← Chapters

အသိအမှတ်ပြု အခမ်းအနား 

Vol. 23 Ch. 311

အသိအမှတ်ပြု အခမ်းအနား 

Vol. 23 Ch. 311

ဝေ့ဝူယင်မှာ အသစ် တည်ဆောက် ပြီးစီးသွားပြီ ဖြစ်သည့် သူ၏ ကောင်းကင်နန်းတော်ဆီသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ ဝိညာဉ်များ “သေမျိုး မူလ အဆင့်” သို့ တက်လှမ်းခြင်းနှင့် အတူ ကောင်းကင်နန်းတော်ကို မတော်တဆ ဖျက်ဆီးမိပြီးနောက်တွင် သူ ထို့ပိဟန်၏ ကောင်းကင်နန်းတော်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ထို့ပိဟန်က ဧည့်ဝတ်ကျေသည် ဆိုသော်လည်း  ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်လေရာ သက်တောင့်သက်သာ ရှိမှုမျိုးကို သူ မခံစားခဲ့ရချေ။ 

ထို့ကြောင့်ပင် သူ ကောင်းကင်ဗိုလ်ချုပ် ဘီလူးကို  ကောင်းကင်နန်းတော် မြန်မြန် ‌ဆောက်လုပ် ပြီးစီးရန် တွန်းအား‌ပေးခဲ့သည်။ ပုံမှန်ဆိုလျှင် ကောင်းကင်နန်းတော် တစ်ခု ဆောက်လုပ်ပြီးစီးရန် နှစ်ပေါင်း ဆယ်ချီ အချိန်ယူရသည် ဆိုသော်လည်း ဘီလူး၏ အကောင်းဆုံး ကြိုးစားပေးခဲ့မှုနှင့် အတူ နှစ်အနည်းငယ် အတွင်းမှာပင် သူ့ ကောင်းကင်နန်းတော်ကြီးမှာ ပြီးစီးသွားခဲ့သည်။ 

ကုန်ကျစရိတ်နှင့် အရင်းအနှီး အတော်လေး များခဲ့သည့်တိုင် ဘာပဲဖြစ်ဖြစ် ထိုက်တန်ပါသည်။ ဤကောင်းကင် နန်းတော် အသစ်မှာ ပထမ ကောင်းကင်နန်းတော်ထက် ပိုမို ကြီးမားသည့် အပြင် သူ့စိတ်ကြိုက် ခိုင်ခံ့မှု မြင့်မားအောင်လည်း တည်ဆောက်ထားသည်။ ၎င်းအား ကြယ်တာရာ အမြုတေ အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ပင် ဖြိုချဖျက်ဆီးရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ 

... 

ထိုအခိုက်၌ ဝေ့ဝူယင်သည် ကုလားထိုင် တစ်လုံးထက်၌ ထိုင်ရင်း ဆက်သွယ်ရေး သလင်းကျောက် အတွင်း ဝင်ရောက်နေသည့် စာများကို တစ်ခုချင်း စစ်ဆေးနေခဲ့သည်။ သူ့ဘေးနားရှိ ခုတင်ထက်တွင်မူ အဝတ်ဗလာဖြင့် လှဲလျောင်းနေသည့် တရှန်း တစ်ယောက် ရှိနေခဲ့၏။ သုံးရက်ဆက်တိုက် အချစ်ပွဲ ဆင်နွှဲခဲ့ပြီးနောက်တွင် သူမမှာ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။  

“အိုး...” 

ဂိုဏ်းမှ ပို့ထားသည့် စာတစ်စောင်ကို တွေ့မြင်ပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် လင်းလက်သွား၏။ 

ထိုအထဲ၌ အလွန် အရေးကြီးသော ကြေညာစရာ တစ်ခု ရှိသဖြင့် တပည့်အားလုံး စုဝေးရန် အဓိက ညွန်ကြားထားသည်။ ထပ်မံ အရိပ်အမြွက် ရေးသားထားသည့် အကြောင်းအရာကို ဖတ်ရှုပြီးနောက် ဝေ့ဝူယင်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကြည့်ရသည်က လုံချန်မှာ သူ၏ အစစ်အမှန် အဆင့်အတန်းကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်ပုံ ရသည်။ 

သုံးနာရီခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင် ကောင်းကင်နန်းတော်မှ ထွက်ခွာလာခဲ့၏။ လတ်တလော သူ့တွင် ကောင်းကင် နတ်မြင်းပျံ မရှိသလို ပိုင်လင်လည်း မရှိလေရာ ကိုယ့်အားကိုယ်ကိုးရန်သာ တတ်နိုင်ခဲ့သည်။ သို့သော်လည်း လေထုကို ခံစား၍ လွတ်လွတ်လပ်လပ်  ပျံသန်းရခြင်းကို သူ သဘောကျလေရာ ထိုအရာက ပြဿနာတော့ မရှိပါချေ။ 

ကောင်းကင်နန်းတော်မှ ထွက်ထွက်ချင်းပင် အဆင့်ရှစ် အလွှာထက်၌ အသက်ဓာတ် အရိပ်အယောင် တစ်ခုမှ မရှိတော့ကြောင်း သူ သတိထားမိလိုက်၏။ ကြည့်ရသည်က ဂိုဏ်း၏ အဆင့်မြင့် ဂိုဏ်းဝင် အားလုံးနီးပါးမှာ အင်ပါယာ တောင်ထွတ် အဆင့်ခြောက် အလွှာရှိ မဟာ ဧကရာဇ် ဗဟို နန်းတော်သို့ ရောက်ရှိနေကြပုံ ပေါ်သည်။ ဝေ့ဝူယင် ကွေ့ဝိုက် မနေတော့ပဲ ကောင်းကင် အလွှာကို တိုက်ရိုက် ထိုးဖောက်ကာ အောက်အဆင့်များကို ဦးတည်လိုက်လေတော့၏။ 

ဟူး... ဟူး... 

သိပ်မကြာခင်မှာပင် ဖန်တီးခြင်း တောင်ထွတ်၏ ဆဋ္ဌမမြောက် ကောင်းကင် အလွှာသို့ သူ ရောက်ရှိလာခဲ့သည်။ ထိုအဆင့်များတွင်လည်း အသက်ဓာတ်မှာ မရှိသလောက်ပင် နည်းပါးနေခဲ့ပြီ ဖြစ်သည်။ အဆင့်နိမ့် တပည့်များနှင့် အစေခံတို့လောက်သာလျှင် ကျန်ရှိ၏။ ကြည့်ရသည်က သူ အတော်လေး နောက်ကျနေပုံ ရသည်။ ဝေ့ဝူယင် နှာခေါင်းကို ပွတ်လိုက်ရင်း အရှိန်ကို မြှင့်လိုက်၏။ စက္ကန့်ပိုင်း အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က အနက်ရောင် ကြယ်ပျံတစ်စင်းလို ပျောက်ကွယ်သွားလေတော့သည်။ 

မိနစ်ပိုင်း အတွင်းမှာပင် ကြီးကျယ် ခမ်းနားလှသော အင်ပါယာ တောင်ထွတ်ကြီးကို ဝေ့ဝူယင် လှမ်းကာ မြင်တွေ့ လိုက်ရသည်။ ဆဋ္ဌမ အလွှာ၏ ရင်ပြင်နှင့် ကောင်းကင်တစ်ခုလုံး ပြည့်အောင် စုဝေးနေသည့် လူပင်လယ်ကြီးကို ကြည့်ရင်း သူ့မျက်လုံးများပင် အနည်းငယ် ပြူးကျယ်သွား၏။ 

များပြားလွန်းသည်။ အရမ်းကို များပြားလွန်းသည်။ မိုးပျံ သားရဲများပင်လျှင် ထိုနေရာတွင် ငါးသိန်းကျော်ပင် ရှိပေလိမ့်မည်။ ထို့အပြင် သားရဲတစ်ကောင်ချင်းစီက ပျမ်းမျှ လူလေးယောက်ခန့်ကို  သယ်ဆောင်ထားသေးသည်။ ၎င်းတို့က ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းထားလေရာ နေရောင်ခြည် အလင်းတန်းများ ပင်လျှင် မြေပြင်ဆီ ကျရောက်နိုင်စွမ်း မရှိတော့ချေ။ 

ကြည့်ရသည်က ဂိုဏ်းမှာ အနန္တ ဧကရာဇ်ဂြိုဟ်ထက်ရှိ ကျင့်ကြံသူများကိုသာ မက ကျွင်းနာနှင့် ဝူယုဂြိုဟ်များထက်ရှိ ဂိုဏ်းဝင်များကိုပါ ဖိတ်ခေါ်ထားပုံ ရသည်။ 

“ကြယ်တာရာ အမြုတေ အဆင့် တစ်သိန်းနဲ့ ငါးသောင်းကျော်...” 

ဝေ့ဝူယင် အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။ ၎င်းမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် တည်ရှိသည့် ကြယ်တာရာ အမြုတေ အဆင့် အရေအတွက် စုစုပေါင်း၏ သုံးရာခိုင်နှုန်းမျှသာ ဖြစ်သော်လည်း သူတို့ အားလုံး အတူတကွ စုဝေးနေသည် ဆိုသော အချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။ 

အင်ပါယာ တောင်ထွတ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ဝေ့ဝူယင်၏ မျက်လုံးများက ကောင်းကင် အထက် တစ်နေရာသို့ ရွေ့လျားသွား၏။ ထိုနေရာတွင် ထူးဆန်းသော အာကာသ စွမ်းအားများ တက်လိုက်၊ ကျလိုက် တည်ရှိနေသည်ကို သူ ခပ်ဖျော့ဖျော့ ခံစားလိုက်နိုင်သည်။ 

သူ၏ မျက်လုံးများမှ အနည်းငယ် ကျဥ်းမြောင်းသွားကာ နှုတ်ခမ်းထက်တွင် အပြုံး တစ်ခု ဖြစ်ပေါ်လာသည်။ နောက်ဆုံး၌ လူအိုကြီးမှာ တံခါးပိတ် ကျင့်ကြံမှုမှ ထွက်ခွာ လာခဲ့ပုံ ပေါ်သည်။ 

ဝှစ်...

ဝေ့ဝူယင်၏ လည်ပင်းတွင် ကြိုးနှင့်ချည် ဆွဲထားသည့် အနက်‌ရောင် လက်စွပ်လေးမှ ခပ်ဖျော့ဖျော့ အလင်းရောင် အချို့ ထွက်ပေါ်လာသည်။ 

“လောကသခင် တစ်ပါး...” 

ဝူယု၏ အသံက စိတ်ထဲသို့ ဝင်ရောက်လာ၏။ ဝေ့ဝူယင် မည်သို့မှ မတုန့်ပြန်ပဲ ခပ်မြန်မြန်သာ တောင်ထွတ်ဆီ ရောက်အောင် ပျံသန်းလိုက်သည်။ 

သို့သော်လည်း ဝူယုမှာ အတော်လေး စိတ်ဝင်စားနေပုံ ပေါ်၏။ 

“မင်း မဟာ အင်ပါယာ သူတော်စင် တစ်ပါးကို လောကသခင် ဖြစ်လာအောင် ဘယ်လို ပြောင်းလဲ လိုက်တာလဲ... လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ငါ အကဲခတ် ကြည့်ရသလောက် ဆိုရင် သူတို့ထဲက ဘယ်သူ့မှာမှ ‌လောကသခင် အဆင့်ကို တက်လှမ်းနိုင်တဲ့ အရည်အချင်း မရှိပါဘူး” 

ယခုကဲ့သို့ အစစ အရာရာ နိမ့်ပါး လာနေသည့် ခေတ်ကာလမျိုးတွင် လောကသခင် တစ်ပါးအား ပိုင်ဆိုင်ရခြင်းမှာ အနန္တ ဧကရာဇ်ဂိုဏ်း အတွက် အလွန် ကြီးမားသော အောင်မြင်မှု ဖြစ်သည်။ စန်းမျိုးနွယ်မှာ လောကသခင် နှစ်ပါးကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း ခံစားရသော အရှိန်အဝါ အငွေ့အသက် အရ ဆိုလျှင် ယခု လောကသခင် အသစ်မှာ ထိုနှစ်ယောက်ထက် ကျိန်းသေ သာလွန်သည်။ မည်သူမှန်း မသိရသေးသည့်တိုင် ထိုတစ်ယောက်၏ အကူအညီဖြင့် ဆိုပါက အနန္တ ဧကရာဇ်ဂိုဏ်းမှာ တစ်ချိန်က ကြီးကျယ် ခမ်းနားမှုများကို ကျိန်းသေ ပြန်၍ ယူဆောင်နိုင်ပေလိမ့်မည်။ 

သို့သော်လည်း ဝေ့ဝူယင်မှာမူ ထိုကဲ့သို့ မတွေးချေ။ သူအမြင်သာ မမှားလျှင် လင်းမင်၏ နံဘေးရှိ လှပသော မိန်းကလေးမှာ  လောကသခင် အဆင့်ထက် ကျော်လွန်သည့် အဆင့်တစ်ခုကိုပင် ရောက်ရှိနေသူ ဖြစ်သည်။ ထို့အပြင် အန်နုမှာလည်း ကြောက်ဖို့ကောင်းအောင် အစွမ်းထက်သူ ဖြစ်သည်။ ထို့ပိဟန်မှာ စန်းမျိုးနွယ်မှ နှစ်ယောက်ထက် အစွမ်းထက်ကောင်း ထက်နိုင်သည့်တိုင် သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ထင်တိုင်းကြဲဖို့တော့ မလွယ်ကူသေးချေ။ 

အင်ပါယာ တောင်ထွတ်သို့ ရောက်လျှင် ရောက်ချင်းမှာပင် အာကာသ အင်အား တစ်ခုမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို လာရောက် ရစ်ပတ်လာ၏။ သူ၏ ငွေရောင် မျက်လုံးများမှာ ကောင်းကင်ဆီ ရွေ့လျားသွားကာ ထိုအင်အား မည်သည့် နေရာမှ လာသည်ကို တန်းကာ သိလိုက်သည်။ သူ ခုခံခြင်း မပြုပဲ ထိုအာကာသ အင်အားနှင့် အတူ လိုက်ပါ စီးမြောလိုက်၏။  

ဝှစ်... 

ထို့နောက် စက္ကန့်ဝက်မျှ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားကာ အခန်း တစ်ခုထဲတွင် ပြန်လည် ပေါ်လာခဲ့လေသည်။ 

ဝေ့ဝူယင် အံ့အားသင့်ခြင်း မရှိပဲ တည်ငြိမ်စွာပင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုအခန်းမှာ အလွန် ကျယ်ဝန်းကာ ဝိညာဥ်အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ သို့သော်လည်း ပရိဘောဂများမှာမူ သိပ်များများစားစား မရှိလှပဲ ခန့်ညား ထည်ဝါလှသော နက္ခတ်ရွှေစင် စင်မြင့်ကြီး တစ်ခုသာလျှင် ခန်းမ၏ အလယ်၌ ထီးထီး တည်ရှိသည်။ 

စင်မြင့်၏ အနီးအနား တစ်နေရာတွင်မူ တစ္ဆေတစ်ကောင်ကဲ့သို့ ရပ်တည်နေသည့် ထို့ပိဟန် ရှိ၏။ ထိုလူအိုကြီးမှာ အင်ပါယာ အကြံပေးများနှင့် သင့်လျော်သည့် မဟူရာ တော်ဝင် ဝတ်စုံကို ဆင်မြန်းထားကာ ထူးခြား ဆန်းပြားသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ထားသည်။ ဝေ့ဝူယင်ကို ဤနေရာသို့ ရောက်အောင် ခေါ်ဆောင်လိုက်သည့် တရားခံမှာ သူ ပင် ဖြစ်သည်။ 

ခန်းမ အတွင်း၌ ထို့ပိဟန် အပြင် အခြားလူများလည်း ရှိနေသည်ကို ဝေ့ဝူယင် တွေ့မြင်ရသည်။ ရှေးဟောင်း ကမ္ဘာလိပ်မျိုးနွယ်မှ ဆင်းသက်လာသည့် အင်ပါယာ တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ဇင်သည် ခါတိုင်းကဲ့သို့ပင် တည်ငြိမ်ကာ ဉာဏ်ပညာ ထက်မြက်ခြင်းများဖြင့် ထုံလွှမ်းနေ၏။ သူမ၏ အစိမ်းရောင် အသားအရေက အလင်းရောင် ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေကာ ရွှေရောင် တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းဝိုင်းဝိုင်းများမှာ ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာနှင့် လိုက်ဖက်လှသည်။ 

ဖန်တီးခြင်း တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ချင်းရိုင်မှာမူ လှပသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းက သူမ၏ ခန္ဓာကိုယ် တစ်လက်မချင်းစီတိုင်းနှင့် အံဝင်ခွင်ကျ ရှိလှကာ မွေးရာပါ သန့်စင်မှု အငွေ့အသက်မျိုးကို ထုတ်လွှတ်နေသည်။ မီးတောင်တစ်ခု အလား ထပ်ခါထပ်ခါ ပေါက်ကွဲ ထွက်ပေါ်နေသည့် မူလယင် အရောင်အဝါများကမူ သူမမှာ မည်မျှ တန်ဖိုးရှိသည့် အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်း ရည်ညွှန်းနေ၏။ 

သုံးမီတာကျော် မြင့်မားသည့် ယောင်ကျန်းမှာလည်း နတ်ဆိုး တောင်ထွတ် မဟာ အင်ပါယာ သူတော်စင် ဆိုသော နာမည်နှင့် လိုက်ဖက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။ သူသည် ဂုဏ်သိက္ခာ မြင့်မားလှသည့် ခရမ်းရောင် ဝတ်စုံကို ဆင်မြန်းထားသော်လည်း အသက်ရှူ ကြပ်သည့် အလား ဒူး၊ တံတောင်တို့မှ စ၍ ဖော်ထားသည်။ ယောင်ကျန်းသည် အသက် အငယ်ဆုံး မဟာ အင်ပါယာ သူတော်စင် ဖြစ်သည့်တိုင် ရုပ်ရည် သွင်ပြင်အားဖြင့် ဤနေရာတွင် လွှမ်းမိုးမှု အရှိဆုံးလူ ဖြစ်နေသေးဆဲ ဖြစ်သည်။ 

စစ်တောင်ထွတ်၏ မဟာ အင်ပါယာ ကျိချန်းကောင်းမှာမူ အနီရောင် ဝတ်ရုံကို ဆင်မြန်းထားသည်။ သူ၏ ပါးလွှာ ချွန်ထက်လှသည့် မျက်ခုံးမွေးများနှင့် မြေခွေးတစ်ကောင် ကဲ့သို့ မျက်လုံးများမှာ တစ်စုံတစ်ရာ အမြင်ဆန်းသစ်နေ၏။ ကျိချန်းကောင်းမှာ ရှို့ရန် တစ်ယောက် ဆိုသော်လည်း သက်ရှိ လက်နက်တစ်ခု ကဲ့သို့ ခံစားရလောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါမျိုး ပိုင်ဆိုင်မထားချေ။ သူကား ကျူးဟိုင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ 

အနန္တ ဧကရာဇ်ဂိုဏ်း၏ မဟာ အင်ပါယာ သူတော်စင် ငါးယောက်ကား နောက်တစ်ကြိမ် အတူတကွ ဆုံစည်းနေကြပြန်ပြီ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့ ငါးယောက် အပြင် အခြား တစ်ယောက်လည်း ရှိနေခဲ့လေ၏။ လူငယ်သည် မဟူရာ မျက်ဝန်းနှင့် နက်မှောင်သော ဆံပင်များကို မွေးရာပါ ပိုင်ဆိုင်ထားကာ အနီရောင်နှင့် ရွှေရောင်ချည်ရောနှောထားသည့် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် တည်ငြိမ်သော အမူအရာနှင့် မဟာ အင်ပါယာ သူတော်စင် လေးယောက်၏ ရှေ့ ခြေလှမ်း အနည်းငယ် အကွာတွင် ဦးဆောင်ကာ ရပ်နေခဲ့၏။ 

မဟာ သူတော်စင် အင်ပါယာများ၏ နောက်နားတွင်မူ သက်ဆိုင်ရာ တောင်ထွတ်များ၏ ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူပေါင်း တစ်ရာနီးပါးခန့် ရှိနေခဲ့ကြ၏။ သူတို့မှာ ဂိုဏ်း၏ အင်ပါယာ သူတော်စင်များ၊ မူလ အင်ပါယာ သူတော်စင်များ၊ ကောင်းကင်ဗိုလ်ချုပ်များနှင့် ကမ္ဘာဗိုလ်ချုပ်များပင် ဖြစ်ကြပေသည်။ သူတို့အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်လေးတွင် ရှိနေကြကာ အချို့ဆိုလျှင် ထိုထက်ပင် ပိုမို မြင့်မားကြသေးသည်။ 

“ဒါက ဘိသိက်သွန်းပွဲလား...” 

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် မေးရင်း လုံချန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများတွင် ရန်လိုမှု တစ်စုံတစ်ရာ မရှိသော်လည်း ထိန်းချုပ်ထားသည့် ခံစားချက် တစ်ခုတော့ ရှိနေကြောင်း လူတိုင်း ပြောနိုင်ကြပေသည်။ 

"အသိအမှတ်ပြုပွဲလို့ ပြောရင် ပိုမှန်လိမ့်မယ်...မဟာ ဧကရာဇ်မျိုးဆက်ကို တရားဝင် ကြိုဆိုတဲ့ ညီလာခံ သဘောမျိုးပါပဲ” 

ထို့ပိဟန်က ရှင်းပြရင်း ဝေ့ဝူယင် နောက်သို့ လျှောက်လာကာ ရပ်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင်နှင့် လုံချန်မှာ မျက်နှာချင်းဆိုင် တွေ့သော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လုံချန်၏ နောက်တွင် မဟာ အင်ပါယာ သူတော်စင် လေးငါးနှင့် အနန္တဧကရာဇ်ဂိုဏ်းကြီး၏ အကြီးအကဲများ ရှိနေကာ ဝေ့ဝူယင်၏ နောက်တွင်ပင် ထို့ပိဟန် ရှိနေခဲ့ပေသည်။ 

***

All Chapters