နာ့ရှင်းရီ၏ သဘောထား
Vol. 23 Ch. 320
နာ့ရှင်းရီသည် ဟိုးအစ ကတည်းက အရာရာကို ဆုံးရှုံးခဲ့ရသည်။ သူမက ဂိုဏ်းထဲတွင်ပင် အရေးပါသော ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ခဲ့။ ဆွဲဆောင်မှု မရှိ၊ အထင်ကြီးစရာ မရှိ... ဘာဆို ဘာမှ မရှိသည့် အပြင်စည်း တပည့် တစ်ယောက်မျှသာ ဖြစ်သည်။
ထို့နောက် သူမ အဖမ်းခံခဲ့ရသည်။ ဝေ့ဝူယင်ထံတွင် အပျိုစင် ဘဝကို အပ်နှင်းခဲ့ရသည်။ များစွာသော အန္တရာယ်များကို ရင်ဆိုင် ဖြတ်ကျော်ခဲ့ရသည်။ အသက်ဘေးနှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။
သို့သော် သူမ မည်သည်ကို ပိုင်ဆိုင်ခဲ့ရသနည်း။ ခြောက်သွေ့ အက်ကွဲနေသည့် အသားအရေနှင့် ယိုယွင်း ပျက်စီးနေသည့် ကျင့်ကြံခြင်း အခြေခံတို့မှ လွဲ၍...။
လင်းကျိရန်မှာ တိတ်ဆိတ်နေ၏။ ကြည့်ရသည်က ဝေ့ဝူယင်မှာ နာ့ရှင်းရီကို သူမထက်ပင် ပို၍ နားလည်နေဟန် ရသည်။ သူမ၏ နားထဲတွင် နာ့ရှင်းရီ ပြောခဲ့သည့် စကားများက ပဲ့တင်ထပ်ကာ ပြန်လည် ကြားယောင်လာခဲ့လေ၏။
...
“ကျိရန်... ငါမှားလား... ပိုပြီး လိုချင်မိတာ ငါ မှားလား... လုံချန်ကို စတွေ့တဲ့ အချိန်တည်းက သူ့မှာ အရည်အချင်းကောင်းတွေ ရှိတယ် ဆိုတာ ငါ အကဲခတ်မိခဲ့တယ်... အနာဂတ်မှာ သူက ကြီးကျယ် ခမ်းနားတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်... ဒါပေမဲ့ အဲဒါက သူလေ ငါမှ မဟုတ်တာ... လျဲ့ယုတို့ ဝူပိုင်ကျိုးတို့နဲ့ ယှဥ်ရင်တောင် ငါ့မှာ အခွင့်အရေး နည်းနည်းပဲ ရှိတယ်”
“လျဲ့ယုက လုံချန်အပေါ် နှလုံးသား တစ်ခုလုံး မြှုပ်နှံပြီး သစ္စာရှိတယ်... သူ့အတွက် အားလုံး ပေးနိုင်တယ်... ဝူပိင်ကျိုးက ဉာဏ်ကောင်းတယ်... သူ့ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ အပြင် စီမံခန့်ခွဲရေး ကိစ္စတွေမှာပါ ကူညီနိုင်တယ်... ငါ့လို လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူတို့နဲ့ ယှဥ်နိုင်မှာလဲ... ငါ သူ့ကို ပေးနိုင်တာ ဆိုလို့ ငါ့ခန္ဓာ၊ ငါ့ ယင်... အဲဒါပဲ... ဒါပေမဲ့ ငါ အဲဒါကို တွေးမိတဲ့ အခါတိုင်း...”
“ကျိရန်... သူ အခြားလူတစ်ယောက်ရဲ့ အသုံးချခံ ပစ္စည်းတစ်ခု မဖြစ်ချင်ဘူး... တစ်ခါတုန်းက ငါ အဲဒီလို ကြုံခဲ့ဖူးတယ်... လိုချင်တာကို ယူပြီးပြီးချင်း စွန့်ပစ်ခဲ့တဲ့ သူ့ကို ငါ သတ်ချင်ခဲ့တယ်... အဲဒီနောက် သူ ငါ့ကမ္ဘာကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီလို့ ငါ ခံစားခဲ့ရတယ်... ဒါပေမဲ့ ငါ သူနဲ့ နောက်တစ်ကြိမ် ပြန်ဆုံခဲ့တယ်... သူက ငါ့ကို လက်ခံမယ်လို့ ပြောခဲ့တယ်... ငါ အဲဒါကို လုံးဝ မျှော်လင့် မထားခဲ့ဘူး... ဒါပေမဲ့ ငါ ခံစားခဲ့ရတဲ့ အရာတွေ...”
"ငါသိပါတယ်... လုံချန်က ငါ့ရဲ့ ခံစားချက်၊ ငါ့ရဲ့ တွန့်ဆုတ်မှုတွေကို သိနေလိမ့်မယ် ဆိုတာ... သူက ဘာမှတော့ မပြောဘူး... ဒါပေမဲ့ ငါ့ကို အခြားလူတွေနဲ့ မတူတဲ့ ပုံစံနဲ့ ဆက်ဆံတယ်... အဲဒါကိုလည်း ငါသိတယ်... ငါမှားနေလား ကျိရန်... ငါ အတွေးလွန်နေတာလား”
"ကံဆိုးတာတွေက ငါတို့ ဘဝမှာ တစ်ခုပြီး တစ်ခုပဲ... ဘယ်နေရာကို သွားသွား အခြားလူတွေရဲ့ ဆန္ဒတွေ၊ မနာလိုမှုတွေကိုပဲ ငါတို့ ရခဲ့တယ်... အားလုံးက ငါတို့ အားနည်းလွန်းတာကြောင့်... ငါတို့မှာ နောက်ခံ မရှိဘူး၊ စွမ်းအား မရှိဘူး... နောက်ပြီး ရင်းမြစ်လည်း မရှိဘူး”
“ရတနာလေး တစ်ခု အတွက် ငါတို့တွေ အသက်တွေကို စတေးပြီး အသေခံ တိုက်ခိုက်နေတဲ့ အချိန်မှာ သူကတော့... သူက”
“သူက ငါတို့ အိပ်မက်တောင် မမက်ရဲတဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားတယ်... လူတွေက သူ့ကို ကြောက်ရွံ့ကြတယ်... ကိုးကွယ်ကြတယ်... သူ လုပ်သမျှ လုပ်ရပ်တိုင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ လေးစားမှုကို ရရှိနိုင်တယ်”
“ဒီကို စရောက်တဲ့ နှစ်တွေတုန်းက သူ့ဇနီးမယား လုပ်ချင်တဲ့ အကြောင်း ငါ နင်တို့ အားလုံးကို ပြောပြခဲ့တယ်... ဒါပေမဲ့ နင်တို့ အကုန်လုံးက အဲဒါကို ရူးနှမ်းတဲ့ ဆုံးဖြတ်ချက်တဲ့... လုံချန်ဘေးမှာ နေတာကပဲ အမှန်ကန်ဆုံး တဲ့... ဒါပေမဲ့ အဆုံးမှာ ဘာဖြစ်သွားခဲ့လဲ... နင်ရော ငါရော...”
"ငါ သူ့နာမည်ကို သုံးပြီး ချင်ချူးမူရဲ့ အသက်ကို ကယ်ခဲ့တယ်... အဲဒီအချိန်မှာ လုံချန်က ဘာလုပ်နိုင်ခဲ့လဲ... အဲဒီနေ့တုန်းက လုံချန်တစ်ခုခု လုပ်ပြဖို့ ငါ မျှော်လင့်ခဲ့သေးတယ်...စောင့်ခဲ့သေးတယ်... ဒါပေမဲ့ ချင်ချူးမူရဲ့ လည်ပင်းပေါ် ဓားရောက်တဲ့ အထိ”
“ကျိရန်... အဲဒီ အခိုက်အတန့်မှာ ငါဘာကို လိုချင်တယ် ဆိုတာ ငါ သဘောပေါက် သွားခဲ့တယ်... ငါ သူ့ရဲ့ မိန်းမ ဖြစ်ချင်တယ်... နာ့ရှင်းရီ ဆိုတဲ့ နာမည်ကို ကောင်းကင်ရဲ့ မြေကြီး အားလုံးဆီ လေးစားသမှုနဲ့ ပျံ့နှံ့စေချင်တယ်”
“ငါ ရူးနေတာ ဖြစ်ချင်ဖြစ်လိမ့်မယ်... ကျိရန်... မှန်တယ်... ငါလုံချန်တဲ့ အတူ မအိပ်ချင်ခဲ့ဘူး... ငါ့ရဲ့ နောက်ဆုံး မျှော်လင့်ချက် အတွက်... ငါ...”
...
နာ့ရှင်းရီ ဝေ့ဝူယင်ကို မုန်းတီးခဲ့ဖူးကြောင်း လင်းကျိရန် သိပေသည်။ သို့သော်လည်း ယခုအချိန်တွင် သူမ အိပ်မက်မက်ခဲ့ရသော အရာများကို ထိုလူငယ်က ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်။ နာ့ရှင်းရီ ဝေ့ဝူယင်ကို မချစ်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း သူမနှလုံးသားထဲတွင် သူ့အတွက် ခံစားချက် တစ်ခုခု ရှိနေသည်ကတော့ အသေအချာပင် ဖြစ်သည်။
သူက သူမ၏ ခန္ဓာကိုယ်ကို ပထမဆုံး ယူခဲ့သည်။ သူမ အသက်ကို ကယ်တင်ပေးခဲ့ဖူးသည်။ ကောင်းကင်နှင့် မြေကြီးကို အတူ ရင်ဆိုင်ကာ သူမအတွက် အကောင်းဆုံး အရာများ ဆောင်ကျဥ်းပေးမည် ဖြစ်ကြောင်း ကတိပေးခဲ့ဖူးသည်။
“အကယ်၍” ဆိုပြီး တွေးကြည့်ရန်က သိပ်မခက်ခဲလှချေ။ ကျင့်ကြံခြင်း လောကတွင် စီစဥ်ထားသော လက်ထပ်ပွဲများမှာ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ ရှိသည်။ မူလက မချစ်ကြလျှင်ပင် အချိန်ကာလ တစ်ခုအထိ အတူဖြတ်သန်းကြပြီးနောက် ခံစားချက်နှင့် သံယောဇဥ်များ ဖြစ်ပေါ်လာတတ်ကြသည်ကလည်း သဘာဝ ဖြစ်သည်။
“ငါနဲ့ စတွေ့တုန်းက နင့် အသက် ဘယ်လောက်လဲ”
ရုတ်တရက် လင်းကျိရန်က ကောက်ခါငင်ကာ မေးလိုက်၏။ ဝေ့ဝူယင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သော်လည်း ပြန်ဖြေလိုက်သည်။
“နှစ်ဆယ့်ငါးနှစ်လောက် ဖြစ်မယ်”
" ... “
လင်းကျိရန်မှာ အချိန် အတန်ကြာ တိတ်ဆိတ်သွား၏။ တိတ်ဆိတ်သော တွက်ချက်မှု တစ်ခုကမူ ထိုနေ့မှ စ၍ ရေတွက်ပါက နှစ်ပေါင်းနှစ်ဆယ့် နှစ်နှစ်တိုင် သွားပြီ ဖြစ်ပြောင်း ပြောပြနေသည်။ သူမ၏ လက်ချောင်းများ အနည်းငယ် တုန်ရီနေချိန်၌ ဝေ့ဝူယင်ကမူ နှလုံးခုန်သံ ခပ်စိတ်စိတ်ကို ကြားလိုက်ရသည်။
“နင် ဘယ်တုန်းတည်းက ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အောင်မြင်ပြီး ဒုတိယမြောက် ချီနှလုံးသားကို မွေးဖွားနိုင်ခဲ့တာလဲ...”
သူမ၏ အသံက အနည်းငယ် တုန်ရီကာ မတည်မငြိမ် ဖြစ်နေ၏။ ထိုအရာက အတော်လေး ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသော်လည်း ဝေ့ဝူယင် အမှန်အတိုင်း ပြန်ဖြေရန်သာ ဆုံးဖြတ်လိုက်သည်။
“ခြောက်လလောက်ပေါ့...”
သူ မညာချေ။ လင်းကျိရန်နှင့် တွေ့ဆုံးပြီး ခြောက်လ အကြာ၌ သူ မြက်ခင်းစိမ်း လွင်ပြင်ကို သွားကာ အနက်ရောင် အရိုးစုနှင့် တွေ့ဆုံခဲ့ရသည်။ ၎င်း၏ အကူအညီနှင့် အတူ မူလ ဝိညာဥ်ကို ဆက်သွယ်နိုင်ခဲ့သည်။ ကောင်းကင်ချီ နည်းလမ်း၏ အခက်ခဲဆုံး အပိုင်းမှာ ဝိညာဥ်ကို ခွဲထုတ်ကာ ရင့်ကျက်အောင် ပျိုးထောင်ရသည့် အပိုင်း ဖြစ်သည်။
သို့သော်လည်း သူကတော့ မတူကွဲပြားသည့် နည်းလမ်း တစ်ခုနှင့် အတူ မူလဝိညာဥ်ထံမှ ပြီးပြည့်စုံသော ဝိညာဥ်များကို ခွဲထုတ်နိုင်ခဲ့သည်။ ထိုနည်းဖြင့် သူ ဝိညာဥ်လေးခု တိုင်တိုင် ပျိုးထောင်နိုင်ခဲ့သည်။
လင်းကျိရန်မှာ လက်သီများကို တင်းတင်း ဆုပ်လိုက်၏။ သူမက ခေါင်းကို ငုံ့ထားလေရာ အမူအရာကိုတော့ မမြင်တွေ့ရချေ။
ရှပ်... ရှပ်... ရှပ်...
သူမက ရှေ့သို့ ဖြည်းညင်းစွာ တိုးလာ၏။ ဝေ့ဝူယင်မှာ လင်းကျိရန် ဘာလိုချင်သည်ကို တွေးရင်း စိတ်ဝင်စား သွားသည်။
သူမ သူ့အရှေ့ လက်တစ်ကမ်း အကွာရောက်ဖို့ အချိန် သိပ်မယူလိုက်ရချေ။ သူတို့ နှစ်ယောက်မှာ တစ်ယောက် ကိုယ်သင်းရနံ့ကို တစ်ယောက် ခပ်သင်းသင်း ခံစားလိုက်မိကြသည်။
“နင် ဘာလိုချင်...”
ဝေ့ဝူယင် စကားပြောရန် ကြိုးစားလိုက်ချိန်၌ လင်းကျိရန်က ခေါင်းအား မော့ရင်း သူ၏ ငွေရောင် မျက်လုံးများကို ကြည့်လိုက်၏။ သူမ၏ အပြာရောင် သမုဒ္ဒရာ မျက်ဝန်းများက အဖြေထုတ်၍ မရနိုင်သည့် ပုစ္ဆာ တစ်ပုဒ်လိုပင်။
ထို့နောက်တွင် ဝေ့ဝူယင်မှာ နှုတ်ခမ်းဆီမှ လာသည့် နူးညံ့ စိုဆွတ်သော အထိအတွေ့ကို ခံစားလိုက်ရလေတော့၏။
...
ဝေ့ဝူယင် ထိုကဲ့သို့သော ခံစားချက်မျိုးနှင့် ရင်းနှီးပေသည်။ သို့သော်လည်း အရသာနှင့် ရနံ့တို့မှာမူ သူ ကြုံတွေ့ခဲ့ဖူးသမျှနှင့် ကွာခြားလှ၏။ မှိတ်ထားသည့် သူမ၏ မျက်လုံးလေးများကို ငေးရင်း ဝေ့ဝူယင် အနည်းငယ် ဆွံ့အ နေခဲ့မိ၏။
လင်းကျိရန် ထိုမျှ ရဲတင်းလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ချေ။ ကောင်းကင်ချီ နှလုံးသား နည်းလမ်းက လုံချန်ကို သစ္စာဖောက်စေလောက်သည် အထိ သူမအတွက် အရေးကြီးသည်လား။ မည်သို့ပင် ဆိုစေ... သူမက လိုလိုလားလား ပေးသည် ဆိုမှတော့။
ဝေ့ဝူယင်၏ လက်များက ဖြည်းညင်းစွာ လှုပ်ရှားလာကာ သူမ၏ သွေးသိမ်သော ခါးကလေးကို ကိုင်လိုက်၏။ ထို့နောက် ခပ်ကြမ်းကြမ်းပင် သူနှင့် နီးအောင် ဆွဲယူလိုက်သည်။ သူတို့ နှစ်ယောက် အကြား၌ သိမ်မွေ့သော အနမ်းက ခဏအတွင်းမှာပင် လျှာတိုက်ပွဲ ဆင်နွှဲသည် အထိ ပိုမို ပြင်းထန်လာခဲ့၏။ အံ့အားသင့်စွာပင် သူမက မငြင်းချေ။ သူတို့နှစ်ယောက် တစ်ယောက် အရသာကို တစ်ယောက် ခံစားနေကြချိန်တွင်...
ချွင်...
ဂီတသံကဲ့သို့ သာယာချိုမြိန်သော အသံတစ်ခု ဝေ့ဝူယင်၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက နားမလည်စွာဖြင့် ပွင့်ဟလာသည်။ မည်သည့် အသံဖြစ်ကြောင်း သေချာ နားမလည်နိုင်ခင်မှာပင် လောကကြီး စတင် ပြောင်းလဲကာ သူကိုယ်တိုင် အသွင်ပြောင်းသွားသလို ခံစားလိုက်ရတော့၏။
ဝေ့ဝူယင်၏ ပတ်ဝန်းကျင်နှင့် တည်ရှိမှု တစ်ခုလုံးမှာ လုံးဝ ပြောင်းလဲသွားပုံ ပေါ်၏။ သူ့စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးက ထိုခံစားချက်နှင့် လုံးဝ ရင်းနှီးနေသည် ဆိုခြင်းပင်။ ဝေ့ဝူယင် ပတ်ဝန်းကျင်ကို လေ့လော ကြည့်လိုက်ရာ လင်းကျိရန်မှာ သူ့နံဘေး၌ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။
***