တောင်းဆိုမှု သုံးခု
Vol. 23 Ch. 316
“အတင့်ရဲလှချည်လား... ပြန်ဆင်းခဲ့စမ်း...”
ဇင်၏ ဒေါသတရားကား အဆုံးစွန်ထိရောက်အောင် ပေါက်ကွဲနေခဲ့ပြီ ဖြစ်လေသည်။ ဝေ့ဝူယင်မှာ တစ်စထက် တစ်စ အတင့်ရဲလာနေခဲ့သည်။ ပထမဆုံး အသိအမှတ်ပြု အခမ်းအနားတွင် နှစ်နာရီတိုင်တိုင် သူ နောက်ကျခဲ့သည်။ ပြောရလျှင် ဝေ့ဝူယင်၏ အဆင့်အတန်းမှာ ကောင်းကင် ဧကရာဇ် အဆင့်မျှသာ ဖြစ်ပြီး အခမ်းအနားကို တက်ရောက်ရန်ပင် အခွင့်အရေး ရှိသူ မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် သူမ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုလူငယ်လေး၏ အလားအလာ၊ အဂ္ဂိရတ် ပါရမီတို့ကို သူမကိုယ်တိုင် သဘောကျခဲ့သည်ကတော့ ငြင်းပယ်၍ မရသည့် အမှန်တရား ဖြစ်သည်။ သူမ ရင်ထဲ၌ ဝေ့ဝူယင်၏ အဆင့်အတန်းက မဟာ အင်ပါယာ သူတော်စင်များနှင့်ပင် တန်းတူသည်။ အနည်းငယ် နိမ့်ကျသည် ဟုပင် သူမ မတွေးဖူးချေ။
သို့သော်လည်း ယခုကဲ့သို့ မဟာ ဧကရာဇ်၏ ရာဇပလ္လင်ထက် တက်ထိုင်သည်ကတော့ အတော့်ကို လွန်သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ဇင် ဝေ့ဝူယင်အား ပလ္လင်ထက်မှ ဆွဲချရန် ဟန်ပြင်လိုက်စဥ်မှာပင် ပြင်ပ ခွန်အားတစ်ခုမှာ သူမ၏ ခန္ဓာကိုယ်ကို ကျူးကျော်လာ၏။ တစ်စက္ကန့်မျှ မကြာခင် အချိန်ကလေးမှာပင် သူမ၏ ဝိညာဥ် စွမ်းအင် အားလုံးမှာ အေးခဲသွားကာ အရှိန်အဝါမှာ ဖိနှိပ်ခံလိုက်ရ၏။ သူမကား ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။ ထိုအခိုက်၌ လက်တစ်ချောင်း လှုပ်ရှားရန်ပင် သူမ မတတ်နိုင်တော့ချေ။
သူမ အထိတ်တလန့်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုအခါ သူမအား ပြုံးရင်း ကြည့်နေသည့် ထို့ပိဟန်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ထိုလူအိုကြီး၏ လက်ချက်ဖြစ်ကြောင်း သူမ တန်းကာ သိရှိလိုက်၏။ ထို့အပြင် ချိပ်ပိတ်ခံထားရသည်က သူမ တစ်ယောက်တည်း မဟုတ်ချေ။ ကျိချန်းကောင်းနှင့် ချင်းရိုင်းတို့လည်း အပါအဝင်ပင် ဖြစ်သည်။
“ကြယ်တာရာ အမြုတေ အဆင့်ခြောက်နဲ့ ခုနစ်ကြားမှာ ဒီလောက်တောင် ကွာခြားတာလား...”
သူတို့ မထိန်းချုပ်နိုင်ပဲ တွေးလိုက်မိ၏။ ယခုအချိန်ထိ ထို့ပိဟန်မှာ မူလနေရာတွင်သာ ရပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့ကတော့ ရုပ်တုများ သဖွယ် တောင့်တင်း အကာအကွယ်မဲ့နေကာ သာမန်လူတစ်ယောက် လာသတ်လျှင်ပင် လည်စင်းခံရမည့် အဖြစ်မျိုးကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“အေးဆေးပေါ့ကွာ...”
ထို့ပိဟန်၏ အသံက သူတို့ နားထဲသို့ ဝင်ရောက်လာ၏။ ဇင်တို့ သုံးယောက်လုံးမှာ မတိုင်ပင်ပါပဲ မျက်မှောင်ကြုတ် လိုက်မိကြသည်။ ထိုလူအိုကြီးမှာ ဝေ့ဝူယင် မဟာ ဧကရာဇ် ပလ္လင်ထက် တက်ထိုင်နေသည်ကို ဂရုစိုက်ဟန် မရချေ။ ထို့အပြင် သူ့အား ကြည့်ရသည်က ဝေ့ဝူယင် ထိုကဲ့သို့ ပြုလုပ်စေရန်ပင် လိုလားနေပုံ ရလေသည်။
သူတို့ သိပ်နားမလည်နိုင်ကြသည့်တိုင် လက်ခံရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။ အခြားတစ်ဖက်မှ ပြန်တွေးရလျှင် ထို့ပိဟန်မှာ ဂိုဏ်းအပေါ် ဘယ်တော့မှ သစ္စာဖောက်မည့် လူစားမျိုး မဟုတ်ချေ။ သူက ခွင့်ပြုရာ တိကျခိုင်လုံသော အကြောင်းပြချက် တစ်ခုတော့ ရှိရပေမည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ ထိုအရာအားလုံးကို သတိပင် ထားမိဟန် မရချေ။ သူက ပလ္လင်ထက်၌ သက်တောင့်သက်သာ နောက်မှီကာ ထိုင်ရင်း စကားဆက်လိုက်၏။
“မင်းသားလုံ... မင်းက ငါ့ကို ဖိတ်ခေါ်တယ်ဆို... ငါအခု ရောက်နေပြီလေ... မင်း ဘာလိုချင်လို့လဲ”
သူက လိုရင်းကို မေးလိုက်၏။ မည်သို့ပင် ဆိုစေ... သူကား အလုပ်များသောလူ ဖြစ်သည်။ သူ့တွင် ဆေးဖော်စရာ ရှိသည်။ ကျင့်ကြံစရာ ရှိသည်။ ကောင်မလေးများနှင့် အိပ်စက်စရာ ရှိသည်။ ထိုကဲ့သို့ အဖိုးတန် အချိန်များကို လုံချန် ကဲ့သို့သော လူနှင့် သိပ်တော့ မဖြုန်းတီးချင်ပေ။
ချင်ချူးမူမှာ အကူအညီမဲ့စွာ ပြုံးရင်း ဝေ့ဝူယင်ကို ကြည့်နေမိ၏။ သူမအား ကြည့်ရသည်က ဝေ့ဝူယင်ထံမှ ထိုကဲ့သို့ လုပ်ရပ်မျိုးကို မျှော်လင့်ထားပြီး ဖြစ်ဟန်တူသည်။ ထိုအတွက် မကျေမနပ် မဖြစ်မိသလို ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ခံစားချက်မျိုးလည်း သူမတွင် မရှိချေ။ သူမ၏ မျက်လုံးများကတော့ “ဒီလို အန္တရာယ်များတာမျိုး လုပ်ရဲတာ သူ တစ်ယောက်ပဲ ရှိတယ်” ဟု မှတ်ချက်ပြု နေသယောင်ပင်။
လုံချန်မှာ ခံစားချက်များ ရှုပ်ထွေးနေသည့်တိုင် ဦးခေါင်းကို မော့ရင်း ဝေ့ဝူယင်အား မျက်နှာချင်းဆိုင် လိုက်၏။ ဘာဖြစ်ဖြစ်... သည်ကိစ္စက ဝေ့ဝူယင်နှင့် မဖြစ်မနေ ပြောရမည့် ကိစ္စ မဟုတ်ပါလား။
“ဝေ့ဝူယင်...”
သူ့အသံကတော့ အနည်းငယ် ရန်လိုနေဆဲပင်။
“ခေတ်အဆက်ဆက် စည်းမျဥ်းတွေ အရ... အနန္တဧကရာဇ်ဂိုဏ်းဟာ မဟာ ဧကရာဇ် သွေးမျိုးဆက် အမွေခံ မဟာမင်းသားကို တောင်းဆိုမှု သုံးခုလုပ်ဖို့ ခွင့်ပြုထားတာ မင်းလည်း သိမှာပါ”
“မှန်တယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ လုံချန်၏ အခွင့်အရေးကို သူ တားဆီးလိမ့်မည် မဟုတ်ချေ။ သူ ယနေ့ ဤနေရာသို့ ရောက်လာရသည်မှာလည်း ထိုစည်းမျဥ်းကြောင့်သာ ဖြစ်ပေသည်။ မဟုတ်လျှင် လုံချန် ကဲ့သို့ မဟာ မင်းသားလေး တစ်ပါးက သူ့အား မည်ကဲ့သို့ ဆင့်ခေါ်နိုင်လိမ့်မည်နည်း။
လုံချန်က အံကို မသိမသာ ကြိတ်လိုက်၏။
“ငါ့ရဲ့ ပထမဆုံး တောင်းဆိုမှုက ဟုန်ယုရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးဖို့ အတွက် အရှင် ထို့ပိဟန်ကို တောင်းဆိုချင်တာပဲ... ”
ထိုစကားလုံးများကို ပြောနေသော အခိုက်၌ သူ့နှလုံးသားက ဟုန်ယု၏ ဆိုးရွားသော သေခြင်းတရားကို ပြန်လည် မြင်ယောင်ရင်း နာကျင်မှုကို တဆစ်ဆစ် ခံစားနေရသည်။ အကယ်၍ သူ့ အသုံးမကျမှုများကြောင့်သာ မဟုတ်ပါက ထိုမိန်းကလေးမှာ ယနေ့တိုင် ပျော်ပျော်ရွှင်ရွှင်နှင့် အသက်ရှင် နေလိမ့်ဦးမည် ဖြစ်သည်။
လောကသခင် တစ်ယောက်မှာ ခန္ဓာကိုယ်များကို ပြန်လည် တည်ဆောက်ပေးနိုင်ကြောင်း ဝူယု တစ်ခါတုန်းက ပြောခဲ့ဖူးသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူ အရူးတစ်ယောက် ကဲ့သို့ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ တစ်နှစ် မပြည့်ခင် အတွင်းမှာပင် သူ ကြယ်တာရာ အမြုတေ အဆင့်တစ်မှ အဆင့်သုံး ဝိညာဥ်ဆင်းတု တစ်ယောက် အထိ ဖြစ်လာခဲ့သည်။ သို့သော်လည်း လျှောက်လှမ်းရန် ခရီးကာ အတော်လေး ကွာဝေးလှသေးပြီး ရာစုနှစ် တစ်ခုနီးပါးပင် အချိန်ယူရကောင်း ယူရနိုင်ပေသည်။
သို့သော်လည်း ယခု ထို့ပိဟန် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ သူက သူမအား ပြန်လည် မွေးဖွားလာနိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိသည်။
ထို့ပိဟန် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်မိ၏။ သူက ယခုမှသာ လောကသခင် အဆင့်ကို လောလောလတ်လတ် တက်လာသူ ဖြစ်သည်။ ထိုအဆင့်၏ စွမ်းအင်အကုန်လုံးကို သူ ရင်းနှီးခြင်း မရှိသေးချေ။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ကျိန်းသေ သိနိုင်သည်။ မည်သို့ပင် ဆိုစေ... သူ့ဘေးတွင် ဝူယု ရှိနေသည် မဟုတ်ပါလား။
ဝေ့ဝူယင် ဝူယုကို စိတ်ထဲမှ ဆက်သွယ်ရင်း မေးလိုက်၏။ အကယ်၍ ထိုကဲ့သို့ ပြုလုပ်နိုင်သည့် ဆေးတစ်မျိုးမျိုး ရှိသလား မေးလာလျှင်တော့ သူ့တွင် အဖြေရှိပေသည်။ ခန္ဓာကိုယ်အား ပြန်လည် ဖန်တီးရန် အဆင့်ရှစ် ဆေးလုံးတစ်မျိုးကို အသုံးပြုနိုင်သည်။ သို့သော်လည်း ၎င်းက ဝိညာဥ် အပိုင်းအစ တစ်ခုကိုတော့ လိုအပ်သည်။ ဝူယု ပြောသည့် အဆင့်ကိုး ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးဆိုလျှင် လျှို့ဝှက် အာဏာရှင် အဆင့် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးနိုင်သည့် အပြင် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကိုပါ ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်သည်။
“လုပ်လို့ရတယ်...”
ဝူယု၏ အသံက စိတ်ထဲ ပေါ်ပေါက်လာခဲ့၏။ အသေးစိတ် အတိအကျ မပြောသည့်တိုင် ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“အခြား နှစ်ခုကရော...”
အကြောင်းပြချက် အချို့ကြောင့် လုံချန် အသက်ကို ပြင်းပြင်းရှိုက်လိုက်၏။ ဝူယု ပြောခဲ့ဖူးသည့် အတိုင်း ဆိုလျှင် အနန္တဧကရာဇ်ဂိုဏ်း၏ မဟာ သူတော်စင် ငါးယောက်စလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်ခုနစ်ကို တက်လှမ်းရန် အရည်အချင်း ပြည့်မှီသူများ မဟုတ်ကြချေ။ ထို့ပိဟန်မှာလည်း ချွင်းချက် မဟုတ်ချေ။
ဝေ့ဝူယင်မှာ လွန်ခဲ့သော နှစ်များ အတွင်းမှာပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင် သူနှင့် ထို့ပိဟန်မှာ အလွန် ရင်းနှီးကြသူများ ဖြစ်ကြရာ ထိုလူအိုကြီး၏ အဆင့်တက်မှုတွင် သူ့စနက် မကင်းလောက်ချေ။ ယခုတစ်ဖန် ပလ္လင်ပေါ် တက်ထိုင်နေသည့် ဝေ့ဝူယင်နှင့် တည်ငြိမ်နေသည့် ထို့ပိဟန်တို့ကို မြင်ပြီးနောက်၌ ထိုအတွေးအမြင်က ပိုမို သေချာလာခဲ့သည်။ အကယ်၍ သူသာ မမှားပါက ထို့ပိဟန်မှာ ဝေ့ဝူယင်၏ သစ္စာခံ လူယုံတော် တစ်ယောက်ပင် ဖြစ်နေလောက်ပြီ ဖြစ်သည်။
“ဒုတိယမြောက် တောင်းဆိုမှုက လင်းကျိရန်ပြန်ကောင်းလာဖို့ကို ဂိုဏ်းအနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်း၊ ရင်းမြစ် အားလုံး သုံးပေးစေချင်တာပဲ...”
ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လင်းကျိရန်ကို စောင်းကြည့်ရင်း သူ့ခံစားချက်များက လှိုင်းထလာသည်။ မိန်းကလေး၏ မီးခိုးရောင် သမ်းနေသည့် ခပ်ပွပွ ဆံနွယ်များနှင့် ခြောက်သွေ့ ဖြူရော်နေသည့် အသားအရည်တို့က သူ့နှလုံးသားကို ဓားထက်ထက်နှင့် လှီးနေဘိသကဲ့သို့ပင်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် ဝေ့ဝူယင်တွင် လင်းကျိရန်ကို ပြန်လည် ကုသပေးနိုင်မည့် နည်းလမ်းများ ရှိကြောင်း သူ သိထားသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်ကို ဤနေရာသို့ လာအောင် သူ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
“တတိယမြောက် တောင်းဆိုချက်က... ငါ...”
လုံချန်က ခဏရပ်လိုက်ရင်း နာ့ရှင်းရီကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများထဲ၌ ချင်ချူးမူ၊ ဝူပိုင်ကျိုးတို့ အတွက် အားနာသည့် တုန့်ဆိုင်းမှု တစ်ခု ရှိနေခဲ့သည်။
နာ့ရှင်းရီမှာ ထိုအကြည့်ကို မည်ကဲ့သို့ သတိမထားမိပဲ နေပါမည်နည်း။ သူမက တိတ်တဆိတ်ပင် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။
အဆုံးသတ်၌ လုံချန်က ဆက်ပြောလိုက်လေသည်။
“ငါ နာ့ရှင်းရီရဲ့ ယင် ဆုံမှတ်သုံးခု ခန္ဓာကိုယ်ကို အပြည့်အဝ ပြန် ကောင်းလာစေချင်တယ်”
“ ... “
ဝေ့ဝူယင်မှာ အချိန်အတန်ကြာ တိတ်ဆိတ် ငြိမ်သက်နေ၏။ သူ၏ ငွေရောင် မျက်လုံးများက တည်ငြိမ်ကာ များစွာသော အရာများကို တွက်ချက် နေ၏။
ထို့ပိဟန်မှာ တိတ်တဆိတ်ဖြင့် ဝေ့ဝူယင်၏ အဖြေကို စောင့်စားနေသည်။ အနန္တဧကရာဇ်ဂိုဏ်းတွင် ဝေ့ဝူယင်၏ အဂ္ဂိရတ် အဆင့်အတန်းမှာ အမြင့်ဆုံး ဖြစ်သည်။ ဝေ့ဝူယင်က ဖြစ်နိုင်သည် ဆိုလျှင် ထိုအရာက ဖြစ်နိုင်ပေသည်။ ဂိုဏ်းကလည်း မဟာ မင်းသား အတွက် ဖြစ်အောင် လုပ်ပေးရမည် ဖြစ်သည်။
တစ်ခဏကြာပြီးနောက် ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက လေးပင်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း...
“မင်းတောင်းဆိုတာတွေ မဖြစ်နိုင်ဘူး...”
***