← Chapters

လေပြည်အသင်္ချေ

Vol. 1 Ch. 391

လေပြည်အသင်္ချေ

Vol. 1 Ch. 391

ကျန်းရီသည် တွန့်ဆုတ်နေခဲ့သည်။ သူ့ကြောင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်လျှင် သူပြောပြနိုင်သေးသည်။ သို့သော် ကျန်းရှောင်နူ၏ကိစ္စကို မည်သူ့ကိုမှ သူမပြောပြချင်ပေ။

ထို့ကြောင့် သူသည် ပင်လယ်နတ်ဆိုးသားရဲများ တိုက်ခိုက်သည့် အကြောင်းကို မချွင်းမချန် ပြောပြခဲ့သော်လည်း သူတို့ လွတ်မြောက်လာပုံကို ဖုံးကွယ်ထားမှဖြစ်မည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည်။

"သခင်မ....ကိစ္စက အဲ့လို ဖြစ်သွားခဲ့တယ်။ ဘယ်လို လွတ်မြောက်လာခဲ့တယ်ဆိုတာ ကျွန်တော်မပြောပြနိုင်လို့ ခွင့်လွှတ်ပါ။ စိတ်မကောင်းပါဘူး"

"အင်း"

ရွှေယို့လန်သည် ထူးဆန်းသည်ဟု မခံစားရတော့ပေ။ ရီဖျောင်ဖျောင်တွင် လျှို့ဝှက်ချက်များစွာ ရှိပြီး ကျန်းရီသည်လည်း သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့် အမှိုက်မှသည် နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့သည်။ ကျန်းရီတွင်လည်း သူ့အမေနည်းတူ လျှို့ဝှက်ချက် အမြောက်အများ ရှိနေသည်။ သူမသည် ဘာမှဆက်မမေးတော့ပေ။

သူမသည် အချိန်အနည်းငယ်ကြာ စဉ်းစားလိုက်ပြီးမှ ထပ်မေးလိုက်သည်။

"ကျန်းရီ...ရှေးဟောင်းခေါင်းတလားထဲက အဲ့ဒီအမျိုးသမီးက အသက်ရှင်နေသေးလား၊ သေနေပြီလားဆိုတာ မင်းအတည်ပြုနိုင်ခဲ့လား။ သေချာပြန်တွေးကြည့်...ဒါက တော်တော်အရေးကြီးတယ်"

"ကျွန်တော်သေချာမပြောနိုင်ဘူး"

ကျန်းရီသည် ပြန်စဉ်းစားကြည့်ပြီးနောက် ခေါင်းယမ်း၍ ဖြေလိုက်သည်။

"ကျွန်တော် နည်းနည်းပဲ မြင်လိုက်တာ...ကောင်းကင်စိတ်အာရုံကို သုံးပြီး ကြည့်လိုက်တော့ အဲ့ဒီခေါင်းတလားက အလင်းရောင်တွေ တောက်ပလာပြီး ကျွန်တော့်စိတ်ဝိဉာဉ်ကို တိုက်ခိုက်လာတယ်။ အဲ့ဒီအမျိုးသမီး သေနေသလား၊ ရှင်နေလားဆိုတာ ကျွန်တော်အတည်မပြုနိုင်ခဲ့ဘူး။ ဒါပေမယ့် အသက်ဓာတ်နည်းနည်းကိုတော့ ကျွန်တော်ခံစားမိလိုက်တယ်"

"ဒီလိုကိုး"

ရွှေယို့လန်သည် သက်ပြင်းချရင်း ပြောလာခဲ့သည်။

"ငါ့ရဲ့ကောင်းကင်စိတ်အာရုံကလည်း အဲ့ဒါကို ကြည့်လို့မရခဲ့ဘူး။ အဲ့ဒီရှေးဟောင်းခေါင်းတလားပေါ်က တားမြစ်အစီအရင်က အရမ်းအားကောင်းလွန်းတယ်။ ပြီးတော့ အပေါ်က ကျဆင်းလာတဲ့ မိုးကြိုးတွေကလည်း နီးကပ်လာရင် ကောင်းကင်စိတ်အာရုံကို တိုက်ခိုက်သေးတယ်။ အဲ့ဒီအမျိုးသမီး အသက်ရှိနေသေးရင် သိပ်အန္တရာယ်မများဘူး။ ဒါပေမယ့် သူမက မိုးကြိုးကိုသုံးပြီး ခန္ဓာကိုယ်ကို သန့်စင်နေတဲ့ ထောင်စုနှစ်ကြာ အလောင်းတစ်ခု ဖြစ်နေမှာကို ငါကြောက်မိတယ်။ သူမက သေမင်းပင်လယ်ပြင်ထဲကို ဝင်သွားတဲ့ အသက်ဓာတ်တွေနဲ့ အတွင်းအားတွေ အကုန်လုံးကို စုပ်ယူနေတာဆိုရင် တော်တော်ကြောက်ဖို့ကောင်းနေပြီ။ အသက်ဓာတ်တွေ အများကြီးကို စုပ်ယူပြီးတာတောင်မှ သူမအသက်ပြန်ရှင်မလာသေးဘူးဆိုရင် နယ်မြေတစ်ခုလုံး မျိုးတုန်းကုန်လိမ့်မယ်"

ကျန်းရီသည်လည်း ခေါင်းငြိမ့်လိုက်သည်။ သေမင်းပင်လယ်ပြင်အတွင်း သက်ရှိတစ်ကောင်တစ်လေမှ မရှိပေ။ ထို့နေရာသို့ မတော်တဆ ဝင်ရောက်မိသွားကြသော သက်ရှိများမှာလည်း ပင်လယ်ရေမှော်များ၏ တိုက်စားခြင်းကို ခံကြရသည်။ နောက်ဆုံးတွင် အသက်ဓာတ်အားလုံးသည် ရှေးဟောင်းခေါင်းတလားအတွင်း ဝင်ရောက်သွားပြီး ထိုအမျိုးသမီး၏ စုပ်ယူခြင်း ခံလိုက်ရကြောင်း သေချာနေသည်။

အဲ့ဒီအမျိုးသမီး သေတာရှင်တာက အကြောင်းမဟုတ်ဘူး။ သူမက ရက်စက်တဲ့ မကောင်းဆိုးဝါးကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေတာပဲ ဖြစ်ရမယ်။ ငါအဲ့ဒီအနားကို နောက်တစ်ကြိမ် ထပ်သွားလို့ လုံးဝမဖြစ်ဘူး...

ကျန်းရီသည် စိတ်ထဲတွင် တွေးလိုက်ပြီးနောက် ခေါင်းမော့၍ ရွှေယို့လန်အား မေးလိုက်သည်။

"သခင်မ...ဒီပင်လယ်ပြင်မှာ ပင်လယ်နတ်ဆိုးသားရဲတွေ အုပ်စုဖွဲ့ သောင်းကျန်းတာမျိုး ရှိလား"

"ခစ်...ခစ်"

ရွှေယို့လန်သည် ခပ်တိုးတိုး ရယ်လိုက်ပြီး ပြောလာခဲ့သည်။

"မင်းဘာမေးချင်တယ်ဆိုတာ ငါသိတယ်။ ဒီကိစ္စမှာ နောက်ကွယ်က လူတစ်ယောက် ရှိလိမ့်မယ်။ ပြီးတော့ အဲ့ဒီလူက ဘယ်သူဆိုတာ ခန့်မှန်းဖို့ မခက်ပါဘူး။ နတ်ဆိုးသားရဲဘုရင်သုံးကောင်ကို သက်သေမချန်ဘဲ ရန်သွားစနိုင်တာ လူနှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က မိုးပြာနဂါးအင်ပါယာက အဘိုးကြီးဖြစ်ပြီးတော့ နောက်တစ်ယောက်က ထူးဆန်းတဲ့ သူတော်စင်အဆင့် ကိုယ်ပျောက်ဆေးလုံးတွေ ပိုင်ဆိုင်တဲ့ မိန်းမစိုးလင်းပဲ။ သူတို့နှစ်ယောက်က သံသယရှိသူတွေပဲ။ ပြီးတော့....သက်သေရှာဖို့လည်း တွေးမနေနဲ့။ အဲ့ဒီအဘိုးကြီးတွေ အဲ့လိုလုပ်ရဲမှတော့ သက်သေလည်း လုံးဝကျန်ခဲ့မှာမဟုတ်ဘူး"

"လင်းမျိုးနွယ်ရဲ့ ဘိုးဘေးကြီးနဲ့ မိန်းမစိုးလင်း"

ကျန်းရီ၏ မျက်လုံးများတွင် လူသတ်ငွေ့များ ဖြတ်ပြေးသွားသည်။ ကျန်းရှောင်နူကြောင့်သာ မဟုတ်ပါလျှင် သူတို့သုံးယောက်သေနေသည်မှာ ကြာလှပြီဖြစ်သည်။ ဤကိစ္စကို အနှေးနှင့်အမြန် သူစာရင်းရှင်းရမည်။ မိန်းမစိုးလင်းမှာ တရားခံဖြစ်လောက်မှန်း သူခန့်မှန်းထားပြီးပြီဖြစ်သည်။ ယောကျ်ားတစ်ပိုင်း၊ မိန်းမတစ်ပိုင်းကသာ ဤသို့ အောက်တန်းကျသည့် နည်းလမ်းမျိုးကို နှစ်သက်နိုင်သည်။

"သခင်မ...ဒီမှာ သိုင်းပညာစမ်းသပ်ခန်းတွေ ဘာတွေရှိလား"

ကျန်းရီသည် ရုတ်တရက် မေးလာရာ ရွှေယို့လန်မှာ အံ့အားသင့်သွားရသည်။ သူမသည် မြန်ဆန်စွာ ထရပ်လိုက်ပြီး ပြောလိုက်သည်။

"ငါ့နောက်လိုက်ခဲ့"

ရွှေယို့လန်သည် ခန်းမကြီးထဲမှ ထွက်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ပြီး အပြာရောင်အတွင်းအားအချို့ကို ထုတ်ဖော်လိုက်သည်။ ဘေးပတ်လည်တွင် အပြာရောင်စက်ဝိုင်းခြမ်းပုံ အကာအကွယ်အလွှာတစ်ခု ဖြစ်တည်လာကာ သူတို့အား ဖုံးအုပ်လာခဲ့သည်။ ရွှေယို့လန်သည် ထူးမခြားနားစွာ ပြောလာသည်။

"ဒါက သိုင်းပညာစမ်းသပ်ခန်းလို့ ပြောနိုင်တယ်။ မင်း တိုက်ကွက်တစ်ခု ထုတ်ဖော်ကြည့်နိုင်တယ်...ငါ့ရဲ့အကာအကွယ်ကို ထိုးဖောက်နိုင်တယ်ဆိုရင် မင်းက မယုံနိုင်လောက်အောင် အင်အားကြီးတယ်လို့ ပြောရမယ်"

"ကောင်းပါပြီ"

ကျန်းရီသည် စကားများနေခြင်းကို ရပ်တန့်ကာ မီးနဂါးဓားဖြင့် တာအိုတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ မရေမတွက်နိုင်သော မီးနဂါးလေးများ ထွက်ပေါ်လာခဲ့ပြီး အကာအကွယ် စက်ဝိုင်းခုံးကို ပွင့်ထွက်သွားစေခဲ့သည်။

"ဒါ..."

ရွှေယို့လန်သည် နောက်တစ်ကြိမ် အံ့အားသင့်သည့် အမူအရာ ဖြစ်တည်သွားခဲ့သည်။ သူမသည် မီးနဂါးလေးများကို ကြည့်နေရင်း သေချာစွာ ပြောလာခဲ့သည်။

"ကျန်းရီ...မင်းရဲ့ အလယ်အလတ်အဆင့် တာအိုတိုက်ကွက်ရဲ့ အနှစ်သာရက လေပြည်အသင်္ချေပဲ။ မင်း အဲ့ဒါကို အဆင့်နိမ့်တာအိုအနှစ်သာရတွေကို ပေါင်းစည်းပြီး ရလာတာလား။ တိုက်ရိုက်နားလည်သွားတာလား"

"ဒါဆို ဒါက တကယ်ကြီး အလယ်အလတ်အဆင့်တာအိုလား။ လေပြည်အသင်္ချေလို့ ခေါ်တယ်ပေါ့။ အလယ်အလတ်အဆင့် တာအိုတိုက်ကွက်ရဖို့ အဆင့်နိမ့်တာအိုတိုက်ကွက်တွေကို ပေါင်းစပ်လိုက်လို့လည်း ဖြစ်တာပဲလား"

ကျန်းရီသည် အနည်းငယ် မှင်တက်နေပြီးမှ ပြန်ဖြေလိုက်သည်။

"သခင်မ...ကျွန်တော် ဒါကို တိုက်ရိုက်နားလည်ခဲ့တာ"

"တကယ့်ပါရမီရှင်ပဲ...ပါရမီရှင်အစစ်ပဲ"

ရွှေယို့လန်သည် အံ့အားသင့်စွာ နှစ်ကြိမ်တိတိ ရေရွတ်လိုက်ပြီးမှ တည်ငြိမ်စွာ သက်ပြင်းချလိုက်သည်။

"မိန်းကလေးဖျောင်ဖျောင်က အသက်ဆယ့်ခုနှစ်နှစ်နဲ့ ဗာဂျရာပဉ္စမအဆင့်ကို ရောက်ခဲ့တယ်။ ကျန်းပိုင်လီကလည်း နှစ်တစ်သောင်းလောက်ကြာမှ တစ်ခါတွေ့ရတတ်တဲ့ ပါရမီရှင်ပဲ။ ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး ညံ့ဖျင်းတဲ့သားကို မွေးပါ့မလဲ"

ရွှေယို့လန်သည် သူမဟာသူမ ရေရွတ်လိုက်ပြီး ကျန်းရီဘက် လှည့်ပြောလာခဲ့သည်။

"ကျန်းရီ...ငါ့မှာ စာကြည့်တိုက်တစ်ခု ရှိတယ်။ အဲ့ဒီမှာ တာအိုအကြောင်း ရှင်းပြထားတဲ့ စာအုပ်တွေ၊ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် တာအိုတွေရဲ့ အမည်တွေနဲ့ ရှင်းလင်းချက်တွေအကြောင်း ပါတဲ့ စာအုပ်တွေလည်း ရှိတယ်။ အချိန်ရရင် မင်းသွားကြည့်သင့်တယ်။ အဲ့ဒီမှာ အဆင့်မြင့်တာအိုတွေနဲ့ ပတ်သက်တာတော့ ဘာမှမရှိဘူး။ လာ ကောင်းကင်ကြယ်တာရာနယ်မြေရဲ့သမိုင်းမှာ ဘယ်သူကမှ အဆင့်မြင့်တာအိုတိုက်ကွက်ရအောင် မလုပ်နိုင်ခဲ့ဘူး။ ကောင်းကင်ဧကရာဇ်အဆင့်တွေကပဲ အလယ်အလတ်အဆင့် တာအိုသုံးမျိုးကို ပေါင်းစပ်နိုင်ကြတာ"

"နားလည်ပါပြီ"

ကျန်းရီတွင် ကင်းမဲ့နေသည်မှာ သဘောတရားများနှင့် အသိပညာဗဟုသုတတို့ဖြစ်သည်။ ယခင်က မည်သူမှ သူ့အား မသင်ကြားပေးခဲ့ရာ သူ့ဟာသူသာ ရမ်းသမ်း၍ ကျင့်ကြံနေရခြင်းဖြစ်သည်။ သူသာ အသေးစိတ်ကို လေ့လာနိုင်ပါလျှင် ကျင့်ကြံခြင်းတွင် အတော်လေး အထောက်အကူဖြစ်လာနိုင်သည်။

ထိုကိစ္စပြီးနောက် ကျန်းရီသည် ကြယ်တံခွန်ကျွန်းသို့ သူလာရောက်ရသည့် နောက်ဆုံးအကြောင်းအရင်းကို ထုတ်မေးလိုက်သည်။

"သခင်မ...ကောင်းကင်သတ္ထုကြောကို ဘယ်လိုတူးဖော်ရမယ်ဆိုတာ သိလား"

"ကောင်းကင်သတ္ထုကြော"

ရွှေယို့လန်၏ မျက်လုံးများ တည်ကြည်သွားကာ လေးလေးနက်နက် ပြောလာခဲ့သည်။

"ကျန်းရီ...ရှားနိုင်ငံရဲ့ ကောင်းကင်သတ္ထုကြောကို တူးဖို့ မင်းတွေးနေတာလား။ မဖြစ်ဘူး...မင်းရဲ့အနာဂတ်ကို မင်းဖျက်သီးလို့မရဘူး။ မင်းက အလယ်အလတ်အဆင့် တာအိုကိုတောင် နားလည်နိုင်နေပြီ၊ မင်းရဲ့အနာဂတ်က အကန့်အသတ်မဲ့တယ်လို့ ပြောလို့ရတယ်။ အတွင်းအားကို ကျင့်ကြံရတာ လွယ်ပေမယ့် တာအိုအနှစ်သာရတွေကို နားလည်ဖို့က မလွယ်ဘူး။ မင်း ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ် တံခါးပိတ်ကျင့်ကြံလိုက်ရင် နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ပြီး ကောင်းကင်ဧကရာဇ်အဆင့်ကိုတောင် ရောက်သွားနိုင်တယ်။ မင်းက ပိုပြီးမြင့်တဲ့ နောက်တစ်ဆင့်ကိုတောင် ရောက်သွားနိုင်သေးတယ်"

"ဆယ်နှစ်...နှစ်နှစ်ဆယ်"

ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ့တွင် မူလတည်းက သုံးနှစ်ကတိတစ်ခု ရှိခဲ့ပြီး ယခုနောက်ထပ်မမြင်ရသော သုံးနှစ်ကတိတစ်ခုပါ ထပ်ရှိလာခဲ့သည်။ သူ ဗာဂျရာအမြင့်ဆုံးအဆင့်ကို သုံးနှစ်အတွင်း ရောက်သွားမှသာ အရှေ့တော်ဝင်နယ်မြေကို သွားနိုင်မည်။ မဟုတ်ပါက ရီဖျောင်ဖျောင်ကို တွေ့ရရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

ထို့ကြောင့် အနာဂတ်တွင် မည်သို့ဖြစ်လာမည်က ကိစ္စမရှိပေ။ ကျန်းရီသည် ကောင်းကင်ဧကရာဇ်ဖြစ်လာနိုင်မလာနိုင်ကို ထည့်စဉ်းစားနေရန် အကြောင်းမရှိတော့။ 'တစ်ခုခုဖြစ်လာချိန်မှသာ ပူပန်ရခြင်း'...သူ့ဘဝသည် ထိုအတိုင်းသာဖြစ်သည်။

"သခင်မ...ကျွန်တော့်ကို ပြောပြပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး..."

ကျန်းရီသည် ခေါင်းထပ်ညွှတ်လိုက်သည်။ ရွှေယို့လန် သဘောမတူမခြင်း သူခေါင်းငုံ့ထားမည်ဖြစ်သည်။ ရွှေယို့လန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

"ကောင်းပြီ...မင်းအမေကို ငါကျေးဇူးကြွေးတင်နေတယ်။ ရွှေယွဲ့လျန်မျှော်စင်ကို ငဲ့နေရတဲ့အတွက် ငါမင်းကို အများကြီးမကူညီနိုင်ဘူး။ ဒါပေမယ့် ဒီလိုအသေးအဖွဲ ကိစ္စလေးတွေကို ငါ ငြင်းစရာ အကြောင်းမရှိဘူး။ မင်းအဲ့ဒါကို သုံးရက်လောက် စဉ်းစားကြည့်ဦး။ သုံးရက်ကြာပြီးလို့မှ မင်းစိတ်မပြောင်းသေးဘူးဆိုရင် ကောင်းကင်သတ္ထုကြော တူးဖော်တဲ့ နည်းလမ်းကို ငါပေးလိုက်မယ်"

"ကျေးဇူးတင်ပါတယ်...သခင်မ"

ကျန်းရီသည် ခေါင်းငြိမ့်လိုက်သည်။ ကျန်းရှောင်နူ ပြန်ကောင်းရန် အချိန်လည်းလိုသေးသည့်အတွက် ကြယ်တံခွန်ကျွန်းတွင် ရက်အနည်းငယ်နေရဦးမည်။ ကျန်းရှောင်နူ အပြည့်အဝပြန်ကောင်းမှသာ ရှားနိုင်ငံဆီ သူတို့ပြန်ကြမည်ဖြစ်သည်။

ရွှေယို့လန်သည် လက်ကိုခါယမ်းလိုက်ပြီး အကြီးအကဲတစ်ယောက်ကို ဆင့်ခေါ်ကာ ကျန်းရီတို့နေထိုင်နိုင်ရန် စီစဉ်ပေးခိုင်းလိုက်သည်။ ထို့နောက် သူမသည် ချင်ထန်ကုန်းဗိမ္မာန်ထံသို့ ပြန်သွားခဲ့သည်။

ကျန်းရီသည် အနားယူရန်နေရာသို့ မသွားသေးဘဲ မြေကွက်လပ်ကျယ်ကြီးထဲရှိ ကျောက်စိမ်းဖြူရုပ်တုကြီးရှေ့ ပြန်သွားလိုက်သည်။ သူသည် ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့သည်။ ရပ်နေသည့်တစ်ချိန်လုံးတွင် သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုတွဲခိုနေခဲ့သည်။

နှစ်နာရီကြာပြီးနောက်တွင် သူ့မျက်လုံးများတွင် ဆုံးဖြတ်ထားသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။ သူသည် သူတစ်ဦးတည်းသာ ကြားနိုင်လောက်သည့်လေသံနှင့် ပြောလိုက်သည်။

"အမေ...ဒီသားကို စောင့်နေပါ။ ကျွန်တော်သေချာပေါက် လာရှာပါ့မယ်"

*****

All Chapters