← Chapters

လုံချန် 

Vol. 23 Ch. 315

လုံချန် 

Vol. 23 Ch. 315

လုံချန်မှာ မဟာ မင်းသားလေး ဆိုသော အဆင့်အတန်းနှင့် အထူးတလှယ် ကိုက်ညီအောင် ဖန်တီးထားသည့် မီးခိုးဖျော့ရောင် ဂိုဏ်းဝတ်စုံတစ်ခုကို ဆင်မြန်းထား၏။ ဂိုဏ်းထဲတွင် ထိုကဲ့သို့ အရောင်နှင့် ဝတ်စုံ တစ်စုံမှ မရှိချေ။ ရောင်စုံရောစပ်သည့် ဝတ်စုံများတွင်ပင် ထိုအရောင် မပါဝင်ချေ။ ထိုကဲ့သို့ ဆန်းပြားသည့် ဒီဇိုင်းနှင့် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှ ဖြစ်ပေါ်လာသော ကိုယ်ရောင်ကိုယ်ဝါတို့တွင် သူ၏ ပုံစံက မြင့်မြတ် ထည်ဝါသည့် တော်ဝင်မျိုးနွယ် တစ်ယောက် အလားပင် ထင်ရသည်။ 

ကျန်ကိုးယောက်စလုံးမှာမူ မိန်းမများ ဖြစ်၏။ သူတို့အားလုံးမှာ ကိုယ်ပိုင်နည်းလမ်းများဖြင့် ပြိုင်ဘက်ကင်းအောင် ချောမော လှပကြကာ ယောက်ျားတိုင်းအား စိတ်ကူးယဥ် အိပ်မက်ထဲမှ ရုန်းမထွက်နိုင်အောင် စွမ်းဆောင်နိုင်ကြသူများ ဖြစ်သည်။  

ထိုအထဲတွင် ဝူတိုင်းပြည်မှ မင်းသမီး ဝူပိုင်ကျိုးလည်း တစ်ယောက် အပါအဝင် ဖြစ်၏။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် သူမမှာ များစွာ ပြောင်းလဲသွားခဲ့၏။ တစ်ချိန်တစ်ခါက ဝူပိုင်ကျိုး ပိုင်ဆိုင်ခဲ့သည့် တော်ဝင်မျိုးနွယ် အရိပ်အငွေ့များနှင့် လွှမ်းမိုးချုပ်ကိုင်မှုတို့မှာ အစရှာမရအောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အစား သူမမှာ ပိုမို သိမ်မွေ့လာသည်။ ပိုမို ယဥ်ကျေးလာသည်။ ပိုမို မိန်းမသား ဆန်လာသည်။ ထိုနှစ်များအတွင်း ပြောင်းလဲမသွားသည့် တစ်ခုတည်းသော အချက်ကတော့ သူမ၏ လှပမှုပင် ဖြစ်၏။ 

ဒုတိယမြောက် တစ်ယောက်မှာမူ အနန္တ ကုန်းမြေတိုက်ကြီး ဝူတိုင်းပြည်၊ ရေပဲ့တင်သံဂိုဏ်းမှ နတ်မိမယ်လေး လျဲ့ယုပင် ဖြစ်သည်။ နီလာရောင် တလက်လက် တောက်ပနေသော မျက်လုံး၊ ဆံနွယ်တို့နှင့် အတူ သူမမှာ ယောက်ျားတိုင်း၏ မျက်လုံးကို ကျွတ်မကျမတတ် ဖမ်းစားနိုင်စွမ်း ရှိသူ ဖြစ်သည်။ ပြောရလျှင် သူမမှာ ဝူပိုင်ကျိုးထက်ပင် ပိုမို လှပသေးသည်။ 

တတိယမြောက် တစ်ယောက်မှာမူ ဝိညာဥ် နတ်မိမယ် အဖြစ် ကျော်ကြားသည့် ရှန်းလင် ဖြစ်သည်။ ကျောက်စိမ်းရောင် အသားအရေ၊ အနီရောင် နှုတ်ခမ်း ဖူးဖူးလေးများနှင့် ပြီးပြည့်စုံသော မိတ်ကပ် လိမ်းခြယ်ထားမှုတို့က သူမကို သက်ရှိ လူသားတစ်ယောက် အစား အနုပညာ လက်ရာမြောက်သော ပန်းပုလက်ရာ တစ်ခုလိုပင် ထင်ရစေသည်။ ရှန်းလင်သည် အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ နောက်နားတွင်မူ မျက်မှာကို ဇာပုဝါဖြင့် ကာထားသည့် လုံထျန်းယု တစ်ယောက် ရှိ၏။    

လွန်ခဲ့သည့် နှစ်များ အတွင်း လုံထျန်းယုမှာ အပြည့်အဝ ဖွံ့ဖြိုးပြီးသော မိန်းမပျို တစ်ယောက် ဖြစ်ရန် အနည်းငယ်သာ လိုတော့သည့် ချစ်စရာကောင်းသည့် ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက် အဖြစ် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။ ခါးထိရောက်အောင် ရှည်လျားသည့် ခရမ်းရောင် ဆံနွယ်များ၊ နတ်ဆိုး အရိပ်အငွေ့တို့ ပြည့်နှက်နေသည့် နက်မှောင်သော မျက်ဝန်းများနှင့် အတူ မကြာခင် ဆွဲအားပြင်းသော ကြောင်ရိုင်းလေး တစ်ကောင် ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ 

ပဥ္စမမြောက် တစ်ယောက်မှာမူ အလှတရားများ မှေးမှိန် ပျောက်ကွယ်သွားပုံ ပေါ်သည့် မိန်းမ တစ်ယောက် ဖြစ်၏။ သူမ၏ အရောင်အဝါမှာ ဖျော့တော့ကာ မတည်မငြိမ် ဖြစ်နေ၏။ သူမ၏ မျက်လုံးများမှာမူ မီးခိုးရောင် သမ်းနေကာ ဉာဏ်ရည်ဉာဏ်သွေး အငွေ့အသက်တို့ ကင်းမဲ့နေသည်။ ထိုမိန်းမမှာ နာ့ရှင်းရီမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။ 

သူမ တော်တော်လေး ပိန်ကျသွားသည်။ မိတ်ကပ်ဖြင့် ဖုံးကွယ်ထားသည့်တိုင် သူမ၏ အရေပြားများမှာ အက်ကွဲနေကြောင်း ပေါ်လွင်နေသည်။ သူမ၏ အညိုဖျော့ရောင် ဆံနွယ်တစ်ချောင်းချင်းစီမှာလည်း ကျန်းမာတောက်ပြောင်သည့် အရိပ်အယောင်ကို ဆုံးရှုံးသွား၏။ တစ်ချိန်တည်း၌ သူမ၏ ခန္ဓာကိုယ်ထက်ရှိ ဣတ္ထိယ အစိတ်အပိုင်းများမှာ ယခင်ကလို ဆွဲဆောင်မှု မရှိတော့ချေ။ သူမ၏ ရင်သားများဆိုလျှင် ယောက်ျားများ ကဲ့သို့ပင် ပြားချပ်ချပ် ဖြစ်နေ၏။ 

ဆဋ္ဌမမြောက် တစ်ယောက်ကတော့ ရှောင်ပင်း ဖြစ်၏။ သူမ၏ အလှအပနှင့် အဖြူရောင် ဆံနွယ်များမှာ အေးခဲသော အလင်းတို့ကို ထုတ်လွှတ်နေ၏။ ကံဆိုးစွာပင်... သူမ၏ ယင်အတွက် ယန်ဟု ဆိုနိုင်သည့် ဟုန်ယု တစ်ယောက်ကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုနေ့ကတည်းက သူမ၏ မျက်နှာထက်ရှိ အပြုံးတို့ ပျောက်ကွယ်သွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်လေသည်။ 

ပဥ္စမမြောက် တစ်ယောက်မှာမူ ဘီးတပ် ကုလားထိုင် တစ်ခုပေါ်တွင် ရှိနေခဲ့၏။ သူမသည် မျက်နှာကို ဇာပုဝါဖြင့် ဖုံးကွယ်ထားသည့်တိုင်  ပိန်လှီနေသော လက်မောင်းများနှင့် ခြောက်သွေ့နေသည့် လက်သည်းများက သူမ၏ အခြေအနေ မည်မျှ ဆိုးရွားနေကြောင်း ဖော်ပြနေသည်။ အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိနေပါက သူမမှာ သူ လက်ထပ်ရန် စိတ်ကူးယဥ်ခဲ့ဖူးသည့် နတ်ဘုရား အရှင်လင်း တစ်ဖြစ်လည်း လင်းကျိရန် ဖြစ်ကြောင်း တန်းကာ မှတ်မိလိမ့်မည် ဖြစ်သည်။ 

တစ်ချိန်က နက်မှောင်ကာ ဂုဏ်သရေတို့ဖြင့် ထွန်းပြောင်ခဲ့သည့် သူမ၏ ဆံနွယ်ဆံသားတို့မှာ အသက်ရာကျော် အဘွားအိုကြီး တစ်ဦးအလား ဖွေးဖွေးလှုပ်နေခဲ့ပြီ ဖြစ်သည်။ သမုဒ္ဒရာလို နက်ရှိုင်းကာ အဆုံးမဲ့ လှပခဲ့သော မျက်ဝန်းပြာများမှာလည်း တူညီသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်စွမ်း မရှိတော့။ 

အဋ္ဌမမြောက် မိန်းမမှာမူ အသက် နှစ်ဆယ်နှောင်းပိုင်းခန့်ဟု ထင်ရကာ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သည်။ သူမက အယ်ဗန် မှင်စာမျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။ သူမမှာ အစိမ်းရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ သူ့နည်း သူ့ဟန်ဖြင့် လှပပေသည်။ သူမကား ချင်ချူးမူ၏ ဘိုးဘေးဟု အားလုံးသိထားကြသည့် မူလ အင်ပါယာ သူတော်စင်ပင် ဖြစ်၏။ 

နဝမမြောက်နှင့် နောက်ဆုံးသော တစ်‌ယောက်မှာမူ ချင်ချူးမူပင် ဖြစ်၏။  သူမက ပလ္လင်များကို သေးကြည့်ရင်း ဘိုးဘေးဖြစ်သူ၏ နံဘေးတွင် ရပ်နေခဲ့သည်။ သူမ၏ အမူအရာက တည်ငြိမ်သည့်တိုင် တစ်ခါတစ်ရံကို စိုးရိမ်သော မျက်ဝန်းများဖြင့် လုံချန်ကို လှမ်းလှမ်း ငေးနေခဲ့သည်။  

ယခုဆိုလျှင် လုံချန်မှာ အနန္တဧကရာဇ်ဂိုဏ်း၏ မဟာ အင်းသားလေး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မဟာ ဧကရာဇ် မျိုးဆက်၏ ဆက်ခံသူ ရာထူးကို တရားဝင် လွှဲပြောင်းယူခဲ့ပြီး ဖြစ်သည်။ 

ဇင်က ဉာဏ်ပညာ ပြည့်ဝသာ မျက်လုံးများဖြင့် လုံချန်နှင့် သူ့ဘေးရှိ အလှပဂေးများကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ မိန်းကလေး အားလုံးမှာ ပြိုင်ဘက်ကင်းအောင် လှပကြသည့်တိုင် အချို့ကတော့ ဆိုးရွားသော ကံကြမ္မာများနှင့် ရင်ဆိုင်ခဲ့ရပုံ ပေါ်သည်။ 

ဇင်က သက်ပြင်းတစ်ချက် ရှိုက်ရင်း မေးလိုက်၏။ 

“မင်းသားလုံ... နင် တောင်းဆိုမှု သုံးခုလုံးကို ခု လုပ်ချင်တာ သေချာပြီလား” 

“ကျုပ် လုံးဝကို သေချာပါတယ်...” 

လုံချန်က တုန့်ဆိုင်း တွေဝေမှု မရှိပဲ ပြန်ဖြေလိုက်သည်။ တစ်ချိန်တည်း၌ နာ့ရှင်းရီက အောက်နှုတ်ခမ်းများကို ညင်သာစွာ ကိုက်လိုက်၏။ သူမ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အလင်းတစ်ခု ရှိနေသည်။ 

သူမသည် မူလယင် နှစ်ခုကို လုံချန်ထံသို့ ပေးအပ်ခဲ့ပြီး အကျိုးဆက် အနေဖြင့် လုံချန်မှာ ဇာတိဝိညာဥ် နှစ်ခုနှင့် အတူ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်း သွားနိင်ခဲ့သည်။ ထို့နောက်တွင် ဝူယု၏ အကူအညီနှင့် အတူ ဟုန်ဖူမျိုးနွယ်၏ ထိပ်တန်း ပါရမီရှင်များကိုပါ ဆက်တိုက် သူ အနိုင်ယူနိုင်ခဲ့ပေသည်။ 

သို့သော်လည်း ခြားနားစွာပင် နာ့ရှင်းရီကတော့ အိပ်ရာပေါ် ဗုန်းဗုန်းလဲ ခဲ့သည်။ အရိုးပေါ် အရည်တင်ကာ ကျင့်ကြံခြင်း ပျက်စီးသည် အထိ ဖြစ်သွားခဲ့ရသည်။ အကယ်၍ သူမသာ ခန္ဓာကိုယ်ကို လုံချန်ထံ ပုံအပ်ခဲ့သည့် နည်းလမ်းကို ရွေးချယ်ခဲ့ပါက ဤကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။ ထို့အစား ကျင့်ကြံခြင်း အခြေခံပင်လျှင် မြင့်တက်သွားနိုင်ပေသည်။ 

နာ့ရှင်းရီ ဖျော့တော့သော မျက်လုံးများကို ပင့်တင်လိုက်ရင်း လျဲ့ယု၊ ဝူပိုင်ကျိုး၊ ချင်ချူးမူ၊ ရှောင်ပင်းနှင့် လုံထျန်းယုတို့ကို ကြည့်လိုက်၏။ သူတို့ အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိကြပြီး ဖြစ်သည်။ သို့သော်လည်း သူမကတော့ အဆိုးရွားဆုံး အခြေအနေ အထိ ကျဆင်းသွားခဲ့သည်။ သူမတွင် လျဲ့ယု ကဲ့သို့ လျှို့ဝှက် ဆန်းကြယ်သည့် ကုသရေး ကျင့်စဥ်မျိုး မရှိသလို ဝူပိုင်ကျိုး ကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးနှင့် စီမံခန့်ခွဲမှု စွမ်းရည်လည်း မရှိချေ။ ထို့နည်းစွာ လုံထျန်းယုနှင့် ချင်ချူးမူတို့လို ပါရမီလည်း မရှိသလို ရှောင်ပင်းလို နောက်ခံလည်း မရှိချေ။ သူမက ယောက်ျားလေးများ အကျိုးအမြတ် ရယူနိုင်သည့် အဖိုးတန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်မျှသာ ဖြစ်သည်။ 

သူမက ဘယ်သူနဲ့ ယှဥ်ယှဥ် အရာအားလုံး နောက်ကျကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ကြားခဲ့ရသော သတင်းများ အရ ဝေ့ဝူယင်၏ ညာလက်ရုံး စုမေ့ဆိုလျှင် ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း ပါရမီရှင်များနှင့်ပင် ယှဥ်ကာ တိုက်ခိုက်နိုင်နေခဲ့ပြီ ဖြစ်သည်။ အနန္တကုန်းမြေတိုက်ကြီးတွင် နေထိုင်စဥ်ကဆိုလျှင် သူမနှင့် ထိုမိန်းကလေးမှာ အကွာကြီး ကွာသူများ မဟုတ်ကြချေ။ 

“ငါသာ သူ့လိုမျိုး ဝေ့ဝူယင် ဘေးနားမှာ နေခဲ့ရင်...” 

နာ့ရှင်းရီ အတွေးနက်နေစဥ်မှာပင် ဇင်က လုံချန်ကို ခေါင်းညိတ်ပြလိုက်၏။ 

“ဒါဆိုလည်း ‌ကောင်းပြီလေ...”

ထို့နောက် သူက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ကာ ထို့ပိဟန်ထံ စာပို့လိုက်သည်။ အခန်းအတွင်းရှိ လူအားလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ အချို့က စိုးရိမ်ပူပန်နေကြပုံ ပေါ်ကာ အချို့မှာလည်း စိတ်ရှုပ်ထွေးနေကြပုံ ပေါ်သည်။ 

ဝှစ်... 

ကြာကြာမစောင့်လိုက်ရခင်မှာပင် ငွေရောင် အလင်းတန်း တစ်ခုမှာ ဇင်၏ နံဘေးတွင် ပေါ်လာခဲ့လေ၏။ အားလုံး၏ အကြည့်များ အောက်တွင်ပင် ၎င်းက ပုံရိပ်နှစ်ခု အသွင် ပြောင်းလဲသွားသည်။ 

“ ... “

လူတိုင်း တိတ်တဆိတ် စောင့်ကြည့်နေကြချိန်မှာပင် ပုံရိပ်တစ်ခုမှာ စတင် လှုပ်ရှားလာ၏။ 

ရှပ်... ရှပ်... ရှပ်... 

တည်ငြိမ်သော ခြေလှမ်းများနှင့် အတူ သူက အမြင့်ဆုံးသော မဟာ ပလ္လင်ဆီသို့ တဖြည်းဖြည်း ချည်းကပ်သွားသည်။ ပလ္လင်ခြေရင်းသို့ အရောက်၌ သူက အပေါ်ကို မော့ကြည့်ရင်း အင်ပါယာ တစ်ပါး ကဲ့သို့ ပြုံးလိုက်၏။ ထို့နောက် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ပလ္လင်ထက်သို့ ရောက်ရှိသွားကာ အကျအနပင် ထိုင်လိုက်သည်။ 

“ ... “ 

ထိုတဒင်္ဂ၌ လူတိုင်း၏ ဝင်သက် ထွက်သက်မှာ ရပ်တန့်သွားခဲ့ပုံ ရလေ၏။ မဟာ ပလ္လင်ထက်တွင်မူ... ဝေ့ဝူယင်က ဘယ်ခြေထောက်ကို ညာခြေထောက်ပေါ် ထပ်ရင်း သက်တောင့်သက်သာ အမူအရာဖြင့် နောက်ကို မှီလိုက်သည်။ 

“ကျုပ်ရောက်ပြီ...”

စကားလုံး သုံးလုံး... ၎င်းတို့က တည်ငြိမ်မှု၊ သက်တောင့်သက်သာ ရှိမှု၊ ရိုးရှင်းမှုတို့ဖြင့် ထုံလွှမ်းနေသည့် စကားလုံး သုံးလုံးမျှသာ ဖြစ်သည့်တိုင် ဒီရေလှိုင်းလုံးများ ကဲ့သို့ ခွန်အား ကြီးမားစွာဖြင့် တွေဝေအေးခဲနေသည့် အားလုံး၏ စိတ်နှင့် နှလုံးသားများကို လက်တွေ့ရှိရာဆီ ပြန်လည် ရောက်ရှိလာစေခဲ့လေသည်။ 

လွန်ခဲ့သည့် တစ်မိနစ်က မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။ 

ကောင်းကင်ဧကရာဇ်ဝေ့သည် ငွေရောင်အလင်းတန်း တစ်ခုနှင့် အတူ မဟာ အင်ပါယာ ဗဟို နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် တစ်ချက် မတုန့်ဆိုင်းပဲ ဧကရာဇ် ပလ္လင်ထက် တက်ထိုင်ခဲ့သည်။ အဆုံးမဲ့ ထည်ဝါမှုနှင့် မြင့်မြတ်မှုတို့ကို ဖော်ကျူးနေသည့် ထိုရာဇပလ္လင်က သူ့အတွက် ထာဝစဥ် ရည်ရွယ်ထား သကဲ့သို့ပင်။ 

အတင့်ရဲခြင်း... ထိုအရာက လုံးဝကို အတင့်ရဲခြင်း ဖြစ်သည်။

ထို့ပိဟန်မှ လွဲ၍ မဟာ အင်ပါယာ သူတော်စင် အားလုံး၏ မျက်လုံးများမှာ လပြည့်ဝန်းများ ကဲ့သို့ ဝိုင်းစက်နေကြ၏။ ချောမော‌ပြေပြစ်သည့် မိန်းမငယ်လေးများ၏ မျက်လုံးများကတော့ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ 

အားလုံးထဲ၌ လုံချန်၏ တုန့်ပြန်မှုက အပြင်းထန်ဆုံး ဖြစ်သည်။ သူ အစဥ်ထာဝရ အိပ်မက် မက်ခဲ့ရသည့် ပလ္လင်ထက်၌ တည်ငြိမ် သဘာဝ ကျစွာ ထိုင်နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း သူ့နှလုံးသားက ရပ်တန့်လု မတတ် တုန်ခါနေ၏။ ထိုအခိုက်၌ အချိန်မှာ နှေးကွေးစွာ စီးဆင်းနေပုံ ရလေ၏။ သူ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိ၏။ 

ထို့ပိဟန် တစ်ယောက်သာလျှင် တုန်လှုပ်ခြင်း၊ အံ့အားသင့်ခြင်း မရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူ့ ကိုယ်ပိုင် အမြင်အရ ဆိုလျှင် သူဋ္ဌေးလေးမှာ အနန္တဧကရာဇ်ဂိုဏ်း၏ ရာဇပလ္လင် မဆိုထားနှင့် ကြယ်တာရာ နယ်မြေတစ်ခုလုံးကိုပင် ပိုင်ဆိုင်နိုင်သည့် အရည်အချင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့ဖြစ်ရာ ထူးဆန်းမှု တစ်စုံတစ်ရာကို သူ မခံစားရချေ။ ပြော

သို့သော်လည်း လူတိုင်းကတော့ သူ ကဲ့သို့ မတွေးပါချေ။ 

ဘုန်း... 

‌ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုမှာ သမုဒ္ဒရာ လှိုင်းလုံးတစ်ခု ကဲ့သို့ ခန်းမအတွင်း ပေါ်ထွက်လာ၏။ ဇင်၏ မျက်လုံးများက ဒေါသတရားများနှင့် ပွက်ပွက်ဆူနေကာ ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။ 

“အတင့်ရဲလှချည်လား... ပြန်ဆင်းခဲ့စမ်း...” 

***

All Chapters