ရွှယ်ရီဖေးထံမှ စာ
Vol. 23 Ch. 322
လင်းကျိရန်က မျက်ဝန်းများကို ပြန်လည် ပင့်တင်ရင်း ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ကြည့်လိုက်လေ၏။ ထိုမျက်ဝန်းတို့က မျှော်လင့်ချက် အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပနေလေသည်။
“မင်ရှုဖုန်းရဲ့ ဆရာက ငါတို့ သွေးမျိုးဆက်ကို ကယ်တင်ပေးနိုင်မယ့် ပုဂ္ဂိုလ်ဟာ ငါ့သက်တမ်း အတွင်း ပေါ်လာလိမ့်မယ်လို့ နိမိတ်ဖတ်ခဲ့တယ်... ငါ ခရီးရှည်တွေ ထွက်ခဲ့တယ်... ပထမတော့ အဲဒီ တစ်ယောက်က လုံချန် ဖြစ်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ သေချာ ပြန်တွေးကြည့်ရင် နင်က တစ်ချိန်လုံး အဲဒီနေရာမှာ ရှိနေခဲ့တာပဲ... နေက်ပြီး လက်ထပ်ပွဲကို အရင်ရောက်လာတဲ့ လူကလည်း နင်ပဲ... အခု နင့်မှာ ကြယ်တာရာ ဝိညာဥ် လေးခုရှိတာ ငါသိရပြီ”
“ကမ္ဘာပွား ချီနည်းလမ်းအပေါ် နင့်ရဲ့ နားလည်မှာက လုံးဝ ပြည့်စုံနေပြီ... နင်က အဲဒီတစ်ယောက် ဆိုတာ သေချာတယ်... ငါက သတိမထားမိရုံတင်”
သူမ၏ စကားလုံးများက ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
“ ... “
ဝေ့ဝူယင် မအံ့သြပါချေ။ မင်ရှုဖုန်းမှာ ကြမ္မာဖတ်သူ တစ်ယောက် ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ သူမက ကောင်းကင်တာအိုနှင့် ချိတ်ဆက်နိုင်သည်။
ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်မိ၏။ လင်းကျိရန် ရှာဖွေနေသူက အမှန်တကယ်ကို လုံချန် ဖြစ်သည်။ သူက ကံကြမ္မာများကို ခိုးယူတတ်သည့် အမွေခံ အပြစ်သား တစ်ယောက်မျှသာ ဖြစ်သည်။ ပုံမှန် အချိန် စီးဆင်းစတမ်း ဆိုလျှင် ဝေ့ဝူယင် ဆိုသော လူငယ်လေးမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက လုံချန်၏ ဓားချက်အောက်တွင် ခေါင်းပြတ်ခဲ့ရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် ခေါင်းကို ငုံ့ရင်း လှပသော မိန်းကလေးကို ကြည့်လိုက်သည်။ သူမက သူ့အား တင်းတင်းကြပ်ကြပ် ဖက်ရင်း ရင်ခွင်အတွင်း တိုးဝင်နေဆဲ ဖြစ်၏။ သူ့အနားမှ တစ်ဖဝါးမှ ခွာလိုတော့ပုံ မရ။
“လုံချန်ကို ဘယ်လိုလုပ်မှာလဲ”
ဝေ့ဝူယင် ခပ်တိုးတိုး မေးလိုက်၏။ လင်းကျိရန်၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ခါသွားကာ ဝေ့ဝူယင်ကို ပိုမို တင်းကြပ်စွာ ဖက်လိုက်၏။
“လုံချန်နဲ့ ပထမဆုံး စတွေ့ခဲ့တဲ့ အချိန်တုန်းက သူက အားနည်းပြီး ကျင့်ကျက်မှု မရှိတဲ့ လူငယ်လေး တစ်ယောက်ပဲ... ဒါပေမဲ့ ငါ သနားတာကြောင့် ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို သူ့ကို ပေးခဲ့တယ်... အဲဒီတုန်းက သူ့မှာ ဂိုဏ်းမရှိခဲ့ဘူး... အားကိုးအားထား ပြုစရာ နောက်ခ့လည်း မရှိဘူး... ရွယ်တူတွေနဲ့ ယှဥ်ရင်တောင် သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက အားနည်းနေသေးတယ်... အဲဒီနည်းလမ်းကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့ တစ်နေ့ ငါ့ကို လာရှာလို့ သူ့ကို ပြောထားခဲ့တယ်”
“သူ လုပ်နိုင်ခဲ့တယ်... နှစ်အနည်းငယ် အတွင်းမှာပဲ သူနဲ့ ငါ ပြန်တွေ့ခဲ့တယ်... ဒါပေမဲ့ နင့်လိုပဲ သူ ငါ့ကို ဘာမှ ပြောမပြခဲ့ဘူး... ငါ သူ့ကို စပြီး သဘောကျလာတယ်... သူ့ရဲ့ ပါရမီ၊ သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ ကြိုးစားမှု အားလုံးပေါ့... ဒါပေမဲ့ အဲဒါက သဘောကျရုံလောက်ပါပဲ”
"နောက်ပိုင်းမှာ မထင်မှတ်ပဲ မင်းသားကျန်းနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့တယ်... ငါထွက်ပြေးလို့ ရပေမဲ့ မင်ရှုဖုန်းရဲ့ စကားနဲ့ ငါ စောင့်ခဲ့တယ်... မျှော်လင်ထားတဲ့ အတိုင်း သူ ရောက်လာခဲ့ပြီး ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အောင်မြင်ထားကြောင်း ထုတ်ပြခဲ့တယ်... အဲဒီနေ့မှာပဲ သူက ငါတစ်သက်လုံး စောင့်ခဲ့ရတဲ့လူ၊ ငါမျိုးနွယ်ကို ကယ်တင်နိုင်မယ့် လူလို့ ငါယုံသွားခဲ့တယ်... ဒါပေမဲ့ ငါမှားသွားခဲ့တယ်... လုံးဝကို မှားသွားခဲ့တာ”
“နင့်မှာ ကြယ်တာရာ အမြုတေ လေးခုတောင် ရှိတယ်... အဲဒါက ငါတို့ မျိုးရိုးရဲ့ ဘိုးဘေးမှတ်တမ်းတွေထဲက ဒဏ္ဍာရီတွေထက်တောင် ပိုခမ်းနားသေးတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ဘိုးဘေးတစ်ယောက်ဟာ ဇာတိဝိညာဥ် သုံးခု အထိ ခွဲထုတ်ခဲ့ဖူးပေမဲ့ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းတဲ့ အခါမှာ ပြန်ပေါင်းစည်းခဲ့ရတာပဲ... သမိုင်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး စံချိန်က ကြယ်တာရာ ဝိညာဥ် နှစ်ခုကို ဖွဲ့စည်းနိုင်ခဲ့တာ... ဒါပေမဲ့ အဲဒီလို လုပ်ဖို့ အတွက် ပြီးပြည့်စုံတဲ့ အမွှာနှစ်ယောက် လိုအပ်ပြီး တစ်ယောက်က အဆင့်တက်ချိန်မှာ တစ်ယောက်က သေဆုံးပေးခဲ့ရတယ်”
“ဒါပေမဲ့ နင့်မှာတော့ လေးခုတောင် ရှိတယ်... နောက်ပြီး ကြယ်တာရာ အမြုတေ တစ်ခုချင်းစီက ပြီးပြည့်စုံပြီး အရမ်း အစွမ်းထက်တယ်... နင်က ကမ္ဘာပွား ချီနည်းလမ်းကို အကန့်အကတ်တွေထက်တောင် ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့တာ... နင်က ကျိန်းသေကို ငါရှာနေတဲ့လူပဲ”
“လုံချန်ရော ဒီအကြောင်းတွေ သိလား”
ဝေ့ဝူယင်က မေးလိုက်၏။ လင်းကျိရန် ပြန်မဖြေခင်မှာပင် ဝူယု၏ အသံက သူ့စိတ်ထဲ ပေါ်လာခဲ့လေသည်။
“သူ လုံချန်ကို တစ်ခါမှ မပြောဖူးဘူး... ဒါပေမဲ့ ငါ ပြောပြထားတယ်... ဒါပေမဲ့ လုံချန်က သိပ်ဂရုစိုက်တဲ့ပုံတော့ မပေါ်ဘူး”
ဝူယုနှင့် တစ်ဆက်တည်းလိုလိုပင် လင်းကျိရန်က အဖြေပေးလာ၏။
“ဟင့်အင်း... ငါ တစ်ခါမှ မပြောပြဖူးဘူး... နောက်ပြီး ချိပ်ပိတ်ထားတာကို ပြန်ဖွင့်ဖို့ အတွက် အယ်ဗန် ဧကရီလို လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်မှပဲ ဖြစ်မှာ”
သူမ၏ ရိုးသားသည့် အမူအရာကို ကြည့်ရင်း ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်း၌ သူက ဝူယုထံ ဆက်သွယ်လိုက်သည်။
“အထွတ်အမြတ် အယ်ဗန် ဧကရီ ဘာလို့ အဲဒီလို လုပ်ရတယ် ဆိုတာ ခင်ဗျား သိလား... သူက ဘာတွေ စီစဥ်နေတာလဲ”
“သူက ငါတို့ လေးယောက်ထဲမှာ အမြဲတမ်း အလျှို့ဝှက်ဆုံး တစ်ယောက်ပဲ... သူက ရူးသွပ်နေတတ်ပြီး ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆို လုပ်ရဲတဲ့လူ တစ်ယောက်ပေါ့... ငါ သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး... ငါ့အထင်သာ မမှားရင် သူက ထာဝရ ဧကရာဇ်ဆီက ရင်းမြစ်တွေ ရဖို့ အတွက် ခန္ဓာကိုယ်ကိုတောင် အသုံးချတဲ့ပုံရတယ်... မိစ္ဆာမ...”
ဝူယု၏ အထွတ်အမြတ် အယ်ဗန် ဧကရီ အကြောင်း အဆက်အစပ် မရှိသည့် အရာများကို ဆွဲပြောရင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"အဲဒီမိန်းမက သူ့အမှားတွေကို ပြင်ဆင်ဖို့ အတွက် အမြဲတမ်း ထာဝရ ဧကရာဇ် အပေါ်ပဲ မှီခိုနေတာ... မင်း စဥ်းစားကြည့်လေ... ဘာမှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်တယ်... နောက်ဆုံး ဘာဖြစ်သွားလဲ... သူ့အမှားအတွက် ထာဝရ ဧကရာဇ် နှစ်နှစ်ဆယ် ကုန်ခဲ့တာပဲ အဖတ်တင်တယ်... ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးတစ်လုံး ရဖို့က လွယ်တာ မဟုတ်ဘူး”
အကယ်၍ ဝေ့ဝူယင်သာ ဝူယုကို မြင်တွေ့နိုင်ပါက သူ့မျက်နှာတစ်ခုလုံး ဒေါသများဖြင့် ချင်းချင်းနီနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ကြည့်ရသည်က ထိုအဘိုးကြီးမှာ သူ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံး မရခဲ့ခြင်း အတွက် အတော်လေး ခံပြင်းနေဟန် ရလေသည်။ ဝေ့ဝူယင် အနည်းငယ် ပြုံးရင်း ဝူယုကို လျစ်လျူလိုက်၏။
ဝေ့ဝူယင် လင်းကျိရန်ကို ခပ်ကြမ်းကြမ်း ရင်ခွင် အတွင်း ဆွဲသွင်းလိုက်၏။ ထို့နောက် သူမအား စူးစိုက် ကြည့်လိုက်ရင်း...
“ငါက ငါသဘောကျတဲ့ မိန်းမတွေကို ဘယ်တော့မှ မငြင်းဘူး... လင်းကျိရန်... နင်ရှာနေတဲ့ တစ်ယောက်က ငါ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်... နင့်ရဲ့ သေမျိုးဆက်ကို ဖွင့်ပြီး အိမ်ပြန်ပို့ပေးနိုင်တဲ့ လူကလည်း ငါ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်”
“ ... “
လင်းကျိရန်မှာ ဘာမှ ပြန်မပြောချေ။ ဝေ့ဝူယင်က စကားဆက်လိုက်၏။
“နင် ငါနဲ့ အတူနေချင်ရင် ရတယ်... ငါ ငြင်းမှာ မဟုတ်ဘူး... ငါနင့်ကို ကြယ်တာရာ အမြုတေ အဆင့်ရောက်အောင် ကူညီပေးနိုင်တယ်... ဒါပေမဲ့ ငါ နင့်ကို ဇနီးမယား တစ်ယောက် အနေနဲ့တော့ လက်ထပ်မှာ မဟုတ်ဘူး... နောက်ပြီး နင့်နှလုံးသားက ငါ့အတွက် အဆင်သင့် ဖြစ်တဲ့ အထိ စောင့်ဖို့လည်း ငါ့မှာ ရည်ရွယ်ချက် မရှိဘူး... ဒါပေမဲ့ တကယ်လို့ နင် ငါ့ကို သစ္စာဖောက်မယ်... ငါ့လျှို့ဝှက်ချက်တွေကို လျှောက်ပြောမယ် ဆိုရင်တော့ ငါနင့်ကို သတ်ဖို့ တွေဝေနေမှာ မဟုတ်ဘူး”
လင်းကျိရန်မှာ အရိုးများထဲ အထိ စိမ့်ဝင်သွားသည့် ကြက်သီးထမှုကို ခံစားလိုက်ရ၏။ သို့သော်လည်း သူမ၏ နှလုံးသားထဲတွင်မူ ဝေ့ဝူယင်က သူမ တစ်ချိန်လုံး စောင့်မျှော်နေခဲ့သည့် တစ်ယောက် ဖြစ်ကြောင်း သေချာနေခဲ့ချေပြီ ဖြစ်သည်။ မည်သည့် အကြောင်းပြချက်နှင့်မှ ပြောင်းလဲစရာ အကြောင်း မရှိတော့။
...
ကောင်းကင်နန်းတော် အတွင်းရှိ ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသော အိပ်ခန်း တစ်ခုထဲတွင်... ဝေ့ဝူယင် ခုတင်ထက်၌ တိတ်တဆိတ် လှဲနေခဲ့၏။ သူ၏ ငွေရောင် မျက်လုံးများက ဗလာဟင်းလင်း ဖြစ်နေသော မျက်နှာကျက်ကို ငေးမောရင်း အတွေးထဲ နစ်မြောနေပုံ ရလေသည်။ လင်းကျိရန်နှင့် အဖြစ်အပျက်များမှ မျှော်လင့်ထားခြင်း မရှိပဲ အစီအစဥ် အားလုံးကို ကျော်ဖြတ်ကာ ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
“ငါ နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိနေတုန်းပဲ... ခု ငါ့အဖြစ်က မြက်ရှည်တွေထဲ ဖြတ်လျှောက်နေရသလို... ငါ မမှတ်မိတဲ့ တစ်စုံတစ်ယောက်ကို ပြန်တွေးနေရသလို”
ထိုခံစားချက်က သူ့စိတ်ကို တတိတိ ကိုက်ဖဲ့နေသည်။ ကောင်းကင်တာအို၊ ကောင်းချီးခံ၊ လူဝင်စားခြင်း၊ အထွတ်အမြတ် အယ်ဗန် ဧကရီ၊ အဂ္ဂိရတ် အစည်းအရုံး၊ ကြယ်တာရာ အမြုတေ... စသည့် စကားလုံးများမှာ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
ဝေ့ဝူယင် အပြစ်သား ကျမ်းစာကို ပြန်လည် တွေးတောလိုက်၏။ ထိုအရာကို သူ အလုံးစုံ မှတ်မိသည့်တိုင် အမှန်တကယ်တွင် နှစ်ဆယ် ရာခိုင်နှုန်းခန့်ကိုသာ နားလည်သေးသည်။
လွန်ခဲ့သည့် နှစ်များ အတွင်း သူ့ဘဝက များစွာ ပြောင်းလဲခဲ့ရသည်။ ငွေရောင် ဆံပင်၊ မဟူရာ မျက်လုံးများနှင့် ရူးသွပ်ပုံ ပေါက်နေသော လူငယ်သည် ဤအမွေခံ အပြစ်သား သွေးမျိုးဆက်ကို သူ့ထံ လွှဲပြောင်းပေးခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ မသိချေ။
သို့သော်လည်း ၎င်းက သူ့ကို ခေါင်းဖြတ်သတ်ခံရမည့်ဘေးမှ ကယ်တင်ပေးခဲ့သည်။ ဝေ့ဝူယင် အမှတ်မထင် ညာဘက်လက်ကို မြှောက်ကာ ကြည့်လိုက်မိ၏။
ကမ္မတန်ဖိုး... ၁၃၅၆.၇
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း... ၇ နှစ်
“နောက်ထပ် ခုနစ်နှစ်ပဲ ရှိတော့တယ်”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။
ခုနစ်နှစ်...
ကျင့်ကြံသူ တစ်ဦး အနေဖြင့်... အထူးသဖြင့် နေသွေးနီနီဂိုဏ်းတွင် နေထိုင်ခဲ့ဖူးသည့် တပည့် တစ်ယောက် အနေဖြင့် သေခြင်းတရားက အမြဲတမ်း ထောင့်တစ်နေရာစီတိုင်းတွင် ရှိနေကြောင်း သူ သဘောပေါက်ပေသည်။ သေးငယ်သော အမှားလေး တစ်ခုကပင်လျှင် အနှစ်နှစ်အလလ ကြိုးစားတည်ဆောက်ခဲ့သည့် ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဒုတိယ ကပ်ဘေးကို နောက်ထပ် ခုနစ်နှစ် ကြာလျှင် သူ ရင်ဆိုင်ရတော့မည်။ အစစ အရာရာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် သူ မသေချာ၊ မရေရာမှုနှင့် အတူ စိတ်လှုပ်ရှားနေမိ၏။ ဒုတိယမြောက် ကပ်ဘေးတွင် လွတ်မြောက်ခဲ့လျှင်ပင် နောက်ထပ် ကပ်ဘေး ဆယ့်ခြောက်ခု ကျန်ရှိနေပေသေးသည်။
ဝေ့ဝူယင် အဆက်အစပ် ကင်းမဲ့သော အတွေးများ အတွင်း နစ်မြုပ်နေစဥ်မှာပင် သိုလှောင် လက်စွပ်မှာ အလင်း ခပ်မှိန်မှိန်ကို ထုတ်လွှတ်လာ၏။ ဆက်သွယ်ရေး သလင်းကျောက်မှ စာတစ်ခု ဝင်လာခြင်းပင်။ ဝေ့ဝူယင် တုန့်ဆိုင်း မနေပဲ လက်တစ်ဖက် ဝှေ့ယမ်းကာ သတင်းကို လက်ခံလိုက်သည်။
ထိုအရာက ရွှယ်ရီဖေးထံမှပင်။
“ကျွန်မ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ရောက်သွားပြီ... ရှင့်ရဲ့ ဝိညာဥ် ပေါင်းစည်းခြင်း သွေးဆေးလုံး အတွက် ကျေးဇူးတင်ပါတယ်”
***