မျှော်မှန်းချက်နှင့် လက်တွေ့
Vol. 11 Ch. 122
ခရမ်းရောင်ဝါးခြံဝင်းအတွင်း
ဤနေရာ၏ လေထုမှာ အရင်အတိုင်းပင် အေးချမ်းသာယာလျက် ရှိသည်။
သို့သော် ကုရှောင်းရွှယ်၊ လီဟုန်နှင့် လန်ယွီညီအစ်မတို့ လေးဦးမှာမူ မြေပြင်ပေါ်တွင် ပက်လက်လှန် လဲကျနေကြပြီး ပြန်ထရန်ပင် အားအင်မရှိတော့ပေ။
ထန်ထျန်းကမူ ကျောက်စားပွဲရှေ့တွင် အေးအေးလူလူ ထိုင်ကာ လက်ဖက်ရည်သောက်နေပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်အေးဆေးနေသည်။
ခုနက ခြံထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် ၎င်းတို့အားလုံးက ခင်မင်ရင်းနှီးစွာဖြင့် ပညာဖလှယ်ခဲ့ကြသည်။
အစပိုင်းတွင် လီဟုန်တို့ လေးဦးမှာ အလွန်ပင် ယုံကြည်ချက်ရှိနေကြသည်။ ၎င်းတို့၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အရင်ကကဲ့သို့ ထန်ထျန်း၏ ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးစွမ်းရည်များကို လေ့ကျင့်ပေးရန် လုံလောက်ပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် နှစ်ဖက်စလုံး စတင်ထိတွေ့လိုက်သည်နှင့် ၎င်းတို့ ဆွံ့အသွားရတော့သည်။
အရင်က အခြေအနေအဆိုးဆုံးအချိန်မှာပင် ထန်ထျန်းနှင့် အနည်းဆုံး အကွက်အချို့ ယှဉ်ပြိုင်နိုင်ခဲ့သေးသည်။
ယခုမူ ထန်ထျန်းက နေရာမှပင် မထဘဲ လက်ဖက်ရည်ကို အေးဆေးစွာ သောက်ရင်းနှင့်ပင် ၎င်းတို့ကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ အနိုင်ယူသွားခဲ့သည်။
ဤမျှလောက်အထိ ကြီးမားလှသော ကွာဟချက်ကြောင့် ၎င်းတို့ စိတ်ဝေဝါးသွားရသည်။ ငါတို့ရဲ့ လေ့ကျင့်ရေးက ပြောင်းပြန်များ ဖြစ်နေတာလား၊ ဘာလို့ လေ့ကျင့် လေလေ ပိုပြီး ညံ့သွားလေလေ ဖြစ်နေရတာလဲ
၎င်းတို့ ကိုယ့်ဘဝကိုယ် သံသယဝင်နေသည်ကို ကြည့်ကာ ထန်ထျန်းက လက်ဝှေ့ယမ်းပြီး သိပ်သည်းလှသော အသက်စွမ်းအင် များကို ပို့လွှတ်ကာ ၎င်းတို့၏ ပင်ပန်းနွမ်းနယ်မှုများကို ကုသပေးလိုက်သည်။
"သခင်လေး... ကျွန်တော်တို့က..."
လီဟုန်၏ မျက်နှာမှာ ရှုပ်ထွေးနေသည်။ မျှော်မှန်းချက်နှင့် လက်တွေ့ကြားက ကွာဟချက်မှာ အရမ်းကြီးမားလွန်းနေသည်။
ထန်ထျန်းက အေးဆေးစွာ ဆိုသည်။ "သိပ်ပြီး စိတ်မပျက်ကြပါနဲ့၊ မင်းတို့ တိုးတက်လာတာကို ငါ ခံစားမိပါတယ်။
ဂိုဏ်းတစ်ရာ ပြိုင်ပွဲကို ဖြတ်ကျော်ဖို့ဆိုတာ ပြဿနာ မရှိပါဘူး။
အခုချိန်မှာတော့ ရလာတဲ့ အတွေ့အကြုံတွေကို အခြေခံခိုင်မာအောင် လုပ်ဖို့ပဲ လိုပါတော့တယ်။"
လီဟုန်တို့ အလေးအနက် ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့၏ ပုံစံမှာ ထန်ထျန်း၏ အနိုင်ယူမှုကို အတော်လေး စိတ်ထိခိုက်သွားပုံရသည်။
သို့သော် ဤသို့ဖြစ်ခြင်းကလည်း ကောင်းပါသည်။ ယုံကြည်ချက်လွန်ကဲပြီး မိုက်မဲသောကိစ္စများ မလုပ်မိအောင် တားဆီးရာ ရောက်ပေသည်။
လတ်တလော ဂိုဏ်းအတွင်း အခြေအနေမှာ အေးချမ်းလှသည်မဟုတ်ပေ။
ခဏမျှ နားပြီးနောက် ထန်ထျန်းက လေးနက်စွာ ပြောလိုက်သည်။ "မင်းတို့ လေ့ကျင့်နေတဲ့ အချိန်အတွင်းမှာ ဂိုဏ်းထဲမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တယ်။
ငါကိုယ်တိုင်လည်း တချို့ကိစ္စတွေကြောင့် တခြားလူတွေရဲ့ စောင့်ကြည့်တာကို ခံနေရတယ်။
ရှေ့လျှောက် ရက်တွေမှာတော့ မင်းတို့ ခရမ်းရောင်ဝါးခြံဝင်းနဲ့ တာအိုဘုရားကျောင်း မှာပဲ နေကြပါ။
ဒီတစ်ခေါက် လေ့ကျင့်ရေးက ရလာတဲ့ အသိတွေကိုပဲ ပြန်ပြီး လေ့ကျင့်နေကြ။
အရမ်း အရေးမကြီးရင် အပြင်ကိစ္စတွေမှာ ဝင်မပါကြနဲ့ဦး။"
ထို့နောက် ထန်ထျန်းက လွန်ခဲ့သော လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။
နားထောင်ပြီးနောက် အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မှင်တက်သွားကြသည်။
လအနည်းငယ်အတွင်းမှာပင် ဂိုဏ်းအတွင်း၌ ဤမျှကြီးမားသော အပြောင်းအလဲများ ဖြစ်သွားလိမ့်မည်ဟု ၎င်းတို့ မထင်ထားခဲ့ပေ။
သခင်လေး နှစ်ဦးမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး နောက်ကွယ်က မိသားစုများပင် မလွတ်ခဲ့ပေ။
အစွမ်းထက်လှသော မိုရှောင်းရှောင်းပင်လျှင် အကွက်မှားသွားသဖြင့် အရှုံးပေးကာ ပျောက်ကွယ်သွားခဲ့ရသည်။
တကယ့်ကို ကြောက်စရာကောင်းသော မုန်တိုင်းကြီးပင်။
"အရင်ဆုံး ရက်အနည်းငယ်လောက် နားလိုက်ကြဦး။"
ထန်ထျန်းက ဆက်ပြောသည်။ "ပြိုင်ပွဲဖြစ်ဖို့ နောက်ထပ် ငါးလလောက် လိုသေးတယ်၊ အချိန်က လုံလောက်ပါသေးတယ်။
စိတ်ကို အရမ်း တင်းထားတာကလည်း မကောင်းဘူး၊ အလုပ်နဲ့ အနားယူမှုကို မျှတအောင် ထားတာက တစ်ခါတလေမှာ မထင်မှတ်ထားတဲ့ ရလဒ်တွေ ရတတ်တယ်။"
လီဟုန်တို့က ရိုသေစွာ နာခံကြသည်။
ထို့နောက် ၎င်းတို့အားလုံး အတူထိုင်ကာ ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသော စိတ်ဝင်စားဖွယ်ရာများကို ပြောဆိုရင်း ရယ်မောခဲ့ကြသဖြင့် ထန်ထျန်း၏ အနိုင်ယူမှုကို ခံခဲ့ရသော စိတ်ဒဏ်ရာများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
တစ်နေ့တာ ကုန်လွန်သွားပြီးနောက် ထန်ထျန်းက လီဟုန်နှင့် လန်ယွီညီအစ်မတို့ကို အနားယူရန် အခန်းထဲသို့ လွှတ်လိုက်ပြီး ကုရှောင်ရွှယ်းကိုမူ အိမ်မကြီးထဲသို့ ခေါ်လိုက်သည်။
အထဲသို့ ရောက်သောအခါ ထိုကောင်မလေးမှာ အလွန်စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ထန်ထျန်းကို သူမ၏ နေ့စဉ်ဖြစ်ရပ်ဆန်းများကို ပြောပြနေသေးသည်။
သို့သော် ပြောသင့်ပြောထိုက်သော ကိစ္စကိုတော့ ပြောရပေမည်။
"မင်းရဲ့ စီနီယာအစ်မနဲ့ အကြီးအကဲ ဟန်ဟိုင်တို့ ကျင့်ကြံရာကနေ ထွက်လာကြပြီ။"
ထန်ထျန်းက အေးဆေးစွာ ဆိုသည်။
ကုရှောင်းရွှယ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ "တကယ်လား
သူတို့ ကျွန်မကို လိုက်ရှာနေမှာပဲ၊ စိတ်မကောင်းလိုက်တာ ကျွန်မက အဲဒီအချိန်မှာ ကျင့်ကြံနေလို့။
ဟီးဟီး... ကျွန်မ အခု ဘယ်လောက်အထိ အစွမ်းထက်လာပြီလဲဆိုတာ သိရင် သူတို့ သေချာပေါက် ပျော်သွားမှာပဲ"
ပျော်ရွှင်နေသော ကုရှောင်းရွှယ်ကို ကြည့်ကာ ထန်ထျန်း စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ဤဖြူစင်လွန်းသော ကောင်မလေးက လူ့လောက၏ အမှောင်ထုမှာ ဘယ်လောက်အထိ နက်ရှိုင်းနိုင်သလဲဆိုတာကို မသိသေးပေ။
လျိုတန်းယွဲ့ ကို ထားပါဦး၊ သူမ အလေးစားဆုံး ဖြစ်သော အကြီးအကဲ ဟန်ဟိုင်ပင်လျှင် သူမကို တကယ် စိတ်ရင်းနှင့် ဂရုစိုက်ခဲ့ခြင်း မရှိပေ။
စကားလုံးများကို ခဏမျှ ရွေးချယ်ပြီးနောက် ထန်ထျန်းက အတည်ငြိမ်ဆုံး လေသံဖြင့် "ရှောင်းရွှယ်... အခု ငါပြောမယ့်စကားတွေက မင်း ထင်ထားတာနဲ့ အများကြီး ကွာခြားနေနိုင်တယ်။
မင်း... ကြိုပြီး စိတ်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။"
ထန်ထျန်း၏ လေသံမှာ တစ်ခုခု ထူးခြားနေသည်ကို ခံစားမိသဖြင့် ကုရှောင်းရွှယ်က သူမ၏ ပျော်ရွှင်မှုများကို ထိန်းချုပ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ဘာတွေ ဖြစ်လို့လဲ ဟင်"
ထန်ထျန်း သက်ပြင်းတစ်ချက်ချကာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အမှန်အတိုင်း ပြောပြလိုက်သည်။
"စည်းကမ်း ထိန်းသိမ်းရေးခန်းမရဲ့ စီရင်ချက်အရ လျိုတန်းယွဲ့ နဲ့ ကျုံးယန် တို့ နှစ်ယောက်လုံး ထောင်ကျသွားပြီ။
သူတို့ လုပ်ခဲ့တဲ့ အမှားတွေအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံယူနေကြရပြီ။" ဟု ထန်ထျန်းက ဆိုသည်။
နားထောင်ပြီးနောက် ကုရှောင်းရွှယ်က ခေါင်းငုံ့သွားတော့သည်။
သူမက သူမ၏ ဖြူလွလွ စကတ်စလေးကို ဆုပ်ကိုင်ရင်း တိုးတက်စွာ မေးလိုက်သည်။ "ဒါဆိုရင် စီနီယာအစ်မက ကျွန်မကို ဝိညာဉ်အသွင်ပြောင်းခြင်း ဆေးလုံး အကြောင်း ပြောပြခဲ့တာက အကြီးအကဲ နဲ့ ဝေးရာကို ကျွန်မကို မောင်းထုတ်ချင်လို့ပဲလား"
ထန်ထျန်းက "အင်း" ဟု ဆိုလိုက်သည်။
ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် တိတ်ဆိတ်မှု တစ်ခု ခဏ ဖြစ်ပေါ်သွားသည်။
"တကယ်တော့ သူ ကျွန်မကို အမှန်အတိုင်း ပြောပြလို့ ရတာပဲ..."
ကုရှောင်းရွှယ်က ရုတ်တရက် ပြောလိုက်သည်။
သို့သော် သူမ၏ အသံမှာ ခြင်သံလောက်သာ ရှိသဖြင့် ထန်ထျန်း မကြားလိုက်ပေ။
"ဘာပြောလိုက်တာလဲ"
ထန်ထျန်းက မေးသည်။
ကုရှောင်းရွှယ်က ခေါင်းခါပြကာ "အမှောင်ထောင် ဆိုတာ ဘယ်လို နေရာမျိုးလဲ" ဟု မေးလာသည်။
ထန်ထျန်းက "အဲဒါက ဝိညာဉ်စွမ်းအင် မရှိတဲ့၊ နေ့နဲ့ည မခွဲခြားနိုင်တဲ့ အမှောင်ထောင်ကြီးပဲ။
ဂိုဏ်းရဲ့ စည်းကမ်းဖောက်ဖျက်တဲ့ တပည့်တော်တော်များများ အဲဒီမှာ ပိတ်လှောင်ခံရတတ်တယ်။
မင်း... အဆင်ပြေရဲ့ လား" ဟု သူမ၏ အခြေအနေကို စိုးရိမ်စွာ မေးလိုက်သည်။
သို့သော် ယခု ပုံစံအရကြည့်လျှင် ရှောင်းရွှယ်က သူ ထင်ထားသည်ထက် ပို၍ စိတ်ဓာတ်ခိုင်မာပုံရသည်။
"ကျွန်မ ဘာမှမဖြစ်ပါဘူး။"
ကုရှောင်းရွှယ်က ခေါင်းမော့လာသည်။ "ရလဒ်က ထင်သလောက် မဆိုးပါဘူး မဟုတ်လား
အကယ်၍ စီနီယာအစ်မသာ လမ်းညွှန်ပေးခဲ့မှာ မဟုတ်ရင် ကျွန်မ ရှင်နဲ့ ဘယ်မှာ ဆုံပါ့မလဲ
ရှင်နဲ့ မဆုံခဲ့ရင် ကျွန်မ အခုလို အဆင့်မျိုးအထိ ဘယ်တိုးတက်လာပါ့မလဲ။ ဖြစ်နိုင်တာက ကျွန်မက အိမ် ထဲမှာပဲ ထိုင်နေရင်း ပျံသန်းနေတဲ့ ငှက်ကလေးတွေကို ကြည့်နေမယ့်၊ လေထဲမှာ လှုပ်ခတ်နေတဲ့ သစ်ရွက်လေးတွေကိုပဲ ငေးကြည့်နေမယ့်သူ ဖြစ်နေဦးမှာပဲ။"
"ကျွန်မက ကံကောင်းတဲ့သူပါ။
ဒါကြောင့် ကျွန်မ သူ့ကို မမုန်းပါဘူး၊ ကျွန်မ သူ့ကို သနားရုံလေးပါပဲ။
တစ်ချိန်က သူက အကြီးအကဲရဲ့ အချစ်ဆုံး တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲလေ။"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။ "ဒါက မင်းရဲ့ အမှား မဟုတ်ဘူးနော်။"
ကုရှောင်းရွှယ်က ပြုံးပြလိုက်သည်။ "ကျွန်မရဲ့ အမှားလို့ မထင်ပါဘူး၊ ကျွန်မက အဲလောက်အထိ မအပါဘူး။
ဒါပေမဲ့... သူ့ရဲ့ ခံစားချက်ကို ကျွန်မ နည်းနည်းတော့ နားလည်ပေးနိုင်တယ်။
အဲဒီ ခံစားချက်က တကယ်ကို နေရခက်တဲ့ ခံစားချက်မျိုးပဲ။"
ထန်ထျန်း တိတ်ဆိတ်သွားမိသည်။
ကုရှောင်းရွှယ်က မအပေ၊ သူမက အရာရာကို သူ့အပြစ်ဟု ထင်မှတ်ကာ ဘေးကလူများကို စိတ်တိုအောင် လုပ်မည့်သူမျိုးလည်း မဟုတ်ပေ။
သို့သော် သူမက အရာရာကို တစ်ဖက်လူ၏ ရှုထောင့်မှနေ၍ စဉ်းစားပေးတတ်သည်။
အစပိုင်းတွင် ထန်ထျန်းက ဤသည်ကို စိတ်ထားကောင်းခြင်းဟု ထင်ခဲ့သော်လည်း ပိုမို ရင်းနှီးလာသောအခါ ထိုသို့ မဟုတ်မှန်း သိလိုက်ရသည်။
၎င်းမှာ ပါရမီတစ်ခုကဲ့သို့ပင်။
သူမက တခြားလူများ၏ စိတ်ခံစားချက်ကို တကယ်ပဲ ခံစားသိရှိနိုင်ပုံရသည်။
ထန်ထျန်းက အတွေးများကို ဖျောက်ပစ်လိုက်ပြီး မေးလိုက်သည်။ "ဒါဆိုရင် မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
ကုရှောင်းရွှယ်က စဉ်းစားပြီး "ကျွန်မ သူတို့ဆီ ခဏ ပြန်သွားကြည့်လိုက်ဦးမယ်။
အကြီးအကဲ က တံခါးပိတ် ကျင့်ကြံခြင်း ထဲ မဝင်ခင် ကျွန်မကို ကောင်းကောင်းကျင့်ကြံဖို့ မှာခဲ့တာဆိုတော့ ကျွန်မ ပြန်ပြီး သတင်းပို့ရမှာပေါ့။
အခွင့်အရေး ရရင် စီနီယာအစ်မဆီကိုလည်း သွားကြည့်ချင်သေးတယ်၊ အဝေးကနေ ကြည့်ရုံပဲ ဖြစ်ဖြစ်ပေါ့။
ပြီးရင်တော့ ကျွန်မ ရှင့်ဆီ ပြန်လာခဲ့ပါ့မယ်။
ရှင် ဝူဒင်နန်းတော်ဆီ အောင်အောင်မြင်မြင် ရောက်ဖို့အတွက် ကျွန်မ ကြိုးစားပေးရဦးမှာလေ။" ဟု ဆိုကာ သူမက ရယ်မောလိုက်သည်။
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။
တစ်ခုခု ဖြစ်ရင်တော့ ငါ့ကို ချက်ချင်း ဆက်သွယ်ဖို့ မမေ့နဲ့နော်။"