာကာ ဗလာနယ်တစ်ခုလုံးအား လင်းထိန်သွားစေသည်။
တစ်ချိန်တည်းမှာပင် ခေါင်းကိုးလုံးပိုးကောင်က သူ၏လခြမ်းလှံရှည်ကိုဝှေ့ယမ်းလိုက်ပြီး မိုးကြိုးအရံအတားတွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်စေလိုက်သည်။
သို့သော် သူ ထပ်မံမတိုက်ခိုက်နိုင်ခင်မှာပ်င တောင်ပိုင်းချန်စန်းဧကရာဇ်က ကျဉ်းထဲကျပ်ထဲမှ ပြန်လည်လွတ်မြောက်သွားသော အလင်းတန်းများကို အရေးမစိုက်ဘဲ သူစီးနင်းထားသော မိုးကြိုးစစ်ရထားကို လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။
မိုးကြိုးစစ်ရထား အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး လျှပ်စီးကြောင်းများက ပတ်ဝန်းကျင်သို့ လျှံထွက်သွားကာ ပျက်ဆီးသွားသော မိုးကြိုးအရံအတားကို ပိုမိုခိုင်ခန့်စေရန် အားဖြည့်ပေးလိုက်၏။
တစ်ခဏအတွင်းမှာပင် မိုးကြိုးအရံအတား ပြန်လည်ကောင်းမွန်သွားပြီး အတွင်း၌ ပိတ်မိနေသူမျး အပြင်သို့မထွက်နိုင်အောင် ပိတ်ဆို့ထားလိုက်သည်။
ခေါင်းကိုးလုံးပိုးကောင်က...
"မင်း ဘယ်နှစ်ကြိမ် ပြန်ပြင်နိုင်မလဲ ကြည့်တာပေါ့"
ထို့နောက် သူက တိုက်ကွက်များကို တရစပ် ထုတ်ဖော်လိုက်သည်။
မဟာဉာဏ်အလင်းဗောဓိသတ္တကလည်း အဆုံးမရှိသည့် အလင်းတန်းများကိုထုတ်ဖော်ကာ မိုးကြိုးစွမ်းအားများကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်၏တန်ခိုးစွမ်းအားက အံ့မခန်းပင် ဖြစ်သည်။
ရန်သူနှစ်ယောက်နှင့် တပြိုင်တည်းရင်ဆိုင်နေရသည့်တိုင် ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကို ထုတ်ဖော်ထားသလို မိုးကြိုးအရံအတားကိုလည်း ထိန်းသိမ်းထားဆဲပင်။
သို့ပေသိ သူ၏ပြိုင်ဘက်များကလည်း အလွန်တရာ တန်ခိုးစွမ်းအားကြီးမားသူများ ဖြစ်ကြသည်။
ထို့ကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်အနေဖြင့် လက်ရှိတွင် မိမိကိုယ်ကို အထိအခိုက်မရှိအောင် ကာကွယ်ထားနိုင်သော်လည်း မိုးကြိုးအရံအအတားကိုတော့ ကြာရှည်ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ထို့ပြင် ဤအခြေအနေက မည်သည့်တာအိုအဓိပတိမှ ပါဝင်ပတ်သက်ခြင်း မရှိသေးသော အခြေအနေ ဖြစ်၏။
တိုက်ပွဲခေါ်သံကြောင့် တာအိုအဓိပတိတစ်ပါး ရောက်ရှိလာပါက တောင်ပိုင်းချန်စန်းဧကရာဇ်အနေဖြင့် ချက်ချင်းပင် ဗလာနယ်ထဲသို့ ဝင်ရောက်ထွက်ပြေးရန် နည်းလမ်းများကို စဉ်းစားရမည် ဖြစ်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ်က မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့ကို ရင်ဆိုင်နေချိန် ၊ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကလည်း တိုက်ခိုက်လိုစိတ်များ ပြင်းပြလျှက်ရှိသည်။
သူက ရန်ကျောက်ကဲနှင့် ရန်တိကို အေးစက်စွာ စိုက်ကြည့်နေသည်။
တစ်ချိန်က သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း စန့်ချင်အဆက်အနွယ်များ ဘေးကင်းကင်းနှင့်ထွက်ခွာသွားသည်ကိုကြိတ်ရင်း တိတ်တဆိတ် ခံပြင်းခဲ့ရဖူးသည်။
သူ၏ ထူးခြားသော မွေးရာပါစွမ်းအားများသည်လည်း ဖန်းယွင်ရှန်း၏ 'ကမ္ဘာဖျက်နတ်ဆိုးဓား' ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသည်။
နှစ်ပေါင်း(၁၀၀)ကျော်ကြာအောင် ပြန်လည်ကျင့်ကြံပြီးမှ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်မှာ သူ၏ အသက်ဓာတ်စွမ်းအား အချို့ကို ပြန်လည်ကုစားနိုင်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုကို တွေ့မြင်သည်နှင့် သူ့ရင်ထဲအောင့်ထားရသော အာဃာတများ ပေါက်ကွဲထွက်သွားပြီး မျက်လုံးများက သွေးရောင်လွှမ်းသွားသည်။
“ကမ္ဘာဖျက်နတ်ဆိုးဓား ၊ အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” ကို ကျင့်ကြံထားသည့် ဖန်းယွင်ရှန်းနှင့် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံထားသည့် စန့်ချင်အဆက်အနွယ် ‘သောပေါင်ထျန်းကျွင်း’ မှလွဲပြီး အခြားကျင့်ကြံခြင်းအဆင့်တူသူများထဲတွင် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က မည်သူ့ကိုမှ အရေးစိုက်သူ မဟုတ်ပေ။
ထို့ကြောင့် ရန်ကျောက်ကဲနှင့် ရန်တိတို့ မည်မျှပင် နာမည်ကြီးပါစေ သူက တစ်ချက်ပင် စိတ်ပူပန်ခြင်း မရှိခဲ့ပေ။
သူ၏ ပါရမီက အလွန်ထူးခြားပြီး စွမ်းဆောင်ရည်မှာလည်း ပြိုင်ဘက်ကင်းလှသည်။ ကောင်းကင်နတ်ဘုရားအများစုပင်လျှင် သူ့ကို အလွယ်တကူ မနှိမ်နင်းနိုင်ကြပေ။
ထို့ကြောင့် လက်ရှိအချိန်က အငြိုးအတေးကို လက်စာချေရန် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်၏။
သူ့အနေဖြင့် ရန်သူကို မသတ်နိုင်ခဲ့လျှင်တောင်မှ အနည်းငယ် အချိန်ဆွဲထားနိုင်လျှင် ရပြီဖြစ်သည်။
သူလုပ်ရမည့်အလုပ်မှာ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးသူတော်စင်တို့က တောင်ပိုင်းချန်စန်းဧကရာဇ်ကို ဖောက်ထွက်နိုင်သည့်အချိန်အထိ စောင့်ဆိုင်းရုံသာ ဖြစ်သည်။
ထို့ကြောင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့တက်လာလေသည်။
“ဘာတဲ့... လူငယ်ကောင်းကင်ဘုံအရှင်... ကောင်းကင်နင်းချေဧကရာဇ်... ဟုတ်လား ၊ တကယ့်ကိုထူးခြားတဲ့ နာမည်တွေပဲ ၊ ဒါပေမဲ့ ဒီလိုဘွဲ့တွေခံယူဖို့ မင်းတို့တွေ ငါ့ဆီက ခွင့်ပြုချက်ရထားလို့လား”
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ကြုံးဝါးသံပြုရင်း ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
မြေဝါရောင်ဓားချီများက စကြာဝဠာကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းပမာ ရန်ကျောက်ကဲနှင့် ရန်တိထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။
ရန်တိက နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး သူ၏ညာဘက်လက်ကို လေထဲသို့ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ဆုပ်ကိုင်သည့်အမူအရာ ပြုလုပ်လိုက်သည်။
သူက ဓားရှည်တစ်လက်၏လက်ကိုင်ကို ဆုပ်ကိုင်လိုက်သကဲ့သို့ ဗလာနယ်ထဲတွင် အားဖြင့်ဆွဲယူလိုက်သည်။
မိုးခြိမ်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး မိုးကြိုးလျှပ်စီးများဖြင့် ဖွဲ့စည်းထားသော ခရမ်းရောင်ဓားရှည်တစ်လက် ရန်တိလက်ထဲတွင် ထွက်ပေါ်လာသည်။
ထို့နောက် သူက ဓားကို ဦးခေါင်းထက်သို့ ပင့်မြှောက်ပြီး ကောင်းကင်တစ်ခုလုံးပြိုကျလာသည့်ပမာ အရှိန်အဟုန်ဖြင့် အောက်သို့ ခုတ်ပိုင်းချလိုက်သည်။
ကြမ်းတမ်းရက်စက်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားလှသော ဓားအလင်းတန်းများက မြေဝါရောင်ဓားချီများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
တဟုန်ထိုးဝင်ရောက်လာသော ဓားအလင်းတန်းများရှေ့တွင် ကောင်းကင်နှင့် ဆက်သွယ်ထားသည့် ကြီးမားသောမြစ်ကြီးမှာ အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည်။
"ဒီကောင်စုတ်လေးက..."
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် အံ့အားသင့်သွားရသည်။
သူက ဓားချီများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး တစ်ခုနှင့်တစ်ခု ရောယှက်စေကာ ကောင်းကင်ကိုဖုံးလွှမ်းနိုင်စွမ်းရှိသော တိုင်လုံးကြီးတစ်ခုအဖြစ် စုစည်းလိုက်သည်။
သူက ရန်ကျောက်ကဲနှင့် ကောင်းဟန်ကို အရေးမစိုက်နိုင်တော့ဘဲ ရန်တိနှင့်ရင်ဆိုင်ရန်သာ အာရုံစိုက်လိုက်ရလေသည်။
ရန်တိက ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ပိုမိုပြင်းထန်သော ဓားချက်များဖြင့် တိုက်ခိုက်လိုက်ရာ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် နောက်ဆုတ်သွားရသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ရင်ထဲ ဒေါသတဟုန်းဟုန်း တောက်လောင်လာတော့၏။
“နှစ်ပေါင်းတစ်ရာလောက်ပဲ ရှိသေးတယ် ၊ စန်းချင်း(၃)ပါး အဆက်အနွယ်ကနေ ဒီလောက်အနှောင့်အယှက်ပေးတဲ့ကောင်တွေ ဘာလို့မျိုး ဒီလောက်တောင် ထွက်ပေါ်လာရတာလဲ"
သူက ဒေါသထွက်နေသော်လည်း အရေးမစိုက်ဘဲမနေဝံ့တော့ပေ။ သူ၏မျက်ဝန်းများက တည်ကြည်လေးနက်သွားသည်။
သူက ထပ်မံတိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်နှင့် သူ၏ဦးခေါင်းထက်၌ တောက်ပသောအလင်းတန်းများ စတင်စုစည်းလာသည်။
အလင်းတန်းများ စုစည်းသွားသည်နှင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ မိစ္ဆာချီများက တဟုန်ထိုးထွက်ပေါ်လာပြီး သူ၏တန်ခိုးစွမ်းအားက မည်သူမှ မခန့်မှန်းနိုင်လောက်အောင် မြင့်မားသွားသည်။
သို့သော် သူရင်ဆိုင်နေရသော ပြိုင်ဘက်က ရန်တိ ဖြစ်သည်။
ရန်တိက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး သူ၏ဦးခေါင်းထက်တွင်လည်း တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းများ စုစည်းမိသွားသည်နှင့် ရန်တိ၏ဓားအရှိန်အဝါက ပိုမိုကြီးထွားလာသည်။
သူက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ ဓားချီများကို ဖယ်ရှားပစ်လိုက်ရုံသာမက နတ်မိစ္ဆာသခင်၏ ဓားကိုင်ထားသောလက်ကိုပင် ပြတ်တောက်လုနီးပါး ခုတ်ပိုင်းချလိုက်သည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
သူ၏ဦးခေါင်းထက်တွင် အလင်းတန်းနှစ်ခု စုစည်းလာပြီး သူ၏ စိတ်ဝိညာဉ် ၊ တန်ခိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။
သူက ရှိသမျှ တန်ခိုးစွမ်းအားမှန်သမျှ အားကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ထို့နောက် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က သူ၏ခါးပတ်ကိုဖြုတ်လိုက်ပြီး ဝတ်ရုံကိုချွတ်ချလိုက်သည်။
အဝတ်အစားကင်းစင်သွားသည်နှင့် လက်နှစ်ဖက်မြှောက်လိုက်ရာ သူ၏နံဘေးတစ်လျှောက်တွင် ထောင်ပေါင်းများစွာသော မျက်လုံးများထွက်ပေါ်လာပြီး မြေဝါရောင်မြူခိုးများနှင့် ရွှေရောင်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။
ထူးဆန်းသော မြေဝါရောင်အလင်းတန်းများက တိမ်တိုက်များပမာ တလိမ့်လိမ့်တက်လာပြီး ရွှေရောင်အလင်းတန်းများကလည်း မျက်လုံးတစ်ထောင်မှ မီးဝင်းဝင်းတောက်နေသည့်ပမာ ပြင်းပြင်းထန်ထန် တောက်ပလာသည်။
ထိုအလင်းမြူခိုးများက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးကို ဝါးမျိုကာ ရန်တိအား မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ရန်ကြိုးပမ်းလိုက်သည်။
သို့ပေသိ ရန်တိက သူ့ကို အေးစက်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး...
"ငါတို့ရဲ့ ဘွဲ့အမည်တွေနဲ့ ပတ်သက်ပြီး မင်းမှာ ပြောပိုင်ခွင့်မရှိဘူး"
ထို့နောက် သူ၏ဦးခေါင်းထက်ရှိအလင်းတန်းများမှ အလင်းရောင်များဖြာထွက်လာသည်။
ထို့နောက် သူက ခရမ်းရောင်မိုးကြိုးဓားကို အားကုန်ပင့်မြှောက်ကာ တစ်ချက်တည်း ခုတ်ပိုင်းချလိုက်သည်။
ဖန်ဆင်းခြင်းဓားသိုင်း - ကောင်းကင်ချေမှုန်းဓားကွက်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် မည်မျှပင်အစွမ်းထက်ပါစေ ရန်တိ၏ဓားချက် ဆင်းသက်လာသည်နှင့် ထူထပ်သော မြေဝါရောင်မြူခိုးများက ချက်ချင်း ပရမ်းပတာ ဖြစ်သွားသည်။
မြူခိုးများက အဆုံးမရှိ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော်လည်း ရန်တိ၏ဓားချက်အောက်တွင် အဆက်မပြတ် ပျက်ဆီးကုန်လေသည်။
နှစ်ဖက်အားပြိုင်မှုက ပြင်းထန်နေသော်လည်း ရန်တိ၏ဓားကိုင်ထားသောလက်က ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။
သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အရှိန်အဟုန်ဖြင့် ဓားသွားက နိမ့်ဆင်းလာသည်။
ထိတ်လန့်ဖွယ်ကောင်းပြီး လွှမ်မိုးနိုင်စွမ်းမြင့်မားသည့် ဓားဦးချွန်က မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ထံသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။
ရန်တိ၏ဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်နှင့် မိုးကြိုးလျှပ်စီးဓားရှည်မှ အေးစက်မှုနှင့် ပူလောင်မှု နှစ်မျိုးလုံးကို နတ်မိစ္ဆာသခင် ခံစားလိုက်ရသည်။
ထိုဓားက အလွန်တရာနှေးကွေးသလိုခံစားရပြီး လပေါင်း နှစ်ပေါင်းကြာမှ သူ့ထံ ရောက်ရှိလာမည့်အလား ထင်မှတ်ရသော်လည်း ၊ ထိုဓားဝင်ရောက်လာမှုကို မည်သူမှ မတားဆီးနိုင်ပေ။
ဓားလမ်းကြောင်းကို ပြောင်းလဲရန် သို့မဟုတ် ခုခံကာကွယ်ရန် မည်သို့မှ မျှော်လင့်မရနိုင်ပေ။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် အစွမ်းကုန်ကြိုးစားသည့်တိုင် သူရင်ဆိုင်ရမည့် အဆုံးသတ်ကို ခဏမျှ အချိန်ဆွဲရုံသာ တတ်နိုင်ခဲ့သည်။
မလွဲမသွေ ရင်ဆိုင်ရမည့်အဆုံးသတ်က ရောက်ရှိလာပေလိမ့်မည်။
လောက၏ ကြီးမားသောတိုးတက်ပြောင်းလဲမှုနှင့် ဖန်ဆင်းခြင်းနိယာမများကဲ့သို့ မည်သည့်စွမ်းအားကမှ ဤလမ်းကြောင်းကို ပိတ်ဆို့ရန် မဖြစ်နိုင်ပေ။