အခန်း (၁၄၉)
Vol. 15 Ch. 149
ထိုစကားကို ကြားလိုက်ရသောအခါ ထိုသူမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။
"ဘာဗျ... ရွှေဒင်္ဂါး ၁၀၀ ပဲ တန်တယ် ဟုတ်လား။ ခုနကတင် ဟိုအမျိုးသမီးလေး အလယ်အလတ်အဆင့် မှော်လိပ်စာ ဝယ်တာ ရွှေဒင်္ဂါး ၉,၀၀၀ ကျော်တောင် ပေးရတာလေ။ အခြေခံအဆင့် ဆိုရင်တောင် အနည်းဆုံး တစ်ထောင်လောက်တော့ တန်သင့်တာပေါ့။ ခင်ဗျား လူကို ဒီလိုမျိုး လိမ်စားလို့ ဘယ်ဖြစ်မလဲ"
ဤလူသည် အသွင်အပြင်ကဲ့သို့ ရိုးအသူတစ်ယောက် မဟုတ်ပေ။ သူသည် မှော်ဆရာတစ်ဦး မဟုတ်သကဲ့သို့ မှော်လိပ်စာများ၏ ပေါက်ဈေးကိုလည်း အတိအကျ မသိရှိပေ။ ထို့ကြောင့် ဆိုင်ထဲသို့ ရောက်ကတည်းက ဟိုကြည့်ဒီကြည့်ဖြင့် အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး ယွင်ရှန်းက အလယ်အလတ်အဆင့် လိပ်စာကို ဈေးကြီးပေး၍ ဝယ်ယူပြီးသည့် အချိန်ကျမှသာ သူက ဝင်ရောက်မေးမြန်းခြင်း ဖြစ်သည်။
ဆိုင်ရှင် မှော်ဆရာမှာလည်း စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ဤလူ ယူလာသော လိပ်စာမှာ တစ်ခုခု ထူးဆန်းနေမှန်း သူ ခံစားမိသည်။ မုဆိုးစစ်သည် ကာကွယ်ရေးမြို့၌ ဆိုင်ဖွင့်ထားသူပီပီ မရှင်းလင်းသော ပစ္စည်းများကို သူ လက်မခံလိုပေ။ အထူးသဖြင့် သာမန်လူတစ်ယောက်က မှော်ဆရာတစ်ဦး၏ ဆုံးဖြတ်ချက်ကို လာရောက်စောဒကတက်နေခြင်းကို သူ မနှစ်မြို့ပေ။
မှော်သင်တန်းသားတစ်ဦးပင်လျှင် အခြေခံမှော်နှင့် အလယ်အလတ်အဆင့် မှော်ကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားမှုရှိသည်ကို သိကြသည်။ မှော်သင်တန်းသားမှသည် မှော်စစ်သည်အဆင့်သို့ တက်လှမ်းရန်အတွက် မှော်ကျောင်းတော်သို့ လျှောက်ထားရုံဖြင့် ယဇ်ပုရောဟိတ်ကြီးများ၏ လမ်းညွှန်မှုအောက်တွင် အခြေခံမှော်များကို အလကားနီးပါး သင်ယူနိုင်သည်။
ထိုလူ ယူလာသော မှော်လိပ်စာမှာ အရည်အသွေးအညံ့ဆုံး သားရဲရေဖြင့် ပြုလုပ်ထားပြီး ၎င်းအတွင်း၌ ပါဝင်သည်မှာ အမှန်တကယ်ပင် မြေဆူးမှော်ပညာ ဖြစ်နေသည်။ မြေဆူးဆိုသည်မှာ ယွင်ရှန်း ဒုတိယမြောက် သင်ယူခဲ့သော အခြေခံမှော်ပညာ ဖြစ်သည်။ ဤကဲ့သို့ အခြေခံအကျဆုံး မှော်ပညာမှာ ပုံမှန်အားဖြင့် ဈေးမကြီးလှပေ။ ရွှေဒင်္ဂါး ၁၀၀ ဆိုသည်မှာ တရားမျှတသော ဈေးနှုန်းပင်။
"မင်း ဒီဈေးနဲ့ မရောင်းချင်ရင်လည်း ထွက်သွားတော့ ငါ့ဆိုင်ကို လာပြီး အလုပ်မနှောင့်ယှက်နဲ့"
ဆိုင်ရှင်၏ အထင်အမြင်သေးသော စကားကြောင့် လူငယ်မှာ ဒေါသထွက်သွားသော်လည်း မှော်ဆရာတစ်ဦးကိုမူ တိုက်ရိုက်မယှဉ်ရဲပေ။ သူသည် မှော်လိပ်စာကို ဆွဲယူကာ ဆိုင်ထဲမှ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
ယွင်ရှန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီးနောက် သူ၏နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့သည်။ လူသူကင်းရှင်းသော နေရာတစ်ခုသို့ ရောက်သောအခါ ထိုသူသည် နောက်မှ တစ်စုံတစ်ဦး လိုက်လာသည်ကို သတိပြုမိပြီး ရုတ်တရက် လှည့်ကြည့်ကာ သတိထားလိုက်သည်။
"မင်းပဲ... ငါ့နောက်ကို ဘာလို့ လိုက်လာတာလဲ"
ထိုသူသည် လှည့်ကြည့်လိုက်သောအခါ ဆိုင်ထဲတွင် ဈေးကြီးပေး၍ ပစ္စည်းဝယ်ခဲ့သော ငတုံးမလေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယွင်ရှန်း၏ လက်ထဲတွင် ရွှေဒင်္ဂါးများစွာ ပါရှိသည်ကို သိထားသဖြင့် သူ၏စိတ်ထဲတွင် မကောင်းသော အကြံအစည်များ ပေါ်လာတော့သည်။
သူသည် ယွင်ရှန်းကို လုယက်ရန် ကြံစည်လိုက်သော်လည်း ထိုအချိန်မှာပင် ယွင်ရှန်းက တည်ငြိမ်စွာဖြင့် သူမ၏ မှော်လှံတံကို ထုတ်ကာ သူ့ဘက်သို့ ချိန်ရွယ်လိုက်သဖြင့် သူ၏ မကောင်းသော အတွေးများ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။
"အစ်ကို... အစ်ကို့ဆီက မှော်လိပ်စာကို သမီးတစ်ချက်လောက် ကြည့်လို့ရမလား"
ယွင်ရှန်းသည် ဆိုင်ထဲတွင် ရှိစဉ်ကတည်းက ထိုလိပ်စာကို သတိထားမိခဲ့ခြင်းဖြစ်သည်။ အကြောင်းရင်းကို သေချာမသိသော်လည်း ဤစုတ်ပြတ်သတ်နေသော လိပ်စာသည် ဆိုင်ရှင်ပြောသလောက် ရိုးရှင်းမည်မဟုတ်ဟု သူမ ခံစားနေရသည်။
သူ့ပစ္စည်းကို စိတ်ဝင်စားသူ ရှိနေသည်ကို မြင်သောအခါ ထိုသူသည် ဝမ်းသာအားရဖြင့် လိပ်စာကို ထုတ်ပြရင်း "ဟိုဆိုင်ရှင်က အမြင်မရှိတာပါ။ ဒီလိပ်စာက တကယ့် ပစ္စည်းကောင်းဗျ ကျွန်တော် တော်တော်လေး ကြိုးစားပြီး ရယူခဲ့ရတာ" ဟု ကြွားဝါလိုက်သေးသည်။
ယွင်ရှန်းသည် မှော်လိပ်စာကို ဖွင့်ကြည့်လိုက်သည်။ အပြင်ပန်းကြည့်လျှင် ဆိုင်ရှင်၏ အဆုံးအဖြတ်မှာ မမှားနိုင်ပေ။ အနိမ့်ဆုံးအဆင့်ရှိသော မိစ္ဆာသားရဲ၏ အရေခွံကို အသုံးပြုထားရာ ၎င်းပေါ်တွင် မြင့်မားသော မှော်ပညာများကို မှတ်တမ်းတင်ထားနိုင်ရန် မဖြစ်နိုင်ပေ။ ၎င်းပေါ်ရှိ သားရဲသွေးများမှာလည်း ကြာမြင့်လှပြီဖြစ်သဖြင့် ခြောက်သွေ့ကာ အရောင်မှိန်နေပြီဖြစ်သည်။
ယွင်ရှန်းသည် မှော်လိပ်စာကို သူမ၏လက်ချောင်းများဖြင့် ထိတွေ့လိုက်စဉ် သူမ၏ နက်မှောင်သောမျက်ဝန်းများအတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ မှော်လိပ်စာထဲမှ အလွန်အားနည်းပြီး သတိထားရန်ခက်ခဲသော မှော်ဒြပ်စင်တစ်ခု စိမ့်ထွက်လာနေသည်။
ဤခံစားချက်မှာ ယွင်ရှန်းအတွက် အတော်လေး ရင်းနှီးနေသည်။ ၎င်းမှာ အမှောင်မှော်ဒြပ်စင်ပင်။
မှော်လိပ်စာတစ်ခုပေါ်မှာ ဘာလို့ အမှောင်ဒြပ်စင်ရဲ့ အငွေ့အသက်တွေ ရှိနေရတာလဲ။
ယွင်ရှန်း သိချင်သွားမိသည်။ သို့သော် အပြင်ပန်းကြည့်လျှင်တော့ ဤလိပ်စာမှာ အခြေခံမြေဆူးမှော်လိပ်စာတစ်ခု ဖြစ်နေသည်မှာ အမှန်ပင်။
"ဘယ်လိုလဲ... ဒါက တကယ့်ပစ္စည်းကောင်းဗျ၊ အနည်းဆုံး နှစ်ပေါင်းရာနဲ့ချီတဲ့ သမိုင်းကြောင်းရှိတယ်။ ကြည့်ပါဦး သားရဲအရေခွံက အခုထိ ကောင်းနေတုန်းပဲ မဆွေးမြည့်သေးဘူး။ အပေါ်ကစာသားတွေကလည်း ထင်ထင်ရှားရှား ရှိနေတုန်းပဲ"
ထိုလူက ယွင်ရှန်း၏ တုံ့ပြန်မှုကို ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ဦးလေး... ဒါက တကယ်တော့ အခြေခံအကျဆုံး မှော်လိပ်စာတစ်ခုပါပဲ။ ပြီးတော့ ဒီပေါ်မှာပါတဲ့ မှော်ပညာကလည်း သိပ်ပြီး တန်ဖိုးမရှိလှဘူး။ ဒါပေမဲ့ ဒီလိပ်စာရဲ့ သမိုင်းသက်တမ်းကတော့ အတော်လေး ကြာပုံရတယ်။ သမီးအဖေက ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ ဝါသနာပါလို့ ဦးလေးရောင်းမယ်ဆိုရင် သမီး ရွှေဒင်္ဂါး ၂၀၀ နဲ့ ဝယ်ပါ့မယ်"
ယွင်ရှန်းက အလွန်အမင်း စိတ်ဝင်စားဟန် မပြဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အမှောင်မှော်ဝိညာဉ်ကို တိတ်တဆိတ် နှိုးဆော်လိုက်သည်။
အမှောင်မှော်ဝိညာဉ်ကို အသက်သွင်းလိုက်သည်နှင့် ယွင်ရှန်း၏ အမှောင်ဒြပ်စင်များကို အာရုံခံနိုင်စွမ်းမှာ အဆပေါင်းများစွာ မြင့်တက်သွားသည်။ သူမ ထင်ထားသည့်အတိုင်းပင် ထိုလူ၏ကိုယ်မှ ပြင်းထန်သော အမှောင်မှော်အငွေ့အသက်များကို သူမ ချက်ချင်း ဖမ်းမိလိုက်သည်။ သာမန်လူတစ်ယောက်အတွက် အမှောင်မှော်အငွေ့အသက်များ ရှိနေခြင်းမှာ နိမိတ်မကောင်းပေ။
သူသည် အမှောင်မှော်ဆရာတစ်ဦး၏ ကျိန်စာတိုက်ခြင်းကို ခံထားရခြင်း သို့မဟုတ် အမှောင်မိစ္ဆာနတ်ဘုရားတစ်ပါးပါးကို ကိုးကွယ်နေခြင်း ဖြစ်ရမည်။ သိသာသည်မှာ ရှေ့ကလူသည် မည်သည့်နတ်ဘုရားကိုမျှ ကိုးကွယ်သူမဟုတ်ရာ ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။ သူသည် အမှောင်မှော်ဆရာတစ်ဦး၏ ကျိန်စာတိုက်ခြင်းကို ခံထားရခြင်းပင်။
ယွင်ရှန်းသည် ထိုလူ၏ ဖိနပ်အောက်ခြေတွင် ကပ်ပါလာသော ရွှေရောင်သန်းသည့် မြေစိုအချို့ကို သတိပြုမိလိုက်သည်။
ဤကဲ့သို့သော မြေအမျိုးအစားကို ဤတိုက်ကြီးပေါ်ရှိ သင်္ချိုင်းဂူများ၏ ဘေးတွင်သာ အတွေ့ရများသည်။ အခြေခံမှော်လိပ်စာတစ်ခုပေါ်တွင် အမှောင်မှော်အငွေ့အသက်များ ဘာကြောင့်ရှိနေရသလဲဆိုသည်ကို ယွင်ရှန်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
ဂူဖောက်သူလား။
ဤမှော်လိပ်စာကို လာရောင်းသောသူမှာ သေချာပေါက် ဂူဖောက်သူတစ်ဦးပင် ဖြစ်ရမည်။ သူသည် အတိတ်က အမှောင်မှော်ဆရာတစ်ဦး၏ ဂူကိုဖောက်ထွင်းပြီး ဤလိပ်စာကို ရရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ယွင်ရှန်း၏ ခန့်မှန်းချက်မှာ မှန်ကန်လှသည်။ စုတ်ပြတ်သတ်စွာ ဝတ်ဆင်ထားသော ဤလူမှာ တကယ့်ကို ဂူဖောက်သူတစ်ဦးဖြစ်သည်။ သူသည် နယ်စပ်ဒေသရှိ ကင်းစောင့်တပ်များ၏ စောင့်ကြည့်မှုအားနည်းသော နေရာများတွင် ဂူအမျိုးမျိုးကို လိုက်လံတူးဖော်သူဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ကပင် သူသည် အတော်အတန် ခန့်ညားသော ဂူတစ်ခုကို မတော်တဆ တွေ့ရှိခဲ့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ အတွင်း၌ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုမှမရှိဘဲ အသုံးမကျဘူးဟု ထင်ရသော ဤစာရွက်တစ်ရွက်သာ ရှိနေခြင်းပင်။
ဂူဖောက်သည့် လုပ်ငန်းတွင် လက်ဗလာနှင့် ပြန်လာခြင်းမှာ နိမိတ်မကောင်းဟု ယူဆကြသဖြင့် ရွေးချယ်စရာမရှိဘဲ ဤလိပ်စာကို သူ ယူလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အမြင်စူးရှသော သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးက ၎င်းမှာ မှော်လိပ်စာတစ်ခုဖြစ်ကြောင်းနှင့် ကာကွယ်ရေးမြို့ရှိ ဈေးတန်းတွင် ရောင်းလျှင် ငွေအတော်အတန် ရနိုင်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူသည် ဤလိပ်စာကို အိတ်ကပ်ထဲထည့်ကာ တောက်ယဲ့တောင်သို့ လာခဲ့ခြင်းဖြစ်သည်။
ဤခရီးစဉ်အတွက်လည်း သူ ငွေအတော်ကုန်ခဲ့ပြီးဖြစ်ရာ ဤလိပ်စာကို ပြန်သယ်သွားလည်း အပိုပင်ဖြစ်မည်ဟု တွေးလိုက်သည်။ ရွှေဒင်္ဂါး ၂၀၀ ဆိုသည်မှာ ဆိုင်ရှင်ပေးသည့် ဈေးထက် နှစ်ဆဖြစ်နေပြီ မဟုတ်ပါလား။
"ရွှေဒင်္ဂါး ၂၀၀ လည်း ရပါတယ်ဗျာ"
ဂူဖောက်သူက သက်ပြင်းချရင်း မှော်လိပ်စာကို ယွင်ရှန်းထံ ကမ်းပေးလိုက်သည်။
"ဦးလေး... အားတဲ့အချိန်ကျရင် မှော်ကျောင်းတော်ကို သွားပြီး ဆုတောင်းပေးဦးနော်။ ဦးလေးလုပ်နေတဲ့ အလုပ်က စောစောလက်ဆေးနိုင်လေ ကောင်းလေပဲ။ မဟုတ်ရင် တစ်ယောက်ရဲ့ ဘေးဒုက္ခက မျိုးဆက်သုံးဆက်အထိ ထိခိုက်နိုင်တယ်"
ယွင်ရှန်းသည် မှော်လိပ်စာကို ရယူပြီးနောက် ထိုလူကို အေးစက်စွာ သတိပေးလိုက်သည်။ ထို့နောက် သူမသည် ပျံလွှားအတတ်ကို အသုံးပြုကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ဂူဖောက်ခြင်းမှာ ကိုယ်ကျင့်တရားပျက်ပြားသော လုပ်ရပ်ဖြစ်သော်လည်း သေထိုက်သည့် အပြစ်မျိုးတော့ မဟုတ်ပေ။ အမှောင်မှော်ကျိန်စာကို ဖယ်ရှားပေးနိုင်သူမှာ မှော်ကျောင်းတော်တွင်သာရှိရာ ဤမျှ သတိပေးခြင်းမှာ သူမ တတ်နိုင်သည့် တစ်ခုတည်းသော အကူအညီပင်။
ဂူဖောက်သူမှာ ရွှေဒင်္ဂါးများကို ရေတွက်နေရင်း လန့်ဖျန့်သွားသည်။
ဤကလေးမလေးက သူ ဘာလုပ်လဲဆိုတာကို သိသွားတာလား။ သူ လှမ်းမေးရန် ပြင်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် ထိုကလေးမလေး၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ငါ... သရဲမြင်လိုက်တာလား။
ဂူဖောက်သူမှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် လက်ထဲမှ ရွှေဒင်္ဂါးများပင် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ခဏအကြာမှ ယွင်ရှန်း၏ စကားများကို သတိရကာ ဒင်္ဂါးများကို ကောက်ယူပြီး မြို့ထဲရှိ မှော်ကျောင်းတော်ဆီသို့ ဦးတည်ကာ သုတ်ခြေတင် ပြေးတော့လေသည်။