အရှေ့တော်ဝင်နယ်မြေ
Vol. 1 Ch. 390
ငါက ရီဖျောင်ဖျောင်ပါ...
ကျန်းရီသည် ထိုစကားကို ကြားလိုက်သည့်ခဏတွင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူသည် ရုပ်တုနှင့် တစ်ပုံစံတည်း တူညီသည့် ပုံရိပ်ကို ကြည့်နေရင်း သူမြင်နေရသည်မှာ လူအစစ်ဟု တွေးနေခဲ့သည်။ သို့သော် ပုံရိပ်၏နောက်စကားတစ်ခွန်းသည် သူ့အား နိုးထသွားစေခဲ့သည်။
ပုံရိပ်သည် စကားဆက်ပြောလာခဲ့သည်။
"ကလေး...ငါမင်းကို ပထမဆုံးပြောမှာက ဒီပုံရိပ်က ကြာရှည်ခံအောင် ငါစွမ်းအားတစ်ချို့သုံးပြီး လုပ်ခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုပဲ"
"ပုံရိပ်ယောင်"
ကျန်းရီသည် ဘေးဘက်သို့ ရွှေ့ကြည့်လိုက်သည်။ ပုံရိပ်သည် သူနှင့်အတူ လိုက်မရွေ့ဘဲ သူယခင်ရပ်နေခဲ့သောနေရာကိုသာ ဆက်ကြည့်နေခဲ့သည်။ ထိုသည်မှာ စုန်းနတ်ဘုရားချန်ထားသကဲ့သို့ ဝိဉာဉ်အပိုင်းအစ မဟုတ်ဘဲ တကယ့်ပုံရိပ်ယောင်စစ်စစ်ဖြစ်သည်။
"ကလေး...မင်း ဒီပုံရိပ်ယောင်ကို မြင်နိုင်ခဲ့ပြီဆိုရင် မင်းရဲ့ဒန်တျန်းပေါ်က ချိတ်ပိတ်သင်္ကေတကို ဖျက်စီးပြီး အသက်နှစ်ဆယ်မပြည့်ခင်မှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်ကို မင်းရောက်နေပြီ။ အဲ့ဒီတုန်းက ကြယ်တံခွန်ကျွန်းကို မင်းကိုယ့်အစွမ်းအစနဲ့ကိုယ် ရောက်မလာနိုင်ခဲ့ရင် ဒီသစ်သားရုပ်တုကို မင်းဆီမပေးရဘူးလို့ ရွှေယို့လန်ကို ငါမှာခဲ့တယ်။ ပြီးတော့ အသက်နှစ်ဆယ်မပြည့်ခင် မင်းရောက်မလာနိုင်ခဲ့ရင် ဒီသစ်သားရုပ်တုက အလိုအလျောက် ပေါက်ကွဲသွားလိမ့်မယ်"
"အမေ့ကို ရက်စက်တယ်ဆိုပြီး မင်းအပြစ်တင်ချင်တင်နေလိမ့်မယ်။ ဒါပေမယ့် အမေပြောချင်တာက မင်းရဲ့ဒန်တျန်းပေါ်က ချိတ်ပိတ်သင်္ကေတကို အမေထားခဲ့တာမဟုတ်ဘူး။ အဲ့ဒါက မင်းကိုမွေးတည်းက ပါလာခဲ့တာ။ အမေလည်း အဲ့ဒီချိတ်ပိတ်သင်္ကေတကို မဖျက်စီးနိုင်ခဲ့ဘူး။ ဒါကြောင့် အမေက မင်းမကျင့်ကြံနိုင်ဘူးဆိုရင် ကောင်းကင်တောင်ပံမြို့မှာပဲ အေးအေးချမ်းချမ်း နေသွားသင့်တယ်လို့ ယူဆခဲ့တယ်။ ကိစ္စတွေအများကြီးကို သိတာက မင်းကိုပျော်ရွှင်စေမှာ မဟုတ်ဘူး။ မင်း ဒီပုံရိပ်ယောင်ကို မြင်ရပြီဆိုရင်တော့ အမေ့ကလေးက သာမန်ထက်ထူးခြားတယ်လို့ သက်သေပြနေပြီ။ မင်းက ကြီးလေးတဲ့ လျှို့ဝှက်ချက်တစ်ချို့ကို သိဖို့ အရည်အချင်းမှီနေပြီ"
"မင်း ဒီကို လာနိုင်တယ်ဆိုရင် အမေ့ရဲ့ဂူသချုႋင်းက အလွတ်ကြီးဖြစ်နေတယ်ဆိုတာ သိပြီးလောက်ပြီပေါ့။ တကယ်တော့ အမေမင်းကို လိမ်ခဲ့မိတာပါ။ အမေ မသေသေးဘူး။ မင်းကို လိမ်မိတဲ့အတွက် အမေ့ကို ခွင့်လွှတ်ပါ။ အမေ မင်းအဖေ မစွန့်ပစ်ခဲ့ချင်၊ မထားခဲ့ချင်ပါဘူး။ အမေ့မှာ ပြောမပြနိုင်တဲ့ အခက်အခဲတွေ ရှိနေတယ်။ အမေတို့ ပြန်တွေ့ဖို့ ကံပါလာခဲ့ရင် အမေကိုယ်တိုင် ဒီပြဿနာတွေအကြောင်းကို ပြောပြပါ့မယ်"
"ကလေး...အမေ့ကို ရှာဖို့ရော၊ အမေသွားခဲ့တဲ့နေရာကို စုံစမ်းဖို့ရော မကြိုးစားပါနဲ့။ မင်းအဖေတောင် အမေလာခဲ့တဲ့နေရာကို မသိဘူး။ မင်း ဒီသစ်သားရုပ်တုလေးတွေကို တွေ့ခွင့်ရခဲ့တယ်ဆိုရင် အမေပြန်မရောက်သေးဘူးလို့ သတ်မှတ်နိုင်တယ်။ အမေ အတတ်နိုင်ဆုံး ကြိုးစားပြီး မင်းကိုလာရှာမယ်ဆိုတာ ယုံပေး....ပြီးတော့ မင်းအသက်နှစ်ဆယ်မပြည့်သေးခင်မှာ ဗာဂျရာအမြင့်ဆုံးအဆင့်ကို ရောက်ခဲ့မယ်ဆိုရင် အမေ့ကို လာရှာနိုင်တယ်။ အဲ့ဒီအချိန် ရောက်လာခဲ့ရင် အရှေ့တော်ဝင်နယ်မြေကိုသွားပြီး ယွိဝမ်ဆိုတဲ့ လူတစ်ယောက်ကိုရှာပါ။ သူက အမေ့ကို ဘယ်လိုရှာရမယ်ဆိုတာ ပြောပြလိမ့်မယ်။ မင်းအသက်နှစ်ဆယ်မတိုင်ခင် ဗာဂျရာအမြင့်ဆုံးအဆင့်ကို မရောက်ဘူးဆိုရင် မင်းယွိဝမ်ကို သွားရှာခဲ့ရင်တောင် သူက မင်းကို ဘာမှပြောပြမှာမဟုတ်ဘူး"
"ကလေး...အမေတို့ ဒီဘဝမှာ ပြန်မတွေ့နိုင်တော့ဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့။ ဒီကံကြမ္မာက ကောင်းကင်က သတ်မှတ်ပေးထားတာမို့ပဲ။ နောက်ပြီး မင်းအဖေကိုလည်း အပြစ်မတင်ပါနဲ့။ အဲ့ဒီတုန်းက ကိစ္စမှာ အမေ အပြစ်တွေလည်း မကင်းဘူး။ ဖြစ်နိုင်ရင် သူ့ကို အသိအမှတ်ပြုပေးစေချင်တယ်...ဘာပဲဖြစ်ဖြစ် သူက မင်းအဖေပဲလေ။ နောက်ဆုံးအနေနဲ့ မင်းကျန်းမာရေးကောင်းဖို့ အမေဆုတောင်းတယ်။ အမေ မင်းကို အမြဲတမ်းချစ်နေတယ်။ လွမ်းနေမယ်။ သတိရနေပါ့မယ်... "
နောက်ဆုံးစကား ပြီးဆုံးသွားချိန်တွင် ရီဖျောင်ဖျောင်၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူမ စကားပြောနေချိန်တွင် အစမှအဆုံးတိုင် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။ ပုံရိပ်ပျောက်ကွယ်သွားသောအခါတွင် ကျန်းရီ၏ ပါးထက်တွင် မျက်ရည်စများ ရှိနေခဲ့သည်။
ရီဖျောင်ဖျောင်သည် စကားအများကြီး ချန်မထားခဲ့သလို သူရလိုက်သော အချက်အလက်မှာလည်း တစ်ဝက်တစ်ပျက်သာ ဖြစ်သည်။ သို့သော်လည်း ကျန်းရီသည် ကိစ္စအချို့ကို အတည်ပြုလိုက်နိုင်သည့်အတွက် စိတ်တက်ကြွသွားခဲ့သည်။
ပထမ...ရီဖျောင်ဖျောင် အသက်ရှင်နေသေးသည်။ ဒုတိယ...သူမသည် မပြောပြနိုင်သည့် အခက်အခဲတစ်ချို့ကြောင့် ထွက်သွားခဲ့ရခြင်းဖြစ်သည်။ တတိယ...သူတို့နှစ်ယောက် ပြန်လည်တွေ့ဆုံနိုင်ရန် အခွင့်အရေး တစ်ခု ရှိနေသေးသည်။
ထိုအချက်သုံးခုကပင် ကျန်းရီအား စိတ်လှုပ်ရှားစေရန် လုံလောက်လေသည်။ မည်မျှခက်ခဲပါစေ၊ မည်မျှသေးငယ်သော ဖြစ်နိုင်ချေဖြစ်ပါစေ...မျှော်လင့်ချက် ရှိနေသေးသည်။
"ဗာဂျရာ အမြင့်ဆုံးအဆင့်ကို အသက်နှစ်ဆယ်မတိုင်ခင် ရောက်အောင်လုပ်ရမယ်။ အရှေ့တော်ဝင်နယ်မြေ...ယွိဝမ်..."
ကျန်းရီသည် ဆုံးဖြတ်ချက်ချလိုက်သည့်ပုံနှင့် ရေရွတ်လိုက်သည်။ သူသည် အသက်ဆယ့်ခုနှစ်နှှစ်သာ ရှိသေးပြီး အင်အားမှာ ဗာဂျရာအဆင့်နှင့် နှိုင်းယှဉ်လို့ရနေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က သူသည် သဏ္ဍာန်သုံးဆင့်အသွင်ပြောင်းခြင်း ပထမအဆင့်ရှိ အမှိုက်တစ်စသာ ဖြစ်ခဲ့သည်။ ဤနှစ်နှစ်အတွင်းတွင် အံ့ဖွယ်ဖြစ်ရပ် အတော်များများကို သူ ဖန်တီးနိုင်ခဲ့သည်ဆိုလျှင် နောက်ထပ်အံ့ဖွယ်တစ်ခု ဖန်တီးရန် မဖြစ်နိုင်ဟု ပြော၍မရပေ။
"အမေ...ဒီသားကို စောင့်နေပါ။ ကျွန်တော် အမေ့ကို မြန်နိုင်သမျှ မြန်မြန်လာရှာပါ့မယ်"
ထိုခဏတွင် ကျန်းရီထံတွင် အင်အားကြီးလာချင်စိတ်များ ပိုမို ဖြစ်တည်လာခဲ့သည်။ အင်အားကြီးလာမှသာလျှင် ကံဆိုးလှသော ထိုအမျိုးသမီးကို သူရှာနိုင်လိမ့်မည်။ အဝေးတစ်နေရာမှ ရောက်လာခဲ့သည့် ထိုအမျိုးသမီး၊ ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရင်ကွဲခဲ့ရသည့် ထိုအမျိုးသမီး၊ ကံဆိုးလှသည့် ထိုအမျိုးသမီးသည် ရွေးချယ်စရာ မရှိသည့်အဆုံးတွင် သူမ၏ ရင်သွေးကို စွန့်ပစ်ခဲ့ရသည်။
ရီဖျောင်ဖျောင်သည် ထိုပုံရိပ်ယောင်နှင့် စကားအချို့ကို ချန်ရစ်ခဲ့ခြင်းကပင် သူမ ကျန်းရီကို မည်မျှချစ်ကြောင်း သက်သေပြနေသည်။ သူမလို အမျိုးသမီးသည် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ မိမိရင်သွေးကို စွန့်ပစ်ခဲ့မည်မဟုတ်၊ သူ့အား တစ်ကြိမ်မှ လာမတွေ့ဘဲ နေမည်မဟုတ်။
ရီဖျောင်ဖျောင်ကဲ့သို့ အင်အားကြီးလှသော သူပင် မဖြေရှင်းနိုင်သော အခက်အခဲသည် အတော်ကြီးကြီးမားမား ဖြစ်ရမည်။ သူမသည် လက်ရှိအချိန်တွင် ပြင်းထန်သည့် ဝေဒနာတစ်ခုခုကို ခံစားနေရခြင်းတောင် ဖြစ်နေနိုင်သေးသည်။
ထိုအကြောင်းကို တွေးမိသည့်အခါတွင် ကျန်းရီ၏နှလုံးမှာ ဓားထက်ထက်ဖြင့် အမွှန်းခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူသည် ချင်ထန်ကုန်းဗိမ္မာန်၏ အပေါ်ဆုံးထပ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူရပ်နေခဲ့သော နှစ်နာရီလုံးလုံးတွင် သူ့စိတ်ထဲ၌ နူးညံ့ကြင်နာပြီး လှပသည့် မျက်နှာတစ်ခုကသာ တဝဲလည်လည် ဖြစ်နေခဲ့သည်။
နှစ်နာရီကြာပြီးနောက် သူသည် ချင်ထန်ကုန်းဗိမ္မာန်၏ အပေါ်ဆုံးအထပ်မှ ဆင်းလာခဲ့သည်။ သူအဆောက်အဦးအတွင်းမှ ထွက်လာပြီးနောက်တွင် သူ့ပုံစံမှာ တည်ငြိမ်နေပြီး မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ရှိနေလေသည်။
ရွှေယို့လန်သည် အဓိကခန်းမကြီးထဲတွင်ထိုင်၍ လက်ဖက်ရည်သောက်နေခဲ့သည်။ သူမသည် ကျန်းရီထွက်လာသောအခါ တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"မိန်းကလေးဖျောင်ဖျောင်ရဲ့သားက တကယ်စိတ်ခိုင်တာပဲ။ ကျန်းရီ...မင်းတော်တယ်"
ခန်းမထဲတွင် ရွှေယွဲ့လျန်မျှော်စင်မှ အကြီးအကဲသုံးယောက်လည်း ရှိနေလေသည်။ ရွှေယို့လန်၏စကားကို ကြားသောအခါ သူတို့အားလုံး ဆွံ့အသွားကြသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ အတွင်း ရွှေယို့လန် တစ်စုံတစ်ယောက်ကို ချီးကျူးသည်အား ပထမဆုံးအကြိမ် သူတို့ကြားဖူးခြင်းဖြစ်သည်။ နယ်မြေ၏ နံပါတ်တစ် သိုင်းပညာရှင်အနေနှင့် ရွှေယို့လန်ထံတွင် မည်သူ့ကိုမှ ထိုက်တန်သည်ဟု မထင်သည့် မာနရှိသည်သာ။ သူမ၏ ချီးကျူးခြင်းကို ခံရသည်မှာ အလွန်ဂုဏ်ယူစရာ ကောင်းလှသည်။
ကျန်းရီသည် ရွှေယို့လန်ကို ဦးညွှတ်လိုက်ပြီး အကြီးအကဲသုံးယောက်အား လှမ်းကြည့်လိုက်သည်။ ရွှေယို့လန်သည် လက်ဟန်တစ်ခု ပြလိုက်ရာ အကြီးအကဲသုံးယောက်မှာ ချက်ချင်းထွက်ခွာသွားကြသည်။ ကျန်းရီသည် ခပ်တိုးတိုး မေးလိုက်သည်။
"သခင်မ...အရှေ့တော်ဝင်နယ်မြေကို သိလား"
"ဟမ်"
ရွှေယို့လန်သည် မျက်မှောင်ကျုံ့၍ ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"တစ်ခါမှ မကြားဖူးဘူး။ အဲ့ဒါက ပင်လယ်ရဲ့တစ်ဖက်က နယ်မြေဖြစ်လောက်တယ်။ ရွှေယွဲ့လျန်မျှော်စင်ရဲ့သမိုင်းမှာ ငါအပါအဝင် ဘယ်သူမှ ပင်လယ်ရဲ့ တခြားတစ်ဖက်ကို မရောက်ဖူးကြဘူး။ အဲ့ဒီကိုသွားကြတဲ့ ကောင်းကင်ကြယ်တာရာနယ်မြေက ကောင်းကင်ဧကရာဇ်အဆင့်တွေတော့ ရှိတယ်။ ဒါပေမယ့် သူတို့ပြန်မလာခဲ့ကြဘူး။ သူတို့သေသွားလား၊ ရှင်နေသေးလား၊ ပြန်မလာချင်ကြတာလားဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါကြောင့် ပင်လယ်ရဲ့ တခြားဘက်ကမ်းနဲ့ ပတ်သက်ပြီး ငါ့မှာဘာသတင်းမှ မရှိဘူး"
"အိုး...တစ်စုံတစ်ယောက်က သခင်မရဲ့ အဆင့်ကို ရောက်ပြီးရင် အဲ့ဒီဘက်ကို သွားနိုင်လောက်လား"
ကျန်းရီသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူဗာဂျရာအမြင့်ဆုံးအဆင့်ကို ရောက်ပြီးလျှင် သူမကို ရှာရန် အရည်အချင်း ပြည့်မှီပြီဟု သူ့အမေက ပြောခဲ့သည်။ ရွှေယို့လန်၏ အင်အားသည် ဗာဂျရာ အမြင့်ဆုံးအဆင့်တွင် ရှိနေသည်။
"ငါ အတိအကျ မပြောနိုင်ဘူး"
ရွှေယို့လန်သည် အချိန်အနည်းငယ်ကြာ စဉ်းစားပြီးမှ ပြန်ဖြေလာခဲ့သည်။
"ငါ့အထင်အရ ငါဒီပင်လယ်ပြင်ကို ဖြတ်ရင် သေဆုံးနိုင်ချေက ခြောက်ဆယ်ရာနှုန်းကနေ ခုနှစ်ဆယ်ရာနှုန်းလောက်အထိ ရှိတယ်။ ပင်လယ်ပြင်က အန္တရာယ်များလွန်းတယ်။ ဥပမာ...တောင်ဘက်က သေမင်းပင်လယ်ပြင်။ အဲ့ဒီနေရာက ငါဝင်သွားရင် သေချာပေါက်သေလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ပေးနေတယ်"
"သေမင်းပင်လယ်ပြင်...ရှေးဟောင်းခေါင်းတလား...အမျိုးသမီးအလောင်း"
ကျန်းရီသည် စိတ်ထဲတွင် သေမင်းပင်လယ်ပြင်၏ မြင်ကွင်းပြန်ပေါ်လာသည့်အတွက် လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ သူသည် သွေးများ အေးခဲသွားသည်ဟု ခံစားလိုက်ရပြီး စိတ်ထဲတွင် အကြောက်တရားတစ်ခု ဖြစ်တည်လာခဲ့သည်။
"ဟမ်"
ရွှေယို့လန်သည် ကျန်းရီ၏ အမူအရာကိုမြင်သော် မျက်လုံးများတောက်ပသွားခဲ့ပြီး မေးလာခဲ့သည်။
"ကျန်းရီ...သေမင်းပင်လယ်ပြင်မှာ ရှေးဟောင်းခေါင်းတလားတစ်ခုနဲ့ အမျိုးသမီးရုပ်အလောင်းတစ်ခုရှိတာ မင်းဘယ်လိုသိတာလဲ။ မင်းဝင်သွားခဲ့တာလား"
ကျန်းရီ ခေါင်းငြိမ့်ပြသည်ကို မြင်လျှင် ရွှေယို့လန်သည် မှင်တက်သွားခဲ့ပြီး မေးလာခဲ့သည်။
"ကျန်းရီ မင်းဘယ်လိုလွတ်လာတာလဲ။ မယုံနိုင်စရာပဲ။ ငါ့ကိုမြန်မြန်အသေးစိတ် ပြောပြစမ်းပါ။ အဲ့ဒီအမျိုးသမီးရုပ်အလောင်းက ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးကိုတောင် ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့ ကပ်ဘေးကြီးတစ်ခုတောင် ဖြစ်နေနိုင်တယ်"