← Chapters

'ရွှေခန္ဓာ' မည်မျှပင် မာကျောစေကာမူ

Vol. 113 Ch. 1588

'ရွှေခန္ဓာ' မည်မျှပင် မာကျောစေကာမူ

Vol. 113 Ch. 1588

ယခု မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်မှာ ရှုံးနိမ့်မှုအရသာကို အပြည့်အဝ ခံစားနေရပြီ ဖြစ်သည်။

သူ၏မွေးရာပါအရည်အချင်းနှင့် ပါရမီက အလွန်ထူးချွန်သည်ဟု သတ်မှတ်ခံထားရပြီး သူ့ကိုယှဉ်ပြိုင်နိုင်သူဆို၍ ခပ်ရှားရှားပင်။

သူ နတ်ဘုရားအဆင့် စတင်‌ရောက်ရှိချိန်မှာပင် သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကို အနိုင်ယူနိုင်ခဲ့ပြီး အံ့သြဖွယ်ရာ စွမ်းဆောင်ချက်များကြောင့် သမိုင်းတစ်လျှောက် ထင်ရှားခဲ့သည်။

သို့သော် မကြာသေးမီနှစ်များအတွင်း သူက အရှုံးများနှင့်သာ ဆက်တိုက်ကြုံတွေ့နေရသည်။

ယခင်က ဖန်းယွင်ရှန်းကို ရှုံးနိမ့်ခဲ့သလို ယခုလည်း ရန်တိနှင့် ထပ်မံကြုံတွေ့ရပြန်ပေပြီ။

နှစ်ကြိမ်လုံးတွင် သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် ပြိုင်ဘက်များ၏ ဖိအားပေးခြင်းကို ခံနေရခြင်း ဖြစ်၏။

ယခုလည်း သူ့အနေဖြင့် ဖန်းယွင်ရှန်းနှင့် တိုက်ခိုက်ခဲ့စဉ်ကလိုပင် ရွေးချယ်မှုတစ်ခုကို ထပ်မံ ပြုလုပ်ရတော့မည် ဖြစ်သည်။

သူသေကိုယ်သေတိုက်မည်လား သို့မဟုတ် အရှုံးပေးမည်လားဆိုသည့်အချက်ပင်။

သူ့အနေဖြင့် ပြိုင်ဘက်သာကွဲပြားသော်လည်း တူညီသောအခြေအနေမျိုး ထပ်မံရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဤအချက်က အလယ်ခေတ်ကတည်းက နာမည်ကျော်ခဲ့သော မိစ္ဆာအိုကြီးကို စိတ်ပျက်အားငယ်သွားစေပြီး သွေးအန်ချင်စိတ် ပေါက်သွားသည်အထိ ဖြစ်စေခဲ့သည်။

ရန်တိကို ကြည့်ရင်း ကောင်းဟန်က ချီးကျူးစကား ဆိုလိုက်သည်။

“ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့က အရင်တုန်းက သိပ်ကိုထူးချွန်တဲ့ ပါရမီရှင်တွေပဲ ၊ ဒါပေမဲ့ 'ကောင်းကင်နင်းချေဧကရာဇ်' ကတော့ သူတို့ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ရုံတင်မကဘူး ၊ သူတို့ ချပေးခဲ့တဲ့ အခြေခံတွေထက်တောင် အများကြီးပိုပြီး အဝေးကိုတက်လှမ်းနိုင်ခဲ့ပြီပဲ”

ရန်ကျောက်ကဲက...

“ခင်ဗျားရဲ့ ချီးကျူးစကားအတွက် အဖေ့ကိုယ်စား ကျေးဇူးတင်ပါတယ ၊ ဒါပေမဲ့ အခုက ဒါတွေပြောနေရမယ့်အချိန် မဟုတ်ဘူးထင်တယ်”

ထို့နောက် သူက ဘယာကင်းဝေးဗောဓိသတ္တနှင့် အခြားသူများကို စူးစိုက်ကြည့်ရင်း ကောင်းဟန်ထံသို့ အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။

"တာအိုရောင်းရင်း’ကောင်း’... ခင်ဗျားဘက်က ရလဒ်တွေ ဘယ်လိုရှိလဲ"

ကောင်းဟန်က ခေါင်းညိတ်ပြပြီး အသံပို့လွှတ်စနစ်ဖြင့်ပင် ပြန်ဖြေလိုက်သည်။

"ငါ့ဘက်ကတော့ ပြီးသလောက် ရှိနေပြီ။ တာအိုရောင်းရင်း’ရန်’... မင်းရော ဘယ်လိုလဲ"

ရန်ကျောက်ကဲက...

“ကျုပ်လည်း အဆင်ပြေပါတယ်"

သူက ဆက်ပြောလိုက်သည်။

"ဒါဆိုရင် နောက်ပိုင်း ကျုပ်တို့ လှုပ်ရှားရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ် ၊ အချိန်တစ်ခုအတွင်းမှာပဲ ထွက်ပြေးဖို့ အခွင့်အရေး အရယူနိုင်မယ်”

ရန်ကျောက်ကဲက ရန်သူများ ခြေရာခံနိုင်သည့် နည်းလမ်းများကို ဖျက်ဆီးပစ်ရန်အတွက် ဤကဲ့သို့ အန္တရာယ်များသော ကိစ္စကို ကိုယ်တိုင်လာရောက်လုပ်ဆောင်နေခြင်း ဖြစ်၏။

ထိုသို့ လုပ်ဆောင်နိုင်မှသာ နောက်ပိုင်းတွင် 'နတ်ဘုရားအဆုံးသတ်ဓား' ကို လုယူသည့်အခါ အောင်မြင်နိုင်ခြေ ပို၍ မြင့်မားလာပေမည်။

ထို့ကြောင့်ပင် လင်ချင်းအစား ကောင်းဟန်ကိုယ်တိုင် ရောက်လာရခြင်း ဖြစ်သည်။

ယခုတော့ သူတို့ရည်မှန်းချက်များ အောင်မြင်သွားပြီဖြစ်ရာ အထိအခိုက်မရှိ မည်သို့ပြန်လည်ဆုတ်ခွာရမည်လဲ စဉ်းစားရပေမည်။

ရန်ကျောက်ကဲက...

“ကျုပ်အဖေကတော့ ဟိုကင်းမြေများအိုကြီးနဲ့ တိုက်နေပြီ ၊ တာအိုရောင်းရင်း’ကောင်း’... ခင်ဗျားရော တခြားသူတွေကို ကိုင်တွယ်ပေးဖို့ စိတ်ကူးရှိလား"

ကောင်းဟန်က ပြုံးလိုက်ရင်း...

“သေချာတာပေါ့”

ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ရာ အဆုံးမရှိသော နေရောင်ခြည်အလင်းတန်းများ စုစည်းလာသည်။

သူ၏ နေရောင်ခြည်အလင်းတန်းက ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ကြည်လင်တောက်ပသော အလင်းတန်းများနှင့်မတူညီပဲ ပူပြင်းတောက်လောင်ပြီး အရှိန်အဝါ ပိုမိုကြီးမားသည်။

ကောင်းကင်မှ နေဝန်းသည်ပင်လျှင် ကောင်းဟန်စုစည်းလိုက်သည့် နေရောင်ခြည်အလင်းတန်းများလောက် တောက်ပနိုင်မည် မဟုတ်ပေ။

နေရောင်ခြည်အလင်းတန်းများက မိုင်ပေါင်းသောင်းချီ ဖြန့်ကျက်သွားပြီး ပြင်းထန်သည့်ပေါက်ကွဲအားဖြင့် ဘယာကင်းဝေးဗောဓိသတ္တထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

သို့သော် ရုတ်ချည်းဆိုသလိုပင် အလွန်တရာကြီးမားသည့် အိတ်ကြီးတစ်လုံးပေါ်လာကာ ကောင်းဟန်ကို ခုခံလိုက်၏။

ထိုအိတ်ကြီးက ယင်နှင့်ယန်ကိုပင် စုပ်ယူနိုင်သည့်ပမာ အိပ်ဝပွင့်သွားသည်နှင့် ကောင်းဟန်ဖန်ဆင်းထားသော တောက်ပသည့်နေမင်းကြီးကို ဝါးမျိုရန် ကြိုးစားလိုက်သည်။

ဗုဒ္ဓဘာသာ ကျင့်ကြံသူ(၃)ယောက်က မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်လောက် ရန်လိုကြမ်းတမ်းခြင်း မရှိပေ။ သူတို့က ရန်ကျောက်ကဲနှင့် ကောင်းဟန်အား အလျင်မလိုဘဲ စိတ်ရှည်လက်ရှည် ရင်ဆိုင်နေကြသည်။

ခေါင်းကိုးလုံးသူတော်စင်နှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့က တောင်ပိုင်းချန်စန်းဧကရာဇ်၏ မိုးကြိုးအရံအတားကို ဖောက်ထွက်နိုင်သည်နှင့် ရန်သူ့ဘက်မှ စစ်ကူအလုံးအရင်းနှင့် ရောက်ရှိလာမည် ဖြစ်သည်။

နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံး ရရှိခြင်းက အလွန်တရာ အကျိုးအမြတ်ကြီးမားသော်လည်း ရန်ကျောက်ကဲတို့ကိုယ်တိုင် ဤနေရာသို့ရောက်နေသဖြင့် သူတို့ကိုဖမ်းဆီးရမိလျှင်လည်း ရရှိသည့်အကျိုးအမြတ်က ဓား(၄)လက်အောက် မနိမ့်ကျပေ။

သို့သော် ရန်ကျောက်ကဲတို့က သူတို့မျှော်လင့်ထားသည်ထက်ပိုပြီး ရက်စက်ကြမ်းကြုတ်ပေသည်။

“ဗုဒ္ဓဘာသာရဲ့ ကိုယ်တော်(၁၈)ပါးဆိုတာ နာမည်နဲ့လိုက်အောင် အစွမ်းထက်တာပဲ ၊ အိတ်ကိုယ်တော်ကို ဂါရဝပြုပါတယ်”

ရန်ကျောက်ကဲက ကောင်းဟန်ဆီကို ဦးတည်လာနေသည့် အိတ်ကိုယ်တော်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

“အလယ်ပိုင်းသုခဘုံ အစိတ်စိတ်အမွှာမွှာကွဲသွားတုန်းက ဗုဒ္ဓ(၃၅)ပါး ၊ ကိုယ်တော်(၅၀၀)နဲ့ ဘုန်းတော်ကြီး(၃၀၀၀) ထဲမှာ အော်မီတော်ဖော်ဗုဒ္ဓရဲ့လက်နဲ့ ဘယ်နှစ်ယောက်များ ပျက်ဆီးသွားခဲ့လဲဆိုတာ သိချင်မိတယ် ၊ ဗုဒ္ဓဘာသာက ထွန်းကားနေတုန်းဆိုပေမယ့် အလယ်ခေတ်တုန်းက ဗုဒ္ဓဘာသာ အထွန်းကားဆုံးဖြစ်ခဲ့တဲ့ အဆင့်အတန်ကိုတော့ အခုထိ မမီ‌သေးဘူးပဲ”

စကားပြောရင်းဖြင့်ပင် သူက ဘယာကင်းဝေးဗောဓိသတ္တနှင့် နားကလော်ကိုယ်တော်တို့ရှိရာသို့ လှမ်းတက်သွားသည်။

“မင်းတို့တွေက ကရုဏာတရားနဲ့ပြည့်စုံသူတွေလို့ နာမည်ကြီးတယ် ၊ အဲဒါသာ အမှန်ဆိုရင် မဟာကပ်ဘေးကာလတုန်းက မင်းတို့တစ်သိုက် ငါတို့ တာအိုဝါဒကို ဘာလို့ ဒီလောက်ထိ ဖိအား‌ပေးခဲ့ကြတာလဲ”

ဘယာကင်းဝေးဗောဓိသတ္တက ကြာပန်းကိုကိုင်လျက် ပြုံးလိုက်ရင်း...

“ငါတို့က လမ်းစဉ်မတူကြဘူးလေ ၊ ပြီးတော့ ငါတို့ရဲ့ကျင့်ကြံခြင်းကလည်း ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးတော့ ဉာဏ်နဲ့မထိုးဖောက်နိုင်တဲ့အခက်အခဲတွေ အများကြီးရှိနေသေးတယ် ၊ ဒီတော့ တာအိုရောင်းရင်း’ရန်’ ရဲ့မျက်လုံးထဲမှာ ငါတို့ကို ကရုဏာမရှိသူတွေလို့ မြင်နေမှာပေါ့”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့... ငါတို့တွေ လမ်းစဉ်မတူမှတော့... အနိုင်အရှုံးကို အင်အားနဲ့ပဲ ဆုံးဖြတ်ကြတာပေါ့"

စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲခန္ဓာကိုယ်က ရုတ်တရက် ကြီးမားလာသည့်ပမာ ထင်မှတ်ရသည်။ ဗုဒ္ဓဘာသာကျင့်ကြံသူများအမြင်တွင် သူ၏ပုံရိပ်က စကြာဝဠာတစ်ခုလုံးအား ပြည့်နက်သွားစေသည့်ပမာပင်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ဘယာကင်းဝေးဗောဓိသတ္တ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားသည်။

ဘယာကင်းဝေးဗောဓိသတ္တ၏ အမြင်အာရုံထဲတွင် ပုံရိပ်ကြီးတစ်ခုက ရုတ်တရက်ကြီးမားလာပြီး သူ့ရှေ့သို့ရောက်လာသည်ကို တွေ့မြင်လိုက်ရ၏။

ကောင်းကင်တစ်ခုလုံး သူ့အပေါ် ပြိုကျလာတော့မည့်ပမာ ခံစားလိုက်ရလေသည်။

ချီစွမ်းအားငါးမျိုးပေါင်းစည်းခြင်း ၊ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်။

ယခု ရန်ကျောက်ကဲ၏ 'စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ' က အထူးခြားဆုံးအဆင့်သို့ ရောက်ရှိနေပေပြီ။

မည်သည့်တိုက်ကွက်မှ ထုတ်ဖော်ရန်မလိုဘဲ နေရာတွင်ရပ်နေရုံမျှဖြင့်ပင် 'စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်' ၏ ကြောက်မက်ဖွယ် စွမ်းအားရောင်ဝါက မသိမသာဖြန့်ကျက်လာပြီး ရန်သူ၏စိတ်အာရုံနှင့် လှုပ်ရှားမှုများကို ချုပ်ကိုင်ထားပေမည်။

ဘယာကင်းဝေးဗောဓိသတ္တ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ သူနှင့်အဆင့်တူသူများထက် များစွာသာလွန်သဖြင့် အသိစိတ်ကို အမြန်ပြန်လည် စုစည်းနိုင်ခဲ့သည်။

သူ၏ ခြေဖဝါးအောက်တွင် ကြာပန်းတစ်ပွင့် ပွင့်လာပြီး သူက'စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်' ၏ သက်ရောက်မှုဧရိယာအတွင်းမှ ခုန်ထွက်လိုက်သည်။

သို့သော် ထိုခဏတွင် ရန်ကျောက်ကဲက လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

ဘယာကင်းဝေးဗောဓိသတ္တ၏ စိတ်ဝိညာဉ်မှာ ရန်ကျောက်ကဲ၏ လက်ဝါးအတွင်းသို့ တစ်ကျော့ပြန် ဖမ်းချုပ်ခံလိုက်ရလေတော့သည်။

သို့သော် နားကလော်ကိုယ်တော်က ရိပ်ခနဲလှုပ်ရှားပြီး ရန်ကျောက်ကဲဘေးသို့ ရောက်ရှိလာသည်။

သူက လက်ညှိုးလက်ခလယ်ကို ဆန့်ထုန်ပြီး ရန်ကျောက်ကဲ၏ လှုပ်ရှားမှုအားလုံးကို ကြိုတင်သိမြင်နေသည့်အလား သူ၏ လက်ကောက်ဝတ် အဆစ်နေရာကို ဖိနှိပ်လိုက်သည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်၏ပညာကို တစ်ယောက်က အလွတ်ရနေသူများပမာ ဖြစ်သည်။

ရန်ကျောက်ကဲ၏အားနည်းချက်ကို နားကလောကိုယ်တော်က တမင်တကာ ထုတ်ဖော်ပြသလိုက်သည့်ပမာပင်။

နားကလော်ကိုယ်တော်က ဗုဒ္ဓဘာသာတွင် “အကြားအာရုံ” အကြောင်း ဆွေးနွေးရာ၌ အလွန်ကျော်ကြားသူ ဖြစ်သည်။ လူသားတို့၏ သိစိတ်နိုးကြားမှုမှတစ်ဆင့် ကြားသိနားလည်နိုင်သည့် ‘အကြားအာရုံ’ ကို ဆိုလိုခြင်း ဖြစ်၏။

ထို အကြားအာရုံ ဆိုသည်က လူသားတို့ လောကကြီးကို သိမြင်နားလည်သော အာရုံ(၆)ပါးထဲမှ တစ်ခုလည်း ဖြစ်သည်။

ဗုဒ္ဓဘာသာတွင် ယုတ်ညံ့သောစကားများကို နားမ‌ထောင်ရန်သာမက သူတစ်ပါး၏လျှို့ဝှက်ချက်ကိုလည်း ဘယ်သောအခါမှ နားမထောင်ရန် ဆုံးမထားသည်။

နားကလော်ကိုယ်တော်က အကြားအာရုံတွင် အကျွမ်းကျင်ဆုံးဖြစ်သောကြောင့် သူ၏နားများသည်လည်း ငြိမ်သက်အေးချမ်းမှုကို ရည်ညွှန်းသည်။

သို့သော် အခြားတစ်ဖက်မှာတော့ သူ၏နားများက အေးချမ်းမှုကိုမရှာဘဲ သူတစ်ပါး၏လျှို့ဝှက်ချက်ကို နားထောင်မည်ဆိုပါက ကျင့်ကြံခြင်းအဆင့်တူညီသူများထဲတွင် အစွမ်းထက်ဆုံးသော ဗုဒ္ဓဘာသာကျင့်ကြံသူ အနည်းငယ်ထဲမှတစ်‌ယောက် ဖြစ်လာပေမည်။

သူက ဗုဒ္ဓအဖြစ်သို့မရောက်သေးသော်လည်း သူတစ်ပါးအကြံအစည်ကို သိမြင်နိုင်စွမ်းရှိသဖြင့် လောကတွင် ကျော်ကြားသူလည်း ဖြစ်၏။

ယခု သူက နတ်မိစ္ဆာများကိုနှိမ်နင်းရာတွင် အသုံးပြုသော နည်းလမ်းများကို အသုံးပြုနေခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းခြင်းအားဖြင့် ရန်သူကို လှုပ်မရအောင် ချုပ်ကိုင်ရန် ကြိုးပမ်းခြင်းပင်။

သို့သော် နားကလော်ကိုယ်တော်၏လက်ချောင်းက ရန်ကျောက်ကဲ၏လက်ကောက်ဝတ်ကို ထိတော့မည့်ဆဲဆဲတွင် ရန်ကျောက်ကဲက ရုတ်တရက် သူ၏လက်ဖဝါးကို လှန်လိုက်သည်။

ဤသို့ ရုတ်တရက် လှုပ်ရှားမှုပြောင်းလဲလိုက်ခြင်းမှာ နားကလော်ကိုယ်တော်၏ ခန့်မှန်းချက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

ဤသည်မှာ ရန်ကျောက်ကဲ၏ လျှင်မြန်မှုကြောင်းမဟုတ်သလို တန်ခိုးစွမ်းအားနက်နဲမှုကြောင့်လည်း မဟုတ်ပေ။

ရန်ကျောက်ကဲက နားကလော်ကိုယ်တော်၏ လှုပ်ရှားမှုကိုသိရှိသဖြင့် ကြိုတင်စီစဉ်ထားသည့်ပမာ ဖြစ်နေသည်။

ရန်ကျောက်ကဲက သူ၏ အရေးပါသော အချက်အချာနေရာကို နားကလော်ကိုယ်‌တော်ရှေ့သို့ ချပေးလိုက်ခြင်း မဟုတ်ဘဲ နားကလော်ကိုယ်တော်ကိုယ်တိုင်က ရန်ကျောက်ကဲ၏ ထောင်ချောက်ထဲသို့ တမင်တကာ လှမ်းဝင်သွားသကဲ့သို့ ဖြစ်နေသည်။

ရန်ကျောက်ကဲက သူ၏လက်ချောင်းများကို စုစည်းကာ နားကလော်ကိုယ်တော်၏ လက်ညှိုးကို ဆုပ်ကိုင်လိုက်ပြီး အားဖြင့် ဆွဲလိမ်လိုက်သည်။

"ဂျွတ်"

အသံနှင့်အတူ တာအိုဝါဒ၏ ထျန်းကျွင်းအဆင့်နှင့်ညီမျှသော ဗုဒ္ဓဘာသာကိုယ်တော်၏လက်ညှိုးမှာ ကျိုးထွက်သွားတော့၏။

ထို့ပြင် အရိုးကျိုးသံများက ထိုမျှနှင့်ရပ်တန့်မသွားဘဲ နားကလော်ကိုယ်တော်၏ လက်ညှိုးမှတစ်ဆင့် လက်ကောက်ဝတ် ၊ လက်ဖြန်နှင့် တံတောင်ဆစ်အထိ ဆက်တိုက် ပျံ့နှံ့သွားသည်။

ထို့ပြင် ထိုအသံက ရပ်တန့်မည့်အရိပ်အယောင်မရှိဘဲ နားက‌လော်ကိုယ်တော်၏ ခန္ဓာကိုယ်အနှံ့သို့ ဆက်လက်တိုးဝင်သွားသည်။

ရန်ကျောက်ကဲ၏ မျက်လုံးများတွင် စိမ်းပြာရောင်အလင်းတန်းများ လက်ခနဲ တောက်ပလာသည်။

သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အသုံးပြုပြီး ဗုဒ္ဓဘာသာမှ သူတစ်ပါး၏စိတ်ကိုဖတ်ရှုနိုင်သည့်ပညာရပ်ကို လှည့်စားလိုက်ခြင်းသာပင်။

ထို့ပြင် မူလကောင်းကင်ကျမ်းစာနှင့် စိတ်စေရာကောင်းကင်ကျမ်းစာတို့ကို ကျင့်ကြံပြီးသည့်နောက် ရန်ကျောက်ကဲအနေဖြင့် ပုံရိပ်ယောင်များကိုပင် ဖန်တီးလာနိုင်သည်ဖြစ်ရာ နားကလော်ကိုယ်တော်ထံသို့ မှားယွင်းသောခန့်မှန်းချက်များ ပေးပို့လိုက်ခြင်းသာ ဖြစ်၏။

ယခု ရန်ကျောက်ကဲ၏ လက်ဝါးအောက်တွင် မရေမတွက်နိုင်သော စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ အလွှာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအလွှာများက ရောယှက်သွားကာ အားလုံးက နားကလော်ကိုယ်တော်၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားကြသည်။

ရန်ကျောက်ကဲက နားကလော်ကိုယ်တော်၏ လက်ညှိုးတစ်ချောင်းကိုသာ ဆုပ်ကိုင်ထားခြင်း ဖြစ်သော်လည်း စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် မြောက်မြားစွာက နားကလော်ကိုယ်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ကျရောက်သွားလေသည်။

ဗုဒ္ဓဘာသာ၏ 'ရွှေခန္ဓာ' မည်မျှပင် မာကျောစေကာမူ သူ၏ခန္ဓာကိုယ်မှာ ရန်ကျောက်ကဲ၏ အပိုင်းပိုင်းချေမွခြင်းကို ခံလိုက်ရပြီး ခဏအတွင်းမှာပင် ကြွေထည်အက်ကွဲသည့်ပမာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားလေတော့သည်။

All Chapters