နာ့ရှင်းရီ၏ စိတ်
Vol. 23 Ch. 318
“ထားလိုက်ပါလေ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ခေါင်းအား ခါယမ်းလိုက်၏။
“ငါ မင်းရဲ့ တောင်းဆိုမှုတွေထဲက နှစ်ခုကိုတော့ ဖြည့်ဆည်းပေးနိုင်ပါတယ်... ဟုန်ယုအတွက် သင့်တော်တဲ့ ခန္ဓာကိုယ် ပြန်တည်ဆောက်ပေးမဲ့ အပြင် လင်းကျိရန် ပြန်ကောင်းလာအောင်လည်း ငါပဲ တာဝန်ယူလိုက်မယ်... ဒါပေမဲ့ နာ့ရှင်းရီ အတွက် တောင်းဆိုမှုကိုတော့ ဂိုဏ်းကပဲ ကိုင်တွယ်လိမ်မယ်”
"ဘာလို့လဲ...”
နောက်ဆုံး၌ လုံချန်မှာ စကားပြောလာ၏။ ဝေ့ဝူယင်က ခေါင်းအား အသာအယာ ခါယမ်းရင်း နာ့ရှင်းရီကို ကြည့်လိုက်သည်။
“လင်းကျိရန်ရဲ့ အခြေအနေကို ယင်မြှင့်တင်ခြင်း ဆေးတွေနဲ့ ကုလို့ရတယ်... ဒါပေမဲ့ နာ့ရှင်းရီ ပြန်ကောင်းလာဖို့ ဆိုရင်တော့ အကြွင်းမဲ့ ယင်ဖန်တီးခြင်းဆေးလုံး လိုတယ်... တကယ်လို့ သူ့အနေနဲ့ ယင်ကျဆင်းတာကို တည်ငြိမ်ချင်တယ် ဆိုရင်တော့ ငါ လုပ်ပေးနိုင်ပါတယ်... ဂိုဏ်းကလည်း လုပ်ပေးနိုင်တယ်... သူ ကိုယ်တိုင်တောင် လုပ်နိုင်လောက်တယ်... ဒါပေမဲ့ သူ့အနေနဲ့ မူလခန္ဓာ အခြေအနေကို ပြန်လိုချင်တယ် ဆိုရင်တော့...”
ဝေ့ဝူယင် စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်ထားလိုက်သော်လည်း လုံချန်တို့မှာ နားလည်ပေသည်။ အကြွင်းမဲ့ ယင်ဖန်တီးခြင်း ဆေးတစ်မျိုးသာလျှင် ထိုကဲ့သို့ လုပ်နိုင်သည်။
သို့သော်လည်း အဆင့်ကိုးဆေးလုံး... သေမျိုး အဂ္ဂိရတ် အာဏာရှင်များသာ ဖန်တီးနိုင်သည့် ထိုဆေးလုံးကို သူတို့ မည်သည့်နေရာတွင် သွားရှာရပါမည်နည်း။
“မင်း အခြားတစ်ခု တောင်းဆိုဖို့ ငါအကြံပေးချင်တယ်”
ဝေ့ဝူယင်က စကားကို အဆုံးသတ်ရင်း ပလ္လင်ပေါ်မှ ထရပ်လိုက်၏။ သူ၏ အမူအရာက အနည်းငယ် ပျင်းရိနေပုံ ပေါ်သည်။
ဝေ့ဝူယင် ပလ္လင်ထက်မှ အောက်သို့ ခုန်ဆင်းရင်း ထို့ပိဟန်ရှိရာဆီ လျှောက်သွားလိုက်၏။
“သွားကြမယ်... လင်းကျိရန်ကို အတူခေါ်လာခဲ့”
ထို့နောက် သူက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ဇင်ကို လှည့်ကြည့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ကျုပ်ကလည်း အနန္တ ဧကရာဇ်ဂိုဏ်းသား တစ်ယောက် ဆိုတော့ မဟာ မင်းသားရဲ့ တောင်းဆိုမှု သုံးခုကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်... ဟုန်ယုရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးဖို့ အတွက် လိုအပ်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေနဲ့ နည်းလမ်းတွေကို ကျုပ် စုစည်းလိုက်ဦးမယ်”
ချင်ချူးမူနှင့် လုံချန်တို့မှာ ဝေ့ဝူယင်၏ စကားလုံးများကို ယခုအထိ မယုံကြည်နိုင်အောင် ဖြစ်နေကြဆဲ ဖြစ်သည်။ ဝေ့ဝူယင်နှင့် လုံချန်တို့မှာ ကမ္ဘာမကြေရန်ငြိုး ရှိကြသူများ ဖြစ်ကြပြီး အနန္တ ကုန်းမြေတိုက်ကြီးတွင် နေထိုင်စဥ် ကတည်းက တိုက်ခိုက်လာခဲ့သူကြများ ဖြစ်သည်။ ယခု အဘယ်ကြောင့် ဝေ့ဝူယင်က ရုတ်တရက် စိတ်ပြောင်းသွားကာ လုံချန်ကို ကူညီရန် ဆုံးဖြတ်လိုက်သနည်း။
လုံချန်မှာ စိတ်ထဲ၌ သံသယ များစွာ ရှိနေသေးသည့်တိုင် စိတ်ကို လျှော့ထားရန်သာ ဆုံးဖြတ်လိုက်၏။ သူ ဝန်ခံချင်သည် ဖြစ်စေ၊ ဝန်မခံချင်သည် ဖြစ်စေ... ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် ဧကရာဇ် ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်း၌ ဝေ့ဝူယင် တစ်ယောက်တည်းသာလျှင် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်စွမ်း ရှိပေသည်။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် လင်းကျိရန်၏ ခန္ဓာကိုယ်ကို အဖြူရောင် အလင်း ဖျော့ဖျော့ ဝန်းရံလာ၏။ လုံချန် မသိမသာ လက်သီးဆုပ်လိုက်ရင်း နောက်သို့ တစ်လှမ်း ဆုတ်ခွာလိုက်သည်။ စိုးရိမ် ပူပန်မှု အငွေ့အသက်များကတော့ သူ့ မျက်ဝန်းများ၌ ထင်ကျန်နေဆဲ ဖြစ်၏။
“နောက် နှစ်ရက် သုံးရက်နေရင် သူ့ကို ပြန်ပို့ပေးမယ်...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆိုလိုက်၏။ ထို့နောက် သူက အားလုံးကို လျစ်လျူရင်း ထို့ပိဟန်၊ လင်းကျိရန်တို့နှင့် အတူတူ ထွက်ခွာသွားလေတော့သည်။
ဝေ့ဝူယင်တို့ ထွက်ခွာသွား၍ အတန်ကြာပြီးနောက် ဇင်က သက်ပြင်းတစ်ချက် ချကာ လုံချန်ကို ကြည့်လိုက်၏။
“မင်းရဲ့ တတိယ တောင်းဆိုမှုကို ပြန်ပြောင်းမှာလား...”
သူမ၏ လေသံက အနည်းငယ် သက်တောင့်သက်သာ မဖြစ်မှုတို့နှင့် ပြည့်နှက်နေသည်။ အနန္တဧကရာဇ် ဂိုဏ်းတစ်ခုလုံးမှာ ဝေ့ဝူယင် လက်အောက်သို့ မသိမသာ ရောက်ရှိနေကြောင်း သူမ ယနေ့တွင် နားလည်ခဲ့ရသည်။ အသက် ငါးဆယ်ပင် မပြည့်သေးသည့် ထိုလူငယ်မှာ မဟာ ပလ္လင်ထက်သို့ တက်ထိုင်ကာ ဂိုဏ်း၏ အရေးအပါဆုံး ကိစ္စများကို ပေါ့ပေါ့တန်တန်ပင် ဆုံးဖြတ် သွားခဲ့သည်။ မည်သူက မဟာ မင်းသား အစစ်အမှန် ဖြစ်သည်ကို သူမ ပင်လျှင် ဝေဖန် ဆန်းစစ်နိုင်ခြင်း မရှိတော့ချေ။
သူမက လုံချန်ကို ကြည့်လိုက်မိ၏။ ထိုကလေးမှာ အမှန်တကယ် ပါရမီ ထူးချွန်ကာ ပါရမီရှင် အားလုံး၏ အထက်၌ ရပ်တည်နိုင်သူ ဖြစ်သည်။ သူက ဂိုဏ်းသို့ ရောက်ရှိပြီး ဆယ်စုနှစ် တစ်ခုအတွင်းမှာပင် ကျင့်ကြံခြင်း အဆင့်ပေါင်း များစွာကို ချိုးဖျက်ကာ ကြယ်တာရာ အမြုတေ အဆင့်သုံးထိ တက်လှမ်းခဲ့သည်။ သို့သော်လည်း တစ်စင်တီမီတာ အရွယ်အစားရှိသော ကြယ်တာရာ အမြုတေကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်နှင့် ယှဥ်လျှင်ပင်တော့...
“တကယ်လို့ ရွယ်တူမျိုးဆက်တွေ အားလုံးကို မလွှမ်းမိုးနိုင်ဘူး ဆိုရင် မဟာ မင်းသားဖြစ်ဖြစ် မဟာ ဧကရာဇ် ဖြစ်ဖြစ် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ဇင် စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်မိတော့၏။ အခြားတစ်ဖက်၌ လုံချန်မှာ သက်ပြင်းတစ်ချက် ချလိုက်သည်။ မည်သို့ပင် ဆိုစေ... သူ့ဆန္ဒ ပြည့်မြောက်ခဲ့ပေသည်။ ဝေ့ဝူယင်မှာ စကားတည်တတ်သူ တစ်ယောက် ဖြစ်ရာ လင်းကျိရန်ကို ပြန်လည် ကုသပေးနိုင်မှာ သေချာလှသည်။ ထို့အပြင် ဟုန်ယု အတွက် သင့်လျော်သည့် ခန္ဓာကိုယ် တစ်ခု ပြန်တည်ဆောက်ပေးနိုင်သော အဆင့်ရှစ်ဆေးများ ရှိပေသည်။ ထိုအရာကို အစောကတည်းက သူ သိရှိပြီး ဖြစ်သည်။
လေးလံသော ဝန်ထုပ်ဝန်ပိုး နှစ်ခု ပခုံးထက်မှ ကျဆင်းသွားပြီ ဖြစ်ရာ လုံချန် နှလုံးသားထဲတွင် ပျော်ရွှင်မှု တစ်ခု ဖြစ်ပေါ်လာ၏။ သူ့အနေဖြင့် ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်နိုင်တော့မည် မဟုတ်ပါလော။
“ကျုပ် တတိယမြောက် တောင်းဆိုမှုကို ပြောင်းမယ်... ဂိတ်တံခါး အတွင်း ဝင်ခွင့် နေရာအချို့လောက် ကျုပ် လိုချင်တယ်”
လုံချန်က သူ၏ ဆုံးဖြတ်ချက်ကို ပြတ်သွားစွာပင် ပြောလိုက်၏။ နာ့ရှင်းရီမှာ တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် အုံ့မှိုင်းမှိုင်း မျက်လုံးများကတော့ အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။
နူးညံ့သိမ်မွေ့သော လက်ကလေး တစ်ဖက်မှာ နှစ်သိမ့်သယောင်နှင့် သူမ ပခုံးကို လာရောက် ထိတွေ့၏။ နာ့ရှင်းရီက စောင်းကြည့်လိုက်ရာ လှပသော လျဲ့ယုကို တွေ့ရသည်။ နာ့ရှင်းရီမှာ မိန်းကလေး၏ မျက်လုံးများမှ တစ်ဆင့် နွေးထွေးမှုတို့ကို ခံစားလိုက်ရ၏။
မည်သို့ပင် ဆိုစေ... သူမ လုံချန်ကို ယုံကြည်သဖြင့် နှလုံးသား တစ်ခုလုံး ပုံအပ်ကာ မူလယင် နှစ်ခုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အခြား မည်သည့် မျှော်လင့်ချက်မှ သူမတွင် မပါချေ။ ထို့ကြောင့် လုံချန် မည်ကဲ့သို့ ဆုံးဖြတ်သည် ဖြစ်စေ... သူမ နာခံရပေမည်။ သို့သော်လည်း... သူမ၏ နှလုံးသားကမူ လုံချန်၏ စကားလုံးများကြောင့် အကျိုးကျိုးအကြေကြေ ကွဲအပ်သွားသလို ခံစားနေခဲ့ရလေသည်။
...
"ထုတ်ကုန်တွေ အားလုံးကို မဟာ သူတော်စင်ချင်းဆီ လွှဲပြောင်းပေးပြီးပြီ… ဟုန်ယုရဲ့ ခန္ဓာကိုယ် ပြန်တည်ဆောက်ဖို့ အားလုံးကို သူကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လိမ့်မယ်… နောက်ပြီး သူက အကောင်းဆုံး လုပ်ပါ့မယ် ဆိုတဲ့ အကြောင်း ကျွန်မကနေ တစ်ဆင့် ပြောခိုင်းလိုက်တယ်"
စုမေ့က အချက်အလက်များကို တိကျစွာ အစီရင်ခံနေ၏။ သူမ၏ ရှေ့တွင် ရှိနေသည့် ဝေ့ဝူယင်ကတော့ နို့ရည်များဖြင့် ပြည့်နေသည့် ကန်တစ်ခု အတွင်း လက်ကို နှစ်ကာ ဆေးကြောရင်း မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာကို စဉ်းစားနေဟန် ရလေသည်။
လက်ရှိ၌ သူတို့ နှစ်ယောက်မှာ ဝေ့ဝူယင်၏ ကောင်းကင် နန်းတော် အတွင်း၊ အဂ္ဂိရတ် ခန်းမအပြင်ဘက်နား၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ ပထမ ကောင်းကင်နန်းတော်နှင့် မတူညီစွာပင် ဤအသစ် ပြန်လည် တည်ဆောက်ထားသော ကောင်းကင် နန်းတော် အတွင်းတွင် ဒဏ်ရာ ကုသခန်း၊ ဆေးဖော်စပ်ခန်း၊ အဂ္ဂိရတ် လေ့လာခန်း စသည်ဖြင့် အဂ္ဂိရတ် ပညာရပ်နှင့် ပတ်သက်သည့် အခန်း အမျိုးမျိုး ပါဝင်နေသည်။ အခန်း တစ်ခုချင်းစီမှာလည်း သာမန် အိမ်များထက်ပင် ပိုမို ကြီးကျယ် ခမ်းနားကာ အလွန် ထူးခြားသော ဒီဇိုင်းများနှင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင် လက်များကို နို့ကန်ထဲမှ ပြန်လည် ရုတ်သိမ်းလိုက်၏။ တိကျသေသပ်စွာ ဖြတ်ညှပ်ထားသော လက်သည်းများနှင့် အပြစ် အနာအဆာ ကင်းမဲ့သော လက်ချောင်းတို့က မည်မျှ ကျန်းမာကြောင်း ဖော်ပြနေသယောင်ပင်။
ဝေ့ဝူယင် စောနလေးတင်ကမှ လင်းကျိရန်၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို အဂ္ဂိရတ် ဧဒင် အင်အားနှင့် ပြန်လည် ကုသပြီးစီးခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် ထိုစွမ်းရည်ကို အသုံးမပြုခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း အဂ္ဂိရတ် ပညာရပ်ကို စတင် သင်ယူခဲ့သည့် အချိန်ကတည်းက ရန်သူများ အပေါ်တွင် အသုံးပြု ကုသပေးရန် ကျိန်ဆို ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ… ထိုအရာမှာ သေမျိုးများမှ အစ နတ်ဘုရားများ အဆုံး အဂ္ဂိရတ် ဆေးဆရာများ လိုက်နာရမည့် ဝတ္တရား တစ်ရပ် မဟုတ်ပါလား။
"ကောင်းတယ်… ချင်းရိုင်က ဒြပ်စင် အမျိုးမျိုးကို ကျင့်ကြံထားတဲ့ အပြင် မိန်းကလေးလည်း မိန်းကလေး ဆိုတော့ လိုအပ်ချက် အားလုံးနဲ့ ကိုက်ညီတယ်"
ဝေ့ဝူယင်က လက်သုတ်ပုဝါဖြင့် လက်ကို စင်ကြယ်အောင် သုတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် စုမေ့ကို ကြည့်လိုက်၏။
“ဒါနဲ့ ကျူးဟိုင်ရဲ့ အခြေအနေရော...”
***