← Chapters

ထို့ပိဟန်၏ ကြေညာချက် 

Vol. 23 Ch. 312

ထို့ပိဟန်၏ ကြေညာချက် 

Vol. 23 Ch. 312

ဇင်က ဝေ့ဝူယင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်၏။ အသိအမှတ်ပြုပွဲကို လွန်ခဲ့သည့် နှစ်နာရီကတည်းက စတင်ရန် စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် ရောက်ရှိလာခြင်း မရှိလေရာ ယခုတိုင် မစရသေးချေ။ များစွာသော အဆင့်မြင့် အကြီးအကဲများနှင့် မဟာ အင်ပါယာ သူတော်စင်များမှာ စောင့်ဆိုင်းနေရ၏။ 

ရိုးရိုးရှင်းရှင်း တွေးရလျှင် ဝေ့ဝူယင်မှာ ကောင်းကင်ဧကရာဇ် တပည့် တစ်ယောက်မျှသာ ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင်များ၊ အကြီးအကဲများနှင့်သာ သက်ဆိုင်သည့် သည်ခန်းမ အတွင်း ဝင်ရောက်ရန်ပင် အခွင့်အရေး ရှိသူ မဟုတ်ချေ။ သို့သော်လည်း တစ်ချိန်တည်း၌ သူမပါပဲ အသိအမှတ်ပြုပွဲ ကျင်းပရန် မသင့်လျော်သည့် ထူးဆန်းသည့် အခြေအနေ တစ်ခုလည်း ရှိနေပေသည်။ 

လူတိုင်းတွင် ဝေ့ဝူယင်နှင့် ပတ်သက်၍ သံသယနှင့် စိုးရိမ်မှုများ အလျှိုလျှို ရှိကြသည်။ ထိုလူငယ်မှာ ထာဝရ မင်သားလေး ဖြစ်ပြီး အသက် ငါးဆယ် မပြည့်ခင်မှာပင် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ‌ဖော်စပ်နိုင်ခဲ့သူ ဖြစ်သည်။ သူကား အနာဂတ်၏ အဂ္ဂိရတ် အင်ပါယာ ဖြစ်သည်။ 

ထို့အပြင် သူသည် ကျင့်ကြံခြင်း အရာတွင်လည်း မယုံကြည်နိုင်လောက်အောင် ထက်မြက်လှကာ တစ်စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေကို ပိုင်ဆိုင်ထားသည်။ ထိုအရွယ်အစားကား သာမန် ကောင်းကင် အုပ်စိုးသူ အဆင့်များ၏ အဆနှစ်ရာ ဖြစ်ရာ မဟာ အင်ပါယာ သူတော်စင်များနှင့်ပင် နှိုင်းယှဥ်နိုင်သော ပမာဏ ဖြစ်သည်။ 

ထိုကဲ့သို့ ကျင့်ကြံခြင်း အခြေခံတစ်ခုတည်းကပင်လျှင် ကျင့်ကြံသူ အားလုံးအပေါ် လွှမ်းမိုးရန် လုံလောက်နေချိန်တွင် ကျူးဟိုင်မှာ ထပ်မံ ပေါ်ထွက်လာခဲ့သည်။ အခြားလူများ အနေဖြင့် ကျူးဟိုင်ကို အလွန် ရှားပါး ထူးချွန်လှသည့် ပါရမီရှင် တစ်ယောက်ဟု ယူဆကောင်း ယူဆနိုင်ကြသော်လည်း အနန္တဧကရာဇ်ဂိုဏ်းကမူ အမှန်တရားကို သိထားသည်။ 

ထိုငွေရောင် ဝံပုလွေ မျိုးဆက်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ကျင့်ကြံခြင်း အခြေခံ ဖျက်ဆီးခံထားရသည့် အကျဥ်းသား တစ်ယောက်သာ ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုကဲ့သို့သော လူကို သုံးလေးနှစ် အတွင်း လူတစ်ကာ လိုက်မမှီနိုင်သည့် ပါရမီရှင် တစ်ယောက် ဖြစ်လာအောင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းဆောင်ရည်က အနန္တဧကရာဇ်ဂိုဏ်း မဆိုထားနှင့် အဂ္ဂိရတ် အစည်းအရုံးထက်ပင် ကျော်လွန်နေသည့် လုပ်ဆောင်ချက်မျိုး ဖြစ်သည်။  

ဝေ့ဝူယင် တစ်ယောက် သတ်မှတ်ထားသည့် အချိန်ထက် များစွာ နောက်ကျနေသည့် အတွက် ဇင်မှာ အာခေါင်ခြောက် နေရ၏။ သူမက ဖန်တီးခြင်း တောင်ထွတ်၏ မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန်ကို အကျိုးအကြောင်း မေးသော်လည်း ထိုလူအိုကြီးက “သူဌေးလေးက အလုပ်များနေတယ်” ဟုသာ မရေမရာ ဖြေသည်။ 

သူ၏ စကားက မဟာ အင်ပါယာ သူတော်စင်များ အပါအဝင် လူတိုင်းကို သိုလောသိုလော ဖြစ်စေ၏။ ထာဝရ မင်းသားလေးမှာ အဖိုးတန် ဆေးများ ဖော်စပ်နေသည်လော။ သို့မဟုတ် အရေးကြီးသည့် ကျင့်ကြံခြင်း အဆင့် တစ်ခုကို ချိုးဖျက်နေသည်လား။သံသယများ ရှိသည့်တိုင် သူတို့ အနေဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။ 

ဝေ့ဝူယင်က လက်နှစ်ဖက်ကို ယှက်ကာ အနည်းငယ် ပြုံးလိုက်၏။ 

“ကြည့်ရတာ ကျုပ်နောက်ကျသွားတယ် ထင်တယ်... တောင်းပန်ပါတယ်” 

“မလိုပါဘူးဗျာ...”

“ဒီလောက်ကြီး နောက်ကျတာ မဟုတ်ပါဘူး”

လူအုပ်ထဲမှ အသံအချို့ ထွက်ပေါ်လာ၏။ ကိုယ်စီအကြောင်းပြချက်များနှင့် အတူ သူတို့အထဲမှ အများစုမှာ ဝေ့ဝူယင် နောက်ကျခြင်းက သိပ်ကိစ္စမရှိဟု ခံယူထားကြသည်။ အကယ်၍ ရက်အနည်းငယ် နောက်ကျလျှင်ပင် သူတို့ စောင့်ဆိုင်းလိမ့်မည် ဖြစ်သည်။ နှစ်နာရီလောက်က သိပ်ပြဿနာ မဟုတ်ချေ။ 

“ဒါဆိုလည်း ကျုပ် တိတ်တဆိတ် လေ့လာပါ့မယ်... ခင်ဗျားတို့ စမယ်ဆို စလို့ ရပါပြီ”

ဝေ့ဝူယင်က ထိုကဲ့သို့ ပြောလိုက်ရင်း ထောင့်တစ်နေရာသို့ သွားရောက်ကာ ထိုင်ချလိုက်၏။ သူ၏ ပုံစံက ပွဲကြည့် ပရိသတ် တစ်ယောက်အလား ငြိမ့်ငြိမ့်ညောင်းညောင်းပင်။ 

“သူတို့ကို ကြည့်ရတာ မင်း မကျေမနပ် ဖြစ်မှာကို ကြောက်နေတဲ့ပုံရတယ်”

ရုတ်တရက် ဝူယု၏ အသံက စိတ်ထဲတွင် ပေါ်လာခဲ့၏။ 

“ခင်ဗျားရော အတူတူပဲ မဟုတ်ဘူးလား...” 

ဝေ့ဝူယင်က အေးဆေးစွာပင် ပြုံးလိုက်သည်။  

“ဟဟ... သုံးလွှာ ကြယ်တာရာ နယ်မြေမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်ကို အထင်သေးရဲတဲ့လူ မရှိသေးပါဘူး... နောက်ပြီး အသက်အရွယ်နဲ့ ကိန်းဂဏန်းတွေ အရဆိုရင် မင်းရဲ့ အလားအလာက ထာဝရ ဧကရာဇ်ထက်တောင် သာသေးတယ်... ဒါပေမဲ့ အဲဒါကလည်း ငါတစ်ယောက်တည်း သိထားတဲ့ အချက်လေ... ဘယ်လိုလုပ်ပြီး အခြားလူတွေကပါ မင်းကို ကြောက်နေကြတာလဲ”  

ဝူယု၏က နားမလည်ဟန်ဖြင့် မေးလိုက်၏။ 

“ပြောရရင် အဲဒီ ကိစ္စကို ထို့ပိဟန်လည်း သိတယ်... နောက်ပြီး ကျုပ်ဆီက ဆေးလုံးတွေကို လက်မခံဖူးတဲ့လူ တစ်ယောက်မှ ဒီအခန်းထဲမှာ မရှိဘူး... ငါတို့ အားလုံးနဲ့ ကျုပ်ကြားမှာ တိုက်ရိုက်ဖြစ်စေ... သွယ်ဝိုက်ဖြစ်စေ သဘောတူညီချက်တွေ ရှိတယ်... ဒီလောက်ဆို ခင်ဗျား နားလည်နိုင်ပြီ မလား”

ဝေ့ဝူယင်နှင့် ဝူယုတို့ စကားပြောဆိုနေကြသည့် တစ်ချိန်တည်းမှာပင် ဇင်မှာ အသိအမှတ်ပြု အခမ်းအနားကို စတင်နေခဲ့ပြီ ဖြစ်သည်။ 

၎င်းမှာ အနန္တဧကရာဇ်ဂိုဏ်းကို လွှမ်းမိုးရန် လုံချန် ကြိုးစားလာသည့် ပထမဆုံး ခြေလှမ်း ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ သို့သော်လည်း ဆက်ခံသူက ဆက်ခံသူမျှသာ ဖြစ်သည်။ ရာဇ မဟာ ပလ္လင်ကို သိမ်းပိုက်နိုင်ရန် လိုအပ်သည့် အရည်အချင်းများကို မပြည့်မှီမချင်း သူ့အနေဖြင့် အသိအမှတ် ပြုမှုနှင့် ပံ့ပိုးမှု အချို့ကိုသာ ရရှိနိုင်လိမ့်မည် ဖြစ်သည်။ 

“ထို့ပိဟန်...” 

တစ်ခဏမျှ အကဲခတ်ရုံဖြင့်ပင် လောကသခင် အဆင့်ကို တက်ရောက်သွားသည့် ပုဂ္ဂိုလ်က မည်သူ ဖြစ်ကြောင်း ဝူယုတစ်ယောက် သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ ဝေ့ဝူယင်ကို လေးစားသော မျက်လုံးများနှင့် ကြည့်လိုက်မိ၏။ အခြေခံ လိုအပ်ချက်များနှင့် ကင်းကွာနေသူ တစ်ယောက်ကို အဆင့်တက်အောင် ထောက်ပံ့ပေးရခြင်းကား လွယ်ကူလှသော ကိစ္စတစ်ခု မဟုတ်ချေ။ အဆင့်ရှစ် အထွတ်အထိပ် ဆေးလုံးအချို့သာလျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်း ရှိပေသည်။ 

ဆေးလုံး အကြောင်း ပြောရလျှင် ဝေ့ဝူယင်၏ သန့်စင်နှုန်းကို မဖြစ်မနေ ထည့်ပြောမှ ဖြစ်ပေလိမ့်မည်။ လအနည်းငယ်ကြာ အတူတကွ အချိန်ဖြုန်းပြီးနောက် ဝေ့ဝူယင်မှာ အဆင့်ရှစ် ဆေးလုံးများကို ထမင်းစား ရေသောက်သလို လွယ်ကူစွာ ဖော်စပ်နိုင်ကြောင်း ဝူယု တွေ့ရှိလာရသည်။ ထိုအထဲမှ ဆေးအချို့ ဆိုလျှင် ထာဝရ ဧကရာဇ် ပင်လျှင် နှစ်ချီ အချိန်ယူ ဖော်စပ်ရသော ဆေးများ ဖြစ်သည်။ 

“ဂိုဏ်းတစ်ဂိုဏ်းလုံး မင်းရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေတာ မထူးဆန်းတော့ဘူး” 

ခန်းမအတွင်းရှိ လူအားလုံးကို ဝိညာဥ်အာရုံဖြင့် စစ်ဆေးပြီးနောက် ဝူယုက သက်ပြင်းတစ်ချက် ချလိုက်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ် အနန္တဧကရာဇ်ဂိုဏ်းသို့ စတင်ရောက်ရှိစဥ် အချိန်ကနှင့် နှိုင်းစာလျှင် သူတို့ အားလုံး၏ ကျင့်ကြံခြင်း အဆင့်များ၊ ခွန်အားများက နှစ်ဆ၊ သုံးဆမျှ မက မြင့်တက်လာခဲ့ပေသည်။ ရှင်းလင်းစွာပင် ၎င်းမှာ ဝေ့ဝူယင်၏ အကျိုးသက်ရောက်မှုများပင် ဖြစ်ပေသည်။ 

လုံချန်သည် ဂုဏ်ယူစွာဖြင့် စင်မြင့်ထက်၌ နေရာယူနေခဲ့၏။ ထိုအရာက အသိအမှတ်ပြု အခမ်းအနား တစ်ခုမျှသာ ဖြစ်သည့်တိုင် ပြီးဆုံးသည်နှင့် သူ၏ အဆင့်အတန်းက မဟာ မင်းသား အဖြစ် မြင့်တက် သွားလိမ့်မည် ဖြစ်သည်။ သူသည် ဂိုဏ်းအတွင်း အာဏာ အနည်းငယ် ရှိလာလိမ့်မည် ဖြစ်ပြီး အကျိုးအမြတ်နှင့် ရင်းမြစ် အချို့ကိုပါ အထူးတလှယ် တိုက်ခိုက်စရာ မလိုပဲ ခံစားနိုင်‌ပေလိမ့်မည်။ သူ ပိုင်ဆိုင်လာမည့် အဆင့်အတန်းက ကောင်းကင်ဧကရာဇ်များထက်ပင် အနည်းငယ် သာပေလိမ့်မည်။ 

ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ထိုင်နေသည့် ဝေ့ဝူယင်ကို လုံချန် လှမ်းကြည့်လိုက်မိ၏။ တဖျပ်ဖျပ် လင်းလက်နေသည့် ဝေ့ဝူယင်၏ လည်ပင်းရှိ အနက်‌ရောင် လက်စွပ်လေးကို သတိထားမိသော အခိုက်၌ သူ့ မျက်လုံးများက အနည်းငယ် မှုန်မှိုင်းသွား၏။ လုံလောက်သည့် အခွင့်အာဏာနှင့် စွမ်းအားတို့ကို မရှာဖွေနိုင်ခဲ့သဖြင့် ဆရာဖြစ်သူမှာ သူ့ထံပါးမှ ခွဲခွာသွားခဲ့ရခြင်း ဖြစ်သည်။ တစ်နေ့ တစ်ချိန်တွင်တော့ သူ ထိုအရာကို ဝေ့ဝူယင်ထံမှ ပြန်လည် ရအောင် ယူမည် ဖြစ်သည်။ 

“ဒါပေမဲ့ အခုတော့...” 

လုံချန် အသက်ကို ပြင်းပြင်းရှူရင်း စိတ်တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းလိုက်၏။ သူက ခေါင်းမာသည် ဆိုသော်လည်း မျက်ကန်းအရူး တစ်ယောက်တော့ မဟုတ်ပါချေ။ အခြားလူများ ဝေ့ဝူယင်ကို ဆက်ဆံသည့် ပုံစံကို သူ ကောင်းစွာ သိသည်။ အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ အရေးပါပုံကို သူ ကောင်းစွာ နားလည်သည်။ “သေမျိုး အဂ္ဂိရတ် အာဏာရှင်” ဆိုသော အစစ်အမှန် အဆင့်အတန်းကို ထုတ်ဖော် မပြသေးသည့် အချိန်တွင်ပင် ဝေ့ဝူယင်မှာ မဟာ အင်ပါယာ သူတော်စင်များကို ပွဲပြီးမီးသေစေခဲ့ပြီး ဖြစ်သည်။ သူ နှစ်နာရီခန့် နောက်ကျခြင်း အပေါ် မည်သူမှ မကျေမနပ် မလုပ်ဝံ့ကြချေ။ 

မဟာ မင်းသား အသိအမှတ်ပြုပွဲ အခမ်းအနားကို အနန္တဧကရာဇ် ကြယ်တာရာ ဂြိုဟ်နယ်မြေတစ်ခုလုံးတွင် တိုက်ရိုက် ထုတ်လွှင့် ပြသ၏။ ၎င်းက အချိန်ကာလအားဖြင့် သိပ်မကြာသည့်တိုင် အတော်လေး ကြီးကျယ်ခမ်းနားလှသည်။ အခမ်းအနား အဆုံးသတ်၌ မရေမတွက်နိုင်သော လက်ခုပ်သံများမှာ တစ်လောကလုံးကို သိမ်းပိုက်သွားခဲ့တော့၏။ 

ခေတ်သစ်တစ်ခုကို ဦးဆောင်မည့်၊ အနန္တဧကရာဇ်ဂိုဏ်းကို ကိုယ်စားပြုမည့် မဟာ ဧကရာဇ် မျိုးဆက်ကား ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ အလွန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။ သူတို့အကယ်၍ အမှားအယွင်း တစ်ခုခုသာ မရှိပါက နောင်လာမည့် ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် အနန္တဧကရာဇ်ဂိုဏ်းမှာ သုံးလွှာ ကြယ်တာရာ နယ်မြေကို ပြန်လည် လွှမ်းမိုးနိုင်ပေလိမ့်မည်။  

အခမ်းအနား ပြီးဆုံးပြီးနောက် ဝေ့ဝူယင်မှာ ပြန်လည် ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သည်အခမ်းအနားကို သူ သိပ်စိတ်ဝင်စားခြင်း မရှိချေ။ ဝေ့ဝူယင် ထိုင်ရာမှ ထရပ်လိုက်စဥ်မှာပင် ထို့ပိဟန်၏ ချောင်းဆိုးသံကို ကြားလိုက်ရသည်။ ငွေရောင် မုတ်ဆိတ်ရှည်ကြီးများကို ဉာဏ်ပညာရှိစွာ ပွတ်သပ်နေသည့် ထိုလူအိုကြီးကို လှမ်းကြည့်ရင်း ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်၏။ ကြည့်ရသည်က အချိန်ကား ကျရောက်လာခဲ့ဟန် ရသည်။ 

“အားလုံးပဲ...” 

ထို့ပိဟန်က လုံချန်နေရာကို အစားထိုး၍ စင်မြင့်ထက်သို့ တက်လာကာ အားလုံး၏ အာရုံစူးစိုက်မှုများကို သိမ်းကြုံးရယူလိုက်သည်။ ထို့နောက် သူက မတုန့်ဆိုင်းတော့ပဲ ကြည်လင် ပြတ်သားသော အသံဖြင့် ကြေညာလိုက်လေတော့၏။ 

“ကံကောင်းထောက်မစွာနဲ့ သေခါနီးအချိန်ကျမှ ကျုပ် ထို့ပိဟန် အဆင့်တက်နိုင်ခဲ့ပါတယ်...” 

“ ... “ 

သူ၏ ကြေညာသံ အဆုံးသတ်၌ အနန္တ ဧကရာဇ်ဂြိုဟ်တစ်ခုလုံးမှာ ယာယီ တိတ်ဆိတ်သွားလေတော့၏။ 

အဆင့်တက်နိုင်ခဲ့တယ်...

အဆင့်တက်နိုင်ခဲ့တယ်... 

ထိုစကားလုံးများမှာ လူတိုင်း၏ နားစည်ကို ပင်လယ် လှိုင်းလုံးများလို ရိုက်ခတ်နေ၏။ အကယ်၍ အဆင့်တက်နိုင်ခဲ့တယ် ဆိုသော ထိုစကားကို သာမန် ကျင့်ကြံသူ တစ်ယောက်က ပြောဆိုခြင်း ဆိုပါက ထိုအရာက မထူးဆန်းချေ။ အနန္တဧကရာဇ်ဂြိုဟ်တွင်ပင် နေ့စဥ်နေ့တိုင်း လူပေါင်း ထောင်နှင့် သောင်းချီ၍ အဆင့်တက် နေကြပေသည်။ 

သို့သော်လည်း ယခု ပြောလာသည်က ထို့ပိဟန် ဖြစ်သည်။ အနန္တဧကရာဇ်ဂိုဏ်း၏ သက်တမ်းအရင့်ဆုံး မဟာ သူတော်စင် တစ်ပါး ဖြစ်သည်။  ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား ကင်းလွတ်ခြင်း အဆင့်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ရောက်ရှိနေခဲ့သူ ဖြစ်သည်။ ကြယ်တာရာ အမြုတေ အလွှာတွင် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ကျင့်ကြံသူကြီး တစ်ယောက် တက်လှမ်းရန် အဆင့်များကား များများစားစား မရှိတော့ချေ။ 

တိတိကျကျ ပြောရလျှင် အဆင့်သုံးဆင့်သာ ရှိပေသည်။ လောကသခင် အဆင့်၊ အချိန်သခင် အဆင့်နှင့် ကြယ်တာရာ သခင် အဆင့်တို့ပင်။ 

***

All Chapters