← Chapters

ထို့ပိဟန်၏ ကြေညာချက် (၂) 

Vol. 23 Ch. 313

ထို့ပိဟန်၏ ကြေညာချက် (၂) 

Vol. 23 Ch. 313

အနန္တဧကရာဇ်ဂြိုဟ်ပေါ်ရှိ လူတိုင်း၏ နှလုံးသားများ တဒိန်းဒိန်း တုန်ရီနေကြကြောင်း အင်ပါယာ တောင်ထွတ်မှပင် ထို့ပိဟန် ခံစားနေရသည်။ ခပ်လှမ်းလှမ်း၌ ရပ်နေသည့် ဝေ့ဝူယင်ကို သူ ဂုဏ်ယူစွာဖြင့် လှမ်းကြည့်လိုက်မိ၏။ အကယ်၍ ထိုလူငယ်လေးသာ မရှိခဲ့ပါက ဤနေ့မှာ ဘယ်တော့မှ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။  

“အ... အဆင့်တက်သွားပြီ...” 

ပထမဆုံး တုန့်ပြန်လာသူကား ထို့ပိဟန်နှင့် အရင်းနှီးဆုံးလူများထဲမှ တစ်ယောက်ဟု ဆိုနိုင်သည့် ချင်းရိုင်ပင်...။ 

ထို့ပိဟန် သူမကို လှည့်ကြည့်လိုက်၏။ သူ့မျက်လုံးများက သိမ်မွေ့ကာ ချစ်ခြင်း မေတ္တာများဖြင့် ပြည့်နှက် နေသည်။ ချင်းရိုင်မှာ ပြောမပြနိုင်သည့် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရ၏။ ထို့ပိဟန်၏ ထိုအကြည့် တစ်ခုတည်းက ပင်လျှင် သူမနှလုံးသားထဲရှိ အမှန်တရားကို အတည်ပြုရန် လုံလောက်ပေသည်။ 

အဆင့် တက်ခြင်း... 

၎င်းကား အိပ်မက်တစ်ခု ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင် အဆင့် ကျင့်ကြံသူတိုင်း မက်မက်မောမော မက်ရသော အိပ်မက် တစ်ခု ဖြစ်သည်။ 

ယောင်ကျန်း၏ မျက်လုံးအတွင်းရှိ ခရမ်းရောင် မီးတောက်များမှာ ရိုင်းစိုင်း ခက်ထန်စွာ ပျံ့လွင့်နေ၏။ အမျိုးမျိုးသော ခံစားချက်များက သူ့တစ်ကိုယ်လုံးကို သိမ်းပိုက်စိုးမိုးထားသည်။ သူသည် အနန္တဧကရာဇ်ဂိုဏ်း၏ အသက်အငယ်ဆုံး မဟာ အင်ပါယာ သူတော်စင် ဖြစ်သည်။ ပါရမီ အမြင့်ဆုံး ကျင့်ကြံသူ ဖြစ်သည်။ အကယ်၍ ထို့ပိဟန် အဆင့်တက်လှမ်းနိုင်ခဲ့သည် ဆိုလျှင် သူ့တွင်လည်း ထိုကဲ့သို့ အခွင့်အရေး ရှိပေလိမ့်မည်။ 

ဇင်က ထို့ပိဟန်ကို လေးနက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက မျက်လွှာကို ချရင်း တီးတိုး ရေရွတ်လိုက်လေသည်။ 

 “ခေတ်က တကယ့်ကို ပြောင်းလဲနေပြီပဲ” 

တစ်ချိန်တည်း၌ ကျိချန်းကောင်းမှာမူ တိတ်ဆိတ် ငြိမ်သက်နေ၏။ ပြင်းထန်သည့် ထက်ရှမှု တစ်ခုသာလျှင် သူ့မျက်လုံးများထဲ၌ နေရာယူနေပေသည်။ 

ထို့ပိဟန်က တည်ငြိမ်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။ ဉာဏ်ပညာ ရင့်ကျက်မှုတို့ဖြင့် ပြည့်နှက်နေသည့် မီးခိုးရောင် မျက်လုံးများက သိမ်မွေ့သော အလင်းတစ်ခုကို သက်တောင့်သက်သာပင် ထုတ်လွှတ်နေလေသည်။ ရင်ဘတ်ကို အနည်းငယ် ကော့လိုက်ရင်း ထို့ပိဟန် အားလုံးကို ဝှေ့ကြည့်လိုက်၏။ 

“ကျုပ်... ထို့ပိဟန် လောက မူလဘူတ ကြယ်တာရာ ကပ်ဘေးကို ကံကောင်းထောက်မစွာ ဖြတ်‌ကျော် နိုင်ခဲ့ပြီး လောကသခင် အဆင့်တစ်ယောက် ဖြစ်လာခဲ့ပါပြီ...” 

“လောကသခင်” ဆိုသော စကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်ပင် ဟင်းလင်းပြင် စွမ်းအင်များမှာ လေပြင်းမုန်တိုင်းများလို စုစည်းလာ၏။ ၎င်းက ခန်းမအတွင်းရှိ လူများအား မသက်မသာ ဖိအားများ ခံစားရစေသည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားတော့၏။ 

ဟူး... ဟူး... 

ထို့ပိဟန်သည် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲသွားကာ ခန်းမ အပြင်ထက် အင်ပါယာ တောင်ထွတ် ကောင်းကင်၌ ပြန်လည် ပေါ်လာခဲ့၏။ လူတိုင်းမှာ ကောင်းကင်ထက်၌ နတ်ဘုရား တစ်ပါးလို မြောလွင့်နေသည့် ထို့ပိဟန်ကို ခေါင်းများမော့ရင်း မော်ဖူးလိုက်မိကြသည်။ 

ထို့ပိဟန်က ခေါင်းငုံ့ကြည့်ရင်း ပြုံးလိုက်၏။ ဤသည်က သူ့အချိန် ဖြစ်သည်။ တစ်လောကလုံးအား အနန္တ ဧကရာဇ်ဂိုဏ်း ပြန်လာပြီ ဖြစ်ကြောင်း ‌ပြောပြရမည့် အချိန် ဖြစ်သည်။ မကြာမှီ အချိန်အတွင်းမှာပင် သူတို့၏ ပိုင်ဆိုင်ခဲ့သည့် ဘုန်းကျက်သရေနှင့် ခမ်းနားမှုတို့ကို ပြန်လည် သိမ်းပိုက်နိုင်ပေတော့မည်။ 

ဟူး... ဟူး... 

တော်လဲသံနှင့် အတူ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ ရောင်ဝါများမှာ သမုဒ္ဒရာ လှိုင်းလုံးများကို တစ်လိပ်ပြီး တစ်လိပ် မြင့်တက်လာသည်။ လောကသခင် အဆင့်ကို မယုံကြည်နိုင်စရာ အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းထားပြီး လောက ဝင်္ကပါ အဆင့်နှင့် ဟင်းလင်းပြင် အင်အားသို့ ဝင်ရောက်ခြင်းတို့ပင် ဖြစ်သည်။  

ကြယ်တာရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်သို့ ရောက်ရှိသည်နှင့် ကျင့်ကြံသူများမှာ ဟင်းလင်းပြင် စွမ်းအင်များကို စတင် ထိတွေ့ လာနိုင်ကြသည်။ သူတို့သည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံခြင်း အခြေခံကို တိုးမြှင့်ရန်နှင့် အလင်းနှင့် ဆွဲအားတို့ အပေါ် နားလည်ရန် အသုံးပြုကြသည်။ 

သို့သော်လည်း လောကသခင် အဆင့်မှာမူ လုံးဝ ခြားနားလှ၏။ သူတို့မှာ လောကနယ်မြေများကို ဖန်တီးနိုင်ကြရုံသာ မက ကြယ်တာရာ အင်အားနှင့် ဟင်းလင်းပြင် စွမ်းအင်များကို ပေါင်းစပ်ကာ ဟင်းလင်းပြင် အင်အားများကိုပါ ထုတ်လုပ်နိုင်ကြသည်။ ထိုအရာက ဟင်းလင်းပြင် ဂိတ်တံခါးများနှင့် လက်စွပ်များ အတွင်းရှိ နေရာ အကွာအဝေး  နှစ်ခုကို ချိတ်ဆက်ပေးနိုင်သည့် စွမ်းအင်မျိုးနှင့် အတူတူပင် ဖြစ်သည်။ သူတို့သည် အကန့်အသတ် ဘောင်တစ်ခုအတွင်း ရှိသည့် နေရာများကို အတားအဆီး မရှိပဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြသည့် အပြင် ဟင်းလင်းပြင်ကိုပါ ကန့်သတ် ချုပ်နှောင်နိုင်စွမ်း ရှိသည်။ ထို့အပြင် ဟင်လင်းပြင် လက်နက်များ၊ ဒိုင်းများနှင့် ကိုယ်ပိုင် နယ်မြေများကိုပါ ဖန်တီးနိုင်လေရာ သူတို့မှာ ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်ပေသည်။ 

ထို့ပိဟန်မှာ သူ့ခန္ဓာကိုယ် အတွင်း စွမ်းအင်တွင်းပေါက် တစ်ခု ရှိနေသလို ခံစားနေရ၏။ တစ်လောကလုံး စောင့်ကြည့်နေကြချိန်မှာပင် သူ့ခန္ဓာကိုယ်မှာ နတ်ဘုရား အလင်းတစ်ခုဖြင့် စတင် တောက်ပလာသည်။ သူသည် ကောင်းကင်တွင် လွင့်မြောရင်း အဆုံးမဲ့ ကျင့်ကြံသူ ပင်လယ်ကို ငုံ့ကြည့်နေခဲ့၏။ 

ဘုန်း...

မကြာခင်မှာပင် စွမ်းအင် တစ်ခုမှာ သူ့ခန္ဓာကိုယ် အတွင်း ပေါက်ကွဲကာ အလွန် တောက်ပလှသော အဝန်းဝိုင်း တစ်ခု ထွက်ပေါ်လာ၏။ လူတိုင်းမှာ သူတို့အား ထို့ပိဟန် လာရောက် ထိတွေ့နေသလို ခံစားလိုက်ကြရသည်။ အလင်း စက်ဝန်းသည် တဒင်္ဂအတွင်းမှာပင် သူတို့ ခန္ဓာကိုယ်ကို ကျော်ဖြတ်ကာ နှလုံးသား၏ အနက်ရှိုင်းဆုံးသော နေရာတိုင်အောင် စိမ့်ဝင်သွားခဲ့၏။ ချက်ချင်းပင် သံသယ အားလုံး ကုန်စင်သွားကာ ထို့ပိဟန် အမှန်တရားကို ပြောနေခြင်း ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။  

“ဟင်းလင်းပြင် အင်အား...” 

ဝေ့ဝူယင်မှာ ထို့ပိဟန်၏ လောကနယ်မြေအတွင်း ကျရောက်နေပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်ကြသည်။  သူက တည်ငြိမ်စွာပင် ဟင်းလင်းပြင် အင်အားကို ဆင့်ခေါ်ကာ နှလုံးသားနှင့် ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဆဲများ အားလုံးမှာ တည်ငြိမ် ထူထဲသော အကာအရံ တစ်ခုအောက်သို့ လုံခြုံစွာ ကျရောက်သွားလေ၏။ 

ဝေ့ဝူယင် တစ်ချက်ပြုံးရင်း ပတ်ဝန်းကျင်ရှိ လူများကို အကဲခတ်လိုက်၏။ ထိုအခါ လုံချန် အပါအဝင် လူတိုင်း၏ မျက်လုံးများမှာ ကောင်းကင်ရှိ ထို့ပိဟန်အား ခံစားချက် မျိုးစုံဖြင့် ငေးမောကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ တစ်လောကလုံးမှာ ထို့ပိဟန်၏ ခမ်းနားထည်ဝါလှသော တည်ရှိမှု၌ လွင့်မြောကာ အသိစိတ်များပင် ကင်းလွတ်နေကြဟန် ရလေသည်။ 

ဝူယု၏ ခပ်လေးလေး သက်ပြင်းချသံ တစ်ခုက ဝေ့ဝူယင်၏ စိတ်အတွင်း ပေါ်လာခဲ့၏။

“လောကနယ်မြေ... တိကျသေချာတဲ့ နေရာတစ်ခု အတွင်းမှာ ရှိတဲ့ မန်နာနဲ့ နက္ခတ်အင်အားကို ကိုယ်ပိုင် ထိန်းချုပ်နိုင်တဲ့ စွမ်း‌ရည်...”

မှန်သည်။ ထိုစွမ်းရည်... ထိုစွမ်းရည်ကြောင့်သာလျှင် သူတို့မှာ လောကသခင် သို့မဟုတ် နယ်မြေသခင်များ ဖြစ်လာကြခြင်း ဖြစ်သည်။ ထိုစွမ်းရည်ကြောင့်သာလျှင် သူတို့မှာ ခေတ်တိုင်း၏ ထိပ်ဆုံး၌ ရပ်တည် နိုင်ကြခြင်း ဖြစ်သည်။ 

ဟူး... ဟူး... 

အလင်းစက်ဝန်းမှာ တဖြည်းဖြည်း နောက်သို့ ပြန်ဆုတ်လာကာ ထို့ပိဟန်၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက် ပျောက်ကွယ်သွား၏။ ထိုအခါတွင်မှ လူတိုင်းမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားကာ နဂိုမူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ 

“မ... မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန် တကယ် အဆင့်တက်သွားပြီ...” 

ပျော်ရွှင်မှု လှိုင်းတစ်ခုနှင့် အတူ အသံများမှာ သူတို့ နှုတ်ဖျားမှ ထွက်ပေါ်လာ၏။ 

“မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန် တကယ်ကြီး အဆင့်တက်သွားပြီ...” 

“ဟား... ဟား...”

တစ်ခဏအတွင်းမှာပင် အနန္တဧကရာဇ်ဂြိုဟ် တစ်ခုလုံးမှာ ပျော်ရွှင်မြူးထူးသော ရယ်မောသံများ၊ အောင်ပွဲခံသံများဖြင့် ပြည့်နှက်သွားလေတော့၏။ ထို့ပိဟန် အားလုံးကို တစ်ချက် ဝှေ့ကြည့်ရင်း ပြုံးလိုက်၏။ ထို့နောက် သူက လက်ကို မြှောက်လိုက်ရင်း ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော အသံဖြင့် ကြေညာလိုက်သည်။  

“ဒီနေ့ကစပြီး... အနန္တဧကရာဇ်ဂိုဏ်းဟာ ခေတ်သစ်တစ်ခုဆီကို ဝင်ရောက်နေပြီ...” 

“ခေတ်သစ်တစ်ခု...” 

လူတိုင်းမှာ လိုက်လံ ရေရွတ်လိုက်မိကြ၏။ မှန်သည်။ အနန္တဧကရာဇ်ဂိုဏ်းမှာ ခေတ်သစ်တစ်ခုစီကို အမှန်တကယ် ဝင်ရောက်နေချေပြီ ဖြစ်သည်။ ပထမဆုံး ဒုတိယမြောက် ထာဝရ ဧကရာဇ်၊ ထို့နောက် မဟာ ဧကရာဇ် ဆက်ခံသူ... ယခုတစ်ဖန် လောကသခင် အဆင့်... ဤသည်ကို ခေတ်သစ်တစ်ခုဟု မပြောလျှင် မည်သည့်အရာကို ပြောရပါမည်နည်း။ 

နာရီပိုင်း အတွင်းမှာပင် လူအုပ်မှာ ပြန်လည် ကွဲသွားကာ သတင်းများမှာလည်း ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ အပေါင်းအပါများ ဖြစ်သည့်  တရှန်း၊ နယ်လာရှား၊ ရှန်းလင်တို့မှာ မိတ်ဆွေများ အပေါင်းအသင်းများနှင့် အတူ အောင်ပွဲခံနေကြ၏။ 

ဝေ့ဝူယင် တစ်ယောက်သာလျှင် သူတို့နှင့် ပူးပေါင်းနိုင်ခြင်း မရှိပဲ ကောင်းကင်နန်းတော်ဆီ ပြန်လည် ရောက်ရှိနေခဲ့လေသည်။ အဘယ်ကြောင့်နည်း။ အိုမင်းမစွမ်း ပုံစံရှိသည့် လူအိုကြီး တစ်ယောက် သူ့ထံ အလည်အပတ် ရောက်ရှိ လာနေသောကြောင့်ပင် ဖြစ်၏။    

ထို့ပိဟန်ကလွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ မီးခိုးရောင် ဆံပင် မုတ်ဆိတ်များနှင့် ထိုမြေခွေးအိုကြီးမှာ နောက်မှီ ကုလားထိုင် တစ်ခုပေါ်တွင် ထိုင်ရင်း မျက်လုံးများကို မှိတ်ထားခဲ့၏။ သူ၏ အမူအရာက အသက်ကြီးချိန် အပျင်းခိုတတ်သော သမာရိုးကျ အဘိုးအို တစ်ယောက်လိုပင်။ 

ဝေ့ဝူယင် သူ့ကို ကြည့်ရင်း ပထမဆုံး ဆုံတွေ့ခဲ့သည့် အချိန်ကိုပင် ပြန်လည် အမှတ်ရလိုက်၏။ ထိုစဥ်ကလည်း သည်လူအိုကြီးမှာ သည်ပုံစံအတိုင်း အတိအကျပင် မှေးနေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်ပင်လျှင် သူ့ကို မထင်မသေးခဲ့သည့်တိုင် အထင်ကြီးခဲ့ခြင်း မရှိချေ။ 

ထို့နောက်တွင် သူက “‌ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်” ကျင့်ကြံရန် သူ့ကို အကြံပေးခဲ့သည်။ ကောင်းကင် ဧကရာဇ်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ နောက်အခါတွင် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်မှာ သူ့အား အဂ္ဂိရတ် တာအိုတွင် ကြီးကျယ်စွာ အကူအညီ ပေးခဲ့လေသည်။ 

“ခင်ဗျား ကျင့်ကြံခြင်း အခြေခံကို ဘာကြောင့် ဖော်ထုတ်လိုက်သလဲ ဆိုတာ ပထမတော့ ကျုပ် မသိခဲ့ဘူး... အဲဒါကို ဖုံးကွယ်ပြီး ဝှက်ဖဲတစ်ခု အနေနဲ့ သုံးရင် ပိုကောင်းလိမ့်မယ်လို့ ကျုပ် တွေးခဲ့တာ...  ဒါပေမဲ့ ခုတော့ နားလည်ပြီ” 

ဝေ့ဝူယင်က သူတို့ နှစ်ယောက်ကြား စားပွဲပေါ်တွင် ခင်းကျင်းထားခဲ့သည့် သစ်သီးဗန်းထဲမှ ရွှေရောင် ပန်းသီးလေး တစ်လုံးကို ‌ကောက်ယူရင်း ပြောလိုက်သည်။ ထို့နောက် သူက ခွပ်ခနဲ မြည်အောင် ကိုက်ဖဲ့လိုက်ရင်း ချိုစိမ့်သော အရသာကို လျှာဖျားမှ လျှာရင်းတိုင်အောင် ခံစားလိုက်၏။ 

ထို့ပိဟန်က နောက်မှီကုလားထိုင်ကို နည်းနည်း လှုပ်လိုက်သည်။ ထို့နောက် သူက ပျင်းရိလေးဖင့်စွာဖြင့် မျက်လုံးကို ပင့်တင် ကြည့်လိုက်သည်။ 

“လောကသခင် ဖြစ်လာပြီ ဆိုတာက ဒီကြယ်တာရာ နယ်မြေမှာ ပြိုင်ဘက်ကင်းတာနဲ့ အတူတူပဲလေ... ဖုံးကွယ်တာ ဖြစ်ဖြစ်... ဖော်ထုတ်လိုက်တာ ဖြစ်ဖြစ် အားလုံးက ရလဒ် အတူတူပဲ” 

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ပန်းသီးကို နောက်တစ်ကိုက် ကိုက်လိုက်၏။ 

“ဒါနဲ့ စကားမစပ် ခင်ဗျားလို သဘာဝအတိုင်း လောကသခင် ဖြစ်လာတဲ့လူနဲ့ စန်းမျိုးနွယ်ရဲ့ လောကသခင်တွေကြားမှာ ဘာကွာလဲ” 

သူ ထိုအရာကို အစောတည်းက သိချင်နေခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်း မှတ်တမ်းများ၊ ပရပိုက်များထဲတွင် အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း ရှင်းလင်းသည့် ဖြေရှင်းချက်မျိုးကို မတွေ့ရချေ။ 

ထို့ပိဟန်၏ မျက်လုံးများက ပွင့်ဟလာ၏။ သူ့ထံတွင် ပျင်းရိလေးတွဲသော အရိပ်အငွေ့များ မတွေ့ရတော့ချေ။  တစ်ခဏမျှ စဥ်းစားပြီးနောက် သူက ပါးစပ်ကို ဟရင်း တည်ကြည်စွာ ဖြေလိုက်သည်။ 

“လောကနယ်မြေ...” 

***

All Chapters