နောက်တစ်ကြိမ် စုဝေးခြင်း
Vol. 23 Ch. 314
“လောကနယ်မြေ... သူတို့မှာလည်း ရှိတယ်မလား...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ လောကသခင်များ အဓိက ပိုင်ဆိုင်ထားသည့် လက်နက်မှာ သူတို့၏ လောကနယ်မြေများပင် ဖြစ်သည်။ အကယ်၍ လောကနယ်မြေကိုသာ ထိန်းချုပ်နိုင်စွမ်း မရှိပါက သူတို့မှာ ကြယ်တာရာ အမြုတေ အဆင့်ခြောက်များနှင့် ဘာမှ ကွာတော့မည် မဟုတ်ချေ။
စန်းမျိုးနွယ်မှာ မဟာ အင်ပါယာ သူတော်စင် အဆင့် အနည်းဆုံးသော အဖွဲ့အစည်း ဖြစ်သည့်တိုင် မဟာဂိုဏ်းကြီး ငါးဂိုဏ်း၏ ထိပ်ဆုံး၌ ရပ်တည်နေနိုင်ခြင်းမှာ သူတို့ ပိုင်ဆိုင်ထားသည့် လောကသခင် နှစ်ယောက်ကြောင့် ဖြစ်ပေသည်။ ထိုလောကသခင် နှစ်ယောက်က ကြယ်တာရာ အမြုတေ အဆင့်ခြောက်များနှင့် မကွာဟု ဆိုလျှင် ၎င်းက အဓိပ္ပာယ် မရှိချေ။
“သူတို့မှာလည်း လောကနယ်မြေတစ်ခုတော့ ရှိပါတယ်... အဓိက ကွာသွားတာက ခွန်အားပေါ့”
ထို့ပိဟန်က ဆက်ပြောလိုက်၏။
“ကွာခြားချက်ကို အတိအကျ မပြောရဲပေမဲ့ သူတို့ ဖန်တီးလိုက်တဲ့ လောကနယ်မြေကို အတုအယောင် လောက နယ်မြေလို့ ခေါ်ရင် ပိုမှန်လိမ့်မယ် ထင်တယ်... ဒါပေမဲ့ ဟင်းလင်းပြင် ဂိတ်တံခါး မလိုပဲ ဂြိုဟ်တစ်ခုကနေ တစ်ခု ခုန်ကူးနိုင်တဲ့ စွမ်းရ့ည်တော့ သူတို့မှာ ရှိနေတုန်းပဲ”
ထို့ပိဟန်မှာ ယခုမှ လောကသခင် တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤအဆင့်နှင့် ပတ်သက်သမျှကို သူ အသားကျခြင်း မရှိသေးချေ။
ဝေ့ဝူယင် ပိုမို တိကျစွာ မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝူယု၏ အသံက သူ့စိတ်အတွင်း ပေါ်လာခဲ့၏။
“သူတို့က ကြယ်တာရာ အမြုတေ အဆင့်ခုနစ် ကပ်ဘေးကို ထာဝရ ဧကရာဇ် ထားခဲ့တဲ့ လောက ဆက်သွယ်ခြင်း နယ်မြေ ဆေးလုံး အကူအညီနဲ့ ဖြတ်ကျော်ကြတာ... အဲဒီ ဆေးလုံးက လောကနယ်မြေကို တည်ဆောက်ပေးနိုင်တဲ့ အပြင် ဟင်းလင်းပြင် စွမ်းအားကိုပါ ထိတွေ့နိုင်အောင် ကူညီပေးနိုင်တယ်... ဒါပေမဲ့ ပြန် ပြင်ဆင်လို့ မရတဲ့ ပေးဆပ်မှုတွေလည်း ရှိတယ်”
“ဒါဆို သူတို့က ကပ်ဘေးကို ရှောင်လွှဲခဲ့ကြတဲ့ သဘောပေါ့...”
ဝေ့ဝူယင်မှာ ထာဝရ ခြေချခြင်း ဆေးလုံးကိုပင် ပြန်လည် အမှတ်ရလိုက်၏။ လောကဆက်သွယ်ခြင်း နယ်မြေဆေးလုံး... ထိုနှစ်ခုက အတူတူပဲလား။
“မင်းအတွေးက မှန်ပါတယ်... ဒါပေမဲ့ အဲဒါက ထာဝရ ခြေချခြင်း ဆေးလုံးတော့ မဟုတ်ဘူး... နီးတောင်မှ မနီးစပ်ဘူး... ပြောရရင် အဲဒါက အဆင့်ကိုး ဆေးလုံးတောင် မဟုတ်ဘူး... လောကဆက်သွယ်ခြင်း နယ်မြေဆေးလုံးကို အဆင့်ရှစ် အထွတ်အထိပ် ဆေးလုံးလို့တော့ ယူဆလို့ရတယ်... အမြင့်ဆုံး အရည်အသွေးကို ပိုင်ဆိုင်ထားရင်တော့ အဆင့်ကိုး တစ်ပိုင်း ဆေးလုံးပေါ့လေ... ဘာဖြစ်ဖြစ် အဲဒါက လောက မူလဘူတ ကြယ်တာရာ ကပ်ဘေးကို ဘာအန္တရာယ်မှ မရှိပဲ ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တယ်... ပြဿနာကတော့ သူတို့ရဲ့ကျင့်ကြံခြင်းက ထာဝရ ရပ်တန့်သွားမှာပဲ... ဘယ်တော့မှ ကြယ်တာရာ အမြုတေ အဆင့်ရှစ်ကို တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး”
ဝူယု၏ လေသံက အထင်သေးမှု သရော်လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ မိမိ၏ လမ်းစဥ်ကို မိမိကိုယ်တိုင် ဖြတ်တောက် ပစ်လိုက်ခြင်း... ထိုအရာကား လူမိုက်များ ရွေးချယ်သည့် လမ်းစဥ်သာ ဖြစ်ပေသည်။
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ သူ အဘယ်ကြေင့် ထိုဆေးလုံးကို မသိခဲ့သနည်း။ အကယ်၍ ထိုဆေးလုံး တည်ရှိနေသည် ဆိုလျှင် လောကသခင် အဆင့် အရေအတွက်မှာ အဘယ်ကြောင့် နည်းပါးနေရသနည်း။ မည်သို့ပင်ဆိုစေ... ၎င်းမှာ အဆင့်ရှစ် ဆေးလုံးတစ်လုံးမျှသာ ဖြစ်သည်။ အဂ္ဂိရတ် အင်ပါယာများမှာ ၎င်းကို ဖော်စပ်နိုင်ကြပေသည်။
ဝူယုမှာ ဝေ့ဝူယင်၏ အတွေးများကို နားလည်ဟန် တူ၏။ သူက သက်ပြင်းရှည် တစ်ချက် ချလိုက်ရင်း ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အဲဒီဆေးဟာ အရမ်းကို ကျော်ကြားခဲ့တာပေါ့... ဒီလိုနဲ့ အဲဒါက လောကသခင် ဖြစ်ဖို့ အလားအလာ မရှိတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူများစွာရဲ့ ရည်ရွယ်ချက် ဖြစ်လာခဲ့တယ်... ပါရမီ မရှိဘူး ဆိုရင်တောင် ကပ်ဘေးကို ရှောင်လွှဲပြီး လောကသခင် ဖြစ်လာနိုင်တယ် မလား... ဒါပေမဲ့ ပြဿနာ တစ်ခုတော့ ရှိနေသေးတယ်... အဲဒါက လိုအပ်ချက်ပဲ”
“လောကဆက်သွယ်ခြင်း နယ်မြေ ဆေးလုံးကို ဖော်စပ်ဖို့ အတွက်ဆိုရင် ဂြိုဟ်တစ်ခုလုံးကို သန့်စင်ဖို့ လိုအပ်တယ်... ကမ္ဘာပြားတွေကို ပြောတာ မဟုတ်ဘူးနော်... ဂြိုဟ်တွေကို ပြောတာ... အဲဒါက အရမ်းကို တောင်းဆိုမှု များပြားတဲ့ ဆေးလုံးပါပဲ...”
ဂြိုဟ်တစ်ခုကို သန့်စင်ခြင်း...
ထိုအရာက အပြောလွယ်သလောက် လုပ်ရခက်သော ကိစ္စတစ်ခု ဖြစ်သည်။ ဂြိုဟ်များမှာ အမျိုးမျိုးသော အင်အားစုများ၊ မဟာဂိုဏ်းများ မှီခိုနေထိုင်သည့် နေရာဒေသ ဖြစ်သည်။ ဂြိုဟ်တစ်ခုချင်းစီမှာ အလွန်တရာ အဖိုးထိုက်တန်ကာ အရေးပါသည်။ ယနေ့ခေတ် ကျင့်ကြံသူများမှာ ကြယ်တစ်စင်း၊ ဂြိုဟ်တစ်ခု မဆိုထားနှင့် ကုန်းမြေတိုက်ကြီး တစ်ခုကိုပင် ဖန်တီးနိုင်စွမ်း မရှိကြတော့ချေ။
လောကသခင် တစ်ပါး အတွက် ဂြိုဟ်တစ်လုံးကို သန့်စင်ခြင်း... မည်သူက ထိုမျှ ကြီးမားလှသော အရင်းအနှီးကို စတေးနိုင်ပါမည်နည်း။
ထာဝရ ဧကရာဇ်ပင်လျှင် ထိုနည်းလမ်းကို စမ်းသပ်ပြီးနောက် နောက်တစ်ကြိမ် ပြန်လည် ထိတွေ့ခြင်း မပြုတော့ချေ။ ဆေးညွှန်းကိုပင် သမိုင်းထဲမှ အပြီးတိုင် ဖျောက်ဖျက်ပစ်ခဲ့သည်။ ဤနည်းဖြင့် လောကဆက်သွယ်ခြင်း နယ်မြေဆေးလုံးမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် လုံးဝ မြုပ်စတိသွားခဲ့ရသည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ကြည့်ရသည်က ထိုမသန့်စင်သော ဆေးအချို့အဝက်မှာ စန်းမျိုးနွယ် ဘိုးဘေးများ၏ လက်ထဲ၌ ကျန်ရှိနေခဲ့ပုံ ရသည်။
“သူဌေးလေး... မင်း နောက်ထပ် ဘာလုပ်ဖို့ တွေးထားလဲ”
ထိုအခိုက်တွင်ပင် ထို့ပိဟန်၏ အသံက ထွက်ပေါ်လာ၏။ သူသည် လွန်ခဲ့သည့် လပေါင်းများစွာ အတွင်း ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကို လက်ခံထားခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်က အူတိုင်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း လက်ထဲရှိ ရွှေရောင် ပန်းသီးကို အဆုံးသတ်လိုက်၏။ ထို့နောက် သူက လက်ကို ပုဝါဖြင့် ညင်သာစွာ သုတ်လိုက်သည်။
“နောက်တစ်လနေရင် ထာဝရ နတ်မိမယ်လေးနဲ့ အဂ္ဂိရတ် တိုက်ပွဲ ဆိုင်နွှဲရမယ်လေ... အဲဒါပြီးတာနဲ့ ဂိတ်တံခါးထဲဝင်ဖို့ တွေးထားတယ်...”
သူ၏ လေသံက ပေါ့ပေါ့ပါးပါးပင်။ ထာဝရ နတ်မိမယ်လေးနှင့် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲရမည့် အပေါ် နည်းနည်းမျှ ဖိအားရှိပုံ မပေါ်ချေ။
“... ဂိတ်တံခါးထဲဝင်မယ်... မင်း သေချာလို့လား...”
ထို့ပိဟန်က မျက်ခုံးပင့်ရင်း မေးလိုက်၏။ သူ့အမြင်အရဆိုလျှင် ဝေ့ဝူယင် အနေဖြင့် လျှို့ဝှက် နယ်မြေတစ်ခု အတွင်း ဝင်ရောက်ကာ ရတနာများ ရှာဖွေရန် မလိုအပ်ချေ။ သူကား အဆင့်ကိုး ဆေးလုံးကိုပင် ဖော်စပ်နိုင်သူ ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေရှိ မည်သည့် အရာကို မဆို သူသာ လိုချင်ပါက လက်ညိုးထိုးလိုက်ရုံသာ ဖြစ်သည်။
ဝေ့ဝူယင်က တောက်ပစွာ ပြုံးလိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းတို့ကမူ လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတစ်ခုဖြင့် တဖျပ်ဖျပ် လက်နေခဲ့လေသည်။
“အဲဒီနေရာမှာ ကျုပ် လိုချင်တဲ့ဟာ ရှိနေမလား သွားကြည့်ချင်ရုံတင်ပါ”
ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ အသက်ငါးဆယ်ပင် မပြည့်သေးသည့် လူငယ် တစ်ယောက်သာ ဖြစ်သည်။ ကျင့်ကြံသူတို့၏ သက်တမ်းဖြင့် တွက်ချက်ရလျှင် ၎င်းက အလွန့်ကို ငယ်ရွယ်လွန်းသေးသည်။ ဝေ့ဝူယင်တွင် စွန်းစားလိုသော ဆန္ဒများ ရှိနေသည်က သိပ်တော့လည်း မထူးဆန်းလှချေ။
စောနက မေးခွန်းအား သူ မေးမြန်းခဲ့ခြင်းမှာ ဝေ့ဝူယင်တွင် နောက်ထပ် လောကသခင် တစ်ယောက် ထပ်မံ မွေးထုတ်ရန် အစီအစဥ် ရှိ၊ မရှိ သိလိုသောကြောင့်သာ ဖြစ်သည်။ ပြောရလျှင် သူ့စိတ်ထဲတွင် သင့်တော်သည့် လူအချို့ကိုပင် တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဥပမာ... ချင်းရိုင်ဆိုလျှင် ဝေ့ဝူယင် အတွက်ရော၊ ဂိုဏ်းအတွက်ရော အတော် အဆင်ပြေပေလိမ့်မည်။
ထို့ပိဟန် ထိုအကြောင်းကို ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် လက်စွပ်မှာ လင်းလက်လာ၏။ ဆက်သွယ်ရေး သလင်းကျောက်ထဲသို့ စာဝင်လာခြင်းပင်။ စာကို ထုတ်ယူကာ ဖတ်ရှုပြီးနောက် သူ ဝေ့ဝူယင်ကို ထူးဆန်းစွာ ကြည့်လိုက်၏။
ဝေ့ဝူယင်မှာ ထို့ပိဟန်၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို ခံစားမိရာ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
“ဘာလို့လဲဗျ...”
“မင်းသားလေးက သူ့ရဲ့ ပထမဆုံး တောင်းဆိုမှုကို ပြုလုပ်ခဲ့တယ်လေ... ဘယ်လောက် စိုးရိမ်စရာ ကောင်းလိုက်သလဲ...”
ထို့ပိဟန်က သက်ပြင်းတစ်ချက် ချလိုက်၏။ ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ လုံချန်က ဘာကို တောင်းဆိုလိုက်လို့နည်း။
သူ မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ဟင်းလင်းပြင် အားလုံးတစ်ခု ဝန်းရံလာသည်ကို ခံစားလိုက်ရ၏။ သူ့မျက်လုံးများက တောက်ပလာကာ ရယ်မောလိုက်၏။
“ဒါဆိုလည်း သွားကြတာပေါ့လေ...”
ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက်စလုံးမှာ ကောင်းကင်နန်းတော် အတွင်းမှ အစအန ရှာမရအောင် ပျောက်ကွယ်သွားလေတော့၏။
...
အင်ပါယာ တောင်ထွတ် ဆဋ္ဌမမြောက် အလွှာရှိ မဟာ ဧကရာဇ် နန်းတော်တွင် အနန္တ ဧကရာဇ်ဂိုဏ်း၏ အဆင့်မြင့် ဂိုဏ်းသားများမှာ နောက်တစ်ကြိမ် ပြန်လည် စုစည်းနေကြပြီ ဖြစ်လေသည်။ ထို့ပိဟန်နှင့် ယောင်ကျန်းတို့ ရောက်မလာသေးသည့်တိုင် အခြား မဟာ အင်ပါယာ သူတော်စင်များ စုံလင်နေကြပြီ ဖြစ်သည်။
သူတို့သုံးယောက်မှာ အလွန့်အလွန် ကြီးကျယ် ခမ်းနားလှသော ပလ္လင်ကြီးအောက်ရှိ ပလ္လင်ငါးခု အနက် သုံးခုထက်၌ ထိုင်နေကြခြင်း ဖြစ်သည်။ ထိုပလ္လင်များမှာ အသိအမှတ်ပြု အခမ်းအနား ကျင်းပစဥ်က မရှိပဲ ယခုမှသာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ပလ္လင်သုံးခုကို မတူညီသော အရောင်များဖြင့် ခြယ်လှယ်ထား၏။ ချင်းရိုင်မှာ အဖြူရောင် ပလ္လင်ထက်၌ ထိုင်နေကာ ကျိချန်းကောင်းကမူ အနီရောင် ပလ္လင်ထက်၌ ထိုင်နေခြင်း ဖြစ်သည်။ ဇင်၏ ပလ္လင်ကမူ ရွှေရောင် ဖြစ်၏။
ပလ္လင်တစ်ခုချင်းစီ၏ ထိပ်တွင် ကိုယ်စားပြုရာ တောင်ထွတ်၏ နာမည်ကို လှပသော စာလုံးများဖြင့် ခြယ်သထား၏။
ချင်းရိုင်မှာ မျက်နှာ အောက်တစ်ပိုင်းကို ဇာပုဝါဖြင့် ဖုံးအုပ်ထားရာ သူမ၏ အမူအရာကို မမြင်ရသည့်တိုင် မျက်ခုံးများမှာမူ အနည်းငယ် ကြုတ်နေ၏။ ကျိချန်းကောင်း တစ်ယောက်မှာမူ ထူးမခြားနားပုံစံဖြင့် ရှိနေသေးဆဲ ဖြစ်သည်။ ဇင်၏ ပါးရေနားရေ တွန့်လိမ်နေသည့် အကြေးခွံများနှင့် မျက်နှာမှာမူ ခါတိုင်း ကဲ့သို့ပင် ဉာဏ်ပညာ အရိပ်အယောင်များဖြင့် ပြည့်ဝနေဆဲ ဖြစ်သည်။
မဟာ အင်ပါယာ သူတော်စင်များ ထိုင်နေသည့် ပလ္လင်များ၏ အောက်တွင်မူ လူဆယ်ယောက် တိတိ ရပ်နေခဲ့၏။ သူတို့အား ဦးဆောင်နေသည့် ပုဂ္ဂိုလ်မှာ အသိအမှတ်ပြု အခမ်းအနားတွင် အားလုံးရင်းနှီးပြီးသား လူငယ် တစ်ယောက် ဖြစ်သည့် လုံချန်ပင်။
***