လင်းကျိရန်၏ လျှို့ဝှက်ချက်
Vol. 23 Ch. 321
ဝေ့ဝူယင် ကမ္ဘာ လေးခုကို တွေ့လိုက်ရ၏။ ထိုကမ္ဘာများထဲမှ တစ်ခုမှာ လွှမ်းမိုးချုပ်ကိုင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အဆုံးမရှိ ထက်ရှမှုတို့ဖြင့် ပြည့်နှက်နေကာ ၎င်း၏ ဖြစ်တည်မှုနှင့် ကိုက်ညီသော စည်းမျဉ်းများ၊ ဥပဒေများနှင့် ဖန်တီးထားသည်။ ထိုကမ္ဘာရှိ အရာအားလုံးမှာ တိကျသေချာကာ မူမမှန်မှု တစ်ခုတစ်လေမျှ မရှိ။ လုံဝ ပြီးပြည့်စုံသည်။
“ဘုရင်...”
အခြား ကမ္ဘာတစ်ခုမှာမူ ဒြပ်စင်ကိုးခုဖြင့် ပြည့်နှက်နေ၏။ အဖြူရောင် နေမင်း တစ်ခုမှာမူ ကိုးသွယ်သော ဒြပ်စင် မူလအလင်းများကို ထုတ်လွှတ်ကာ ကောင်းကင်တွင် ထွန်းလင်းနေသည်။ ထိုနေမင်းသည် ဖန်ဆင်းရှင် ဘုရားသခင် တစ်ပါး အလား အောက်ကမ္ဘာရှိ ဒြပ်စင်များကို အုပ်မိုး ကြည့်နေကာ အဆုံးမဲ့သော တည်ငြိမ် ခမ်းနားမှုကို သယ်ဆောင်ထားသည်။
“ခရာတို...”
ခပ်လှမ်းလှမ်းတွင် ဝေ့ဝူယင် အခြား ကမ္ဘာနှစ်ခုကိုလည်း တွေ့မြင်ရ၏။ တိကျ သေချာစွာပင် ၎င်းတို့မှာ ခရာတိုနှင့် ဧဒင်တို့ပင် ဖြစ်သည်။
ကောင်းကင်အုပ်စိုးသူ အဆင့် ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော် အပြီး မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို တက်လှမ်းစဥ် အခါက သူ ထိုကဲ့သို့ မြင်ကွင်မျိုးကို မြင်ခဲ့ဖူးသည်။ ထိုစဥ်က သူ၏ ဝိညာဥ်မှာ လေးပိုင်း ပိုင်းကာ ကြယ်တာရာ ဝိညာဥ်များ၏ အမတေများထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုကမ္ဘာများမှာ သူတို့၏ တာအိုကို ကိုယ်စားပြုကာ သူတို့၏ တည်ရှိမှု အခြေခံ အမှန်တရားများကို ဖော်ကျူးထားသည်။
ဝေ့ဝူယင် အဘယ်ကြောင့် ဆင့်ခေါ်ခံလိုက်ရသည်ကို နားမလည်နိုင်ချေ။ ထို့အပြင့် သူနှင့် အနီးကပ်ဆုံး ဖြစ်နေသည့် အိုရီနှင့် ဘုရင်တို့မှာ သူ ရောက်ရှိလာသည်ကိုပင် သတိထားမိဟန် မရကြချေ။ ဘုရင် တစ်ယောက် သူ့ကမ္ဘာတွင် နတ်ဘုရား တစ်ပါး ကဲ့သို့ အဆုံးမဲ့ အလင်းများကို ထုတ်လွှတ်နေချိန်တွင် အိုရီမှာမူ သူ့ပိုင်နက် အတွင်း ဝေ့ဝူယင်အား ဝင်ခွင့် မပြုလိုပုံ ရသည်။
ချွင်...
သိပ်မကြာခင်မှာပင် သာယာချိုမြိန်သော အသံကို ဝေ့ဝူယင် နောက်တစ်ကြိမ် ပြန်လည် ကြားလိုက်ရပြန်၏။ ဝေ့ဝူယင် ထိုအရပ်မျက်နှာကို လှည့်ကြည့်လိုက်ရာ လပြည့်ဝန်း တစ်ခုကဲ့သို့ ငွေရည်သွန်းကာ လင်းလက်နေသည့် အလင်းအား တွေ့လိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ဘုရင်နှင့် အိုရီတို့အား ဆက်သွယ်လိုက်၏။
“အဖေ...”
အိုရီက ကျယ်လောင်စွာ အော်ဟစ်လိုက်လေရာ နေမင်းမှ အဖြူရောင် အလင်းတန်းများမှာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းတို့က အလွန်တရာ တောက်ပလွန်းလှလေရာ ဝေ့ဝူယင်ပင်လျှင် မျက်စိကန်း မတတ် ဖြစ်သွားခဲ့သည်။
ရုတ်တရက် ဤသည်မှာ သူ၏ ဒုတိယ စိတ်သာ ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်သွား၏။ သူ၏ ပထမစိတ်မှာမူ အပြင်ကမ္ဘာတွင်သာ ရှိနေဆဲ ဖြစ်ဟန် တူသည်။ ပုံမှန်အားဖြင့် ဆိုလျှင် စိတ်နှစ်ခုမှာ အမှတ်တရများကို အချိန်တိုင်း မျှဝေလေ့ ရှိသော်လည်း ယခုတွင်မူ ၎င်းက အနည်းငယ် ကင်းလွတ်သွားခဲ့ပုံ ရသည်။
"ဘာတွေဖြစ်နေတာလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။
"ကျွန်တော်လည်း မသိဘူး... အဖေက အိပ်နေတာ... အိပ်နေတာ”
အိုရီက ပြောသည်။ သို့သော်လည်း သူ့အသံထဲမှ မရေရာ မသေချာမှုကတော့ ရှင်းလင်းစွာပင်။ ဝေ့ဝူယင် ဘာမှ ထပ်မမေးတော့ပဲ အဝေးရှိ လဝန်း ကဲ့သို့ အရာကိုသာ လှမ်းကြည့်လိုက်၏။ ၎င်းဆီသို့ ပျံသန်းရန် ဟန်ပြင်လိုက်စဥ်မှာပင် သူ၏ ခန္ဓာကိုယ်က အနည်းငယ် လေးလံလာ၏။ ထို့နောက် တဒင်္ဂအတွင်းမှာပင် သူ အိပ်ပျော်သွားတော့သည်။
ပြန်လည် နိုးထလာချိန်၌ ဝေ့ဝူယင်မှာ မူလ နေရာသို့ ပြန်လည် ရောက်ရှိနေသည်ကို တွေလိုက်ရသည်။ သူ လင်းကျိရန်ကို လက်မောင်းများဖြင့် တင်းကြပ်စွာ ဖက်ထားဆဲ ဖြစ်၏။ သူမ၏ ချောမွေ့ ကြည်လင်သော အရေပြားထက်တွင်မူ အလင်းရောင် ခပ်ဖျော့ဖျော့ စီးဆင်းနေသည်ကို သူ တွေ့ရသည်။ ထိုအလင်းရောင်က စောနက သူ တွေ့ခဲ့ရသည့် လဝန်းထံမှ အလင်းနှင့် အတော်လေး ဆင်တူလှသည်။ ဝေ့ဝူယင် လင်းကျိရန်ကို တွန်းလိုက်ရင်း နှုတ်ခမ်းများကို ခွာလိုက်၏။ ချက်ချင်းပင် သူမထံမှ အလင်းရောင်မှာ မှိန်ဖျော့ကာ ပျောက်ကွယ်သွားသည်။
လင်းကျိရန်က မျက်တောင်ရှည်များကို တဖျပ်ဖျပ် ခတ်လိုက်ရင်း သူမ၏ လှပသော အပြာရောင် မျက်ဝန်းများကို ထုတ်ဖော်ပြသလိုက်၏။ သို့သော်လည်း ထိုမျက်လုံးများထဲ၌ အလွန်အမင်း အံ့အားသင့်ခြင်းလှိုင်းများ ရှိနေခဲ့ချေသည်။
“နင်... နင်...”
သူမက အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်၏။ ဝေ့ဝူယင်မှာ နှေးကွေး လေးဖင့်သူ တစ်ယောက် မဟုတ်ချေ။ ချက်ချင်းပင် စောနက အလင်းမှာ သူမ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း သူ သိရှိ လိုက်သည်။ သူမက တစ်နည်းနည်းဖြင့် ကြယ်တာရာ အမြုတေ လေးခုနေထိုင်နေသည့် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် အတွင်း ဝင်ရောက်ခဲ့သည်။
သတ်ဖြတ်လိုသည့် အရိပ်အငွေ့များမှာ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများတွင် ဖြစ်ပေါ်လာ၏။ လင်းကျိရန်မှာ ထိုအရာကို ခံစားမိရာာ ခြေဖျားလက်ဖျားများပင် အေးစက်သွာခဲ့သည်။ ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်ချိန်၌ မျက်ရည်များမှာ သူမ မျက်ဝန်းမှ စီးကျလာခဲ့၏။
ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် နူးညံ့ကာ တည်ငြိမ်သွားသည်။ အလိုအလျောက်ပင် သတ်ဖြတ်လိုသည့် ဆန္ဒမှာလည်း ပျောက်ကွယ်သွားခဲ့တော့၏။
“ဘာတွေ ဖြစ်သွားတာလဲဆိုတာ ရှင်းပြစမ်း...”
သူက အမိန့်ပေးလိုက်၏။ အဖြစ်အပျက် တစ်ခုလုံးမှာ အလွန် ထူးခြားလွန်းလှသည်။ ရှင်းလင်းစွာပင် သူမမှာ ရည်ရွယ်ချက် တစ်ခုအတွက် သူ့အား နမ်းခဲ့ခြင်း ဖြစ်သည်။
“ ... “
လင်းကျိရန်မှာ အချိန် အတန်ကြာအောင် တိတ်ဆိတ် ငြိမ်သက်နေ၏။ သို့သော်လည်း သူမမှာ နောက်ဆုတ်ခြင်း မပြုပဲ ဝေ့ဝူယင်၏ ရင်ခွင်အတွင်း ဆက်လက် တွယ်ကပ်နေဆဲ ဖြစ်သည်။ သူမက ရှေ့သို့ပင် ပို၍ တိုးကာ ရင်ဘတ်ချင်း ထိကပ်လျှက် ဝေ့ဝူယင်၏ ခပ်ပြင်းပြင်း နှလုံးခုန်သံကို နားဆင်နေဟန် ရသည်။ ရလဒ် တစ်ခု အနေဖြင့် သူမမှာ ပို၍ တည်ငြိမ်လာဟန် ရ၏။
"နင့်မှာ ကြယ်တာရာ ဝိညာဥ် လေးခုတောင် ရှိတယ်”
သူမက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဝေ့ဝူယင်မှာ သူ ခန့်မှန်းထားတာ မှန်ကန်နေကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူ နားမလည်သည့် အချက်က... မည်ကဲ့သို့ စွမ်းအားမျိုးကို သူမ အသုံးပြုခဲ့သနည်း။ ယခုအချိန်တွင် သူမက သာမန် ကျင့်ကြံသူ တစ်ယောက်ပင် မဟုတ်ချေ။
လင်းကျိရန်မှာ ထိုမေးခွန်းကို နှလုံးခုန်သံမှ တစ်ဆင့် ကြားလိုက်ရပုံ ပေါ်၏။
“ကောင်းကင်ချီ နှလုံးသား နည်းလမ်းက ငါ့မျိုးနွယ်က ဆင်းသက်လာတဲ့ အမွေတစ်ခုပဲ... သုံးလွှာ ကြယ်တာရာ နယ်မြေကို ကျော်လွန်တဲ့ ငါတို့ရဲ့ သွေးမျိုးဆက်တွေနဲ့ ဆက်နွယ်နေတဲ့ အမွေအနှစ် နည်းလမ်း တစ်ခုပေါ့... သူ့ရဲ့ နာမည် အမှန်က ကမ္ဘာပွား ချီနည်းလမ်းတဲ့”
သူမက ညင်သာစွာ ဆိုလိုက်၏။ တစ်ချိန်တည်း၌ သူမ၏ လက်များက လှုပ်ရှားလာကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ပိုမို တင်းကြပ်စွာ ဖက်ထားလိုက်သည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ရှည်စွာပင် ဆက်လက် နားထောင်နေလိုက်သည်။ တစ်ခဏမျှ နားပြီးနောက် လင်းကျိရန်က စကားဆက်လိုက်၏။
“ပုံမှန်ဆိုရင် ငါတို့ရဲ့ သွေးမျိုးဆက် စွမ်းအား မရှိပဲ ကမ္ဘာပွား ချီနည်းလမ်းကို ကျင့်ကြံလို့ မရဘူး... ဒါပေမဲ့ အထွတ်အမြတ် အယ်ဗန် ဧကရီက ငါတို့မျိုးနွယ်ရဲ့ အမွေအနှစ်ကို တွေ့ရှိသွားခဲ့တယ်... ငါတို့ရဲ့ သွေးမျိုးဆက်ကို သူ လေ့လာခဲ့တယ်... နောက် ငါတို့ ဘယ်လို စိတ်နဲ့ ခန္ဓာကို အလွှာတွေခွဲသလဲ ဆိုတဲ့ အခြေခံ သဘောတရားတွေကို နှိုက်ထုတ်သွားခဲ့တယ်... ငါက သွေးမျိုးဆက် မလိုပဲ အဲဒီလို လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးခဲ့တယ်”
“ဒါပေမဲ့ ငါတို့ မျိုးနွယ်တွေကတော့ သူ့ရဲ့ ချိပ်ပိတ်ခံရမှုကြောင့် ဝိညာဥ်ကို ဒီနေ့အထိ ဘယ်လိုမှ ခွဲမထုတ်နိုင်တော့ဘူး...”
ဝေ့ဝူယင်မှာ သူမ၏ စကားလုံးများကို နားထောင်ရင်း အံ့အားသင့် နေခဲ့မိ၏။ သုံးလွှာ ကြယ်တာရာ နယ်မြေကို ကျော်လွန်နေသည့် သွေးမျိုးဆက်... အယ်ဗန် ဧကရီပင်လျှင် ကောင်းကင်ချီ နှလုံးသားကို ဖန်တီးရန် သူမတို့ မျိုးနွယ်ကို လေ့လာခဲ့ရသည်လား။
သို့သော်လည်း ဝေ့ဝူယင် နားမလည်နိုင်သေးသော အရာကတော့ ရှိနေသေးဆဲ ဖြစ်သည်။ သူမက အဘယ်ကြောင့် သူတို့ကို ချိပ်ပိတ်ခဲ့ရသနည်း။ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အခြားလူများအား ထပ်မံ မကျင့်ကြံစေလိုလျှင် အဘယ်ကြောင့် သူတို့ အားလုံးကို မသတ်ခဲ့သနည်း။
ထို့အပြင် သူ့အား အဘယ်ကြောင့် တင်းတင်းကြပ်ကြပ် ဆက်ဖက်ထားရသည်ကို လင်းကျိရန် ရှင်းမပြသေးချေ။ ဝေ့ဝူယင်၏ စိတ်ထဲတွင် မေးခွန်းများမှာ ပိုမို၍သာ တိုးလာနေခဲ့၏။
ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားသည်။
“နင်က သွေးမျိုးဆက် ချိပ်ပိတ်ခံထားရတာကို ဖြည်ဖို့ ကြိုးစားနေတာ... ဟုတ်တယ်မလား... နောက်ပြီး နင်ပိုင်ထားတဲ့ ကမ္ဘာပွား ချီနည်းလမ်းက အထွတ်အမြတ် အယ်ဗန် ဧကရီရဲ့ နည်းလမ်းနဲ့ မတူညီဘူး... နင့်ဘိုးဘေးတွေက အားလုံးကို လှည့်စားဖို့ အတွက် နည်းလမ်း အတု တစ်ခုကို ဖန်တီးခဲ့ကြတယ်... ကောင်းကင်ချီ နှလုံးသား နည်းလမ်းက မပြည့်စုံဘူးလို့ ငါ ခံစားမိတာ မထူးဆန်းတော့ဘူး”
လင်းကျိရန်၏ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲ တုန်ရီသွားကာ ဝေ့ဝူယင်ကို မော့ကြည့်လိုက်မိ၏။ သူက ထိုမျှ ဉာဏ်ကောင်းလွန်းသည်လား။ သို့သော်လည်း အဆုံးသတ်၌ သူမက ခေါင်းကိုသာ ညိတ်လိုက်သည်။
“အဲဒီ နည်းလမ်းကို အဆင့်ကုန်ထိ အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့ ကျင့်ကြံသူကပဲ ငါတို့ရဲ့ သွေးမျိုးဆက် ချိပ်ပိတ်ခံထားရတာကို ဖွင့်နိုင်တယ်... အထွတ်အမြတ် အယ်ဗန် ဧကရီက အဲဒီလိုပဲ ပြောသွားခဲ့တယ်...”
ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ ကျဥ်းမြောင်းသွားသည်။ လင်းကျိရန်က ခေါင်းကို ငုံ့ရင်း ဆက်ပြောလိုက်သည်။
“ငါကိုယ်တိုင် သိပ်နားမလည်ပေမဲ့ ဘိုးဘေးတွေက အဲဒီအတိုင်း မှာကြားသွားခဲ့တာပဲ... နောက်ပြီး ငါ့မိဘတွေကလည်း အဲဒီလိုပဲ ပြောတယ်... အဖြစ်အပျက်တွေက ယုတ္တိသိပ်မတန်ပေမဲ့ တစ်နေ့ သွေးမျိုးဆက် စွမ်းအားကို ဖွင့်ပြီး အိမ်ကို ပြန်ဖို့ ငါတို့ အားလုံးမှာ မျှော်လင့်ချက်တွေ ရှိကြပါတယ်”
လင်းကျိရန်၏ အသံထဲတွင် ခံစားချက် အချို့ ကိန်းဝပ်နေ၏။ သို့သော်လည်း သူမ၏ စိတ်အခြေအနေကတော့ သတိထားမိလောက်အောင် တည်ငြိမ်နေသည်။
"အဲဒါကြောင့်ပဲ နင်က ကောင်းကင်ချီ နည်းလမ်းကို အနန္တကုန်းမြေတိုက်ကြီးရဲ့ ပါရမီရှင်တွေကြားမှာ လိုက်ဖြန့်ခဲ့တာပေါ့ ဟုတ်လား...”
နောက်ဆုံး၌ လင်းကျိရန် အဘယ်ကြောင့် ကုန်းမြေတိုက်ကြီး အနှံ့၊ တိုင်းပြည်အနှံ့ ခရီးသွားခဲ့သည်ကို ဝေ့ဝူယင် တစ်ယောက် နားလည်သွားခဲ့ပြီ ဖြစ်သည်။
လင်းကျိရန်က ခေါင်းညိတ်ပြလိုက်၏။
“ဒါဆို ဘာလို့ ငါ့ကို နမ်းရတာလဲ... ဒီအတိုင်း အထိအတွေ့နဲ့တင် လုပ်လို့ မရဘူးလား”
နောက်ဆုံးသို့ ရောက်မှ ဝေ့ဝူယင်က အရေးကြီးသော မေးခွန်းကို မေးလိုက်၏။ အချောအလှ တစ်ယောက်က မိမိအား လာရောက် နမ်းရှုံ့သည့်ကို ယောက်ျားသား အများစုမှာ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။ သူက ထိုယောက်ျား အများစုထဲမှ တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူမ အဘယ်ကြောင့် နမ်းရသည် ဆိုသော အကြောင်းပြချက်ကိုလည်း သူ ဂရုမစိုက်ခဲ့ချေ။
တစ်ချိန်တည်း၌ သူ၏ စိတ်ထဲတွင်မူ လင်းကျိရန်နှင့် လုံချန်တို့ အကြားမှ ဆက်ဆံရေးကို သံသယ ဝင်လာခဲ့မိ၏။ အကယ်၍ လင်းကျိရန်သာ လုံချန်အပေါ် အမှန်တကယ် ချစ်မြတ်နိုးကာ သစ္စာစောင့်သိမည် ဆိုပါက အခြား ယောက်ျား တစ်ယောက်ကို ယခုကဲ့သို့ လွယ်ကူစွာ နမ်းရှုံ့နိုင်လိမ့်မည် မဟုတ်ပါချေ။
***