← Chapters

မဖြစ်နိုင်ဘူး

Vol. 23 Ch. 317

မဖြစ်နိုင်ဘူး

Vol. 23 Ch. 317

“အဲဒါက ဘာအဓိပ္ပာယ်လဲ...” 

ဝေ့ဝူယင်အား ပထမဆုံး တုန့်ပြန်လာသည်က လုံချန် မဟုတ်သလို အခြား မိန်းကလေးများလည်း မဟုတ်ချေ။ ချင်းရိုင်သာလျှင် ဖြစ်သည်။ ချင်းရိုင်မှာ ဝေ့ဝူယင် ဤနေရာတွင် ရှိနေရသည့် အကြောင်းရင်းကို နားလည်သည်။ ဝေ့ဝူယင် ရာဇပလ္လင်ပေါ် တက်ထိုင်ပြီးနောက် ထိုနေရာတွင် ထိုင်ခွင့်ရှိသူ၏ အခွင့်အာဏာနှင့် ထိုက်တန်မှု အပေါ် သူမ တန်ဖိုးထားသည်။ 

"ကောင်းကင် ဧကရာဇ်ဝေ့... ဒါက ရှင်တစ်ယောက်တည်း ဆုံးဖြတ်နိင်တဲ့ ကိစ္စ မဟုတ်ဘူး... နောက်ပြီး ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေ အရ မဟာ မင်းသားရဲ့ တောင်းဆိုမှုတွေဟာ လွယ်လွယ်နဲ့ ပယ်ချလို့ရတဲ့ အရာတွေ မဟုတ်ဘူး” 

အခြား တစ်ဖက်၌ ဇင်က သူမ၏ အတွေးကို ပြတ်သားစွာပင် ထုတ်ဖော် ပြောဆိုသည်။ သူမ အမြင်အရ ဆိုလျှင် လုံချန်၏ တောင်းဆိုမှု သုံးခုစလုံးမှာ လွန်ကဲကာ ဂိုဏ်းမှ လက်မခံနိုင်လောက်သည့် အရာများ မဟုတ်ချေ။ ၎င်းတို့အား ငြင်းဆန်ရန် လုံလောက်သော အကြောင်းရင်း မရှိချေ။ 

ဝေ့ဝူယင်က ဇင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ စိတ်တိုင်းမကျမှုနှင့် ငြိုငြင်မှု အရိပ်အယောင်တို့က သူ့ ငွေရောင် မျက်လုံးများတွင် ထင်ဟပ်နေသည်။ ဇင်မှာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရကာ အနည်းငယ် တုန်လှုပ်သွားခဲ့၏။ 

ဘာကြောင့်နည်း... သူမက ကြယ်တာရာ အမြုတေ အဆင့်ခြောက် တစ်ယောက် ဖြစ်ကာ အနန္တ ဧကရာဇ်ဂိုဏ်းတွင် အမြင့်ဆုံး အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့တိုင်အောင် အဘယ်ကြောင့် ကောင်းကင်ဧကရာဇ် တစ်ယောက်၏ အကြည့်တွင် သိမ်ငယ်စိတ်ကို ခံသားလိုက်ရသနည်း။ သူမ မသိချေ။ ထို့ပိဟန်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ 

ဝေ့ဝူယင်က ဇင်ထံမှ မျက်လုံးကို ခွာလိုက်ရင်း မျက်နှာတစ်ခုလုံး မည်းမှောင်လာနေသည့် လုံချန်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် စိတ်ထဲမှ ခပ်တိုးတိုး သက်ပြင်းတစ်ချက် ချလိုက်ရင်း...  

“မင်းရဲ့ တောင်းဆိုမှုတွေက တကယ် လေးစားစရာ ကောင်းပါတယ်... မင်းနဲ့ ပတ်သက်တဲ့ မိန်းကလေးတွေက ကံကောင်းတယ်လို့တောင် ဆိုနိုင်တယ်”   

“ ... “

လုံချန်မှာ မျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်က ချီးကျူးစကား ဆိုနေသည့်တိုင် သူ့အတွက်တော့ နားထဲ သံရည်ပူနှင့် လောင်းထည့်နေသလိုပင်။ သူနှင့် ပတ်သက်သည့် မိန်းကလေးများက မည်ကဲ့သို့ ကံကောင်းမည်နည်း။ အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါ ဟုန်ယု၊ နာ့ရှင်းရီနှင့် လင်းကျိရန်တို့မှာ ယခုကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပါချေ။ 

ဝေ့ဝူယင်က စကားဆက်လိုက်၏။ 

“အနန္တ ဧကရာဇ်ဂိုဏ်းက ခွင့်ပြုပေးထားတဲ့ မဟာ မင်းသားရဲ့ တောင်းဆိုမှု သုံးခု ဆိုတာက သူ့ကိုယ်သူ တိုးတက်အောင် လုပ်ဖို့ တစ်ဖက်လှည့်နဲ့ ပေးထားတဲ့ အခွင့်အရေးပဲ... မင်းရဲ့ အနာဂတ်က ကောင်းကင် ဧကရာဇ် အပါအဝင် အားလုံးထက် ပိုတောက်ရဖို့ ရှိတယ်... အဲဒီ တောင်းဆိုမှုတွေကို မိန်းမတွေ အပေါ် သုံးတာက မင်းရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘယ်လိုမှ ကူညီနိုင်မှာ မဟုတ်ဘူး... ပိတ်ဆို့စေတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်” 

ဝေ့ဝူယင်က ခဏရပ်ရင်း ခေါင်းအား အနည်းငယ် ခါယမ်းလိုက်သည်။ 

“ဘာပဲဖြစ်ဖြစ်လေ... မင်းရဲ့ တောင်းဆိုမှုတွေကို ပယ်ချဖို့ ငါ့မှာ အခွင့်အရေး မရှိပါဘူး... ဒါက ငါတို့ဂိုဏ်းရဲ့ ရိုးရာ တစ်ခုဖြစ်သလို မင်းတို့ ငါတို့ သေသွားရင်တောင် ဆက်လက် တည်တံ့နေမယ့် အစဥ်အလာ တစ်ခုပါပဲ... ခုနက ငါ ပြောတဲ့ မဖြစ်နိုင်ဘူး ဆိုတာက မင်းရဲ့ တောင်းဆိုမှုတွေကို လုပ်မပေးနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး... ဂိုဏ်း အနေနဲ့ မင်းကျေနပ်တဲ့ ရလဒ်ရတဲ့ အထိ လုပ်မပေးနိုင်လောက်ဘူးလို့ ပြောတာ” 

“ရှင်ပြောတာ ဘာအဓိပ္ပာယ်လဲ...”

ချင်ချူးမှာ မနေနနိုင်တော့ပဲ ဝင်မေးလိုက်၏။ လုံချန်၏ တောင်းဆိုမှုများက ဂိုဏ်းအတွက် လုပ်နိုင်စွမ်း ရှိသည့် အတိုင်းအတာ တစ်ခုအတွင်း တည်ရှိနေသည် မဟုတ်ပါလား။ ကျေနပ်တဲ့ ရလဒ် ဆိုသည်က ဘာအဓိပ္ပာယ်နည်း။ 

ဝေ့ဝူယင်က ချင်ချူးမူကို မကြည့်ပဲ လုံချန်ကိုသာ ကြည့်ရင်း ဆက်ပြောလိုက်သည်။ 

"ပြောရရင် မင်းရဲ့ ပထမဆုံး တောင်းဆိုမှု.... ထို့ပိဟန် အနေနဲ့ ဟုန်ယုရဲ့ ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ ပြန် ဖွဲ့စည်းပေးနိုင်ဖို့ မဖြစ်နိုင်သေးဘူး... ဟင်းလင်းပြင် စွမ်းအားကို သုံးပြီး အတုလုပ်ထားတဲ့ ခန္ဓာကိုယ် တစ်ခုဟာ ဝိညာဥ်နဲ့ ဘယ်လိုမှ ကိုက်ညီမှာ မဟုတ်ဘူး... တကယ်လို့ အတင်းအကြပ် လုပ်မယ်ဆိုရင် သူ့ဘဝ တစ်လျှောက်လုံး ဘယ်တော့မှ ထပ်ကျင့်ကြံနိုင်မှာ မဟုတ်ဘူး... သူ့ရဲ့ ဘဝက သာမန် သေမျိုးတစ်ယောက် အဖြစ် လျော့ကျသွားမယ့် အပြင် သက်တမ်းစေ့တောင် နေရဖို့ မသေချာဘူး” 

ထိုအရာများကို သူ လုပ်ကြံဖန်တီး၍ ပြောဆိုခြင်း မဟုတ်ချေ။ ဝူယုအား ကိုယ်တိုင်ကိုယ်ကျ မေးပြီးမှ ပြန်လည် ပြောပြခြင်း ဖြစ်သည်။ 

ဤသို့ဆိုလျှင် ဝူယုမှာ လုံချန်ကို ညာခဲ့သလော။ မညာချေ။ လောကသခင်များမှာ ခန္ဓာကိုယ်များကို အမှန်တကယ် ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိသည်။ သို့သော်လည်း ပြီးပြည့်စုံသော ခန္ဓာကိုယ်ကိုတော့ ဘယ်တော့မှ ရလိမ့်မည် မဟုတ်ချေ။ 

“အဲဒါ အမှန်ပဲလား...” 

‌ရှောင်ပင်းက ထို့ပိဟန်ကို ကြည့်ရင်း မေးလိုက်၏။  သူမ၏ မျက်လုံးများက စိုးရိမ်မှု၊ ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ သူမ ဤနေရာသို့ လိုက်လာခဲ့ခြင်းမှာ လုံချန်က ဟုန်ယု၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် နည်းလမ်းရှိသည်ဟု ကတိပေးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ 

ရုတ်တရက် ထို့ပိဟန်မှာ မည်ကဲ့သို့ တုန့်ပြန်ရမှန်း မသိချေ။ သို့သော်လည်း ဤသည်က ဝေ့ဝူယင်၏ ပြောစကား ဖြစ်လေရာ ရှောင်ပင်းကို ခေါင်းသာ ညိတ်ပြလိုက်သည်။ ရှောင်ပင်း၏ မျက်လုံးများက ရီဝေသွားကာ ချက်ချင်းပင် မျက်ရည်များနှင့် ပြည့်နှက်သွား၏။ 

ချင်းရိုင်၊ ကျိချန်းကောင်းနှင့် ဇင်တို့မှာလည်း ဘာပြောရမှန်း မသိကြချေ။ စိတ်ပျက်ဖွယ်ရာ အုံ့မှိုင်းတစ်ခု တစ်ခု သာလျှင် ခန်းမအတွင်း ပြည့်နှက်နေလေ၏။ 

“နောက်ပြီး မင်းရဲ့ ဒုတိယ တောင်းဆိုမှု... စိတ်၊ ခန္ဓာနဲ့ ဝိညာဥ် သုံးခုစလုံးကို ပြန်ကုသပေးနိုင်တဲ့ စွမ်းရည်မျိုး ဂိုဏ်းမှာ မရှိဘူး...”  

ဝေ့ဝူယင်က စကားဆက်လိုက်၏။ ဇင်မှာ ဝင်ရောက်ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း လင်းကျိရန်၏ အခြေအနေမှန်ကို တွေးမိသော အခိုက်၌ သက်ပြင်းသာလျှင် ချလိုက်သည်။ 

အကယ်၍ ခန္ဓာကိုယ်ကို ပြန်လည် ကုသပေးနိုင်လျှင်ပင် ဝိညာဥ်နှင့် စိတ်တို့ကို အပြည့်အဝ ကျန်းမာလာစေရန် တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာက ဇာတိဝိညာဥ် ကွဲကြေသွားရခြင်း၏ အကျိုးဆက် ဖြစ်သည်။ အကယ်၍ သူမ ပြန်လည် ကောင်းမွန်လာမည် ဆိုလျှင်ပင် တစ်ဝက်တစ်ပျက်သာ ဖြစ်ပေလိမ့်မည်။ 

ထိုအချိန်တွင်ပင် ဝေ့ဝူယင်က ဆက်ပြောလိုက်၏။ 

“နောက်ပြီး ချင်ချူးမူရဲ့ မူလယင်ကို ပြန်ကောင်းမွန်လာစေဖို့ ကိစ္စ... ငါသိထားသလောက် ပြောရရင် မိန်းကလေးတွေရဲ့ မူလယင်ကို ပြန်သိုလှောင်ပေးနိုင်တဲ့ ကမ္ဘာ ရတနာက အပျိုစင် မိန်းကလေး တစ်သိန်းရဲ့ မူလယင်နဲ့ သန့်စင်ရတဲ့ မဟူရာ ပုလဲ တစ်ခုပဲ ရှိတယ်... ဒါတောင် အဲဒီ ပုလဲကို ဒီအတိုင်း သုံးလို့ မရသေးဘူးနော်... အကြွင်းမဲ့ ယင်ဖန်တီးခြင်း လို့ ခေါ်တဲ့ ဆေးလုံး တစ်မျိုး ဖော်စပ်ရသေးတယ်” 

“အဲဒီဆေးလုံးကိုသာ ရရင် လင်းကျိရန်ကို ပြန် ကုသပေးနိုင်ရုံတင် မကဘူး... နာ့ရှင်းရီရဲ့ မူလယင်ကိုပါ အပြည့်အဝ ပြန်ကောင်းလာအောင် လုပ်ပေးနိုင်တယ်... သူ့ရဲ့ ဆုံးမှတ်သုံးခု ယင်ခန္ဓာက ဆုံမှတ် လေးခု၊ ငါးခု၊ ကိုးခု အထိတောင် တိုးတက်သွားနိုင်သေးတယ်” 

နာ့ရှင်းရီက နှုတ်ခမ်းကို သွေးထွက်လုနီးပါး အထိ ကိုက်လိုက်၏။ အနည်းဆုံး‌ မျှော်လင့်ချက် ခပ်ရေးရေးတော့ ရှိသေးလေရာ သူမ ထိုအရာကို ဆုပ်ကိုင်ရပေမည်။ 

“အဲဒီဆေးက တကယ်ရော ရှိလား...” 

လူတိုင်းမှာ ဝေ့ဝူယင်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်၏။ လုံချန် တစ်ယောက်သာလျှင် မျက်မှောင်ကြုတ်ကာ တွေးတောနေဟန် ရသည်။ အခြား နည်းလမ်းများ ကျိန်းသေ ရှိနိုင်ပေသည်။ ဝေ့ဝူယင် မညာသည့်တိုင် အခြား နည်းလမ်းများ ရှိနိုင်သေးကြောင်း သူသိသည်။ သူ ဆိုလိုသည့် အခြားနည်းလမ်များတွင် မိစ္ဆာကျင့်စဥ်များနှင့် အဆင့်မြင့် ဆေးဝါးများလည်း ပါဝင်ပေသည်။  

ဝေ့ဝူယင်က နာ့ရှင်းရီ၏ မေးခွန်းကို ကြားပြီးနောက် ခပ်ရေးရေး ပြုံးလိုက်၏။ 

“အဲဒီဆေးလုံးက တကယ်ရှိပါတယ်... နောက်ပြီး အနန္တဧကရာဇ်ဂိုဏ်းမှာလည်း မူလယင် မဟူရာပုလဲ နှစ်လုံး ရှိတယ်.... ကောင်းကင်ဧကရာဇ်တွေနဲ့ ကောင်းကင် နိုဘယ်တွေ မိစ္ဆာဂိုဏ်းတွေကို ဖျက်ဆီးတုန်းက ရထားတဲ့ ရတနာတွေပေါ့” 

မိန်းကလေးများ၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။ မဟူရာ ပုလဲ နှစ်လုံး... ကုသရန် လိုအပ်သည်ကလည်း မိန်းကလေး နှစ်ယောက်... အတိအကျပင်။ ထိုပုလဲများ၏ ဇစ်မြစ်... ထိုအရာက မရေးမကြီး။ ပြန်ပြင်၍ မရအောင် ဖန်တီးပြီးထားသည့် ရတနာ တစ်ခုကို အနည်းဆုံးတော့ ကောင်းသည့်ဘက်တွင် အသုံးချသင့်သည် မဟုတ်ပါလား။ 

“ခုချိန်မှာ မင်းတို့ အနေနဲ့ လုပ်ဖို့ လိုအပ်တာ တစ်ခုတည်းသော အရာက အဆင့်ကိုး အကြွင်းမဲ့ ယင်ဖန်တီးခြင်း ဆေးလုံးကို ဖန်တီးနိုင်တဲ့ သေမျိုး အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် ရှာဖို့ပဲ... နောက်ပြီး ဒီမိန်းကလေး နှစ်ယောက် သက်တမ်း မကုန်ခင် ဆယ်စုနှစ်တွေ အတွင်း ပြီးအောင် ဖော်စပ်ခိုင်းဖိုပဲ... အဲဒါဆို အားလုံး အဆင်ပြေပြီ” 

"...” 

အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်ကျသွား၏။ သူတို့ စကားတစ်ခွန်းမှ မတုန့်ပြန်နိုင်ကြချေ။ 

“ဒီလောက်ဆို ခုနက ကျုပ် ပြောတဲ့ မဖြစ်နိုင်ဘူး ဆိုတာက မှားလား မှန်လား ဆိုတာ ခင်ဗျားတို့ သိလောက်ပြီပေါ့...”

ဝေ့ဝူယင်က သက်တောင့်သက်သာ ပြောလိုက်ရင်း ငွေ‌ရောင် မျက်လုံးများဖြင့် လုံချန်ကို စူးစိုက်ကြည့် လိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် လှောင်ပြောင်သော အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းများထက်၌ ဖြစ်ပေါ်လာသည်။ 

"ဒါတွေကို မင်းသိပြီးသား... ဟုတ်တယ်မလား”

ဝေ့ဝူယင်၏ အသံက ကြက်သီးထလောက်အောင် အေးစက်ခြင်းများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း လုံချန်မှာ ထိုစကားလုံးများကို ငြင်းပယ်ခြင်း မပြုသလို ဝန်ခံခြင်းလည်း မပြုချေ။ သူက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကိုသာ စူးစူးရဲရဲနှင့် အကြောက်အလန့် ကင်းမဲ့စွာ ရင်ဆိုင်၏။ 

တစ်ချိန်တည်း၌ ဘေးနားရှိ မိန်းကလေးများမှာမူ နားမလည်နိုင်စွာဖြင့် ဝေ့ဝူယင်နှင့် လုံချန်ကို တစ်လှည့်စီ ကြည့်နေမိကြသည်။ မဟာ အင်ပါယာ သူတော်စင်များ ပင်လျှင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေကြ၏။ 

လုံချန်က အစောကတည်းက သိနေသည်လား။ ဤသို့ဆိုလျှင်... အဘယ်ကြောင့် မဖြည့်ဆည်းပေးနိုင်သည့် တောင်းဆိုမှု သုံးခုကို တောင်းရသနည်း။ 

ဝေ့ဝူယင်က တိတ်တဆိတ်ပင် ပြုံးလိုက်၏။ လောကသခင် အဆင့်ကို ယခုမှ တက်ရောက်လာသည့် ထို့ပိဟန် အတွက် ပြီးပြည့်စုံသည့် ခန္ဓာကိုယ် တစ်ခု တည်ဆောက်ရန် အလွန် ခက်ခဲမည် ဖြစ်ကြောင်း လုံချန် မည်ကဲ့သို့ မသိပဲ နေလိမ့်မည်နည်း။ သို့တည်းမဟုတ်... သူက ဟုန်ယုအတွက် ပြီးပြည့်စုံခြင်း မရှိသည့် ခန္ဓာကိုယ် တစ်ခုကိုသာ လိုချင်နေသည်လား။ 

ထို့အပြင် လင်းကျိရန်... သူမ ပြန်လည် ကောင်းမွန်လာစေရန် အတွက် အဂ္ဂိရတ် တာအိုသာလျှင် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဂိုဏ်းမှ ပိုင်ဆိုင်ထားသည့် ကမ္ဘာရတနာများမှာ သူမ အတွက် အဓိပ္ပာယ် မရှိချေ။ ကျင့်ကြံခြင်း ဖျက်ဆီးခံထားရသူ တစ်ဦးမှာ မည်ကဲ့သို့ ရတနာများကို သန့်စင်နိုင်မည်နည်း။ အကယ်၍ အခြားလူ တစ်ယောက်ယောက်မှ ကူညီပေးလျှင်ပင် သူမ၏ အားနည်းသော ခန္ဓာလေးမှာ ခံနိုင်ရည် ရှိပါမည်လော။  

နာ့ရှင်းရီ... သူမအား ကုသရန် အကြွင်းမဲ့ ယင်ဖန်တီးခြင်းဆေးမှ လွဲ၍ အခြား မရှိချေ။ သို့သော်လည်း ထိုဆေးလုံးကလည်း အိပ်မက်တစ်ခုလိုသာ ဖြစ်သည်။ 

ဂိုဏ်းအနေဖြင့် အလွန်ဆုံး လုပ်ပေးနိုင်သည်က ရှိသမျှ ရင်းမြစ်အားလုံးကို ပုံအောသုံးကာ အဆင့်ရှစ် ယင်ဖွဲ့စည်းခြင်း ဆေးလုံး ဖော်စပ်ရန် ဖြစ်သည်။ ထိုဆေးလုံးဖြင့် ဆိုပါက နာ့ရှင်းရီ အနေဖြင့် အပြည့်အဝ ပြန်မကောင်းနိုင်သည့်တိုင် အခြေတစ်ခုကို ပြန်ရောက်မှာ သေချာသည်။ သို့သော်... ထိုဆေးလုံး ဖော်စပ်ပြီးစီးသည် အထိ သူမ အသက်ရှင်နိုင်ပါမည်လော။ 

***

All Chapters